အပိုင်း (65)
အိမ်အပြန်လမ်း တစ်လျှောက်လုံးတွင် ရီရောင့်သုန်းတစ်ယောက် လမ်းလျှောက်ရင်းဖြင့် ဇနီးဖြစ်သူအား ချော့မော့ရလေသည်။ လင်းရှို့ချင်း၏ ပါးများမှာလည်း နီမြန်းလာပြီး သည်လူ အရှက် မရှိတော့ဘူးလို့သာ ခံစားနေရ၏။ သူက သူ(မ)ကို လူပုံအလယ်တွင် တကယ်ကြီး ချော့မော့နေခြင်းပေ။ သူ(မ)...သူ(မ) မကြားခဲ့ရတာ နှစ်တွေ ကြာခဲ့ပြီဆိုပေမဲ့....
"ရှင် ပါးစပ် ပိတ်လိုက်တော့နော်။ ကျွန်မတို့ အိမ်ရောက်မှ ပြောမယ်"
ရီရောင့်သုန်း ; ပြောတော့ တစ်မျိုး၊ လုပ်တော့ တစ်မျိုးနဲ့။
"ပြီးတာပဲ။ ဒါဆို ငါ ညကျမှ ပြောတော့မယ်"
လင်းရှို့ချင်း ; တကယ်ပါပဲတော်....စိတ်ဆိုးပြလို့လည်းမရ ဆူငေါက်လို့လည်း မရနဲ့။
လင်မယား နှစ်ယောက် အိမ်ပြန်ရောက်သွားပြီးနောက်တွင် သူတို့ အချိန်အတော်ကြာ စောင့်ဆိုင်းပြီးသည့်တိုင်အောင် သားနှစ်ယောက်က ပြန်မရောက်လာသေးချေ။ နှစ်ယောက်စလုံးက ကမ်းခြေတွင် ရှိနေကြအုံးမည်ဖြစ်ရာ သူတို့၏ ဘေးကင်းလုံခြုံရေးကို စိုးရိမ်သဖြင့် သူတို့နှစ်ယောက် ကလေးတွေကို သွားစစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်ပြီး ခုံးများ မွေးရန်အတွက် အပြန်တွင် ပင်လယ်ရေ တစ်ပုံး ခပ်ရန်ပါ စီစဉ်လိုက်သည်။
အစက ရီရောင့်သုန်းမှာ ဆားအနည်းငယ်သာ သုံးရန်လိုသဖြင့် အလုပ်ဖြစ်မည်ဟု ထင်သောကြောင့် ဆားအနည်းငယ် ရောစပ်ထားသည့် ရိုးရိုးရေကို အသုံးပြုချင်ခဲ့သည်။ သို့သော်လည်း လင်းရှို့ချင်းက သူ့အား ဖြုန်းတီးသည်ဟု ပြောဆိုပြီး၊ အမေရီကလည်း သူ့ကို ပင်လယ်ရေသာ ခပ်လာစေချင်သည့်အကြောင်း ပြောလာခဲ့သည်။
သူ(မ)အလိုကျ လိုက်လျောရုံမှတစ်ပါး သူ့တွင် ရွေးချယ်စရာ မရှိချေ။
သူတို့က အရမ်းကို ခြိုးခြံ ချွေတာလွန်းတာပဲ၊ ဒါပေမဲ့လည်း သူတို့မှာ ပိုက်ဆံမှ ရှိမနေတာလေ။
နှစ်ယောက်သားက ကမ်းခြေဆီ အမြန်သုတ်ချေတင်လာကြ၏။ သူတို့ ကမ်းစပ်ကိုရောက်လျှင်ရောက်ချင်းပင် ကမ်းခြေရှိ ရေလှိုင်းအနီးတွင် ရပ်နေသည့် လူအများအပြားကို တွေ့လိုက်ရပြီး ပင်လယ်ထဲတွင်လည်း ခေါင်းများ နှစ်လိုက်၊ ပေါ်လိုက်ဖြစ်နေ၏။
"ဘာဖြစ်နေကြတာလဲ"
"ပင်လယ်ထဲ လူကျသွားလို့လား"
လင်မယား နှစ်ယောက်က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့၏ မျက်ခုံးများကို တင်းတင်းကြုတ်လိုက်ကြသည်။ သူတို့မှာ မစိုးရိမ်ဘဲ မနေနိုင်တော့ကာ နှစ်ယောက်သားက သူတို့ကလေး မဖြစ်ပါစေနဲ့လို့ မျှော်လင့်ရင်းဖြင့်ပင် တစ်ချိန်တည်းဆိုသလို ပြေးသွားလိုက်ကြ၏။
ရီရောင့်သုန်း တစ်ယောက် ပြေးနေရင်းဖြင့် ယခင်က ရွာလူကြီး၏ မြေး တစ်ယောက် ရေနစ်ဖူးတာကို ပြန်အမှတ်ရလိုက်သည်။ ဆေးရုံက ဝေးလွန်းသဖြင့် ကယ်ဆယ်ကုသမှု နှောင့်နှေးခဲ့ရကာ ကံမကောင်းစွာဖြင့် ကလေးကို အချိန်မီ မကယ်တင်နိုင်ခဲ့ချေ။ ဖြစ်တန်သည်က လွန်ခဲ့သည့် နှစ် အနည်းငယ်ကလိုပင်။
ထိုအချိန်က သူ့မိသားစုနှင့် မပတ်သက်သောကြောင့်လည်း သတင်းအဖြစ် သဘောထားရုံမျှသာထားခဲ့ပြီး သိပ်ဂရုမစိုက်ခဲ့ပေ။ သို့ရာတွင် ယခု သူ ထိုအကြောင်းကို ပြန်စဉ်းစားကြည့်မိရာ မှတ်ဉာဏ်များက သူ့စိတ်ထဲတွင် စွဲထင်နေ၏။
စိတ်ထဲတွင် ထိုအတွေးဖြင့် သူနှလုံးသားထဲမှ စိုးရိမ်ပူပန်မှုက အနည်းငယ် လျော့ကျသွားလေသည်။ သို့ရာတွင် သူ့ မျက်လုံးနှစ်လုံးနှင့် ကိုယ်တိုင်မမြင်ရသရွေ့ စိတ်ဒုံးဒုံး မချနိုင်သေးပေ။
ရီရောင့်သုန်း တစ်ယောက် မောဟိုက်စွာနှင့် အရှေ့သို့ ရောက်လာစဉ် ပင်လယ်ထဲမှ တစ်စုံတစ်ယောက် လှမ်းအော်သံကို ကြားလိုက်ရသည်။
"သူ့ကို တွေ့ပြီ။ ငါတို့ ရှာတွေပြီ...."
သိပ်မကြာခင်ပင် ရွာရှိ လူငယ်များက ကလေး တစ်ယောက်ကို ချီလာရင်း ကမ်းစပ်ဆီ ကူးခတ်လာကြ၏။
ကမ်းစပ်မှ လူများကလည်း စိုးရိမ်ကြီးစွာ ပြေးသွားကြပြီး မကြာခင် ငိုသံများနှင့် အော်သံများက လေထုထဲ ပြည့်နှက်သွား၏။
"အားပင်၊ အားပင်၊ ထပါဦး"
"သားရေ၊ ထပါဦးလို့"
"အားပင်၊ အားပင်"
"အသက် မရှိတော့ဘူး။ အိုး၊ ငါ့သားလေး....."
မြင်ကွင်းက အုတ်အော်သောင်းနင်းပင်...။
"ထိတ်ထိတ်ပြာပြာ ဖြစ်မနေကြနဲ့အုံး...အရင်ဆုံး သူ့ဗိုက်ထဲက ရေတွေ အန်ထွက်လာအောင် ဗိုက်ကို ဖိကြည့်ကြည့်။ နိုးလာနိုင်မလာဆိုတာ ..."
"ဒါမှမဟုတ်လည်း သူ့ကို ဇောက်ထိုးအနေထား ထားလိုက်ရင်ရော..."
ရွာသူရွာသားများ အားလုံးက စေတနာကောင်းများဖြင့် အသံများ ပျာယာခတ်နေကြသည့်တိုင် အမျိုးမျိုးသော အကြံဥာဏ်များ ပေးလာကြ၏။
ပင်လယ်ကမ်းစပ်က လူများကာ ရေနစ်သူများအား ကယ်ဆယ်သည့် နည်းလမ်းများကို ယေဘုယျအားဖြင့် သိကြသော်လည်း ဤကလေးကာ အသက်ရှုရပ်ပြီး နှလုံးခုန်နှုန်းလည်း ရပ်တန့်သွားလေပြီ။ ဤအချိန်တွင် လုပ်ဆောင်ရန် အရေးကြီးဆုံးက ရေကို ထိန်းချုပ်ရန်အတွက် ကလေးကို ဇောက်ထိုးထားခြင်း မဟုတ်ဘဲ ရင်ဘတ်ကို ဖိကာ အသက်ရှု ကူပေးခြင်း ဖြစ်သည့် CPR လုပ်ဆောင်ရန်ဖြစ်သည်။
CPR ၏ အရေးပေါ် လုပ်ငန်းစဉ်များက မျိုးဆက်ဟောင်းများအကြား သဘောကျမှုနှုန်း နည်းပါး၏။ သူတို့လို ကျေးလက်နေသူများက ထိုနည်းလမ်းများနှင့် မရင်းနှီးကြသည်မှာ အံ့သြစရာတော့ မဟုတ်။ ကံမကောင်းစွာဖြင့် သူ၏ ယခင်ဘဝတုန်းက သည်ကလေးအား ဆေးရုံကို အချိန်မီ မပို့နိုင်ခဲ့ချေ။
ရောင့်သုန်း တစ်ယောက် ကြည့်နေရင်းဖြင့် သောကများလာရသည်။ သူတို့၏ အသိပညာနည်းပါးမှုက အရေးကြီးသည့် အသက်ကယ်ဆယ်ချိန်ကို အလွယ်တကူ နှောင့်နှေးစေနိုင်၏။ မည်သို့ဆိုစေ အသက်ငယ်ငယ်လေး တစ်ချောင်းက သေခြင်းရှင်ခြင်းအစွန်းတွင် ရပ်နေရပြီး ကလေးမှာ သူ၏ သားအကြီးဆုံးနှင့် ရွယ်တူလောက်ပင်။
သူက ဝိုင်းအုံနေကြသည့် လူအုပ်ကြီးကို ကြမ်းတမ်းစွာ တွန်းဖယ်လိုက်ပြီး ;
"ခင်ဗျားတို့ အခုလုပ်နေတာ အကူအညီ မဖြစ်ဘူးဗျ သူက အသက်ရှုရပ်နေပြီ၊ အဲ့နည်းတွေနဲ့ဆို အရေးပေါ်ကုသမှုကိုတောင် နှောင့်နှေးသွားစေအုံးမယ်၊ သူ့အတွက် အရင်ဆုံး CPR လုပ်မှ ရမှာ"
"CPR ဟုတ်လား။ ရောင့်သုန်း၊ မင်း အဲ့ဒါကို ဘယ်လိုလုပ်ရလဲ သိလို့လား"
အဖေ ရီ တစ်ယောက် စိတ်ပူလာရသည်။ ရွာရှိလူများက လက်ရှိ အခြေအနေကို သတိပြုမိကြပြီး သူတို့အား အပြစ်ပုံချကြမည် မဟုတ်သော်လည်း ကလေး တစ်ယောက်ကို ဆုံးရှုံးရခြင်းက လူတစ်ယောက်၏ ဆင်ခြင်တုံတရားကို ဆုံးရှုံးသွားစေနိုင်၏။
"ကျွန်တော် သင်ဖူးတယ်"
ရီရောင့်သုန်းက ပြန်ဖြေလိုက်သည်။ အကယ်၍ သူသာ ကလေးကို မကယ်တင်ခဲ့လျှင် သူ့ကိုယ်သူ အပြစ်တင်နေတော့မည် ဖြစ်သည်။ သူက ကလေး၏ မိသားစုဝင်များကို ကြည့်ပြီး ;
"ကြိုးစားကြည့်ပေးရမလား။ ကလေးက အသက်ရှုရပ်နေပြီ။ ကျွန်တော်တို့ မြန်မြန်လုပ်မှ ရမယ်၊ မင်း ရပ်ကွက်ထဲ အမြန်သွားပြီး မြို့ပေါ်က လူနာတင်ကား သွားခေါ်လာခဲ့"
"အေး အေး၊ မြန်မြန် လုပ်ပေးပါ"
လေးဆယ်၊ ငါးဆယ်အရွယ် ရှိသည့် သက်လတ်ပိုင်း ရွာလူကြီး ချန်ဟုန်ကျုံးက ပြန်ဖြေလာ၏။ သူ့မျက်လုံးများက နီရဲနေပြီး ရီရောင့်သုန်းကို ဆက်လုပ်ဖို့ တိုက်တွန်းရင်း ကလေး အဖေကိုလည်း ပြေးပြီး ဖုန်းခေါ်ရန် အလျင်အမြန် ညွှန်ကြားလိုက်သည်။
ရွာလူကြီး တစ်ယောက် ဖြစ်လာနိုင်ခဲ့သည့် ချန်ဟုန်ကျုံးက မောက်မာသူ တစ်ယောက် မဟုတ်ချေ။ ကလေးက မရှိမဖြစ် လက္ခဏာများ ပျောက်ဆုံးနေပြီဆိုတာ သူလည်း သိ၏။ ယခုလို ပုံမျိုးနှင့်ဆိုလျှင် မျှော်လင့်ချက် မရှိနိုင်ဘူးဆိုလျှင်တောင် မည်သည့်ဖြစ်နိုင်သည့် နည်းလမ်းမျိုးကို မဆို စမ်းကြည့်ရုံမှတစ်ပါး တစ်ခြား မရှိတော့ချေ။ အနည်းဆုံးတော့ ရီရောင့်သုန်း ပြောသည့် CPR က အကျိုးကြောင်းဆီလျော်လှသည်။
ရီရောင့်သုန်း ယုံကြည်မှုရှိစွာ လက်ကို ဆန့်ထုတ်လိုက်၏။ သွေးခုန်နှုန်း ရှိ မရှိ အတည်ပြုရန် လည်ပင်းရှိ ပင်မသွေး လွှတ်ကြောကို စမ်းကြည့်လိုက်သည်။ ပါးစပ်နှင့် နှာခေါင်းတို့တွင် အတားအဆီး မရှိကြောင်း သေချာအောင်လုပ်ပြီးနောက် ရင်ဘတ် ဖိခြင်း လုပ်ငန်းကို ချက်ချင်းစတင်လိုက်၏။
အနေအထားကို ရင်ညွှန့်ရိုး၏ အောက်ပိုင်း သုံးပုံတစ်ပုံတွင် လက်များကို တစ်ဖက်ပေါ် တစ်ဖက် ထပ်ပြီး အောက်ဘက် ၅ စင်တီမီတာခန့်ထိ ဖိချရသည်။ တစ်မိနစ်လျှင် ခန့်မှန်းခြေအားဖြင့် ၁၀၀-၁၂၀ နှုန်းဖြင့် ဖိချပြီး၊ အကြိမ် ၃၀ ခန့် ဖိချပြီးနောက်တွင် အသက်ရှုကူနည်းကို နှစ်ကြိမ်တစ်လှည့်စီ ဆက်တိုက် ပြုလုပ်ရသည်။
ဒါဟာ သင်္ဘောကြီးပေါ်တွင် သူ အလုပ်လုပ်ခဲ့စဉ်က သင်ယူခဲ့ရသည့် ပထမဦးဆုံး ရှေးဦး သူနာပြုစုခြင်းဆိုင်ရာ အသိပညာဖြစ်သည်။ သူ မသိခဲ့သည်က ဤနည်းလမ်းကာ သူကိုယ်တိုင် ရေနစ်ပြီးနောက်တွင်တော့ တခြားသူ၏ အသက်ကို ကယ်ဆယ်နိုင်မည်လို့ပင်။
ဘေးနားရှိ ရွာသူရွာသားများမှာ အချင်းချင်း တီးတိုး ပြောကြရုံသာ ပြောနေကြပြီး သူ့အလုပ်အား မနှောင့်ယှက်ဝံ့ဘဲ စောင့်ကြည့်နေကြ၏။
ရီရောင့်သုန်း တစ်ယောက် ထိုပုံစံကို အဆက်မပြတ် ထပ်ခါထပ်ခါ ပြုလုပ်နေပြီး သိပ်မကြာလိုက်ခင် သူ့တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲသွား၏။ သူလည်း ကလေးကို မကယ်တင်နိုင်တော့မည်ကို စိုးရိမ်သဖြင့်လည်း စိတ်လှုပ်ရှားနေရ၏။ မည်သို့ဆိုစေ ဒါဟာ အသက် တစ်ချောင်းနှင့် ဆိုင်သည့်ကိစ္စပင်။
သူ့တွင် တစ်ကြိမ် သေဆုံးဖူးသည့် အတွေ့အကြုံ ရှိသဖြင့်လည်း ဘဝ တစ်ခု၊ အသက် တစ်ချောင်းကို အလွန် မြတ်နိုး တန်ဖိုးထားပါ၏။ ယခုလိုအခြေအနေမျိုးဖြင့် ကလေး တစ်ယောက်ကို တွေ့လိမ့်မည်လို့ မထင်မှတ်ထားသော်လည်း ကလေး၏ အသက်ကို ကယ်တင်နိုင်ဖို့တော့ သူမျှော်လင့်မိသည်။
ခုနစ် မိနစ်၊ ရှစ် မိနစ်ကြာပြီးနောက်တွင်တောင် ကလေးငယ်က တုံ့ပြန်မှု မပြသေးချေ။ သူ့ ဘေးနားရှိ မိန်းမကြီးများမှာ မထိန်းနိုင်တော့ဘဲ မျက်ရည်များပင် ဝဲတက်လာကြသည်။ သူတို့ထဲမှ တစ်ယောက်က ငိုရင်းဖြင့် ;
"နင် လုပ်နိုင်ရဲ့လား။...ငါ့သားလေး သေသွားပြီလားဟင်။ ကယ်လို့ မရတော့ဘူးလား။ ဟင့် ဟင့် ဟင့်"
"အချိန်ရှိပါသေးတယ်၊ နောက် မိနစ် နှစ်ဆယ်လောက်နေတော့မှ ဘာလက္ခဏာမှ မပြရင်တော့ သေပြီလို့ပဲ မှတ်ရမယ်"
ထိုစကားကို ကြားပြီးနောက်တွင် လူ အများအပြားက တရှုတ်ရှုတ် ငိုလာကြ၏။
"တိတ်ကြစမ်...အချိန် ရှိသေးတယ်လို့ ပြောတာ မကြားကြဘူးလား။ အသံထွက်မလာကြနဲ့..."
ရွာလူကြီး ချန်ဟုန်ကျုံးမှာ သူ့ခံစားချက်များကို ထိန်းချုပ်ရင်း သူ့မိသားစုဝင် အမျိုးသမီးများအား ငေါက်လိုက်သည်။
"လှုပ်လာတယ်။ သူ လှုပ်သွားတယ်လို့။ သူ့လက်တွေ လှုပ်သွားတယ်။ သူ အသက် ပြန်ရှင်လာပြီ..."
လူကြားထဲမှ မျက်စိလျင်သူ တစ်ယောက်က ထအော်လာ၏။
"ဟုတ်တယ် ဟုတ်တယ်။ ငါလည်း တွေ့လိုက်တယ်"
လူတိုင်း၏ မျက်လုံးများမှာ မျှော်လင့်ချက်ရောင်ခြည်လေးဖြင့် ပြည့်လာ၏။ သူ တကယ်ပဲ အသက် ပြန်ရှင်နိုင်ခဲ့ပြီ။
ရီရောင့်သုန်းလည်း ထိုအခါမှ ပင့်သက်ချနိုင်တော့သည်၊ သို့သော်လည်း ခဏတာ သတိဝင်လာပြီးနောက် အသက်ရှုနှုန်းနှင့် နှလုံးခုန်သံများက ပြန်ရပ်သွားနိုင်ခြေ ရှိသောကြောင့် သူ့ လက်လှုပ်ရှားမှုများနှင့် အသက်ရှုကူနည်းကို မရပ်ရဲသေးချေ။
သူ ဆက်မလုပ်နိုင်တော့သည်အထိ သည်းခံခဲ့ပြီးနောက်မှာတော့ သူ့အစ်ကိုများကို အလှည့်ကျ ကူညီပေးရန် တောင်းဆိုလိုက်သည်။ နောက်ဆုံး လူနာတင်ယာဉ် ရောက်လာပြီး ကလေးအား ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများထံ လွှဲပြောင်းပေးပြီးချိန်မှပင် ရီရောင့်သုန်း တစ်ယောက် ပင့်သက်ချနိုင်တော့သည်။
"ဝိုး၊ အရမ်းပင်ပန်းနေပြီကွာ။ ငါ့လက်တွေတောင် တုန်နေပြီ"
သူ့ ဘေးနားရှိ ရွာသူရွာသားများမှာ အသက်ရှုရပ်တန့်သွားသည့် ကလေး တစ်ယောက် ပြန်လည်အသက်ရှင်လာသည်ကို မျက်မြင်တွေ့လိုက်ရပြီး အားလုံးလည်း အလွန် စိတ်လှုပ်ရှားနေကြ၏။
"ရောင့်သုန်း၊ မင်း အရမ်း မိုက်တာပဲကွာ၊ မင်း ဒီလိုရှေးဦးသူနာပြုနည်းတွေ သိနေလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ"
"မင်း ဒီနေ့ ဒီမှာရှိနေတာ အရမ်း ကျေးဇူးတင်တာပဲကွာ၊ မဟုတ်ရင် အားပင် တစ်ယောက် ဘာဖြစ်သွားလိမ့်မလဲဆိုတာ မတွေးရဲစရာဘဲ..."
"ဟုတ်တယ်။ မင်း ပြောလိုက်တဲ့ CPR ဆိုတဲ့ဟာလေ မင်း ဘယ်ကနေ သင်လာတာလဲ"
"မင်း ဒါတွေ သိလိမ့်မယ်လို့ ငါ ထင်တောင် မထင်ထားဘူး၊ ရောင့်သုန်း"
"အနည်းဆုံးတော့ ငါတို့ အားပင်ရဲ့အသက်ကို ကယ်တင်နိုင်ခဲ့ပြီ၊ ကြည့်ကြသေးတာပေါ့။ ဒီကောင်လေး နောက်ဆို ရေထဲ ဆင်းဆော့ရဲဦးမလားလို့"
အားလုံးက စိတ်လှုပ်ရှားစွာဖြင့် စတင် ဆွေးနွေးလာကြသော်လည်း ရီရောင့်သုန်း တစ်ယောက် စကားတစ်ခွန်းပင် မပြောနိုင်သေးချေ။ သူ အရမ်းပင်ပန်းနေပြီလေ....
"ရပြီ ရပြီ၊ အခု အာလုံးအဆင်ပြေသွားပြီ၊ လူနာတင်ယာဉ်လည်း ထွက်သွားပြီဆိုတော့ အားလုံးပဲ ပြန်ကြစို့၊ ပြန်ကြစို့"
"ရောင့်သုန်း နောက်တစ်ခါကျ မင်းရဲ့နည်းလမ်းကို အားလုံးကို သင်ပေးပါအုံးကွာ၊ နှစ်တိုင်း တို့ရွာမှာ ကလေး၊ လူကြီး ရေနှစ်ကြတာ မနည်းဘူး၊ လူတိုင်း ဘယ်လိုလုပ်ရမလဲဆိုတာ သိသွားရင် ရေနစ်တဲ့သူလည်း အသက်ရှင်နိုင်ခြေများတာပေါ့ကွာ"
နီရဲနေသေးသည့် မျက်လုံးများဖြင့် ရွာလူကြီး ချန်က ရီရောင့်သုန်း၏ ပုခုံးကို ပုတ်လိုက်သည်။
"ကောင်းတာပေါ့ဗျာ၊ ဒါက လွယ်ပါတယ်ဗျ"
"အားပင်ရဲ့မိဘတွေ ဆေးရုံက ပြန်လာကြရင် မင်းဆီလာပြီး ကျေးဇူးတင်ခိုင်းလိုက်ပါ့မယ်၊ မင်းသာ မရှိရင် အဲ့ကလေး တကယ်သွားပြီပဲ"
အဖေ ရီက အပြုံးဖြင့် စကားဝိုင်းကို ယူလိုက်၏။
"ရွာလူကြီး ချန်၊ ခင်ဗျားက အရမ်း ယဉ်ကျေးလွန်းနေပါပြီ၊ တစ်ရွာတည်းသားတွေပဲ၊ အချင်းချင်းကူညီပေးကြတာ သဘာဝပါပဲဗျာ"
"ကျေးဇူးတင်ကြောင်း ပြတာကလည်း သဘာဝပါပဲ"
သူတို့က လမ်းလျှောက်ရင်းဖြင့် လူတိုင်းက ကြည်နူးစရာကောင်းပြီး ယဉ်ကျေးသည့် စကားများ ဖလှယ်ကြလေ၏။