Chapter 99

1.7K 165 0
                                    

အပိုင်း (၉၉)


အဖေ ရီမှာ ငါးမုတ်များ ကောက်ပြီးနောက်တွင် ငါးဖမ်းလှေက အဝေးကြီး ရောက်လာနေပြီကို သတိမထားမိချေ။ သူ ပတ်ဝန်းကျင် အနေအထားကို မကြည့်မိလောက်အောင်ကို ပင်လယ်ရေပြင်ပိုက်နက်က အလွန်ကျယ်ပြောလှလေသည်။ ထို့ကြောင့်လည်း သူ သတိမထားမိသည်က အဆန်းတော့မဟုတ်ချေ။

ရီရောင့်သုန်းမှာလည်း ပိုက်နက်အကြောင်းကို သိသည်။ သူ ဝေးလုနီးနီး ရောက်လာချိန်တွင် ‌သူမောင်းရာ လမ်းကြောင်းအတိုင်း ပြန်လှည့် မောင်းလာ၏။ ‌အောက်ခြေရှိ ကွန်ကြီးမှာ အမြဲပွင့်လျက်သားဖြစ်ပြီး ငါးဖမ်းကွန် ဆက်ကွင်းအတွင်း ဝင်လာသည့် မည်သည့်ငါးမဆို ဖမ်းမိပြီး လွတ်မြောက်နိုင်မည် မဟုတ်ချေ။

ဆွဲတင်ရမည့် အချိန်ရောက်ပြီ ဖြစ်ကာ သူက လှေကို အရင်ရပ်လိုက်ပြီး အဖေ ရီကို ခေါ်မနေတော့ဘဲ ကြိုးကိုဆွဲကြည့်ရာ ကွန်က ပို၍ပင် လေးလံနေကြောင်း သတိထားမိလိုက်သည်။

အဖေ ရီမှာလည်း လွန်စွာ အံ့ဩဝမ်းသာရတော့သည်။

ကွန်ကို လျှောမှတစ်ဆင့် ကုန်းပတ်ပေါ် ဆွဲတင်လိုက်ချိန်တွင် သားအဖ နှစ်ယောက်၏ မျက်ဝန်းများက အံ့အားတသင့် ပြူးကျယ်လာကြတော့သည်။

"ကော့ဒငါး၊ ကော့ဒငါးကြီး"

ရီရောင့်သုန်းမှာ ထခုန်မတတ် စိတ်လှုပ်ရှားသွားရပြီး အထဲရှိ ငါးကြီးကို ဆွဲထုတ်ကာ ;

"ချီး၊ အဖေရေ ကျွန်တော်တို့တော့ ချမ်းသာပြီ၊ ဒီအကောင်က ကျင်း ၅၀ လောက် လေးတယ်ဗျ၊ ကျွန်တော်တို့တော့ ချမ်းသာပြီ"

အဖေ ရီမှာလည်း အမြန် အရှေ့သို့ ပြေးလာပြီး သူကိုယ်တိုင် ကော့ဒငါးကို ကူသယ်ပေးကာ ပျော်ရွှင်သော အပြုံးဖြင့် ;

"ဘုရားရေ၊ ငါတော့ တကယ် ချမ်းသာပြီပဲ။ ဒီလိုငါးကြီးမျိုးနဲ့ဆို လဝက်လောက် ငါးဖမ်းထွက်စရာမလိုတော့ဘူး၊ ဒီငါးမျက်နှာက မင်းမျက်နှာထက်တောင် ကြီးတယ်ဟ"

"တန်တယ်ဗျာ။ ဒီတစ်ကောင်တည်းနဲ့တင် လဝက်လောက် ပင်လယ်ထဲ ထွက်စရာ မလိုတော့ဘူး"

အဖေ ရီ၏ မျက်နှာအိုအိုမှာလည်း အပြုံးပန်းများ ဝေဆာနေလေ၏။

တကယ့် ကော့ဒငါးကြီး။

ရိုးရိုး ကော့ဒငါး အများစုက ဆယ်ကျင်းထက် မကျော်ပေ။ သူတို့ ဖမ်းမိလာသည့် အကောင်ကြီးမှာ ကြီးလွန်းလှသည်က အသေအချာကို ကျင်း ၅၀ ကျော်မည်ပင်။ မည်သည့် တံငါးသည်မှ ဤမျှကြီးမားသည့် ကော့ဒငါးကို မဖမ်းမိကြသည်မှာ ဆယ်စုနှစ်ကျော်ပင် ကြာနေပြီ။ အဖေ ရီမှာလည်း တစ်ခါမှ မမြင်ဖူးချေ။

ဆောင်းရာသီဆိုသည်မှာ ကော့ဒငါးများ‌ မျိုးပွားနှုန်း မြင့်သည့် အချိန်ဆိုလည်း မမှား၊ သို့သော် ‌ဆောင်းဦးမတိုင်ခင် ဤမျှ ကြီးမားသည့် ကော့ဒငါးကြီးဖမ်းမိမည်လို့တော့ သူ မမျှော်လင့်ထားမိချေ။ သားအဖ နှစ်ယောက်မှာ အတိုင်းမသိကို ပျော်ရွှင်နေ၏။

ကော့ဒငါးဆိုသည်မှာ ပိုကြီးလေ၊ ပိုအဖိုးတန်လေပင်။

ဘာကြောင့် အဖိုးတန်ရသည်ဆိုသည့် အကြောင်းပြချက်မှာ ကော့ဒငါး၏ ဝမ်းဗိုက်မှထုတ်သည့် ငါးစီဖောင်းကြောင့်ပင်။ အရည်အသွေးမြင့် ကော့ဒငါး စီဖောင်းများမှာ တစ်ကျင်းလျှင် သောင်းနှင့်ချီ၊ သိန်းနှင့်ချီ တန်လေ၏။ ယခုခေတ်အခါတွင် ပိုက်ဆံက အဖိုးတန်ပြီး ဈေးနှုန်းက ထိုမျှမမြင့်ပေ။ သို့သော် အဆပေါင်း တစ်ရာ လျှော့ချလိုက်လျှင် ယခုခေတ်အခါရှိ ကော့ဒငါး စီဖောင်းမှာ ယွမ် တစ်ထောင်ကျော် တန်ဖိုး ရှိလေသည်။

"စီဖောင်း တစ်လျန်းဆိုရင် ငါးဆယ်ကျင်း"

ဆိုလိုသည်မှာ ဆယ်ကျင်းအရွယ် ရှိသည့် ငါးက စီဖောင်း တစ်လျန်း၊ နှစ်လျန်းသာ ထုတ်ပေးနိုင်ပြီး ကျင်း ငါးဆယ်ရှိသည့် ကော့ဒငါးကြီးဆိုလျှင် သေချာပေါက် ၅ လျန်းထက်မနည်း ထုတ်ပေးနိုင်သည်ပင်။

စီဖောင်း တစ်ခုဆို ငါးတေးလ် အလေးချိန် ရှိတယ်ဆိုတော့...ဒါ ဘယ်လိုအဓိပ္ပါယ်လဲ။

ချမ်သာလာတော့မဲ့ အဓိပ္ပါယ်ပဲပေါ့။

ရီရောင့်သုန်းက ငါးဖမ်းကွန် အဝတွင် ရှိနေသေးသည့် ကော့ဒငါးကြီးကို ဆွဲထုတ်ကာ ကုန်းပတ်ပေါ်ပုံးထားသည့် အပုံများကို တစ်ချက်ကြည့်လိုက်သည်။ သူတို့ အားလုံးက ကွင်းဆက်အလိုက်စားသုံးသူများဖြစ်ပြီး စားနေရင်းဖြင့် သူ၏ ငါးဖမ်းကွန်ထဲတွင် လာမိသွားခြင်း ဖြစ်မည်။

သူက လက်ကို ဆန့်ထုတ်က အရှည်ကို တိုင်းဆကြည့်ရင်း ;

"ကော့ဒါငါးကြီးက ဘယ်လောက်တန်လဲ အဖေ"

"အနည်းဆုံးဆို ယွမ် နှစ်ရာ၊ သုံးရာ ပဲ"

အဖေ ရီ၏ ပျော်ရွှင်နေသည့် ပါးစပ်မှာ ခေါင်းအနောက် တက်ချိတ်မတတ်ပင်။

"အနည်းဆုံးလို့ ပြောလိုက်တာလား"

"ဘယ်လောက်ကြီးလဲဆိုတာ မသေချာဘူးလေ၊ ကမ်းပြန်ကပ်မှပဲ သေချာကြည့်ကြတာပေါ့၊ ဟိုကပုံးအမည်း အကြီးထဲ ထည့်လိုက် လတ်နေအောင်လို့ ရေခဲအုံထားပေးဦး။ အဲ့ဒါမှ ကြာကြာခံမှာ၊ နောက်ကွန် နှစ်ကွန်လောက် ဆွဲပြီးရင် ပြန်ကြမယ်"

"ဘာလို့လဲ"

ဤကော့ဒငါးကြီးဖြင့် ရီရောင့်သုန်း၏ ယုံကြည်မှုတို့မှာ လွန်စွာ တိုးမြှင့်လာခဲ့သည်။ သူက နောက်ကွန်ကိုလည်း သူ့စိတ်စေရာအတိုင်း ရွက်လွှင့်ပြီး သူ့အဖေ၏ မူလ အလုပ်လုပ်နေကျ နေရာကို ပြန်မသွားချင်တော့ပေ။ ယခု တစ်ခေါက်ကွန်ကိုလည်း ကော့ဒငါး ရလာခဲ့သည့်ရေပြင်ဘက် မောင်းထွက်လာခဲ့သည်။

အဖေ ရီက ပျော်ရွှင်စွာဖြင့် ကော့ဒငါး ထည့်ထားသည့် ပုံးဘေးတွင် ထိုင်ချလိုက်ပြီး တရယ်ရယ်ဖြင့် ထိုင်ကြည့်နေလေ၏။ သူ့ဘဝ သက်တမ်းတစ်လျှောက်လုံး ဤမျှကြီးသည့် ကော့ဒငါးမျိုးကို မမြင်ဖူးသေးချေ။

အဖေ ရီတစ်ယောက် အတွေးများဖြင့် တစ်ယောက်တည်း ပျော်ရွှင်လို့နေပြီး ရီရောင့်သုန်း သူ့အား ကွန်ပစ်ရန်ခေါ်မှပင် အပြုံးဖြင့် မတ်တပ်ထရပ်‌လိုက်သည်။

"အဖေ တအား ပျော်နေတာပဲနော်"

"ငါးကိုသာ ကမ်းစပ်ဆီ ပြန်ယူသွားလို့ကတော့ ငါတို့မိသားစုတို့ နာမည်ကြီးအုံးမယ်ကွာ"

ဖြစ်လာမည့် မြင်ကွင်းကို စဉ်းစားရင်း အဖေ ရီ၏ အပြုံးပန်းမှာ ပိုပိုပြီး ကြီးထွား ပွင့်လန်းလာတော့သည်။

"လူတွေက နာမည်ကြီးမှာ ကြောက်ကြပေမဲ့ ဝက်တွေက အားကြီးမှာကို ကြောက်ကြတယ်၊ ကံကောင်းလို့ ကျွန်တော်တို့ အိမ်ဆောက်‌နေတော့ ပိုက်ဆံကို ရေလို သုံးနေရတာ ရွာထဲက လူတွေ သိလို့ပေါ့၊ မဟုတ်ရင် ဟိုးပဝေပသီကတည်းက မမြင်ရမတွေ့ရတဲ့ အဒေါ်ကြီးတွေ ပိုက်ဆံ လာချေးကြအုံးမှာ"

"အင်း...."

ထိုအကြောင်းကို တွေရင်း အဖေ ရီ တစ်ယောက် ပျော်နေသည့် အပျော်လေးများပင် ပျက်ပျယ်သွားရတော့သည်။ ငါးပုတ်သင်ဝါကြီးများ ဖမ်းမိခဲ့သည့် ပြီးခဲ့သည့် တစ်ခေါက်ကတည်းက ညီအစ်ကိုများမှာ ယခုထိ တစ်ယောက်ကို တစ်ယောက် စကားမပြောဖြစ်ကြချေ၊ အငယ်လေး တစ်ယောက်တည်းကသာ  တစ်ခါတစ်ရံ အိမ်ရောက်လာပြီး အဖွားအိုအတွက် အစာစားတစ်ချို့ လာ,လာပေးတတ်သည်။

သို့သော် တစ်စုံတစ်ယောက်က ကံဇာတာတက်လာပြီဆိုသည်နှင့် တော်ရုံနှင့် ပြန်ကျမတတ်။ ကိုယ်တော် ကိုယ်တိုင်က ငွေကြေးကို မိမိအိမ်ရှေ့အရောက် ပို့ဆောင်လာပေးခဲ့မှဖြင့် လက်မလွှတ်သင့်သည်မှာ သဘာဝပင်။

အဖေ ရီမှာ မနေနိုင်အောင် မျက်မှောင်ကြုတ်မိတော့သည်။ တကယ့်ကို ချိုချိုချဉ်ချဉ် ဒုက္ခပါလားနော်။

အတန်ကြာပြီးနောက် သူက ခေါင်းကိုခါကာ ;

"အတွေးများလို့ မဖြစ်ဘူး၊ ဒါလေးက ပိုက်ဆံ နည်းနည်းပါးပါးပဲ၊ တကယ် ချမ်းသာတော့မှပဲ ဒီကိစ္စကိုဆက်ပြောကြမယ်။ အရင်ဆုံး ဒီကွန်ကို အရင်ဆွဲ"

ယခုတစ်ခေါက်ကွန်က သောင်းပြောင်ရောထွေနေပြီး ကြီးကြီးမားမားလည်း မပါသလို၊ ရှားရှားပါးပါးလည်း မရှိချေ။

"‌ကင်းမွန်တွေ တော်တော်ပေါသားပဲ။ ဗိုက်ထဲမှာလည်း ဥတွေနဲ့ မဆိုးပါဘူး၊ ပုစွန်လေးတွေ လာလာ..ပန်းနီကဏန်း၊ သစ်ခွကဏန်း၊ ရေကဏန်း၊ ငါးရှဉ့်၊ ရေဘဝဲ၊ အို့၊ ဒါဘာလဲ။ ပေါင်ဖီးယွီ"

သူက ကောက်ယူကြည့်လိုက်ပြီး;

"ဒါကို ငါးခြောက်လှမ်းဖို့ ယူသွားရမယ်၊ ဒီငါးခြောက်က မြည်းဖို့ အသင့်တော်ဆုံးပဲ"

"စားဖို့သောက်ဖို့ပဲ တွေးနေ..."

"ဒါဆိုလည်း ပြန်လွှတ်လိုက်တော့၊ မစားတော့ဘူး"

"ယူထားကွ။ ပြန်ရောင်းလို့ရတယ်"

"ဒီနေ့ ငါးဖမ်းတာ လုံလောက်နေပြီလေ၊ ဒီကော့ဒငါးနဲ့တင် ကျွန်တော် ပင်လယ်ထဲ လဝက်လောက် မထွက်ဘဲနေလို့ ရတယ်၊ အဖေ့အသက်က အခု ဆယ်စုနှစ်ကျော်ကျော် ၅၀ နားလေးပဲ ရှိသေးတာ၊ ဘဝကြီးကို ခက်ခက်ခဲခဲ မဖြတ်သန်းပါနဲ့ဗျာ၊ ဒီပေါင်ဖီးယွီက အဲ့လောက်လည်း ဈေးမရပါဘူး"

"ငါ အသက် ၅၀ ဆိုတော့ရော ဘာဖြစ်လဲ။ ငါက အသက်ရှည်ရှည်နေမှာလေ၊ မင်း ပျော်ပါးသောက်စားနေသေးတယ်ဆိုရင်တော့ ယူထားလိုက် နည်းနည်းပါးပါး"

"နောက်ဆုံးကွန်ကို အဖေ သွားပစ်၊ ကျွန်တော်ကောက်ထားမယ်"

မည်သို့ဆိုစေ ယနေ့တွင် သူ ပိုက်ဆံအလုံအလောက် ရှာပြီးပြီ ဖြစ်ရာ သူ့အတွက် ပင်လယ်စာ နည်းနည်းပါးပါး ယူထားချင်လေသည်။ ကံကောင်းထောက်မစွာဖြင့် ယခုတစ်ကြိမ်ကွန်က အတော်လေးထွားသည့် ကင်းမွန်များဖြစ်ပြီး ဗိုက်ထဲ အဆီဓာတ်ကြွယ်စေမည်မှာ အသေအချာပင်။

မည်သူကမှ ပုစွန်နှင့် ငါးချည်းပဲ နေ့တိုင်း မစားချင်ပေ။ ကဏန်းနှင့် ပုစွန်ဆိတ်များ စားရသည်မှာကလည်း ငြီးငွေ့စရာကောင်းလာပြီ ဖြစ်သည်။ ယနေ့တွင် ငါးအရများသည်ဖြစ်ရာ တစ်မျိုး၊ နှစ်မျိုးလောက်ဖယ်ထားလည်း အဆင်မပြေလှသည်မဟုတ်၊ အဖေ ရီအား ပေးရွေးချယ်ခိုင်းလိုက်မည်ပင်။ သူ့အဖေကလည်း အများကြီး ယူခိုင်းထားမည်တော့ မဟုတ်ပေ။

အဖေ ရီပဲ ကံမကောင်းလေသလားတော့ မသိ၊ နောက်ဆုံးကွန်က ငါးခူနှင့် ငါးသေး၊ ပုစွန်သေးများသာ ပါဝင်လေပြီး အရေအတွက်ကလည်း များများစာစာမဟုတ်ကာ အများဆုံးမှ ကျင်၂၀ ကျော်ဝန်းကျင်လောက်သာ။

"ကံကောင်းလို့ ဒီနေ့ ကော့ဒငါးရလာလို့ပေါ့၊ မဟုတ်ရင် ဒီနေ့ ငါးဖမ်းတာ ပုံမှန်အတိုင်းပဲ ဖြစ်နေမှာ"

အဖေ ရီမှာ အလွန် စိတ်ပျက်သွားခြင်းမျိုး မဖြစ်သွားပေ။ ရှေ့ကွန်များက အများအပြား ရထားပြီဖြစ်ရာ အခြားသူများက သူ့လောက် မကောင်းနိုင်ပါတော့ချေ။

"အိုခေ၊ ကောင်ကင်းကလည်း မှောင်စပျိုးနေပြီ၊ ခဏနေလောက်ဆို မိုးကရွာတော့မှာ၊ လှိုင်းတွေတောင် နည်းနည်း ကြမ်းလာပြီ။ မိုးက သည်းမဲ့ပုံပဲ စောစောပြန်ရအောင်"

"ဒါဆို ကျွန်တော့်ကို ပေးမောင်းလေ၊ အဖေ ခဏလောက်နားလိုက်ပါလား"

လွန်ခဲ့သည် နှစ်လကတည်းက သူတို့ညီအစ်ကိုများ အလှည့်ကျ တစ်လှည့်စီ ပင်လယ်ထဲထွက်ဖြစ်ကြသည်။ သူတို့ ပင်လယ်ထဲ မလိုက်ရသည့်အချိန် အိမ်ဝိုင်းတွင် ဝိုင်းကူကြသော်ငြားလည်း ညဘက်တွင် လုံလုံလောက်လောက် နားရန် အချိန်ရှိကြသည်ပင်။ သို့သော် အဖေ ရီ တစ်ယောက်တည်းကသာ မနားမနေနှင့် နေ့တိုင်း သူတို့ညီအစ်ကိုများကိုခေါ်ကာ ပင်လယ်ထဲ ထွက်လေသည်။

မနက်တိုင်း ၁ နာရီ ထရပြီး ၃ နာရီ ၅ နာရီမှ ပြန်လာရကာ ပင်လယ်ထဲတွင် ၁၅ နာရီနီးပါး နေရလေသည်။ ကောင်းကောင်း မစားရ၊ ကောင်းကောင်း မအိပ်ရကာ လေပြင်းပြီး စက်ပျက်သည့်အခါမှပင် တစ်ည၊ နှစ်ည ကောင်းကောင်း အနားယူရတော့သည်။

ယခုရက်ပိုင်း သူ့အဖေ၏ အသားအရောင် သိပ်မကောင်းပြီး ပင်ပန်းနေသည့်ပုံကို ကြည့်ပြီး ရီရောင့်သုန်းတစ်ယောက် သူ နောက်ရက် အနည်းငယ်ကျ ပင်လယ်ထဲ ထွက်ပြီး မြေလှောင်ကွန်ထဲတွင် ကဏန်းပြာလေးများ ရလာခဲ့လျှင် အဖေ ရီအတွက် ဖြည့်စွက်စာ လုပ်ပေးရန် စဉ်စားလိုက်သည်။

အဖေ ရီက ခေါင်းခါကာ ဦးတည်ရာကို စစ်ဆေးရန် သံလိုက်အိမ်မြှောင်ကို လက်ထဲ ကိုင်ရင်း ;

"ငါပဲ မောင်းလိုက်မယ်၊ မင်း ဒီကွန် နှစ်ကွန် ဆွဲတုန်းက ဘယ်ကို မောင်းမှန်း မသိဘူးမလား၊ ငါပုံမှန်အလုပ်လုပ်နေကျ နေရာနဲ့ တော်တော် လှမ်းနေတယ်၊ မှောင်သွားရင် မင်းအတွက် မောင်းလို့အဆင်ပြေမှာ မဟုတ်တော့ဘူး"

သူ့ကိုများ အထင်သေးပေါ့၊ သူ့လက်ထဲ သံလိုက်အိမ်မြှောင် ရှိလို့ကတော့ ပင်လယ်ထဲ ဘယ်တော့မှ လမ်းပျောက်မှာ မဟုတ်ဘူး။

သူက သူ့အဖေအတွက် စိတ်ပူလို့ ပြောတာကို သူ့အဖေက သူ့ကို စိတ်မချနေမှဖြင့် သူ့ဘာသာသူမောင်းပါလေ့စေ။



၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now