Chapter 105

1.7K 162 0
                                    

အပိုင်း (၁၀၅)


အိမ်အခွံချည်းသက်သက် ဆောက်ပြီးသွားပြီးနောက်မှာတော့ ကြွေပြားခင်းခြင်းနှင့် ပြင်ဆင်စရာ အနည်းငယ်သာ ကျန်တော့သည်။ ဤမျှလောက်သော လက်မှုကိစ္စလေးများက အလုပ်သမားများ ငှားရမ်းနောရန် မလိုအပ်ဘဲ မိသားစုဝင်များကသာ စုပေါင်းလုပ်ရုံဖြင့် လုပ်အားခအချို့ကို ချွေတာနိုင်ပေသည် ။

မိသားစုမှာ ပုံမှန် ထနေကြအတိုင်း ထကြသည်။

ရီရောင့်သုန်း တစ်ယောက် ကလေးများအားလုံး ရှားရှားပါးပါးဖြင့် စုံစုံညီညီ မနက် အစောကြီး နိုးနေကြပြီး မနက်စာကို ငြိမ်ငြိမ်သက်သက် စားနေပုံကြည့်ပြီး ;

"ဒီနေ့က စက်တင်ဘာ တစ်ရက်နေ့မလား။ မင်းတို့ရဲ့နေ့ကောင်း ရက်သာလေးတွေတော့ နှုတ်ဆက်ဖို့အချိန်ကျပြီပဲ"

ဤနှစ်မှ ပထမတန်းသာ ရှိသေးသည့် ကလေး နှစ်ယောက်မှာ ပျော်ရွှင်စွာဖြင့် ;

"သားတို့က ကျောင်းသွားချင်နေတာ ကြာပြီ"

"ရက်နည်းနည်းသာ စောင့်ကြည့်စမ်းပါဦး။ မင်းတို့ ဒီလို ပြောဦးမလားဆိုတာ ကြည့်ကြသေးတာပေါ့"

"ဘာလို့်လဲ"

"ကျောင်းဖွင့်ပြီဆိုတာနဲ့ နေ့တိုင် အိမ်စာတွေ လုပ်ရတော့မှာ၊ အားဟိုက်ကောတောင်မှ မနက်ကတည်းက ခုထိ အခန်းထဲမှာ အိမ်စာတွေ ကူးရေးနေရတယ်၊ သူ ဒီလောက်ထိ ဝီရီယ ရှိတာ တစ်ခါမှ မမြင်ဖူးဘူး၊ ဒီနေ့တော့မှပဲ အစောကြီး ထပြီး ဖုတ်ပူ မီးတိုက် လုပ်နေတာ"

"ဟားဟားဟား၊ အဲ့ဒါကြောင့် မနက် အိပ်ရာနိုးတုန်းက ဒေါ်ဒေါ်ကြီးရဲ့ဆူသံတွေ ကြားနေရပါတယ်လို့"

"ကံကောင်းလို့ ငါ မနေ့ညကတည်းက ပြီးသွားတာ..."

ကလေး တစ်အုပ်က ရီချန်ဟိုက်ကို လှောင်ပြောင်ရယ်မောနေလေ၏။

အမေ ရီက တတွတ်တွတ်ဖြင့် ;

"မနက်စောစော မကြိုးစားရင် ညကျ ဒုက္ခရောက်သွားလိမ့်မယ်၊ ဖာထေးဖို့ ညသန်ခေါင်ထိနေလည်း စာကို ဖတ်နိုင်တော့မှာ မဟုတ်ဘူး"

ထိုအချိန်တွင် အဓိက ဇာတ်ဆောင်လေးက မျက်လုံးများအောက်တွင် ညိုညို အကွင်းကြီး နှစ်ခုနှင့် နောက်ကျောတွင် ကြယ် ငါးပွင့်ကို တံဆိပ်နှိပ်ထားသည့် စစ်စိမ်းရောင် သားရေလွယ်အိတ်ကိုလွယ်ကာ ချည့်နဲ့စွာ ထွက်လာ၏။

"ဟေး၊ မင်း နွေရာသီ အိမ်စာတွေ ပြီးသွားပြီလား။ မရေးထားလည်း ရတယ်နော်။ စာရင်းသွင်းစရာမလိုတော့ဘူး၊ တောင်ပေါ်သွားပြီး သိုးသွားကျောင်းပေါ့၊ သိုးကျောင်းတာ ဘယ်လောက်တောင်မှ ဇိမ်ကျလိုက်သလဲ၊ အိမ်စာ လုပ်စရာမလိုဘဲနဲ့ တောင်ပေါ်မှာ လျှောက်ပြေးနေရုံပဲ၊ ပြီးတော့ တောင်ပေါ်မှာ မက်မုံသီးပင်တွေ ဇီးပင်တွေ အပြည့်ပဲ၊ ရွှေသဖန်းပင်လည်း ရှိ လိမ္မော်ပင်လည်း ရှိ၊ ဂရိတ်ဖရုပင်လည်း ရှိ မိုက်နေရော~"

ရီချန်ဟိုက် တစ်ယောက် သန်းဝေပြီး ရောင့်သုန်းစကား ကြားရချိန်တွင် သက်ပြင်းချရုံသာ တတ်နိုင်ပြီး ;

"သားလည်း သိုးပဲ ကျောင်းချင်တာပဲ။ အမေကမှ သဘော မတူတာ"

အမေ ရီက ရီရောင့်သုန်းကို စွေကြည့်ကာ ;

"နင် ဘာပေါက်ကရတွေ လျှောက်ပြောနေလဲ။ နင်ကဖြင့် ဘယ်လို  စာလေ့လာရမှန်းတောင် မသိဘဲနဲ့ ကလေးကို နင်နဲ့ လိုက်ပြီး သိုးကျောင်းဖို့ ဆွယ်နေသေးတယ်၊ သူက အစကတည်းက မသွားချင်နေတာနဲ့ နောက် နှစ်နှစ်လောက်‌ စာ‌လေ့လာပြီး ငါးတန်းလောက် ပြီးထားမှ စာလုံးတွေ အကုန်နီးပါး သိနေမှာ"

ခယ်မကလည်း ရီချန်ဟိုက် ခေါင်းကို ရိုက်လိုက်ပြီး ;

"မြန်မြန် မနက်စာစား၊ ပြီးရင်း စာရင်းသွင်းရင်း အိမ်စာတွေ ထပ်ရမယ်၊ ငါ့မှာ လုပ်စရာ အလုပ်တွေရှိသေးတယ်။ ငါ့ စကားကောင်းကောင်း နားမထောင်လို့ကတော့နော် ရိုက်ခံထိပြီသာမှတ်"

"နားလည်ပါပြီဗျာ"

ရီချန်ဟိုက် တစ်ယောက် ချိနဲ့စွာ ပြန်ဖြေလိုက်ပြီး မနက်စား သွားစားလေတော့သည်။

ရီရောင့်သုန်း တစ်ယောက် အကျယ်ကြီး အော်ဟစ်ရယ်မောနေသော်လည်း သူ့ ရယ်သံပင် မဆုံးသေးခင် သူ၏ အကြီးဆုံးသားက ;

"အဖေ သားလည်း သိုးကျောင်းမှာ စာမသင်ဘူး"

သူ့ ရယ်သံမှာ ရုတ်ခြည်း ရပ်တန့်သွားရတော့သည်။

"လခွမ်း၊ မင်း ညီ‌မလေးကို သွားခိုင်းလိုက်၊ မင်း တစ်နေကုန် လိမ်လိမ်မာမာနေမယ်ဆိုရင်တော့ စာသင်စရာ မလိုတော့ဘူး၊ မင်း ဆိုးလို့ကတော့ စာသင်တာက အနူးညံ့ဆုံး နည်းလမ်းပဲ..."

"အဖေပဲ အခုလေးတင် ပြောပြီးတော့ သိုးကျောင်းတာ ကောင်းတယ်ဆို၊ ပြီးတော့ သားမှာ ဘယ်ကညီမက ရှိရမှာလဲ"

"ငါက ဒီတိုင်းပြောတာပါကွာ၊ စာမတတ် ပေမတတ်ဖြစ်ရတာ ဘယ်လောက်တောင် ခက်ခဲလိုက်သလဲ၊ စာမဖတ်တတ်ရင် စာလုံး တစ်လုံးချင်းစီကို အကုန်လုံး လေ့လာရတော့မှာ..."

ရပ်တည်ရေးအတွက် ကျောက်တုံး သယ်ရသည်က ယခု သူ လုပ်နေရသည့်အရာပင်။

လင်းရှို့ချင်းက သူ့ကို နှစ်ချက်ပုတ်လိုက်ပြီး ;

"ပေါက်ကရတွေ ပြောမနေနဲ့တော့ ကလေးကိုလည်း အလိုလိုက်မနေနဲ့ သွားပြီး ထမင်းသွားစားတော့"

ရီရောင့်သုန်းမှာ သူ မှားသွားသလိုပင် ခံစားလိုက်ရသည်။ အနှီ ကလေး တစ်သိုက်က တော်ပေါ်တက်၊တောင်ပေါ်ဆင်း လုပ်နိုင်ရုံသာမက ပင်လယ်ထဲ မည်သို့ ဆင်းရမည်ကိုပင် သိကြသည်။

မနက်စာ စားပြီးနောက်တွင် ခယ်မ နှစ်ယောက်က ကလေး တစ်အုပ်ကို စာရင်းသွင်းရန် ခေါ်သွားကြသည်က အနောက်ကနေ ဘဲများမောင်းနေကြသလိုပင်။ အိမ်တွင် အငယ်ဆုံးလေးများ ဖြစ်သည့် ရီရောင့်သုန်း မိသားစုမှ ကလေး နှစ်ယောက်က တံခါးပေါက်ဝတွင် ထိုင်ကာ ကြည့်နေကြ၏။

ကျန်သော လူကြီးများကလည်း အိမ်ဝိုင်းသစ်သို့သွားကာ သန့်ရှင်းရေး လုပ်နေကြ၏။

ရီရောင့်သုန်းက အိမ်နောက်‌ဖေးတွင် လင်မယား နှစ်ယောက် အဆင်ပြေပြေ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနိုင်ရန်အတွက်လည်း ဟင်းသီးဟင်းရွက်များစိုက်ရန် စီစဉ်၏။ သူက တောင်ပေါ်တက် ဝါးခုတ်ကာ ကြက်မွေးရန်အတွက်လည်း ခြံစည်းရိုး ဆောက်ချင်သေးသည်။ သည်လိုမျိုးမှ အိမ်နဲ့ တူတော့မှာပေါ့!

ရီရောင့်ဖုန်ကလည်း သူ ပေါက်ပြားဖြင့် မြေကိုဆွနေသည်အား မြင်သည့်အချိန်တွင် မေးမြန်းကြည့်ပြီးနောက် သူလည်း ရီရောင့်သုန်းကို နမူနာ ယူလေ၏။

သေချာပေါက် ဟင်းသီးဟင်းရွက် စိုက်ဖို့လိုတာပေါ့။ မဟုတ်ရင် ဘာနဲ့သွားစားကြမလဲ။

မြေကြီးပွလုနီးနီး ဖြစ်လာချိန်တွင် ရီရောင့်သုန်းက ကျန်ရှိသော မြေဆီနှစ်များကို ကော်ဖြင့်ခပ်ကာ ဟင်းရွက်ခင်းထဲသို့ လောင်းထည့်လိုက်သည်။ သူ အိမ်ပြန်ရောက်ချိန်မှပင် မီးဖိုထဲမှ ပြာများကို ယူပြီး အ‌ပေါ်တွင် ဖြူးထားကာ မြေဆီဓာတ်များကြွယ်အောင် ရောမွှေပြီးချိန်မှာတော့ အသီးအရွက်များကို စိုက်ပျိုးနိုင်ပြီ ဖြစ်သည်။ မြေဆီဓာတ် များများစားစား မရှိလျှင်လည်း အသီးအရွက်များက ကြီးထွားနိုင်မည်မဟုတ်ပေ။

အခြေအနေအရ မြေဩဇာ အနည်းငယ်နှင့် နွားချေးလောင်းရန် လိုအပ်သော်လည်း၊ ဒါက နည်းနည်းတော့ စောသေးတယ်....

လင်းရှို့ချင်းမှာ အိမ်သစ်လေးအတွက် မျှော်လင့်ချက်များအပြည့်ဖြင့် အတွင်းအပြင်ရှိ အရာအားလုံးကို သန့်ရှင်းရေး လုပ်ကာ ဟင်းသီးဟင်းရွက်ခင်းများကို သပ်ရပ်အောင်ပြင်ဆင်ပြီး ဟင်းသီးဟင်းရွက် မျိုးစေ့အချို့ကို ကြဲရန် ရီရောင့်သုန်း နောက်သို့ လိုက်သွား၏။

အိမ်တိုင် တက်လာသည့်နေ့ထိတိုင်အောင် စောင့်ပြီး ရီမိသားစုမှ အမျိုးသားများအားလုံး သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင်ကာ အားအင်အပြည့်ဖြင့် အိမ်သစ်သို့ ချီတက်ကြသည်။ အမျိုးသမီးများက ထိုနေရာကို သွားခွင့်မရှိပေ။

ကျေးလက်ဒေသများတွင် အမျိုးသမီးများဟာ အိမ်သစ်အတွက် မကံကောင်းသည့်ကံများယူဆောင်လာစေမည့် 'ယင်ဓာတ်' ဖြစ်သည်ဟု ယုံကြည်ကြသောကြောင့် ယနေ့ကာ အလွန်တက်ကြွသက်ဝင်နေသော်လည်း မိသားစုထဲက အမျိုးသမီးများဟာ အိမ်တိုင်တက် အခမ်းအနားကို မသွားပြီး၊ အိမ်တွင် ဧည့်ခံကျွေး‌မွေးရန် ပြင်ဆင်မှုများ ပြုလုပ်ရာတွင်သာ ကူညီကြ၏။

ယနေ့တွင် အိမ်ဆောက် လုပ်ကိုင်ပေးသူများအားကုန်လုံး လာရောက် ကူညီပေးကြရသည်။ သူတို့က အိမ်တွင် ပျော်ရွှင်ဖွယ် စာလုံးများကို ကူးကပ်ပေးခြင်း၊ အနီရောင်ပိုးထည်များ ချိတ်ဆွဲကာ ထုပ်တန်းများနှင့် တံခါးများပေါ်တွင် စက္ကူနီဖြင့် ရေးထားသည့် နှစ်ကြောင်းကဗျာများ အရင်ဆုံးကပ်ပေးသည့်သူများ ဖြစ်ပေသည်။

ဤကဲ့သို့သော နေ့မျိုးတွင် အများဆုံး ကပ်လေ့ရှိသည်မှာ ; "နဂါးစိမ်းက ‌ကျောက်စိမ်းတိုင်ကို စောင့်ပြီး အဖြူရောင်ကျားက ရွှေရောင်အိမ်တိုင်ကို စောင့်ရှောက်လို့လေ၏"

အလျားလိုက်မှာတော့ " ရှန်လျန်းတကျီ "

ထို့နောက် အဝင်ပေါက်အရှေ့တွင် အမွှေးတိုင် တစ်တိုင်ထွန်းပြီး အမေ ရီ ကြိုတင်ဝယ်ယူထားသည့် သစ်သီးဝလံများကို စားပွဲပေါ်တွင် တင်ထားသည်။  ရီရောင့်သုန်း ညီအစ်ကို သုံးယောက်က တလေးတစားဖြင့် အမွှေးတိုင်ကို မီးထွန်းပြီး ကန်တော့ကြသည်။

ထို့နောက် ဗျောက်အိုးများ ဖောက်ပြီးသည်နှင့် အိမ်တိုင်များ မမြင့်တက်ခင် အချိန်နီးလို့လာပြီဖြစ်သည်။

ကမ်းခြေရှိလူများမှာ ဒီရေမြင့်မြင့် တက်ချိန်တွင် လုပ်ရန် လိုအပ်၏။ အဓိပ္ပါယ်ကာ ပိုက်ဆံများ မြင့်တက်လာသည့် ဒီရေလို တိုးပွားကြွယ်ဝလာတော့မည်ဟုပင်။ မိသားစုများ ပြန်လည်ဆုံစည်းဟု အဓိပ္ပါယ်ရသည့် လအပြည့် ဖြစ်ချိန်ဆို ပိုလို့တောင်ကောင်းသေး၏။

အခမ်းအနား စတင်ချိန်တွင် ရွာသူရွာသား အများအပြားက သတင်းကြသည်နှင့် ကျေးလက်ဒေသတွင် ရှားရှားပါးပါးလည်းဖြစ်သည့် အိမ်သစ်ပွဲကို စိတ်လှုပ်ရှားမှုဖြင့် စုရုံရောက်လာကြသည်။

အပေါ်အိမ်တိုင်ကို မြင့်တက်အိမ်တိုင်ဟုလည်း ခေါ်ဆိုကြသည်။

အိမ်တိုင်တည့်မတ်လို့ လာချိန်တွင် အပေါ်မှလူများက အနီရောင် ပိုးထည်လေးစကို အပေါ်မှနေ၍ ပစ်ဖို့လိုအပ်ပြီး၊ ထို့နောက် အောက်ရှိလူများက အိမ်တိုင် အဆုံးနှစ်ဖက်ကို ဖြန့်ရခြင်းကြောင့်ပင်။ အနီးရောင်ပိုးသားက "ငြိမ်ချမ်းမှုနှင့် ပျော်ရွှင်မှု" အဓိပ္ပါယ်ရသည့် ချင်ရွှင်ကျစ် ကြေးဒင်္ဂါးကို ဆွဲချထားသည်။ ထို့နောက် ဒုတိယတိုင်ကိုလည်း ထိုနည်း၎င်းပင်။

လက်သမား ဆရာကလည်း စင်ပေါ်တွင် မတ်တပ်ရပ်ရင်းဖြင့် ကဗျာများကို သီဆိုပေးရပြီး အောက်တွင်ရပ်နေကြသည့်လူများက သူ့နောက်လိုက်ဆိုကြသည်။

အိမ်တိုင် တစ်ခုလုံး တပ်ဆင်သွားပြီးနောက်တွင် ထုပ်တန်း‌များပေါ်တွင် အမိုးဒိုင်းကို တပ်ဆင်၏။

အမှတ်တရ ဖြစ်စေရန်အလို့ငှာ အိမ်အလယ်တွင် ရိုက်ထားသည့် အမိုးဒိုင်းကို အထူးတလည်ပြုလုပ်ထား၏။ လက်သမားဆရာက အမိုင်းဒိုင်းအပြား၏ တစ်ဖက်တွင် ပြင်ညီပြားတစ်ချပ်အသုံးပြုကာ ဆောက်လုပ်သည့်နေစွဲ၊ အိမ်ပိုင်ရှင်အမည်နှင့် ပုံဖော်ရေးသားသူအမည်ကို စုတ်ချပ်ဖြင့် ရေးထိုး၏။

ဥပမာ - ရီရောင့်သုန်း၏ အိမ် စက်တင်ဘာ ၆ရက် ၁၉၈၂ ခုနစ်၊ အိမ်ကို လက်သမား လီစီနှင့် ပန်းရန်သမား ဝမ်ဝူတို့ဖြင့် ဆောက်လုပ်သည်။

အိမ်တိုင် မြင့်တက်လာသည်နှင့် အိမ်တိုင်ကို ပစ်ရမည့်အချိန်ရောက်လို့လာ၏။ အိမ်တိုင်ပေါ်မှလက်သမားက အိမ်တိုင်ဘေးတွင် ရပ်ပြီး မြေပဲ၊ သကြားလုံးနှင့် ဆန်ကိတ်များကို ကဗျာရွတ်ဆိုရင်းဖြင့် ပစ်ရသည်။ အားလုံးက ပျော်ရွှင်စွာဖြင့် ပြေးကောက်ကြ၏။

အဆုံးတွင် ဗျောက်အိုးများ ဖောက်ပြီး အိမ်ကိုဆောက်လုပ်ပေးသည့် လုပ်သားများက ဖျော်ဖြကြသည်။ ရီမိသားစုက စားပွဲ နှစ်လုံး ခင်းပြီး စီးကရက်များ၊ ဝိုင်များနှင့် အစားအသောက်များ လက်ခံပြီးနောက်တွင် အိမ် ပြီးစီးခြင်းကို အားလုံးနှင့်အတူ ပါဝင်ဆင်နွှဲကြ၏။

ဤနေရာတွင် နောက်တစ်ချက် ရှိသေးပြီး ပန်းရန်သမားများက အုတ်ကျွတ်ခင်းပေးရန် လိုအပ်သေး၏။ သူတို့ကို ကောင်းကောင်းမွန်မွန်မဧည့်ခံလျှင် သူတို့က စိတ်ကွက်ပြီး တာဝန်ယူမှုမရှိ၊ ပြဿနာရှာလာပါက အိမ်မှာ ဆောက်ပြီးသည်နှင့် မိုးတွင်းရောက်လာသည့်အချိန်တွင် ယိုစိမ့်မှုများဖြစ်နိုင်ပြီး အားလုံးမှာ ပြန်လည်ပြုပြင်ရန် ဒုက္ခများရပေတော့မည်။

ဤခေတ်အခါတွင် အိမ်တိုင်မြင့်တင်ရခြင်း၏ရိုးရာဓလေ့က အလွန်ကရိကထများပြီး နောင်အခါများလို ပိုပိုပြီး ရိုးရှင်းလွယ်ကူနေခြင်းမျိုးမဟုတ်ပေ။

နေ့လယ်တွင် ဧည့်ဝတ်ကျေစွာ တည်ခင်းကျွေးမွေးပြီးနောက် အမေရီက အိမ်တိုင်မြှင့်တင်ပေးသည့်လက်သမားဆရာနှင့် ကူညီပေးသည့် အလုပ်သမားများကို နောက်ထပ် စာအိတ်အနီတစ်လုံး ထပ်ပေးပြီးမှ အလုပ်များက လုံးလုံးပြီးမြောက်သွားသည်ဟု သတ်မှတ်ရပေတော့သည်။

နောက်တစ်ဆင့်က အိမ်မရွှေ့ခင် အုတ်ကျွတ်ခင်းရန်ဖြစ်သည်။

အိမ်ဆောက်ရခြင်းမှာလည်း ပင်ပန်းရသည်ပင်။ နောက်ဆုံးတွင် အရေးကြီး တာဝန်များ ပြီးဆုံးလုနီးနီးမှ ရီမိသားစုမှာလည်း ပင့်သက်ချနိုင်တော့သည်။

အမေ ရီက ပြုံးကာ ;

"လပြက္ခဒိန် ၂၀ ရက်နေ့ ပြောင်းကြတော့မှာဆိုတော့ မင်းတို့တွေ မင်းတို့ မိဘတွေ အိမ်သွားပြီး အသိပေးလိုက်ကြဦး။ ပြောင်းတဲ့နေ့ကျ မိဘမောင်နှမတွေ လာတော့ ပိုပြီးပျော်ရတာပေ့ါ"

ချွေးမ သုံးယောက်လုံးက ပြုံးရင်းဖြင့် ခေါင်းညိတ်လာကြ၏။

အိမ်တိုင်ရပြီးသည်နှင့် ရီရောင့်သုန်းက အဖေ ရီနှင့် ပင်လယ်ထဲ ဆက်မလိုက်တော့ချေ။ သူလည်း သူ့ကိုယ်ပိုင်လှေဖြင့် အလုပ်လုပ်ရတော့မည် ဖြစ်ပြီး ဤအချိန်အတောအတွင်းမှာလည်း မြေလှောင်ကွန်ဒါဇင်ကျော် နီးပါး လုပ်ထားခဲ့သည်။

သူက ပင်လယ်ထဲ တစ်ခုပြီး တစ်ခု သွားချပြီး ယခုဆို သုံးတန်းတောင် ရှိသွားပြီ ဖြစ်သည်။ တစ်ရက်တစ်ခါ နှစ်ရက် တစ်ခါ ဆိုသလို ကွန်များကို ပြန်သိမ်း၏။ သူပဲ ကံကောင်းသလားတော့ မပြောတတ်၊ ငါးများများ ရလျှင်တော့ ခုနစ်ယွမ်ကနေ ရှစ်ယွမ်အထိ ရောင်းရပြီး၊ ပုံမှန်ဆိုလျှင် ငါးယွမ်ကနေ ခြောက်ယွမ်အထိ ရလေသည်။

ယခုအချိန်၌ သူ့တွင် မြေလှောင်ကွန် သုံးတန်းစာသာရှိသေးပြီး သူ၏ ဝင်ငွေက ငါးတန်း၊ ခြောက်တန်းချသည့်လူများထက်ပင် ပိုကောင်းနေပြီးဖြစ်သည်။

သူ့တွင် မြေလှောင်ကွန်များ နည်းနေသည်က နှမျောစရာပင်။ ပိုသာရှိလျှင် သူ ပိုပြီး ရနိုင်သည်ပင်။ အချိန်များ အားလပ်နေချိန်တွင် ကွန်များ ပို၍ လုပ်ရမည် ဖြစ်သည်။

သူ့အဖေ လှေဝယ်ပြီးသွားကတည်းက အားကွမ်ကလည်း ပင်လယ်ထဲ အစောကြီးထွက်၊ နောက်ကျမှ အိမ်ပြန်လာတတ်ရာ သူငယ်ချင်းအချို့မှာ မဆုံဖြစ်၊ စကားမပြောဖြစ်ကြသည်မှာ အချိန်ပင် အတန်ကြာသွားခဲ့၏။

ယနေ့တွင်တော့ ရီရောင့်သုန်းမှာ အလုပ်အစောကြီးပြီးပြီး ထွေထွေထူးထူး လုပ်စရာ ရှိမနေ၏။ သူက သူ့လှောင်အိမ်ထဲမှ ပင်လယ်စာတစ်ချို့ကို ဖယ်ထားပြီး အားကွမ်တို့ အိမ်ကို ယူသွားကာ လမ်းတွင်လည်း သူငယ်ချင်းအချို့ကို ဝင်ခေါ်လာ၏။

ဤအချိန်ကာလအတွင်း အားလုံးမှာ အလုပ်ရှုပ်နေကြသဖြင့်လည်း မည်သူကမှ စိတ်တိုနေသည့် အားဝေနှင့် ဟောင်ဇီကို ဂရုစိုက်မအားကြချေ။ သူ တွေးနေမိသည်မှာ ဤမျှ ရက်တွေလည်း ကြာသွားပြီ ဖြစ်ရာ သူတို့လည်း အဆင်ပြေသွားလောက်ပြီး အချင်းချင်း မခေါ်မပြောနေမည့်အစား ပြန်လည်သင့်မြတ်လိုက်သည်က ကောင်းသည့် ကိစ္စပင်။

သို့သော် မထင်မှတ်ထားစွာဖြင့် သူ အားဝေအိမ်သို့ရောက်သည့်အချိန်တွင် အနှီ အားဝေက သူ့အား အဖက် မလုပ်ချေ။

"ဟာ့ သုန်းကောက ဘယ်အရပ်ကနေပြီးတော့များ ဒီကို ရောက်လာရတာပါလိမ့်။ အိမ်ဆောက်‌နေရတာနဲ့ ပင်လယ်ထဲသွား‌နေရတာနဲ့ အလုပ်အရမ်းများနေတဲ့ အစ်ကိုကြီး သုန်းက ငါ့ဆီ တကယ်ကြီး ရောက်လာတာပဲ"

ရီရောင့်သုန်းမှာ ကူကယ်ရာမဲ့စွာဖြင့် ;

"အားလုံးက ဒီရက်ပိုင်း နည်းနည်း အလုပ်များနေကြလို့ပါ၊ ငါ ပင်လယ်စာတစ်ချို့ဖယ်ထားတယ်။ အားကွမ်တို့ အိမ်မှာ တစ်ခွက် နှစ်ခွက်လောက် သွားသောက်ရအောင်လေ။ စကားလည်း ပြောရင်းပေါ့"

"တော်ပါပြီ။ မင်းတို့ပဲ ပြောကြ၊ ငါ့မှာ ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်တာ ဘာမှမရှိတော့ သွားလည်း မင်းတို့ ကြွားလုံးတွေပဲ ကြားနေရမှာ"

သူ အိမ်ထဲ ဝင်မလို့ ဟန်ပြင်‌စဉ်မှာပဲ ရီရောင့်သုန်းမှာ သူ၏ ထေ့ငေါ့သံများ ကြားပြီး မနေနိုင်အောင် ဆဲသံများ ထွက်လာရသည်။

"ငိုးဟ၊ ဒီကိစ္စက ဘယ်လောက်များ ကြီးကျယ်နေလို့လဲ၊ ငါတို့ မင်းကို ကြိုပြီး မပြောတဲ့ကိစ္စကိုလား"

"မင်းတို့ ငါနဲ့ ဟောင်ဇီကို ညီအစ်ကိုတွေလို့ သတ်မှတ်ရင် ငါတို့ကို အသိမပေးစရာအကြောင်းကို မရှိတာ၊ အစကတည်းက ငါတို့က စကားသိပ်မပြောတာနဲ့ လျစ်လျူရှုခံရတာ သိပ်တော့မဆန်းပါဘူး၊ အဲ့တော့ မင်းတို့ဘာသာပဲနေကြတော့"

ငိုးမှတဲ့လားကွာ။

ရီရောင့်သုန်း တစ်ယောက် စိတ်ထဲတွင်သာ ဆဲဆိုနေလိုက်တော့ပြီး လှည့်ထွက်လာခဲ့လိုက်သည်။ ထွက်သွားချင်နေတဲ့လူကို သူလည်း ဆွဲထားမနေဘူး။

သူ တစ်စုံတစ်ယောက်၏ ဖင်အေးအေးပေါ် မျက်နှာပူပူတင်ရမည်ကို ပျင်းလွန်းလှသော်လည်း နှစ်များစွာပေါင်းလာခဲ့ကြသည့် ညီအစ်ကိုများ နားလည်မှုသေးသေးလေး လွဲခြင်းကြောင့် ရုတ်တရက် ကွဲကွာကြမည်ကို မလိုချင်ရုံသာ။

ရှေးစကားတစ်ကြောင်းကို ပြန်တွေးမိသည်မှာ_ ငါ့ညီအကို ခံစားရမှာကို မကြည့်ရက်သော်လည်း ငါညီအစ်ကို Land Rover စီးမှာကိုလည်း ကြောက်နေတယ်။

ညီအစ်ကို တစ်ယောက် ချမ်းချမ်းသာသာ ဖြစ်သွားတာက သူ သေသွားတာထက်ပင် ပိုလို့ ခံစားရခက်တယ်ဆိုတာမျိုး။

အားဝေအိမ်မှ ပြန်ထွက်လာပြီးနောက်တွင် ဟောင်ဇီ၏ အိမ်ကို အထူးတလည် ဝင်မနေတော့ချေ။ သူတို့နှစ်ယောက်က အမြဲတမ်း ဆက်ဆံရေးအဆင်ပြေကြပြီး ယခုအချိန်တွင် သူတို့က ဒေါသူပုန်ကိုလည်း တူတူထလောက်ကြမည်ပင်။

သူ သူတို့အတွက် တစ်စက်လေးမှ စိတ်မကောင်းဖြစ်ဘူး။ အဲ့ဒါ သူတို့ရဲ့စိတ်ဓာတ်ပဲ ဘာမှသွားပြီး သူတို့ကို ပူပန်နေစရာ မလိုဘူး။

ရီရောင့်သုန်း တစ်ယောက် အားကွမ်၏ အိမ်ကို တစ်ဖန် သုတ်ချေတင်လိုက်ပြီး အားလုံး ရောက်နေကြပြီကို တွေ့လိုက်ရသည်။ အားလုံးက သူတစ်ယောက်တည်း ရောက်လာသည်ကို တွေ့သည်နှင့် မအောင့်အီးနိုင်ကာ ထုတ်မေးလာကြသည်။

"မင်း ပြောတော့ အားဝေနဲ့ ဟောင်ဇီကို ခေါ်လာမယ်ဆို။ သူတို့မလာဘူးလား"

"အားဝေက ငါ့ကို အဖက် မလုပ်ပါဘူးကွာ။ စိတ်အချဉ်ပေါက်စေမဲ့ စကားတွေပဲ ပြောလာတာ။ သူက ဘာမှ မစွမ်းဆောင်နိုင်ဘူး။ သူ့ဘာသာသူ နေမယ်.....ချီးလိုပဲ၊ သူ့လို စိတ်ပြဿနာဖြစ်‌နေတဲ့အကောင်ကို ဂရုစိုက်နေရမှာ ပျင်းလွန်လို့ ဟောင်ဇီအိမ်ကိုတော့ သွားမနေတော့ဘူး။ ထပ်ပြီး ထေ့ငေါ့စောင်းမြောင်းတာတွေ မကြားချင်တော့ဘူး"

အားကွမ်က ပုခုံးတွန့်ကာ ; "ထားလိုက်တော့ အခုတော့ သူတို့ကို လျစ်လျူရှုထားလိုက်၊ ဘာမှ ဖင်အေးပေါ် မျက်နှာပူတင်နေစရာ မလိုဘူး"

အသေးလေး ;

"သူတို့ဘာသာ သူတို့ နားလည်လာပါလိမ့်မယ်"

ဖက်တီးက ချက်ပြုတ်နေပြီး ခေါင်းတခါခါဖြင့် ; "အို့၊ ပိုက်ဆံကိစ္စပါပဲကွာ"

အားကျန်က ယုံကြည်မှုရှိစွာဖြင့် ;

"ငါတို့ ကိုယ့်ပိုက်ဆံကိုယ် ရှာတော့ ဘာဖြစ်လဲ။ သူတို့ကို ဘာလို့ ဂရုစိုက်နေရမှာလဲ။ ဘာအဓိပ္ပါယ်မှကို မရှိတာ"

"ထားလိုက်တော့။ အဲ့အကြောင်း မပြောနဲ့တော့၊ ငါတို့ရဲ့ အစားအသောက်ကိုပဲ အာရုံစိုက်ရအောင်။ အားကွမ် မင်း ဒီရက်ပိုင်း ကွန်ဆွဲတာ ဘယ်လိုအခြေအနေရှိလဲ"

ရီရောင့်သုန်းက ခွေးခြေခုံပေါ် ခြေတစ်ဖက် တင်ကာ ထိုင်ခုံပေါ် ထိုင်ချလိုက်ပြီး မှိုပုစွန်တစ်ကောင်ကို ယူကာ အခွံခွာလိုက်သည်။

"အားကွမ်လို့ ခေါ်နေတုန်းပဲလား၊ အားရှန်လို့ ခေါ်ရမှာလေ၊ ဟားဟားဟား"

"မင်းတို့ ပါးစပ်ကို ပြောင်းဖို့ အချိန်ရောက်ပြီ"

"ဒါဆိုလည်း ဘာလို့ မင်း ငါတို့ကို ပြောင်းခမပေးလိုက်တာလဲ"

"သွားစမ်းပါ။ ဘာကိုပြောင်းခလဲ၊ မင်းတို့ကြိုက်သလိုသာခေါ်။ ဘာပဲဖြစ်ဖြစ် အိမ်ထောင်စုစာရင်းမှာ ပြောင်းပြီးသွားပြီ"

သူတို့ တဖြည်းဖြည်းနှင့် လွဲသွားပြန်သည်ကို ကြည့်ရင်း ရီရောင့်သုန်းမှာ သူတို့ကို အမြန် ပြန်ဆွဲရပြီး ;

"ဒီရက်ပိုင်း ငါးဖမ်းတာ ဘယ်လိုလဲ။ အားကွမ်က သူ့အဖေနဲ့ ပင်လယ်ထဲ ထွက်တော့ မင်းတို့ နှစ်ယောက်က လှေတစ်စီးနဲ့ အတူတူ လုပ်ကြတာမလား။ ဒါဆို မင်းတို့ ဘယ်လိုခွဲကြလဲ"

"ငါ့ ဝေစုကို သူတို့ထဲ ပေးလိုက်ပြီ၊ သူတို့ ငါးတွေရောင်းပြီး ပိုက်ဆံ အလုံအလောက်စုမိရင် ငါ့ကို လှေဖိုးပြန်ပေးလိမ့်မယ်၊ ဘာပဲဖြစ်ဖြစ် လှေကသေးသေးလေးဆိုတော့ လူ သုံးယောက် သုံးဖို့က သိပ်အဆင်မပြေဘူးလေ၊ ငါ့အဖေနဲ့ ပိုက်လိုက်ဆွဲတော့ အဆင်ပြေတယ်"

အသေးလေးကလည်း ခေါင်းညိတ်ကာ ;

"ဟုတ်တယ်၊ အားကွမ် ထွက်သွားတော့ နောက်ပိုင်း ငါတို့ ပိုရလာတယ်"

အားကွမ်က သူ့ကို စွေကြည့်ကာ ;

"ငါတို့လည်း ကွန်အများကြီး ဆွဲရပါတယ်နော်"

"မဟုတ်မှ မင်းနာမည် ပြောင်းလိုက်တော့ ပိုက်ဆံတွေ မထွက်တော့တာများလား"

"ဟမ့်၊ စားနေကြတာတောင်မှ မင်းတို့ ပါးစပ်တွေက မပိတ်နိုင်ကြဘူး"

"ဟိုဟာတွေ၊ တစ်ယောက် နှစ်ယောက်လောက် ဒီမှာ မီးလာထိုးပေးပါအုံး၊ အဲ့မှာပဲ ထိုင်ပြီး စားသောက်မနေကြနဲ့"

ဖက်တီးက ယောင်းမ တစ်လက်ကို တယမ်းယမ်းဖြင့် သူတို့ကို ရိုက်ချင်နေ၏။ အနှီ အရှက်မရှိလှသည့် လူတစ်စုက သူ့ကို ချက်ပြုတ်ဖို့ ခေါ်ထားပြီး သူ့မှာ နေ့တစ်ဝက်နီးပါ ချက်ပြုတ်နေရချိန် သူတို့က ရောက်လာကြသည်နှင့် တစ်ခါတည်း ထိုင်စားသောက်နေကြသည်။

"မင်း သွား..."

"မင်း သွား..."

လေးယောက်သားက သူ့ကို ငါတွန်း၊ ငါ့ကို သူတွန်းနှင့်ပင်။ ယခုလို ပူပြင်းလှသည့်နေ့တွင် မည်သူကများ မီးဖိုရှေ့ ထိုင်ပြီး မီးမွှေးချင်ပါ့မလဲ။ အဆုံးမှာတော့ ခေါင်းချင်းဆိုင်ပြီး ကျောက်တုံး၊ ကတ်ကြေးချလေ၏။

ကျောက်တုံး သုံးတုံးဖြစ်ပြီး အားကွမ်တစ်ယောက်တည်းသာ ကတ်ကြေးဖြစ်ရာ  သူက နာနာခံခံဖြင့် အရှုံးကိုလက်ခံပြီး မီးသွားမွှေးလေသည်။

သူက မီးဖိုးရှေ့ ထိုင်ပြီး ;

"အားသုန်း၊ မင်းတို့ ဘယ်တော့လောက် ပြောင်းကြမှာလဲ။ အဲ့ခါကျရင် ငါ့ကို ပြောဦး။ ငါတို့ ပစ္စည်းတွေ ဝိုင်းရွှေ့ပေးမယ်"

"မင်းက အားတယ်ပေါ့။ သူတို့ကိုပဲ ခေါ်လိုက်မယ်။ မင်း လာဖို့ မလိုပါဘူးကွာ"

"မင်းက ကြိုပြောလေ။ ငါ အားချင်အားမှာပေါ့၊ ဒီလို အိမ်ရွှေ့တဲ့ကိစ္စကြီးကို ငါက မအားဘဲ ဘယ်နေပါ့မလဲ"

အခြားသူများကတော့ တစ်ယောက်ကို တစ်ယောက် မျက်လုံးများ မှိတ်ပြလာကြသည်။

အားကျန်က ညစ်ကျယ်ကျယ် ပြုံးရင်း ;

"အားသုန်း၊ ငါကြားတာ မင်းညီမကို ရှီရှန်ရွာက လာနားဖောက်တယ်ဆို"

"ဟမ်"

အားကွမ်၏ မျက်လုံးများ အထိတ်တလန့် ပြူးကျယ်လာတော့ပြီး ;

"ဘယ်တုန်းကလဲ။ ငါလည်း ဘာမှမသိရပါလား"

ရီရောင့်သုန်းက သူ့ကို မျက်စောင်းလှမ်းထိုးကာ ;

"အင်း၊ အဲ့လိုပဲ"

အသေးလေးက ပြုံးရင်းဖြင့် ;

"သူတို့တွေ တစ်ယောက်နဲ့ တစ်ယောက် တွေ့ပြီးကြပြီလား။ ဘယ်တော့လောက် လက်ထပ်ကြမလဲတဲ့လဲ။ အကူအညီလိုရင် ငါတို့ကို ခေါ်သာခေါ်လိုက်"

"ဒီနေ့ပဲ တွေ့တယ်၊ ငါလည်း မသိပါဘူးကွာ ငါတော့ စိတ်ပူမနေဘူး"

အားကွမ်တစ်ယောက် ရုတ်ခြည်း စိတ်အားငယ်သွားရသည်။ သူတို့က တွေ့ကြပြီးပြီတဲ့လား!

"အဲ့ကောင်လေးကတော့ သိပ်မဆိုးပါဘူး၊ ငါတို့ အားကွမ်လောက်တော့ အရပ်မမြင့်ဘူးပေါ့"

အားကွမ် တစ်ယောက် ချက်ချင်း ကိုယ်ကို မတ်ပြလိုက်သည်။

"အားကွမ်က အရမ်းလည်း မရှည်ပါဘူး။ အများဆုံးရှိ ၁၇၅ ပေါ့"

အားကွမ် ; ချီး၊ ငါ့ မျက်လုံးနဲ့ ဒီကောင့်ကို သတ်ပစ်ချင်နေပြီ။

"တော်ရောပေါ့ဟ၊ မင်း စိတ်ထင် လူတိုင်း မင်းလိုမျိုး ရှည်ကြတယ် ထင်လို့လား"

"ဒါပေါ့ဟ" ဒါလေးကလည်း ရီရောင့်သုန်းရဲ့ဂုဏ်တစ်ခု။

တောင်ပိုင်းသူများက များသောအားဖြင့် အရပ်ပုကြပြီး ဤခေတ်အခါက အာဟာရ ပြတ်လပ်မှုကြောင့်လည်း ပါ၏။ အားလုံးမှာ မရှည်ကြပြီး အားကွမ်လို ၁၇၅ ရှိသည့် လူတောင် ရှည်သည်ဟု သတ်မှတ်လို့ရပေသည်။

လူတိုင်းက အားကွမ်ကို ဟန်ဆောင်သတင်းပေးပြီးနောက် စတင် လေလုံး ထုတ်လာကြတော့သည်။

"ငါတို့တွေ လှေသေးလေးနဲ့ နှစ်နည်းနည်းလောက်လုပ်ပြီးသွားရင် လှေအကြီးကြီး တစ်စင်း တူတူဆောက်လို့ရပြီ"

"အဲ့ဒါ အခြေအနေပေါ် မူတည်တယ်ကွ၊ အရင်ဆုံး ပိုက်ဆံသာ ရှာပါကွာ။ လှေကြီး ဆောက်တယ်ဆိုတာလည်း ပေါ့ပေါ့သေးသေးလို့ မထင်လိုက်နဲ့"

"ပြီးခဲ့တဲ့ ရက်နည်းနည်းတုန်းက လနှစ်သစ် တစ်ရက်နဲ့နော်။ ချီဖန်း လွတ်သွားတာ နှမျောစရာပဲကွာ။ မဟုတ်ရင် ငါတို့တွေ သီးခြားကျွန်းကို တူတူသွားလို့ရပြီ"

"ငါ ကြားတာ နောက် နှစ်ရက်နေရင် တိုင်ဖွန် လာအုံးမယ်တဲ့"

"တိုင်ဖွန်က တိုင်ဖွန်ပဲ။ တစ်ရက် နှစ်ရက်လောက် မထွက်ဘဲနေလိုက်ဦးပေါ့၊ ဒီနှစ်က တိုင်ဖွန်တွေ သိပ်မလာဘူး။ ကျင့်သားယူရမှာပဲ။ လှေကို အကာကွယ်ဆိပ်ကမ်းဆီ ယူသွားဖို့ မမေ့ကြနဲ့အုံး"

၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now