အပိုင်း (၂၆)
မကြာသေးမီ နှစ်များအတွင်း အိမ်ထောင်စုများစွာ၏ လူနေမှု အဆင့်အတန်းသည် တိုးတက်လာပြီး ကမ်းခြေတွင် ပင်လယ်စာတူးရန် လူတိုင်းက ဆန္ဒမရှိကြတော့ချေ။ ဒါ့အပြင် နေပူပူထဲနေမည့်အစား အိမ်မှာနေပြီး ငါးမျှားပိုက်တွေ ယက်တာက ပိုကောင်းသည် မဟုတ်ပါလော။
ထို့အပြင် ကမ်းခြေတွင် ပင်လယ်စာတူးခြင်းသည် ငွေများများစားစား မရနိုင်ပေ။ အိမ်စားဖို့အတွက်သာ လုံလောက်သည်။
ရီရောင့်သုန်း အိမ်သို့ လျှောက်လာစဉ် လမ်းတစ်လျှောက်တွင် ငါးဖမ်းကိရိယာများနှင့် ပုံးများကိုင်ဆောင်ထားသော လူအနည်းငယ်ကိုသာ မြင်ရသည်။
လမ်းထောင့်သို့ရောက်သောအခါ သူ့မိသားစုမှ အမျိုးသမီးများသည် ကလေးတွေကို ဦးဆောင်ကာလျှောက်လာသည်ကို မြင်ရသည်။
"ရှင် ဆိပ်ကမ်း သွားမှာလား။ ဒါမှမဟုတ် လမ်းဆုံက ကမ်းခြေကို သွားမှာလား"
လင်းရှိုချင်း က ရပ်လိုက်ပြီး သားငယ်ကို ပွေ့ချီကာ “အမေက ကျွန်မတို့ဆိပ်ခံကို သွားသင့်တယ်လို့ ပြောတယ်။ ပြီးတော့ ရှင့်ရဲ့သူငယ်ချင်းတွေ ရှင့်ကို တံခါးဝမှာ စောင့်နေကြတယ်"
"ဟုတ်ပြီ၊ မင်း သွားနှင့်လိုက်၊ ကိုယ်ခဏနေလိုက်လာခဲ့မယ်"
ရီရောင့်သုန်း တစ်ယောက် သူ့အိမ်ရှိရာသို့အမြန်ပြေးသွားသည်။ သူ့ သူငယ်ချင်းတချို့ သူ့အိမ်တံခါးနားက အရိပ်မှာ ထိုင်၍ သူ့ အလာကို စောင့်နေကြသည်။ အဝေးမှ သူ့အား မြင်သောအခါ စကားအနည်းငယ်ဖြင့် စကြသည်။
"အို၊ ဝီရိယ ရှိလာတာ ဘယ်ကောင်လဲကွ။ ဒီလိုပူတဲ့နေ့တွေမှာ ပေါင်းပင်တွေ ရှင်းဖို့သွားကူနေတာဆို ရောင့်သုန်း"
သစ်ပင်ရိပ်အောက်တွင် ရပ်ကာ အသက်ကိုပြင်းပြင်းရှုလိုက်ပြီး သူ့ကိုယ်သူ ယပ်ခတ်ရန် လက်ကို ဆန့်လိုက်သည်။ "ငါ့အိမ်သစ်အတွက် ငါကူစရာ မလိုဘူးလား"
အားကျန်း က "မင်းတို့က ဘယ်တော့ စဆောက်မှာလဲ။ အကူအညီလိုရင် ငါတို့ကိုပြော၊ ကူပေးလို့ရတယ်"
"မင်းအိမ်မှာမင်း အလုပ်မလုပ်ဘဲ ငါ့ဆီမှာလာလုပ်ရင် မင်းအမေက မင်းကို တုတ်နဲ့ရိုက်လိမ့်မယ်"
"ဟင့်အင်း၊ မရိုက်ပါဘူး။ အမေက ငါ့ကို အလုပ်ကြိုးစားတယ်ဆိုပြီးတောင် ချီးကျူးအုံးမယ်။ နောက်ပြီး ငါတို့က ညီအကိုတွေလေ။ ငါ့အိမ်မှာ တစ်ခုခုဖြစ်ရင် မင်းလည်း လာကူမှာပဲမဟုတ်ဘူးလား"
ရီရောင့်သုန်း မျက်လုံးများကို မှိတ်ထားပြီး ရေရွတ်မိသည်။ ချစ်စိတ်မွှန်နေသော မိခင်သည် ကလေးကို မကြာခဏ အလိုလိုက်သည်။
အော် ကိုယ်ကိုယ်တိုင်လည်း "အလိုလိုက်ခံရတဲ့ကလေး" ဆိုတာကို မေ့သွားခဲ့တာပဲ။
"ကောင်းပြီ လိုအပ်လာရင် မင်းတို့ကိုခေါ်လိုက်မယ်။ မင်းတို့ပစ္စည်းတွေ ယူလာရဲ့လား? ခဏစောင့်! ငါအထဲမှာ ဂေါ်ပြားနဲ့ ပုံးသွားယူလိုက်အုံးမယ်၊ ဦးထုပ်လည်း ယူရမယ် အပြင်မှာ နေအရမ်းပြင်းနေတာ"
"မြန်မြန်လုပ်။ နောက်ကျရင် အကုန် သူများ ယူသွားလိမ့်မယ်"
"ဟုတ်ပြီ"
ဂေါ်ပြားထားသည့်နေရာကို မတွေ့သဖြင့် မီးညှပ်တစ်ချောင်းကို ဆွဲယူကာ အပြင်သို့ အလျင်အမြန် ပြန်ပြေးသွားခဲ့သည်။ ဝါးပိုက်ကိုကိုင်ထားတဲ့ အဘွားက "ရောင်သုန်း၊ အပြန် လက်ဖက်ရည် ယူလာခဲ့" ဆိုပြီး နောက်ကနေ အော်လိုက်သည်။
နောက်ပြန်လှည့်ပြီး အဘွားလက်ထဲမှ ဝါးပိုက်ကို ယူကာ "ကျေးဇူးပဲ အဖွား။ အခု အထဲပြန်သွားလို့ရပြီ၊ အိမ်ထဲမှာပဲနေ ဒါမှမဟုတ်ရင်လည်း ဝင်ပေါက်မှာထိုင်ပြီး လေအေးခံနေ၊ အိမ်နောက်ဖေးကို မသွားနဲ့၊ မြေက စိုစွတ်နေတော့ ချော်မလဲအောင် သတိထားအုံး"
"ကောင်းပြီ မင်းလည်း ဂရုစိုက်အုံး~"
"ဟုတ် ဒါဆို သားသွားပြီနော်"
လူငါးဦးသည် ကိရိယာ တန်ဆာပလာများအပြည့်ဖြင့် ပုံးတစ်ပုံးစီထမ်းကာ ဆိပ်ခံဆီသို့ စိတ်အားထက်သန်စွာ ဦးတည်လာကြသည်။
အသေးလေးက စိတ်လှုပ်ရှားစွာနှင့် "ငါတို့နောက်ဆုံးဒီလိုသွားတူးခဲ့တာ နှစ်နှစ်လောက်ရှိပြီထင်တယ်"
အားကျန်းက "အဲ့ထက် ပိုကြာပြီ မဟုတ်ဘူးလား။ မင်းတို့တွေ တစ်ယောက်ပြီး တစ်ယောက် လက်ထပ်သွားကတည်းက ငါတို့ သိပ်မသွားဖြစ်ကြတော့ဘူး"
"ဘာမှမဖြစ်ပါဘူးကွာ၊ ဒီနေ့ အရင်ကအမှတ်တရဟောင်းတွေကို ပြန်လုပ်လို့ရတယ်။ အခုတော့ လမ်းမြန်မြန်လျှောက်ကြ" ရီရောင့်သုန်း၏ စိတ်သည် ဤအခိုက်အတန့်တွင် ဘဝသစ်စတင်ခြင်းအတွက် အကန့်အသတ် မရှိသော မျှော်လင့်ချက်များဖြင့် ပြည့်နက်နေသည်။
သူ လမ်းအမြန်လျှောက်နေတာကို မြင်လိုက်ရတော့ အားလုံးက အမီလိုက်နိုင်ဖို့ အရှိန်မြှင့်ကြသည်။
ဆိပ်ခံကို ရောက်သောအခါ၊ အောက်ခြေသဲသောင်ပြင်တွင် လူအနည်းစု ရှိနေပြီ ဖြစ်သည်။ လူကြီးတွေရော လူငယ်တွေရော၊ ကြည့်ရတာ သူ့မိသားစုက လူအများဆုံး ပါလာတာ ဖြစ်လောက်သည်။
ထို့အပြင် လူကြီးများသည် ကလေးတွေကို ဒီရေထဲသို့ ဝေးဝေးသို့ မသွားရန် တားမြစ် အော်ဟစ်နေကြသည်။ ကလေးတွေသည် ကမ်းစပ်မှာတွင်သာ ကစားခွင့်ရကြသည်။
ရီရောင့်သုန်း၏ သားနှစ်ယောက်သည် သူ့ကိုမြင်သောအခါ "ဖေဖေ၊ ဖေဖေ၊ မေမေ၊ ဖေဖေလဲ ဒီမှာရောက်နေတယ်"
လင်းရှိုချင်းသည် နောက်ကျမှ ရောက်လာသော ထိုလူကို ကြည့်ပြီး အိပ်ရာမဝင်မီ ညက သူမကို ပြောခဲ့တာသည် မလိမ်မှန်း တွေးမိပြီး စိတ်သက်သာရာ ရသွားသည်။ "သိပြီ မင်းတို့ ငါ့ဘေးမှာ ကစားလို့ ရပေမယ့် ပတ်ပြေးလို့ မရဘူး"
အကြီးဆုံး ခယ်မ ရီ က "ရောင့်သုန်းက ဒီရက်ပိုင်း တော်တော် လုံ့လဝီရိယ ရှိနေပြီပဲ"
"ဘယ်လောက်ကြာကြာခံမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။ အချိန်ကြာကြာမတူးရသေးတဲ့အတွက်ကြောင့် လောလောဆယ်မှာ ပျော်ဖို့ကောင်းတယ်လို့ ထင်နေတာနေမှာပေါ့" ဟု ဒုတိယခယ်မရီက ပြောလိုက်သည်။ ရီရောင့်သုန်းဟာ ရုတ်တရက်ကြီး ပိုကောင်းလာမည်လို့ သူမ မယုံပေ။ အလေ့အကျင့်ဟောင်းတွေက ပျောက်ဖို့ခက်ခဲသည်။ လူတွေက သူတို့ရဲ့ စစ်မှန်တဲ့အလေ့အကျင့်တွေကို လွယ်လွယ်ကူကူ ပြောင်းလဲနိုင်ခဲသည်။
"အနည်းဆုံးတော့ သူက အခု ပိုကောင်းလာတယ်လေ။ အရင်ကလို အချိန်တိုင်း အိမ်မကပ်တာမျိုးမဟုတ်တော့ဘူး"
"သူသာ ပို လုံ့လ ဝီရိယ မရှိရင် အိမ်ခွဲပြီးရင် သူ့ကို ဘယ်သူက ထောက်ပံ့မလဲ ကြည့်ရသေးတာပေါ့"
ရီရောင့်သုန်း အနားကပ်လာသောအခါ သူ့ခယ်မနှစ်ယောက်၏ မှတ်ချက်ကို ကြားလိုက်ရပြီး မျက်ခုံးပင့်မိသည်။ မိန်းမတွေက တယ်စကားများလွန်းသည်!
"ဖေဖေ ဘယ်သွားမလို့လဲ။ မေမေက ဒီရေနဲ့နီးတဲ့နေရာ မသွားရဘူးလို့ မှာထားတယ်"
"ငါးနဲ့ ကဏန်းတွေ သွားဖမ်းမလို့။ မင်းတို့ ဒီမှာပဲ သဲဂုံးတွေ ကူတူးပေးလိုက်ကြ၊ ငါ့နောက်ကို မလိုက်လာနဲ့နော်"
ကလေးများသည် တုံ့ဆိုင်းစွာ ရပ်နေကာ ရောင့်သုန်း ရေထဲ ဆင်းသွားသည်ကို ကြည့်နေကြသည်။ သူတို့လည်း ဆင်းပြီး ကစားချင်သည်။ အနားမှာသာ လူကြီးတွေတစ်ယောက်မှမရှိပါက အခုချိန်ရေကူးနေကြရလောက်ပြီ။ နှမြောစရာပဲ။
"ခွဲပြီး ဖမ်းကြရအောင်။ ဘယ်သူက ပိုဖမ်းနိုင်လဲ ကြည့်လို့ရတာပေါ့"
"ဟုတ်ပြီ"
ကဏန်း၊ ငါး၊ ပုဇွန် ရှာခြင်းသည် ကံကောင်းမှုနဲ့လည်းဆိုင်သည်။ အမေရီနှင့် အခြားသူများကဲ့သို့ သဲဂုံးတူးခြင်းလို စွမ်းဆောင်ရည်နှင့် ယှဉ်၍မရ။ ထို့ကြောင့် လူများစွာသည် ၎င်းတို့ကို ရှာဖွေပြီးအချိန်ဖြုန်းရန် စိတ်ထဲမရှိကြပေ။
ရီရောင့်သုန်းသည် မနေ့က ကဏန်းပြာနှစ်ကောင်ဖမ်းခြင်း၏ ချိုမြိန်မှုကို မြည်းစမ်းခဲ့ရသည်။ ယခု သူသည် ထိုပတ်ဝန်းကျင်နားက ကျောက်ဆောင်များရှိရာ နေရာသို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။
သူ့လက်ထဲရှိ မီးညှပ်များကို အသုံးပြုကာ ကျောက်တုံးတစ်တုံးကို ဘေးသို့ရွှေ့လိုက်သည်။ သူမျှော်လင့်ထားသည့်အတိုင်း ကျားပုစွန် တစ်ကောင် ပေါ်လာသည်။
"ဝိုး၊ ကျားပုဇွန် တွေ့တယ်။ ပထမဦးဆုံး ဖမ်းနိုင်ခဲ့ပြီကွ" သူသည် တဆတ်ဆတ်တုန်နေသော ကျားပုစွန်ကို မီးညှပ်ဖြင့် အမြန်ကောက်ယူပြီး အခြားသူများမြင်နိုင်စေရန် ပြလိုက်သည်။
အားလုံးက သူ့ဆီ အာရုံစိုက်လာကြသည်။ "ကံကောင်းလိုက်တာ။ မင်းရောက်လာတာနဲ့ ဖမ်းနေပြီ၊ ပြီးတော့ ရတာကလည်း ကျားပုဇွန်တဲ့ကွာ"
မျဉ်းကျား ကိုးခု ရှိသော ပုစွန်သည် ကြီးမားသော အရွယ်အစားရှိပြီး အမြင်အားဖြင့် ဆွဲဆောင်မှုရှိသည်။ ၎င်းတို့တွင် အလျားလိုက် အမှတ်အသားများရှိပြီး အရောင်အဆင်း အမျိုးမျိုး ရှိသည်။ အမြီးသည်လည်း ပုံစံအမျိုးမျိုး ရှိသည်။ ချက်ပြုတ်သောအခါတွင် မျဉ်းကိုးပိုင်းပုံသဏ္ဍာန်ဖြင့် ထင်ရှားသော အဖြူရောင်အမှတ်အသားများ ပေါ်လာသည်။ အသားသည် လန်းဆန်းပြီး အရသာရှိလှသည်။ ရီရောင့်သုန်း ကိုယ်တိုင်လည်း ၎င်းတို့ကို စားသောက်ရသည်ကို နှစ်သက်သောကြောင့် သူရောက်လာသည်နှင့်တစ်ပြိုင်နက် တစ်ကောင်ကို ဖမ်းမိခြင်းသည် တာထွက်ကောင်းမွန်သည်ဟုဆိုနိုင်ပြီး သူ၏အောင်မြင်မှုအတွက် အတော်လေး ကျေနပ်သွားသည်။
"ဒါကိုတွေ့တော့ ငါလည်း စားချင်သွားတယ်။ ဖမ်းချင်စိတ် ပိုဖြစ်သွားပြီကွာ" အသေးလေးက အားရပါးရ ပြောလိုက်သည်။ သူသည် အနီးနားရှိ ကျောက်တုံးတစ်ခုကို ပေါ့ပေါ့တန်တန် ကန်လိုက်ပြီး "ဟေး~ ခုန်နေတဲ့ ငါးလား။ ကန်လိုက်ရုံနဲ့ ဖမ်းနိုင်မယ်လို့ မမျှော်လင့်ထားဘူး"
"အို့ မင်းတို့အားလုံး တစ်ခုခုကို ဖမ်းမိကုန်ပြီ။ ငါတို့ကျန်ခဲ့လို့ မဖြစ်ဘူး။ မြန်မြန် ခွဲသွားရအောင်"
မူလတွင် လူတိုင်းသည် ပေါ့ပေါ့ပါးပါး သဘောထားပြီး အချိန်ကို ဖြတ်သန်းချင်ကြသည်။ ဒါပေမယ့်
အခုအချိန်မှာတော့ သူတို့ရဲ့ပြိုင်ဆိုင်လိုစိတ်ဟာ မြင့်တက်လာခဲ့သည်။
ဒီရေကျသွားပြီးနောက် ပင်လယ်ကြမ်းပြင်ပေါ်ရှိ ငါးနှင့်ပုစွန်ငယ်များသည် ကျောက်ဆောင်များကြားတွင် မကြာခဏ ဖမ်းမိကြပြီး ကျဆင်းနေသောရေနှင့်အတူ ပင်လယ်ထဲသို့ ပြန်မဆုတ်နိုင်တော့ပေ။ ၎င်းတို့သည် သန္တာကျောက်တန်းများတဝိုက်ရှိ ရေတိမ်ပိုင်းနေရာများတွင် ဆက်လက်နေထိုင်ကြပြီး ရေပြန်တက်ချိန်ကို စောင့်ဆိုင်းနေကြသည်။
လူတိုင်းတွင် အတွေ့အကြုံရှိသောကြောင့် ကျောက်တုံးများနှင့် ရေများရှိသော မြေနိမ့်ပိုင်းနေရာများတွင် ရှာရမှန်း သိကြသည်။
ရီရောင့်သုန်း သည် ဘေးဘက်သို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်။ ကျောက်ဆောင်ကြီးတစ်ခုအောက်တွင် ပုန်းနေသော ကျောက်ကဏန်းနှစ်ကောင်ကို ချက်ချင်းတွေ့လိုက်သောအခါတွင် ကံကောင်းသည်ဟု ထပ်မံခံစားမိပြန်သည်။
“ကဏန်းပြာတော့မဟုတ်ပေမယ့် ဖမ်းမိတဲ့နှစ်ကောင်က ဘာမှမရတာထက် ပိုကောင်းပါတယ်လေ”
ကျောက်ကဏန်းများသည် အနီရောင် ဖြစ်ပြီး အညိုရောင် အကွက်များ အနည်းငယ် ရှိသည်။ ၎င်းတို့တွင် ထူထဲပြီး ကျောက်တုံးပုံသဏ္ဍာန်နှင့်တူသော အခွံများရှိသည်။ သူတို့သည် ဒီရေနှင့်နီးသော သဲနှင့် ကျောက်ဆောင်အောက်များ သို့မဟုတ် ပင်လယ်ရေညှိများပေါသော နေရာများတွင် နေထိုင်ရသည်ကို နှစ်သက်ကြသည်။
သူသည် ကျောက်တုံးအောက်တွင် ပုန်းအောင်းနေသော ကျောက်ကဏန်းနှစ်ကောင်ကို မီးညှပ်ဖြင့်ကိုင်ကာ ပုံးထဲသို့ ထည့်လိုက်သည်။ ထို့နောက် အခြားတစ်နေရာသို့ ပြောင်းရှာခဲ့သည်။
၁၉၈၀ ခုနှစ်များတွင် သူတို့ ရွာက ကမ်းခြေသည် မဖွံ့ဖြိုးသေးဘဲ မူလ အခြေအနေတိုင်းပင် ရှိသည်။ ထိုဒေသရှိ ရေထွက် သယံဇာတများလည်း ပေါများသေးသည်။ ဒီရေကျချိန်တွင် ကမ်းခြေတစ်လျှောက် ပေါ့ပေါ့ပါးပါး အေးအေးလူလူ လမ်းလျှောက်မိပါက လက်ဗလာဖြင့် ပြန်ရသည်မှာ ရှားသည်။
ရသည့်ပမာဏကတော့ ဒီရေနဲ့ ကံ အပေါ်မူတည်လေသည်။
