အပိုင်း (၉၁)
လုံးဝကို မှန်ကန်လှသည့် စကားတစ်ခုမှာ "အမျိုးသား တစ်ယောက်ဆိုသည်မှာ သေဆုံးသွားသည့်တိုင်အောင် လူငယ်တစ်ဦးပဲ" ဆိုသည့်အတိုင်းပင်။
ပျော်ပါးရသည်ကို သဘောကျကြသည်က အမျိုးသားများ၏ ပင်ကိုယ်သဘာဝပင်။ အချို့ကောင်လေးများက ငယ်ရွယ်ချိန် ပျော်ပါးရသည်ကိုနှစ်သက်ပြီး ကြီးလာသည့် အချိန်တွင်တောင် ထိုအကျင့်က မပြောင်းလဲနိုင်သေးချေ။
ဒါက သူတို့လို လူနည်းစုကိုပဲ ပြောတာလေ။
"သွားစို့။ မမှောင်ခင် အားလုံးကို ခေါ်လိုက်ကြရအောင်"
အမေ ရီနှင့် လင်းရှို့ချင်းက သူ့ကို ဂရုစိုက်မနေပါချေ။ မည်သို့ဆိုစေ ယခုတွင် သူက အလုပ်ကို အတည်တကျ လုပ်နေပြီဖြစ်ပြီး အလုပ်ချိန်ပြီးနောက်တွင်တော့ သူ ဘာလုပ်လုပ် သူတို့ စိတ်ဝင်စားကြမည် မဟုတ်ပေ။
သောက်စားပျော်ပါးနေတာထက် ငါးသလဲထိုးလေးနဲ့ ငါးရှဉ့်လေး သွားဖမ်းတာက ပိုကောင်းဦးမယ်။
"ပိုက်ကို မဖျောက်လာပစ်နဲ့အုံး"
"သိပါပြီ။ စိတ်မပူပါနဲ့"
ဤအရာလေးမှာ နောင်တွင် စားရေး သောက်ရေးအတွက် အားကိုးအားထား ပြုလို့ရနိုင်သည့် အရာလေးပင်။ သူ မဖျောက်ပစ်ရဲပါချေ။
ရီရောင့်သုန်းနှင့် အားကွမ်တို့ နှစ်ယောက်သား ပိုက်ကိုယ်စီယူကာ ထွက်လာခဲ့ကြသည်။ ပြန်လာသည့်အချိန်ကျလျှင် ရေချိုးရအုံးမည်ဖြစ်၍ အထူးတလည် ရေမချိုးသွားတော့ချေ။
သူတို့က သူငယ်ချင်းအချို့အိမ်ကို သွားပြီး တစ်ယောက်ပြီး တစ်ယောက်က ခေါ်ထုတ်လာခဲ့၏။ ဤကဲ့သို့သော အရာများက တစ်ယောက်တည်းသွားလျှင် ပျင်းစရာကောင်းပြီး စိတ်ဝင်စားဖို့ မကောင်းတော့ချေ။
အခြားသူများကလည်း သူတို့ ကန်ထဲတွင် မြေလှောင်ပိုက်များချတော့မည်ကို ကြားရချိန်တွင် စိတ်လှုပ်ရှားစွာဖြင့် ထွက်လာကြသည်။ သူတို့ထဲကတချို့မှာ ထမင်းစားလက်စ တန်းလန်းကြီး ဖြစ်ပြီး မြန်မြန် ထိုးသိပ်ထည့်ကာ နင်မှာကိုတောင် မကြောက်လေတော့ဘဲ အမြန် ပြေးထွက်လာကြ၏။ သူတို့နောက်ရှိ မိသားစုဝင်များကတော့ ဆဲကြဆိုကြနှင့်ပင်။
အားကျန်းက လမ်းလျှောက်ရင်းဖြင့် ;
"ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ကန်ထဲ ကွန်ချဖို့ စိတ်ကူးရသွားတာလဲ။ ဘယ်သူက ဒီလောက်တောင် ဉာဏ်ကောင်းနေတာလဲ"
"အားကွမ်က အကြံပေးတာ၊ ငါ မြေလှောင်ပိုက်တချို့လုပ်နေတာကို တွေ့ပြီး အလကား အိမ်မှာ ထားနေမဲ့ အတူတူ သုံးလို့ရအောင်လို့ ကန်ထဲချပြီး ငါးလေးပုစွန်းလေးများ ရမလားလို့လေ၊ တစ်လက်စတည်း ရေထဲ စမ်းကြည့်ရအောင်လို့"
ကျောက်ပုစွန်လေးပါရရင် ပိုတောင်ကောင်းသေး။
နွေရာသီကြီးကို ဘယ်လိုလုပ်ပြီး ကျောက်ပုစွန် တစ်ကောင်တောင် မရှိဘဲနေပါ့မလဲ။
ဖက်တီးက စိတ်လှုပ်ရှားစွာဖြင့် ;
"များများချထားတော့ များများမိတာပေါ့၊ အချိန်ကျလာရင် ငါက ကြီးကြပ်ပေးမယ်"
"ဘာလို့ အများကြီး ချထားမှာလဲ။ ဘယ်လောက်ဖမ်းနိုင်မလဲဆိုတာ ဘယ်သူက သိပါ့မလဲ။ အရင်ဆုံး ရေစမ်းဖို့ဆို နှစ်ခုလောက် ချထားပေါ့၊ ကျန်တာတွေကိုကျ နောက်တစ်ခေါက်မှပေါ့"
"သုန်ချောင်ရွာကို သွားမှာလား၊ ရှီရှန်ရွာကိုလား၊ ရှီရှန်ရွာထဲမှာလည်း မြစ် တစ်စင်း ရှိတယ်"
"သုန်ချောင်ရွာပဲ သွားကြစို့၊ အဲ့ဘက် ဆည်မြောင်းက ပိုကျယ်တယ်။ သေချာပေါက် ငါးကောင်းတွေ ရှိလောက်မှာ"
"သုန်ချောင်ရွာကို အပြုံလိုက်သွားပြီး သုန်ချောင်ရွာရဲ့ဆည်ထဲက ပင်လယ်စာတွေ အကုန် ငါတို့ ဖမ်းရုံနဲ့ ပြောင်တော့မှာပဲ"
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲဟ၊ ငါတို့က တိရစ္ဆာန်ပုန်းတွေကို ကူပြီး ဖယ်ထုတ်ပေးတာလေ၊ အဲ့ဟာတွေသာ အရမ်းများနေရင် သက်ရှိသတ္တဝါတွေအပေါ် သက်ရောက်မှုရှိလာ..."
"ပေါက်တက်ကရတွေ၊ ငါတောင် ယုံမိတော့မလို့...."
ရီရောင့်သုန်း တစ်ယောက် သူတို့ ပြောတာ နားထောင်ပြီး နှုတ်ခမ်းထောင့်များမှာ လှုပ်ခပ်လာရတော့သည်။
"မြန်မြန်လုပ်ကြဟ၊ ပေါက်ကရတွေ ပြောမနေကြနဲ့တော့။ ခဏနေဆို မှောင်လာတော့မှာ အဲ့ကျရင် ဘာမှ မြင်ရတော့မှာ မဟုတ်ဘူး"
"မပူစမ်းပါနဲ့ကွာ၊ ဒီမှာ ငါ ဓာတ်မီး ယူလာခဲ့တယ်"
အားဝေက အိတ်ကပ်ထဲမှ ဓာတ်မီးကိုထုတ်လာပြီး ဝှေ့ယမ်းပြလိုက်၏။
"ငါလည်း ယူလာတယ်"
အသေးလေးကလည်း ဝင်ပြောလာ၏။
အားကျန်က ရယ်ရင်းဖြင့် ...
"ငါလည်း အတော်လေး ပြင်ဆင်လာတယ်၊ ကြည့်ရတာ ဒီနေ့ညတော့ ပွဲကြီးပွဲကောင်းပဲဟေ့"
"မြေလှောင်ပိုက်ကိုပဲ အရင်ချအုံးဟ၊ ပြီးမှ ဆက်ပြော"
လူအုပ်ကြီးမှာ ရယ်မောလိုက်၊ စကားပြောလိုက်ဖြင့် သုန်ချောင်ရွာဆီ ဦးတည်လိုက်ကြသည်။ ယခုအချိန်က မှောင်စပျိုးနေပြီး ဖြစ်ပြီး မိသားစုများ ထမင်းလက်ဆုံ ဖွဲ့ချိန်လည်း ဖြစ်သည်။
လမ်းတစ်ဖက်ရှိ အရိပ်ရရာ နေရာတွင် အေးဆေးအနားယူနေကြသည့် လူများက လူငယ်တစ်အုပ်ဖြတ်သွားသည်ကို ကြည့်နေကြပြီး အမှောင်ထုကြောင့်လည်း သူတို့လက်ထဲ ဘာကိုင်ထားသလဲကိုတော့ သေချာ မတွေ့လိုက်ရချေ။
ယခုအချိန်တွင် ပိုက်ရှိသည့်သူများက လှေရှိမည်ဖြစ်ပြီး သူတို့က ပင်လယ်ထဲသို့ သွားကာ ကွန်ကို ချမည် ဖြစ်သည်။ ဘယ်သူက သည်လို မြစ်လေးမှာ ငါးဖမ်းဖို့ ကွန်လာချမှာလဲ။ အချိန်ဖြုန်းရာ မကျဘူးလား။ ပြီးတော့ မြစ်ထဲက ပင်လယ်စာတွေက အဖိုးလည်း မတန်။
ကြည့်ရတာတော့ သူတို့ထဲက လူတစ်ချို့ ရူးများနေကြသလားပဲ။
သူတို့က ဘေးအနီးနားတွင် လူအနည်းငယ် နေထိုင်ပြီး တစ်ဖက် တစ်ချက်စီတွင် လယ်ကွက်များဖြင့် ရွာရှိ အကျယ်ဆုံးမြစ်ကို ရှာတွေ့လိုက်ကြသည်။
"ငါ ဓာတ်မီးဖွင့်လိုက်မယ်။ မင်းတို့ သွားပြီး ကွန်သွားချလိုက်"
"ဒီမြစ်က အတော်လေး ကျယ်ပြီး အတော်ရှည်သားဟ၊ ငါတို့ ကွန်များများ ယူလာခဲ့သင့်တယ်"
"ဘာလုပ်ဖို့ အများကြီးယူလာမှာလဲ။ ဘာမှ ဖမ်းမမိရင် အလကား မဖြစ်ဘူးလား။ ရွာကလည်း နီးနီးလေးပဲ အချိန်မရွေး လာလို့ရနေတဲ့ဟာ"
"အားသုန်းက နောက်ဆို မြေလှောင်အိမ်တွေကို ပင်လယ်ထဲချတော့မှာ၊ နောက်ဆို ဘယ်သူက ဒီလိုဟာလေးတွေ ဖမ်းဖို့ ဒီကို လာနေအုံးမှာလဲ"
"ဟုတ်တယ်"
အားလုံးက စကားများနေကြပြီး ရီရောင့်သုန်းက မြေလှောင်ပိုက်ကို ဆင်ရင်း :
"မင်းတို့ ဟိုဘက်က ကျောက်တုံးကြီးကို ဒီကို အရင်ရွှေ့လာပေး ဒီမှာ ကြိုးချည်ဖို့ ဘာမှ ရှိမနေဘူး၊ မင်းတို့လည်း လုပ်ချင်ရင် တစ်ခု၊ နှစ်ခုလောက် ယူလာပြီး ဒီမှာလာချထားပေါ့၊ ငါ့မှာက ကွန်က ငါးခုပဲ ရှိသေးတာမလို့ ပင်လယ်ထဲချဖို့အတွက်က မလောက်သေးဘူး"
သူတို့က သည်အတိုင်း ပျော်ပါးချင်ရုံ သက်သက်ပင်၊ မြစ်ထဲရှိ ရေချိုငါးသေးလေးများကို ထိုမျှထိ ကြိုက်နေကြခြင်း မဟုတ်ပေ။
"ဒါဆိုလည်း မင်း ပင်လယ်ထဲ မထွက်ခင် ဒီကို ထပ်ပြီး လာကြရအောင်"
"မင်း လက်ထဲဟာကိုသာ အရင်ချစမ်းပါ။ ကျန်တာ နောက်မှ ဆက်ပြော"
"ဘယ်ချိန်မှ ငါတို့ ပြန်လာသိမ်းကြမလဲ"
"မနက်ဖြန်ဆိုရင်ရော ငါတို့ အကြာကြီး ချထားမိကာမှ သူများတွေ လယ်ကွင်းထဲ အလုပ်လုပ်ချိန် မြင်ပြီး ကွန်တွေ အကုန်ယူသွားရင် အားသုန် တစ်ယောက် ငိုနေပါဦးမယ်ကွာ"
ရီရောင့်သုန်းလည်း ကွန်တွေ ပျောက်ဆုံးသွားမည်ကို ကြောက်သဖြင့် ;
"မနက်ဖြန် မနက်စောစော လာယူရအောင် ခြောက်နာရီခွဲလောက်ပေါ့၊ နောက်ပိုင်းကျရင် ငါက အိမ်ဝိုင်းမှာ သွားကူဖို့ ရှိသေးတယ်၊ နောက်ကျမှ သွားယူလို့ ကွန်ပျောက်သွားမှဖြင့် ငါ့မိန်းမ ငါ့ကို ဆူနေအုံးမယ်"
"မင်းဟာက မစောလွန်းဘူးလား"
ဖက်တီးက မျက်မှောင်ကြုတ်လာ၏။
"မင်း မထနိုင်ဘူးဆိုရင်လည်း မထနဲ့ပေါ့၊ နောက်မှ ငါ့အိမ်မှာ လာယူလိုက်"
"အိုခေ၊ ငါတို့ နောက်နှစ်နာရီလောက် စောင့်ပြီး ငါး ရ၊ မရ အရင် ကြည့်ရအောင်လေ"
အားကွမ်က အားကျန်းကို မျက်စောင်းထိုးပြီး ;
"ဒါဆို နှစ်နာရီလောက် ဒီမှာနေပြီး ခြင်စာ ကျွေးမယ်ပေါ့"
ရီရောင့်သုန်း ; "မင်းပဲ ဒီမှာနေခဲ့လိုက်။ ငါ့တော့ မနေဘူး"
ဖက်တီးကလည်း ; "ငါလည်း မနေဘူးနော်"
"နှစ်နာရီတိုင်း တစ်ခါ ဆွဲတင်ရင်း ကွန်ကို လက်နဲ့ကိုယ်တိုင်ကိုယ်ကျ ပစ်ရတော့ ပိုကောင်းတာပေါ့၊ ဒီမှာ ကွန်ပစ်ရတာ သက်တောင့်သက်သာ မရှိဘူးလား။ နောက်ဆို ညဘက်ကြီး လာနေစရာ မလိုတော့ဘူးလေ"
အားကျန်းက ခေါင်းကုတ်ပြီး ;
"ဟုတ်တော့ ဟုတ်သား...."
အားကွမ်က မျက်စောင်းထိုးရင်း :
"မင်း အရွယ်ကြီးနဲ့ နေ့ခင်းကြောင်တောင်ကြီး ဒီမှာလာပြီး ကွန်ပစ်ချင်နေတယ်ပေါ့၊ ငါတို့တော့ နာမည်ကြီးမှာ မြင်ယောင်သေးတယ် ဘာအလုပ်အကိုင်မှ မယ်မယ်ရရ မရှိဘူးဆိုပြီးတော့၊ အနည်းဆုံးတော့ ညဘက်လာတာ ဘယ်သူမှ မမြင်ဘူးကွ"
"ဒါဆို ပုရစ် သွားဖမ်းရင်ရော။ ငါတို့ ဓာတ်မီး ယူလာကြတယ်ဆိုတော့ ခဏလောက် သွားဖမ်းပြီး ပြန်ခါနီးကျမှ ငါး ရ၊ မရ လာကြည့်ကြရင်ရော"
"ဒါလည်း အဆင်ပြေတာပဲ။ မဟုတ်လည်း ဘာအလုပ်မှ မရှိမဲ့ အတူတူ"
"ဒီညတော့ ခြင်စားကျွေးဖို့ ဆုံးဖြတ်ရတော့မဲ့ပုံပဲ၊ သွားစို့ကွာ။ ဖမ်းပြီး အိမ်မှာ ကြော်စားလို့ ရနေတာပဲ"
လူအုပ်ကြီးက တစ်ယောက် တစ်ခွန်းဖြင့် နောက်ဆုံး အနှီကိစ္စက ပြေလည်သွားတော့သည်။
ရီရောင့်သုန်းလည်း သူတို့နှင့်အတူ သဘောတူလိုက်သည်။ မည်သို့ဆိုစေ ယခုမှ မှောင်ရိပ်သန်းတုန်း ဖြစ်ပြီး အိပ်ရာဝင်ဖို့ရာလည်း စောလွန်းလှသည့်အပြင် မနက်ဖြန် ပင်လယ်ထဲ လိုက်ရမည့် အလှည့်ကလည်း သူ မဟုတ်ပေ။ မဟုတ်လျှင် ယခုလို လျှောက်သွားရဲမည် မဟုတ်။
ပေ့ရှားရွာမှ သုန်ချောင်ရွာသို့ သွားသည့် လမ်းပေါ်တွင် တစ်ဖက်၌ တောင်များနှင့် တောအုပ်များရှိသည်။ မည်သည့် အပင်မျိုး ဖြစ်သည်က အရေးမကြီးပြီး ယခုအချိန်က ပိုးလောင်းများ ကျချိန်ပင်။
သူတို့ မလှမ်းမကမ်း လမ်းအတိုင်း လျှောက်လာကြပြီး လမ်းပေါ်တွင် တောင်ကုန်း တစ်ခုကို တွေ့သည့်အချိန် တည့်တည့် တက်သွားကြသည်။
ရလဒ်အနေဖြင့် လျှောစောင်းကို ရောက်သည့်အချိန် အရင်ဆုံး သဘောပေါက်သွားသည့်သူက အသေးလေးဖြစ်ပြီး သူက ရပ်လိုက်ကာ ;
"နေပါဦး။ ငါတို့မှာ ဖမ်းထည့်ဖို့ ဘာမှမပါလာဘူးဟ"
"ဟုတ်သား။ ငါတို့ ဘာမှ မယူလာမိဘူး"
"အင်္ကျီချွတ်ပြီး ခေါင်းပေါက် တစ်ပေါက်တည်း ချန်ထားပြီး လက်နှစ်ဖက်ကို ချည်လိုက်ရအောင်"
"အာ"
"အရူးတွေ"
ရီရောင့်သုန်းက ဆဲလိုက်ပြီးနောက် သူ့အိတ်ကပ်ထဲမှ အိတ် တစ်လုံးကို ထုတ်ပြီး ခါပြလိုက်သည်။
"လခွမ်းဟ။ မင်းက ဘာလို့ အိတ်ကို သယ်လာရတာတုန်း"
"ဘယ်အချိန် ကွန်ကိုပြန်သိမ်းမလဲဆိုတာ မသိဘူးလေ၊ ထည့်စရာ ဘာမှမယူဘဲနဲ့ မင်းတို့ ဘာနဲ့သွားထည့်ကြမလဲ။ မြေလှောင်ပိုက်ကို ယူရင်းနဲ့ ထောင့်မှာ အိတ်တစ်လုံး ညှပ်ထားတာ တွေ့လို့ လိုရ မယ်ရ ကောက်ထည့်လာခဲ့လိုက်တာ"
"အကျင့်ကောင်းပဲကွာ"
"အင်း"
ဤသည်မှာ သူ ပြန်လာမွေးဖွားလာပြီးနောက် တိုးတက်လာသည့် အကျင့် တစ်ခု ဖြစ်သည်။
"သွားစို့"
