အပိုင်း (၁၀၂)
အမေ ရီက အဖေ ရီကို ပင်လယ်ထဲ ပေးမသွားပြီး အိမ်တွင် ရက်အနည်းငယ် နားနေခိုင်းသော်လည်း အိမ်ရှိ အလုပ်များကလည်း နောက်ကျကျန်ခဲ့လို့ မဖြစ်ပေ။ အဖေ ရီက အခြေတိုင်များ စိုက်ရန်အတွက် သစ်သားတိုင်များ ရွေးထုတ်ခြင်းကို လုပ်ရလေတော့သည်။
ကံကောင်းစွာဖြင့် အအေး အသေးစားလေး ဖြစ်ကာ အဖျားကျသွားသည်နှင့် နေရသက်သာသွားသည်။ ရီရောင့်သုန်းကလည်း နေ့လယ် ထမင်းစားချိန်ကို အခွင့်ကောင်းယူပြီး သူ့လှေကို ပင်လယ်ထဲ လှော်သွားလိုက်သည်။
မြေလှောင်ကွန်ချထားသည်မှာ တစ်ရက်မျှပင် ရှိပြီဖြစ်ကာ အထဲတွင် မည်သည့် ငါးများ ရှိနေလိမ့်မလဲကို သူ အတော် သိချင်နေပြီ ဖြစ်သည်။
သူ ဆိပ်ခံသို့ ရောက်သည်နှင့် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ သူငယ်ချင်း သုံးယောက်၏ လှေသစ်လေးကို မတွေ့ရချေ။ သူတို့ မနက်စောစောပင်လယ်ထဲ ထွက်ကြသွားသည်လို့ တွေးပြီး သူ့လှေကို မြေလှောင်ကွန်ချထားရာ ပင်လယ်အလယ်ကောင်ဆီ လှော်သွားလိုက်သည်။ ဘေးပတ်လည်ရှိ ပင်လယ်ပြင် ဧရိယာမှာ ကြီးမားကျယ်ပြောလှသော်လည်း မှားဖို့ ဆိုတာက မဖြစ်နိုင်ချေ။
မြေလှောင်ကွန်၏ ဘော်ရာကို ရှာပြီးနောက်တွင် လှေကို ရပ်လိုက်ပြီး ကွန်ကို စတင်ဆွဲလိုက်သည်။
သူ ကြိုးကို အရင်ဆုံး ဆွဲတင်လိုက်ပြီး ပင်လယ်ပြင်ထဲမှ လှောင်အိမ်အကွက် အစပေါ်လာချိန်တွင် သူက အကွက်ပေါ်ရှိ သံဝိုင်ယာကြိုးကို ဖမ်းဆွဲလိုက်ပြီး တစ်ခုပြီး တစ်ခု ဆွဲတင်လိုက်သည်။
စုစုပေါင်း ၁၆ ခုသာ ရှိသည် ဖြစ်ရာ သူက ၈ ခု တစ်တန်းဖြင့် နှစ်တန်းချထားခဲ့သည်။
ပထမကွန်တွင် ကျောက်ကဏန်း၊ ဓါးပုစွန်များနှင့် ငါးများသာ ရှိသည်။ သူက ငါးဖမ်းပိုက်ကို ဖြည်လိုက်ပြီး အထဲထဲမှ ငါးများအားလုံးကို ပုံးထဲ သွန်ချကာ ဆက်ပြီး ဆွဲလိုက်သည်။
တစ်ပြိုင်တည်း ၆ ခုကို ဆွဲတင်လိုက်ပြီး တစ်ကွန်မှ ပစ္စည်းကောင်းများ မပါချေ။ အားလုံးက ကျောက်ကဏန်းများ၊ ပုစွန်းများ၊ ငါးရှဉ့်များ..စသဖြင့်ပင်။ ရောင့်သုန်းက စိတ်ပျက်သွားခြင်းမျိုး မရှိပါချေ။ မည်သို့ဆိုစေ အားလုံးက ခန့်မှန်းထားသည့်အတိုင်းပင်။
ခုနစ်ကွန်မြောက် ပေါ်လာချိန်မှာတော့ သစ်ခွကဏန်းကြီးများကို တွေ့လိုက်ရတော့သည်ပင်။ ရီရောင့်သုန်း တစ်ယောက် ကုန်းပတ်ပေါ်တွင် ထိုင်ကာ ပျော်ရွှင်နေလေ၏။ တစ်ကောင်ချင်းစီကို ဖမ်းလိုက်ပြီး အားလုံးက အလွန်မာပြီး အနည်းဆုံး ငါးကောင်ခန့် ရှိလေသည်။
ထုတ်ပြီးသွားချိန်တွင် စုစုပေါင်း သစ်ခွကဏန်း ရှစ်ကောင်ရပြီး အနည်းဆုံး ငါးကျင်းခန့် ရှိလောက်မည်ဟု သူ ခန့်မှန်းလိုက်သည်။ နောက်ကွန်များတွင် ဘာမှရှိမနေလျှင်တောင် ယခုတစ်ခေါက် ခရီးတိုမှာ တန်နေပြီပင် ဖြစ်သည်။
သို့သော် မည်သူကများ ထင်နိုင်ပါ့မလဲ။ ရှစ်ကွန်မြောက် ပေါ်လာသည့်အချိန်တွင်လည်း တစ်ကျင်းကျော်ကျော်ရှိသည့် ကဏန်းအနှစ်နီ နှစ်ကောင် ရှိနေလိမ့်မည်လို့ပင်။
ရီရောင့်သုန်းမှာ အကာကို ခွဲကြည့်လိုက်လျှင်ဖြင့် အနှစ်များ ပြည့်နေမည်ကို စဉ်းစားကြည့်ရုံဖြင့် သွားရည် တမျှားမျှား ဖြစ်လာရတော့သည်။ ဆောင်းဦးဝင်နေပြီ ဖြစ်ပြီး နောက်ရာသီက ကဏန်းအနှစ်နီ စားလို့ကောင်းသည့် ရာသီပင်။ ထို့အပြင် ထိုအချိန်ရှိ ကဏန်းအနှစ်နီများကလည်း လွန်စွာကို အရသာရှိကြသည်။
သူ ဒုတိယတန်းကို ဆက်ဆွဲလိုက်ချိန်တွင် ပစ္စည်းကောင်းများတော့ ရှိမနေချေ။ သို့သော် ကံကောင်းထောက်မစွာဖြင့် နောက်ဆုံးကွန် မတိုင်ခင်တွင် (၁၅ကွန်မြောက်) လေးကျင်း နီးပါး ရှိသည့် ကကတစ် တစ်ကောင်နှင့် ခြေတစ်ချောင်း ကျိုးနေသည့် ကဏန်ပြာ တစ်ကောင်ကို ရလိုက်သည်။
သူတို့၏ ပင်လယ်ရေပြင်ပိုင်နက်တွင် ကကတစ်နှင့် ကဏန်းပြာများက မြင်တွေ့နေကျ ဖြစ်ပြီး သေးသည့် အရွယ်အစားများတော့ မဟုတ်ချေ။
သူက အဖေ ရီအား ကျန်းမာရေး စွပ်ပြုတ် လုပ်ပေးရန် ကဏန်းပြာကို လိုချင်နေပြီး အနှီ ခြေကျိုးနေသည့် တစ်ကောင်က အနေတော်ပင်။ အစက ကဏန်းနီကို ပြန်ယူသွားရန် စီစဉ်ထားပြီး အဆူခံရန်ပင် ပြင်ဆင်ထားပြီးပြီ ဖြစ်သည်။ ယခုတွင် ခြေကျိုးနေသည့် ကဏန်းပြာ တစ်ကောင်ကို ရလိုက်ပြီဖြစ်ရာ အဆူခံနေစရာ မလိုတော့ချေ။
တစ်ခါတစ်ရံ သူ့မိသားစုဝင်များအတွက် စိတ်မကောင်း ဖြစ်မိပြီး ပင်လယ်စာ ကောင်းကောင်းလေးများ ဖယ်ထားချင်သည်။ သို့သော်လည်း သူတို့က ကျေးဇူးမတင်သည့်အပြင် ညည်းညူးတတ်ကြသည်ပင်။ သူတို့မှာ အနှီ အကောင်းစားများက သူတို့နှင့် မထိုက်တန်သည်ဟု ခံစားရသဖြင့် ပိုက်ဆံဖြင့် ရောင်းဖို့သာ ရွေးချယ်ကြသည်။ မျိုးဆက်ဟောင်းများဆိုသည်မှာလည်း ဤအတိုင်းပါပင်။
သူက အားလုံးကို ပုံးထဲသွန်ချလိုက်သည်။ အစကတည်းက မြေလှောင်ကွန်က နှစ်တန်းတည်း ရှိသည် ဖြစ်ရာ ရရှိလာသည့် ပင်လယ်စာများက များများစားစား မဟုတ်။ သူက လေးကျင်းကျော်ရှိသည့် ကကတစ်၊ သစ်ခွကဏန်းဒါဇင်နှင့် ကဏန်းပြာသုံးကောင်ကို နုတ်လိုက်ပြီး အခြား ပင်လယ်စာများ ပေါင်းထည့်လိုက်သည်။ စုစုပေါင်းမှာ ဆယ်ကျင်းပင် မကျော်လောက်ပေ။
သို့သော် ဤမျှ များပြားသည့် ပင်လယ်စာများက အတော်ပင် များပြားသည့်အထဲတွင် ပါ၏။ ရီရောင့်သုန်းက အလွန် ကျေနပ်နေပြီး၊ ဤသည်မှာ ၅ ယွမ်၊၆ ယွမ်နီးပါးပင် ရမည်ဖြစ်ကာ ပင်လယ်ထဲ မြေလှောင်ကွန်ကို ပြန်ချလိုက်ပြီး လှေကို ပြန်လှော်ထွက်လာလိုက်သည်။
မြေလှောင်အိမ်က များများစားစား မရှိခြင်းကြောင့်လည်း ခရီးက နာရီဝက်သာ ကြာသွား၏။
ရောင်းသင့်သည့် ပင်လယ်စာများကို ရောင်းပြီးနောက် ပုံးကို ဆွဲကာ ကျန်ရှိသည့် ငါးများနှင့် ပုစွန်များကို အိမ်အရင် ပြန်ယူသွားရန် စီစဉ်လိုက်ပြီး ထို့နောက်မှ အိမ်ဝိုင်းသို့ သွားရန် စဉ်းစားလိုက်သည်။ မထင်မှတ်ထားစွာဖြင့် သူ တံခါးရှေ့သို့ရောက်သည်နှင့် မိသားစုထဲမှ ကလေးများက သူ့ဘေးနားပတ်လည် ဝိုင်းလာကြပြီး သံပြိုင်ဖြင့် ;
“အဖေ၊ ဘာလို့ပြန်လာတာလဲ”
“ဦးလေး သုံး၊ ဦးလေး သူငယ်ချင်းက ငါးတွေ အားကြီး လာပို့ထားတယ်”
“ဟုတ်တယ် ဟုတ်တယ်၊ သူ ဒေါ်ဒေါ်နဲ့ အခန်းထဲမှာ စကားပြောနေတယ်”
“သူက ဒေါ်ဒေါ်အတွက် သဲထုတ်ပေးနေတာ”
ရီရောင့်သုန်းမှာ သံသယ ဖြစ်စွာဖြင့် လျှောက်လာပြီး ;
“ဘာ သဲကို ထုတ်နေတာတုန်း။ ဘယ်သူက ဒီကို ငါးတွေ ယူလာပေးတာလဲ။ မင်းတို့ ဒေါ်ဒေါ်က အိမ်ဝိုင်းမှာ သွားကူ မလုပ်ဘူးလား။ ဘာလို့ ပြန်လာတာလဲ”
“ဒေါ်ဒေါ်က ပြုတ်ကျလာလို့၊ ဖေဖေ့ သူငယ်ချင်းက သယ်ခေါ်လာခဲ့တာ"
“ဟမ်၊ ငါ့သူငယ်ချင်းက သယ်တယ်၊ ဟုတ်လား”
သူက တွေဝေစွာဖြင့် ပုံးကို ချလိုက်ပြီး သူ့အမေ၏ အခန်းထဲသို့ သွားရန် ဟန်ပြင်လိုက်စဉ် အကြီးဆုံးတူလေးက ;
“သူတို့က နောက်ဖေးမှာ”
သူက ချက်ချင်း ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး နောက်ဖေးတံခါးဆီ လျှောက်သွားလိုက်သည်။ အားကွမ်က သူ့ညီမလေး၏ အရှေ့တွင် ဆောင့်ကြောင့်ထိုင်ပြီး အပ်ကို ကိုင်ကာ သူ(မ)အတွက် သဲကို ထုတ်ပေးနေလေ၏။
ဟမ်၊ ငါ ဘာလို့ ရင်းနှီးနေသလို ခံစားရတာလဲ။
ပြီးခဲ့တဲ့ လကပဲ သူလည်း သူ့မိန်းမကို သဲထုတ်ပေးခဲ့သေးတယ်မလား။
ရီဟွေ့မေက ဖေးကွမ်ကို ထုတ်ခိုင်းနေတာလား။
“ဖေးကွမ်၊ မင်း ဘာလုပ်နေတာလဲ”
ရီရောင့်သုန်း တစ်ယောက် မျက်မှောင်ကြုတ်လွန်းထားသည်မှာ ယင်ကောင်ကိုပင် သတ်နိုင်သည့်အနေအထား။
“ဟမ်”
အားကွမ်၏ နှလုံးခုန်နှုန်းများက လွဲချော်သွားရတော့သည်။ ရောင့်သုန်းက သူ့နာမည် အပြည့်အစုံကြီးကို တကယ်ကြီးခေါ်လိုက်တာဟ။
သူက တည်ငြိမ်ဟန်ဆောင်ကာ ;
“မင်း ညီမ တွန်းလှည်းတွန်းရင်းနဲ့ ချော်ကျလို့လေ။ အဲ့ဒါ ဒူးရော၊ တံတောင်ရော၊ လက်ရော၊ အကုန်ပွန်းကုန်တာ သဲဝင်သွားလို့ ငါက ကူထုတ်ပေးနေတာ၊ မင်း ဒီလောက် ကြမ်းတမ်းပြနေစရာ လိုလို့လား”
“သူက သူ့ဘာသာ မထုတ်တတ်လို့လား။ မင်းက ဘာတွေ ဝင်ပြီး ဒုက္ခခံနေချင်ရတာလဲ”
“ဒါက ဘယ်လိုလုပ်ပြီး ဒုက္ခခံတယ် ဖြစ်ရမှာလဲ။ သူ့ဘာသာ မလုပ်နိုင်လို့လေ။ ကြည့်လေ၊ လက်အဆစ်တွေပါ ထိခိုက်ထားတာ”
“သွားသွား၊ မင်းကို မလိုဘူး”
ရီရောင့်သုန်း တစ်ယောက် အားကွမ်၏ အပြုအမူများကို တော်တော်လေး သင်္ကာမကင်း ဖြစ်နေပြီ ဖြစ်ပြီး သူ့ဘာသာ လုပ်ရန် သူ့လက်ထဲမှ အပ်ကို ဆွဲယူလိုက်သည်။
အားကွမ်မှာ နောင်တရစွာဖြင့်သာ ဘေးဖယ်လိုက်ရတော့သည်။
ရီဟွေ့မေကို သူ့ကို တစ်ချက်ကြည့်ပြီးနောက်မှ ရီရောင့်သုန်းကို ကြည့်ကာ ;
“စမ်းကော၊ ဘယ်လိုလုပ်ပြီး ပြန်ရောက်လာတာလဲ”
“နေ့လယ် ထမင်းစားချိန်တုန်းက ကွန်ထဲက ငါးတွေကို သွားသိမ်းဖို့ ပင်လယ်ထဲ ထွက်သွားတာ”
“မြေလှောင်အိမ်က ဒါဇင်ကျော်လောက်ပဲ ရှိတာမလား၊ ရောင်းဖို့ရောရရဲ့လား”
“အဆင်ပြေပါတယ်။ ယွမ် နည်းနည်းပါးပါးတော့ ရလာခဲ့တယ်၊ ဘယ်လို ပြုတ်ကျသွားတာလဲ။ ဒီခွေးကောင် အားကွမ် နင့်ကို ပြန်ခေါ်လာတာဆို”
အားကွမ်က မျက်မှောင်ကြုတ်ကာ ;
“ငိုးဟ၊ မင်း စကားကို ဘယ်လိုပြောနေတာလဲ။ မင်း နည်းနည်းပါးပါး ယဉ်ယဉ်ကျေးကျေး မပြောတတ်ဘူးလား”
“မင်းက ဒီမှာလာပြီး ငါ့ညီမကို ဖက်လာ လူးလား လာလုပ်နေတာလေ။ ငါက မင်းကို ယဉ်ကျေးပေးနေရဦးမယ်ပေါ့”
ရီဟွေ့မေက ကို့ရို့ကားယားနိုင်စွာဖြင့် ;
“စမ်းကောက ဘာတွေ လျှောက်ပြောနေတာလဲ။ ညီမလေးက ဒီကို ပြန်လာတုန်း ချော်လဲကျသွားတာ။ အဲ့ဒါ အစ်ကို အားကွမ်နဲ့ ဆုံလို့”
“အဲ့တော့ သူက နင့်ကို ခေါ်လာပေးရောပေါ့"
ရီရောင့်သုန်းက အားကွမ်ကို စိုက်ကြည့်ပြီး ;
“တခြား သူကို အကူအညီတောင်းလို့ မရဘူးပေါ့”
အားကွမ်က သူ့နှာခေါင်းကို ကိုင်ကာ ;
“ငါကလည်း အဲ့အချိန်တုန်းက ကြုံကြိုက်နေလို့လေ၊ အိမ်ရှေ့ တံခါးနဲ့ကလည်း သိပ်မဝေးတော့ဘူး။ ဘယ်သူမှလည်း အနီးအနား တစ်ဝိုက်မှာ ရှိမှမနေတာ”
“မင်းက ဘာလို့ ဒီနေ့ ပင်လယ်ထဲ မသွားဘဲနဲ့ ငါ့အိမ်နား ရောက်နေတာလဲ”
ရီရောင့်သုန်းက သူ့ကို စလိုက်မီးကဲ့သို့ ခေါင်းအစခြေအဆုံး စစ်ကြည့်နေ၏။
ထို့အပြင် ဤရက်များအတွင်း အားကွမ်က သူ့အိမ်ကို အလုပ် ကူလုပ်ရန် ဝီရိယရှိရှိ ရောက်,ရောက်လာတတ်ပြီး သုံးရက် တစ်ကြိမ်ဆိုသလို သစ်သီးများ၊ ဖရဲသီးများပင် ယူလာပေးတတ်ကာ သူ သည်အကောင်ရဲ့အချိုးတွေကို သံသယ ဝင်လာပြီ။
အားကွမ်က မျက်လုံးများကို မှေးကျဉ်းပြီး ;
“လူကောင်း သူကောင်းအပေါ် လာပြီး ပစ်မှားမနေနဲ့၊ ငါ့အဖေ ပြန်ရောက်လာလို့ ပင်လယ်စာ နည်းနည်းပါးပါး ပါလာတာနဲ့ မင်းတို့ စားလို့ရအောင်ဆိုပြီး လာပို့ပေးတာ၊ ပို့ပြီးသွားရင် အိမ်ဝိုင်းကိုပါ သွားမလို့လုပ်တုန်း မင်းညီမနဲ့ သွားဆုံတာ”
“မင်းအဖေက ပြန်လာပြီလား”
“အင်း၊ ဒီမနက်လေးကတင် ရောက်လာတာ။ အဲ့ဒါနဲ့ ငါလည်း ပင်လယ်ထဲကနေ ပြန်လာခဲ့လိုက်တာ”
“အို့၊ ပေးပြီပြီဆိုလည်း ကြွတော့”
“လခွမ်း။ မြစ်လည်း ကူးပြီးသွားရော တံတားကို ဖြတ်ချင်နေတယ်၊ ငါ့ကို ရေနွေးကြမ်းလေး တစ်ငုံလောက်တောင် ပေးမသောက်တော့ဘူးလား”
“ရေနွေးကြမ်းက ဧည့်ခန်းထဲမှာ ကိုယ့်ဘာသာသွားသောက်၊ သောက်ပြီးရင် ပြန်တော့”
“မင်း*** ၊ မင်းက သုံးပြီးတာနဲ့ ပစ်ထုတ်တဲ့ကောင်ပဲ။ သွားပါ့မယ်၊ ဟုတ်ပြီလား”
အားကွမ်က စိုက်ကြည့်ရင်း အနည်းငယ် ဆဲရေးဆိုသွားသေးကာ၊ သို့သော်လည်း စိတ်ထဲတွင်တော့ သူမှားမှန်းကို သိပြီး အပြစ်ရှိစိတ်လေးဖြင့် အမြန် ပြေးထွက်လေတော့သည်။
သူ ထွက်သွားသည်နှင့် ရီရောင့်သုန်းက ရီဟွေ့မေကို အပ် ကမ်းပေးလိုက်ပြီး ;
“ကိုယ့်ဘာသာကိုယ်လုပ်တော့၊ ယောကျာ်းနဲ့ မိန်းမက ဒီလို လက်ပွန်းတတီး မနေရဘူးဆိုတာ မသိဘူးလား။ တုံးတုံးအအနဲ့ ယောကျာ်းလေး တစ်ယောက်ကိုများ သဲထုတ်ခိုင်းနေရတယ်လို့၊ ဘောင်းဘီကိုလည်း လှမ်တင်ထားတာ ဟိုအမြင့်ကြီး”
