Chapter 106

2.3K 195 8
                                    

အပိုင်း (၁၀၆)


အစက လင်းရှို့ချင်းမှာ ဒီရက်ပိုင်း သူ(မ) အားလပ်နေသည့် အချိန်လေးအတွင်း မိခင်ဖြစ်သူ၏ အိမ်သို့သွားကာ ဆောင်းလယ်ပွဲတော်အတွက်လက်ဆောင်များ ပေးချင်ပြီး  သူ(မ)တို့၏ အိမ်အသစ် ရွှေ့ပြောင်းမည့်အကြောင်း ပြောကာ၊ အိမ်သစ်တက်ပွဲကို ဖိတ်ကြားရန် ရည်ရွယ်ထားသော်လည်း မမျှော်လင့်ထားစွာဖြင့် နောက်ထပ်တိုင်ဖွန်က ရောက်လာသဖြင့် သူ(မ)မှာ တိုင်ဖွန်ပြီးမည့်အချိန်ကိုသာ စောင့်ရပေတော့သည်။

နွေရာသီတွင် တိုင်ဖွန်များစွာ ဝင်တတ်သဖြင့် ယခုနှစ်က မဆိုးဘူးဟု ဆိုရမည်။ တိုင်ဖွန်အများကြီးမဝင်သည့်အပြင် သူတို့အပေါ် သက်ရောက်မှုလည်း သိပ်မရှိခဲ့ပေ။ သို့သော် ယခုတစ်ကြိမ် တိုင်ဖွန်က အတော်လေး ကြီးလိမ့်မည်ဟု ပြောသံကြားရသည်။

ရွာထဲရှိ ရပ်ကွက်ရုံးမှ မနက် အစောပိုင်းကတည်းက အသံချဲ့စက်ဖြင့် အသိပေးနေသည်ဖြစ်ရာ တစ်ရွာလုံး ကြားနေရသည်။

အချို့သူများက ကမ်းခြေသို့ ထွက်သွားပြီး လောကြီးသုတ်ပျာဖြင့် လှေများကို အကာကွယ်ဆိပ်ခံဆီ ရွက်လွှင့်သွားကြပြီး တချို့မှာတော့ အလျင်မလိုသေးဘဲ ရက်အနည်းငယ် ကျန်သေးသည်ဟု ပြောကာ တည်ငြိမ်မြဲတည်ငြိမ်နေကြ၏။

ရီရောင့်သုန်းမှာ ထိုအလျင်သေးသည့် အဖွဲ့ထဲတွင် ပါဝင်၏။

တိုင်ဖွန်ရက်တွေဆိုတာ ဘယ်လောက်တောင်ကောင်းလိုက်သလဲ။

သူက မနေ့လေးကတင်မှ ငါးများကို သိမ်းထားပြီးဖြစ်ပြီး မနက်ဖြန်ဆိုလည်း နောက်တစ်ခေါက် ထပ်သိမ်းရဦးမည် ဖြစ်ရာ တလက်စတည်းဖြင့် လှေလေးကို အကာအကွယ် ဆိပ်ခံဆီ တစ်ခါတည်း သွားထားရပေမည်။ စိတ်ထဲတွင် တွက်ချက်ရင်းဖြင့် ရောင့်သုန်း အိမ်သစ်ဆီသို့ ဦးတည်လိုက်ပြီး ဒီရေကျချိန်ကို ကြည့်ရန် ကမ်းခြေသို့ သွားရန် စီစဉ်လိုက်သည်။

ကံကောင်းစွာဖြင့် သူတို့၏ အိမ်အသစ်ရှိ အုတ်ကျွတ်က နောက် တစ်ရက် နှစ်ရက်ဆို ပြီးတော့မည်ပင်။ မဟုတ်လျှင် အုတ်ကျွတ် တစ်ဝက်လောက်သာ မိုးထားရသေးလျှင် တွန်ဖွန် ဝင်လာသည်နှင့် အားလုံး လွင့်ပါသွားလိမ့်မည် ဖြစ်သည်။

အိမ်အနီးအနား တစ်ဝိုက် လမ်းလျှောက်ရင်း အုတ်ကျွတ် တပ်ဆင်ရာတွင် ဝိုင်းကူပေးနေကြသည့် အဖေ ဖြစ်သူနှင့် အစ်ကို နှစ်ယောက်ကို ကြည့်ပြီးနောက် စိတ်အေးလက်အေးဖြင့် ကမ်းစပ်ဆီ လမ်းလျှောက်သွားလိုက်သည်။

ဒီရေ တဖြည်းဖြည်းကျနေသည်ကို ကြည့်ရင်းဖြင့် လှိုင်းတွေက ထိုမျှ သိပ်မကြီးလှကြောင်း သူခံစားလိုက်ရသည်က ကမ်းစပ်တွင် သောင်တင်နေသည့် လက်သီးအရွယ် ခုံးတစ်ကောင်ကို မမြင်ခင်အထိပင်။ ထိုအခါမှပင် ပင်လယ်ပြင်မှ လှိုင်းများက ‌ခပ်သေးသေး မဟုတ်လောက်မှန်း သေချာသွားတော့သည်။

သူ တွေ့နေမှဖြင့် မကောက်ဘဲ ဘယ်နေပါ့မလဲ၊ ကံကောင်းလို့ သူနဲ့ အိတ်တစ်လုံး ပါလာသေးလို့။

ဟားဟားဟား။

မနေ့က တိုင်ဖွန်လေး တစ်ခု ဝင်သွားသည်လို့ ကြားရပြီး ရေဒီယိုမှာ မနက်ခင်းကတည်းက ထုတ်လွှင့်နေ၏။ ထို့ကြောင့် သူ အပြင်ထွက်လာသည့်အချိန်တွင် အိတ် တစ်လုံး ကောက်ထည့်လာခြင်း ဖြစ်ပြီး ယခု အသုံးဝင်လို့လာ၏။

ခုံး၊ ခုံးဖြူ၊ သွေးခုံး....

“ဟမ်၊ ခုံးတွေရော ရှိတာလား။ ဒီမှာရောပဲ....”

ဤခုံးများက ဈေးကောင်းရသည့် ခုံးများဖြစ်ပြီး ‘ကမ္ဘာပေါ်ရှိ အလတ်ဆတ်ဆုံး ခုံး’ ဟုပင် တင်စားခံရသည်။ အခွံက တြိဂံပုံစံ အနည်းငယ် ထွက်ပြီး အရွယ်အစားက အများဆုံး အချင်း ၅ စင်တီမီတာခန့်ဖြင့် အရွယ်အစားမှာ အတော်ကြီး၏။

သူတို့၏ လက်ရှိ အသားအရည် ထုတ်ကုန်ဖြစ်သည့် ခုံးဆီကို ဘူးအဖြစ် ဤခုံးခွံအကြီးကြီးကို အသုံးပြုကြသည်။

သူသာ ကြိုသိလျှင် သူ့ဇနီးအား တစ်ပါးတည်း ခေါ်လာခဲ့မည်ပင်။ သူ(မ)က ယခုဆိုလျှင် အလွန် စိတ်လှုပ်ရှားပြီး ပင်လယ်တူး ထွက်ရသည်အား စိတ်အားထက်သန်နေပြီ ဖြစ်သည်။

ရောင့်သုန်း တစ်ယောက် လှိုင်းဖြင့် ပါလာသည့် ပင်လယ်စာ မှန်သမျှကို အိတ်ထဲ ကောက်ထည့်လိုက်သည်။ ကမ်းစပ်တွင်လည်း ဒီရေကျသည်ကို လာကြည့်ကြသည့် လူအများအပြား ရှိနေ၏။ ကံမကောင်းစွာဖြင့် မည်သူကမှ ထည့်စရာ အိတ်များကို အထူးတလည် ယူမလာကြပေ။ သူတို့တွင် ရီရောင့်သုန်းကဲ့သို့ သွားလေရာ အိတ်ထည့်တတ်သည့်အလေ့အကျင့်မျိုး မရှိကြ‌ချေ။ သူတို့ခမျာ ရီရောင့်သုန်း ပင်လယ်စာများ ကောက်ထည့်နေသည်ကိုသာ ကြည့်ရန် တတ်နိုင်တော့သည်။

အိမ်နှင့် သိပ်မဝေးကြသည့် တစ်ချို့လူများက ပုံးများ ပြန်ယူရန် အ‌မြန် ပြေးသွားကြ၏။

ရီရောင့်သုန်း ၂၀ စင်တီရှိသည့် ခရုသင်းကြီး တစ်ခုကောက်ပြီး နောက်မှာတော့ ကမ်းစပ်ရှိ မတ်တပ်ရပ်ကြည့်နေကြသည့်သူများမှာ အေးဆေး မနေနိုင်ကြတော့ချေ။

“အဲ့ဒါ ဘာကြီးလဲ။ ဒီလောက်ကြီးတဲ့ ခရုသင်းကြီး”

“အားသုန်း၊ အထဲမှာ အသားရော ရှိသေးရဲ့လား။ ဝင်ကစွပ်များလား”

“ယူပြီး ကြည့်စမ်းပါဦးကွာ၊ ဒီလောက်ကြီးတဲ့ ခရုမျိုးက ရှားတယ်ကွ”

“ကြည့်ရတာ ဝင်ကစွပ်များလား မသိဘူး၊ ဟုတ်တယ်မလား”

ရီရောင့်သုန်းမှာ ဤမျှ ကြီးသည့် ခရုသင်းကြီးကို သူကောက်ရလိုက်သည်အား မယုံ မကြည်နိုင် ဖြစ်နေရသည်။ သူ ခန့်မှန်းရသလောက်ဆို ဤခရုသင်းကြီးက သုံး၊ လေးကျင်းခန့် ရှိသည်။ သူ ၎င်း၏ ခေါင်းကို လက်မဖြင့် မိကြည့်လိုက်ရာ ၎င်းက ချက်ချင်း ကျုံ့ဝင်သွား၏။

ဤခရုသင်း၏ အသားက ဖွံ့ပြီး အရသာက ခုံးတခြမ်းလိုပင်။ သူ အောက်နှုတ်ခမ်းအား လျက်လိုက်ပြီး ခရုနုပ်နုပ်စဉ်းလေးကိုပင် သတိရသွား၏။ နုပ်စဉ်းထားသည့် အသားက နူးညံ့ကြွပ်ရွနေပြီး ရိုးရိုးခရုအသားများလို အပူပေးလိုက်သည်နှင့် မာသွားခြင်မျိုး မရှိပေ။

သို့သော်လည်း အိမ်တွင် စုဆောင်းထားသည့် ယွမ်ထောင်ချီလေးကို စဉ်းစားကြည့်ရုံနှင့်တင် မစားရက် မသောက်ရက်တော့ပြီး၊ သူ ချမ်းသာလာမည့်အချိန်ကိုပင် စောင့်ဖို့သာတတ်နိုင်တော့သည်။

ရီရောင့်သုန်း ကမ်းစပ်ပေါ်မှ လူတချို့ သူ့အား ခေါ်နေသည်ကို ကြားသော်လည်း မကြားချင်ယောင်ဆောင်ကာ မသိကျိုးကျွံ ပြုထား၏။ မည်သို့ဆိုစေ ကမ်းခြေရှိ လေက ပြင်းလာသဖြင့်လည်း ခရုသင်းအား အိတ်ထဲ ပစ်ထည့်လိုက်သည်။

ဘာတွေ လာကြည့်နေကြတာလဲ။

ကမ်ခြေမှာ ကိုယ့်ဝေစုပါ ခွဲဖို့ လူတွေ လာစုစေချင်နေတာလား။

အဝေးကနေပဲ ကြည့်ကြပါစေ။

အဖေ ရီ၊ ရီရောင့်ဖုန်နှင့် ရီရောင့်ဟွာတို့လည်း ဒီရေကို ကြည့်ပြီးပြီ ဖြစ်ပြီး ကမ်းခြေတွင် လူအုံနေသည်ကို မြင်သည့်အချိန်တွင်တော့ အခြေအနေကို ကြည့်ရန် ထွက်လာလိုက်ကြသည်။ ထို့နောက် သားလတ်အား အိမ်သို့ အမြန်ပြန်ခိုင်းပြီး အိမ်သားများကို ပုံးများ ယူလာခိုင်းလိုက်သည်။

တိုင်ဖွန်က ဝင်ကာစ ဖြစ်သေး၍လည်း ယနေ့တွင် မည်သည့် လှိုင်းလုံးကြီးမှ ရှိမနေချေ။ ထို့ကြောင့်လည်း ကောက်စရာ တစ်ခုခု ရှိနေလိမ့်မည်လို့ သူတို့မမျှော်လင့်ထားခြင်းပေ။ သူတို့က ဒီရေကို ကြည့်ဖို့သာ ထွက်လာခြင်း ဖြစ်သည်။

ရီရောင့်သုန်း ဒီရေတစ်လျှောက် လမ်းလျှောက်သွားပြီး တွေ့သမျှအကုန် ကောက်ယူလိုက်သည်။ အတန်ကြာပြီးနောက်တွင် လင်းရှို့ချင်းက ပုံး တစ်ပုံးဆွဲကာ ရောက်လာခဲ့သည်။ သူ(မ)က ;

“ရှင် ကမ်းခြေဘက် သွားမယ်ဆိုလည်း ဘာလို့ ကျွန်မကို မပြောသွားတာလဲ”

“မင်းပဲ ကလေးတွေကို မနက်စာ ကျွေးနေတာ မဟုတ်ဘူးလား။ ငါက အုတ်ကျွတ်တွေရဲ့အခြေအနေကို လာကြည့်ရင်းနဲ့ ကြုံလို့ ဒီရေကို တစ်ချက် လာစစ်ကြည့်လိုက်တာ”

“ဘာတွေရထားပြီးပြီလဲ”

ရီရောင့်သုန်း သူ(မ)အား ခရုသင်းကြီးအား ရတနာတစ်ပါး ဆက်သသည့်သဖွယ် ထုတ်ပြလာပြီး ;

“အကြီးကြီးပဲမလား”

လင်းရှို့ချင်းက အံ့အားသင့်စွာဖြင့် လှမ်းယူလိုက်ပြီး အပြန်ပြန် အလှန်လှန် ကြည့်ကာ ၎င်း၏ ခေါင်းရှိ အသားကို ထိကြည့်ပြီး ;

“အရမ်းကြီးတာပဲ၊ ကျွန်မဖြင့် ဒီလောက်ကြီးတာ မမြင်ဖူးဘူး”

“၂၀ စင်တီ ကျော်တယ်”

သူ(မ)က ပျော်ရွှင်စွာ ပြုံးရင်းဖြင့် ;

“ကျင်း အများကြီး ရှိလောက်တယ်”

“အင်း၊ သုံး၊ လေးကျင်းလောက်ပေါ့။ ရောင်းရင် ယွမ် နည်းနည်းပါးပါးတော့ ရမှာ သေချာတယ်၊ ဒီနေ့ ကမ်းခြေမှာ ခရုတွေ အများကြီးပဲ ရှိတယ်”

သူက အိတ်ကို ဖွင့်ပြလိုက်ပြီး သူ(မ) မြင်ရအောင် လှုပ်ပြကာ ;

“ခုံးတွေ၊ ခရုသင်းတွေ၊ ငါးသေးလေးတွေ အစုံပဲ၊ ပုစွန်တွေကတော့ နည်းနည်း,နည်းတယ်”

“ရှင် မြန်မြန်လုပ်၊ ဒီရေ နောက်လိုက်ပြီး သွားကြည့်ကြရအောင်”

သူ(မ)က ခရုသင်းကြီးကို ပုံးထဲ ထည့်လိုက်ပြီး ရေပုံးလေးကို လှုပ်ရင်း ဒီရေနောက်ကို လိုက်ဆင်းလေသည်။

သူ(မ)ကို ကြည့်ရင်းဖြင့် ရီရောင့်သုန်းလည်း လိုက်ဆင်းလိုက်ပြီး ကမ်းခြေရှိ လူများက တဖြည်းဖြည်း များပြားလာ၏။

အတန်ကြာပြီးနောက်တွင် လင်းရှို့ချင်းက ပုံးတစ်ဝက်နီးပါး ကောက်ပြီးသွားပြီး သယ်ဖို့အတွက် အနည်းငယ် ခက်ခဲလာ၍လည်း ရီရောင့်သုန်း၏ အိတ်ထဲ ခရုသင်းကြီး တစ်ခုကိုပဲ ချန်ပြီး အားလုံးကို သွန်ထည့်လိုက်ကာ ဆက်ကောက်နေပြီး ပြုံးနေရင်းဖြင့်လည်း ရီရောင့်သုန်းအား ;

“ဒီခရုကြီးကို အရမ်း သဘောကျတာပဲ၊ အသားပဲရောင်းပြီး အခွံ မရောင်းရရင် ကောင်းမယ်”

“ဒါဆို ဘာလို့ ရောင်းတော့မှာလဲ။ ကိုယ့်ဘာသာပဲ စားကြတာပေါ့”

သူ(မ)က သူ့ကို မျက်စောင်းထိုးလိုက်ပြီး ;

“အိမ်မှာ လူတွေက အများကြီး၊ ဒီတစ်ခုတည်းနဲ့ အားလုံး စားဖို့ ဘယ်လောက်ပါ့မလဲ။ ပြီးတော့ နုပ်နုပ်စဉ်း ချက်ရင်တောင်မှ  တူနှစ်ချောင်းနဲ့ညှပ်ဖို့ လောက်မှာ မဟုတ်ဘူး”

“နုပ်စဉ်းပြီ ကြော်လိုက်ပေါ့။ ဘာပဲဖြစ်ဖြစ် ဒီဟာက အကြီးကြီးပဲဟာကို”

“ရှင် ပိုက်ဆံ မလိုချင်ဘူးလား။ ပစ္စည်းကောင်းတွေကိုတော့ လာမထိနဲ့နော်၊ ဒါက ရောင်းရမှာ”

ပိုက်ဆံနောက်လိုက်လေးဖြစ်သည့် သူ(မ) ပုံစံကိုကြည့်ရင်း ရီရောင့်သုန်းက ပြုံးကာ ;

“မင်းပဲ အခွံကို သိမ်းထားချင်တယ်ဆို”

“ထားလိုက်ပါတော့။ ပိုက်ဆံက အရေးကြီးတာ။ ဟိုမှာလည်း ခရုသင်း ဖြူဖြူလေး တစ်ခု ရှိနေတဲ့ပုံပဲ”

သူ(မ)ကို သူ့ကို စကားလှမ်းပြောရင်းဖြင့် အရှေ့သို့ ခပ်သွက်သွက် လျှောက်သွားကာ လှမ်းကောက်လိုက်သည်။

“ဘာလို့ ဒီခရုက ဖြူနေရတာလဲ။ ကြီးတာတော့ ကြီးတယ်။ ကျွန်မရဲ့လက်သီး အရွယ်ထက်တောင် ကြီးသေးတယ်။ ပြီးတော့ အရမ်းလည်း လှတာပဲ”

သူ(မ)က ရေရွတ်ရင်းဖြင့် ပုံးထဲ ပစ်ထည့်လိုက်သည်။ ရီရောင့်သုန်းက ခရုက လှမ်းမြင်ရုံသာ မြင်လိုက်ရပြီး ရင်းနှီးနေဟန် ရှိနေ၏။

“မင်း ခုလေးတင် ကောက်လာတဲ့ ခရုဖြူလေး ပြကြည့်ပါဦး”

“ဘာလို့လဲ။ ရှင်က လဲချင်လို့လား”

“မဟုတ်ပါဘူးကွာ”

သူက သူ(မ) ပုံးဆီ သွားလိုက်ပြီး ထုတ်ကြည့်ကာ ;

“ဘာလို့ ဒီလောက် ရင်းနှီးနေတာပါလိမ့်။ အင်ပါယာ ထန်ကွမ်းလော့ လား”

“ဘာခရုလို့ ပြောလိုက်တာ”

လင်းရှို့ချင်းက သူ့အား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

“ဒါကို အင်ပါယာ ထန်ကွမ်းလော့ ခရုလို့ ခေါ်တယ်၊ သူ့ပုံစံက ထန်မင်းဆက်က သရဖူနဲ့ တူလို့ အဲ့နာမည်ပေးထားတာ၊ တောင်တရုတ်ပင်လယ်နဲ့ ပင်လယ်အော်ဘက်မှာ ဒါမျိုးတွေ အများကြီးရှိတယ်”

“အရမ်း အဖိုးတန်လို့လား”

“ပုလဲထုတ်တဲ့ အဖိုးတန် ခရုသင်း လေးခုထဲမှာ တစ်ခု အပါအဝင်ပဲ၊ သူ့ဆီက‌ ရတဲ့ ပုလဲဆိုလည်း အဖိုးတန်ပြီး ရှားပါးတဲ့ ထိပ်ဆုံး ပုလဲ ဆယ်မျိုးထဲက တစ်ခု”

လင်းရှိုချင်းမှာ သူ၏ စကားများကို ကြားပြီး မျက်လုံးများ အရောင်လက်လာကာ Meile ပုတီးစေ့အကြောင်း ပြန်တွေးမိရင်း ;

“အဲ့လောက်တောင် နာမည်ကြီးတယ်လား။ ဒါဆို ကျွန်မတို့ ရိုက်ခွဲကြည့်ကြည့်ရမလား”

“မင်းပဲ အခွံ လိုချင်တယ်ဆို”

“ဒါဆို သူ့အသားကို ထုတ်ကြည့်ရမှာလား”

“မရောင်းတော့ဘူးလား။ ပိုက်ဆံ အများကြီး ရမှာလေ”

“အာ”

ရီရောင့်သုန်း သူ(မ)ကို တမင်တကာ စနောက်နေခြင်းဖြစ်ပြီး သူ(မ)၏ ဝေခွဲရခက်နေသည့် ပုံစံလေးက ရယ်ချင်စဖွယ် ကောင်းလှပြီး သူ၏ မိန်းမတွင်လည်း ယခုလို ပုံစံလေး ရှိလိမ့်မည်လို့ မထင်မှတ်ထားခဲ့ပေ။

လင်းရှို့ချင်းက တစ်ခဏ တုန့်ဆိုင်းနေပြီး ;

“ဒါဆို အဲ့ပုလဲက အရမ်း အဖိုးတန်တာလား”

“အင်း၊ သူ့အသားထက်တောင် အများကြီး ပိုတန်‌သေးတယ်၊ ပြီးတော့ အထဲမှာ ပုလဲရှိနေလို့ကတော့ သေ‌ချာတယ်၊ အဲ့ဒါ ရှားပါး ပုလဲပဲ”

“အိုး၊ ဒါဆို...ဒါဆို ကျွန်မတို့ အသားကို ထုတ်ပြီး လိုရ မယ်ရ၊ တစ်ချက် ကြည့်ကြည့်ကြမလား”

“ဟုတ်ပြီ။ မင်းက ငါတို့မိသားစုရဲ့ အကြီးအကဲဆိုတော့ မင်းသဘောက ဘယ်လိုရှိလဲ”

သူ(မ)က သူ့ကို စိတ်ဆိုးတကြီး ကြည့်ကာ ;

“အဲ့ဒါကိုပဲ ကျွန်မလည်း စဉ်းစားနေတာ မဟုတ်ဘူးလား”

“နင်တို့ နှစ်ယောက် အဲ့မှာ ဘာရပ်လုပ်နေကြတာလဲ။ သူများတွေကတောင် ခရုနဲ့ ခရုခွံတွေ ကုန်းကောက်နေကြတာ”

ဒုတိယ ခယ်မ ရီက တွေတွေဝေဝေ၊ စိတ်လှုပ်တရှားဖြင့် ရပ်နေသည့် သူတို့ နှစ်ယောက်ကို မြင်၍လည်း စူးစမ်းစွာဖြင့် လာကြည့်ချင်ပင်။

“ဟေ့၊ နင်တို့ရော အဲ့ခရုလေး ကောက်ရသေးတာလား၊ ငါရောပဲ အရမ်း အရမ်း ကောင်းတဲ့ နှစ်ခုကို ကောက်ရထားတယ်”

လင်မယား နှစ်ယောက်က သူ(မ)ကို အံ့အားတသင့် ကြည့်လာကြပြီး ;

“အစ်မရော ကောက်ရထားတယ်လား”

သူက ပြောရင်းဖြင့်လည်း ခေါင်းကို ဆန့်ထုတ်ပြီးကြည့်လိုက်ရာ သူ(မ) ပုံးထဲတွင် အသေးလေး တစ်ခု၊ အကြီးကြီး တစ်ခုဖြင့် တကယ်ကို နှစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။ ရီရောင့်သုန်းက လှမ်းယူကာ သူတို့ကို ယှဉ်ကြည့်လိုက်သေး၏။

“လုံးဝကို တစ်ထပ်တည်း၊ ဒုတိယ ခယ်မဟာလည်း အင်ပါယာ ထန်ကွမ်းလော့ပဲ”

“ဘာကို အင်ပါယာတုန်း၊ ဒါက ဘာခရုမို့လို့လဲ”

ဒုတိယ ခယ်မ၏ အသံက တွေဝေစွာဖြင့် ;

“နင် ဒါကို သိလို့လား။ ဒီခရုက အဖိုးတန်လို့လား”

“အဖိုးတန်တာပေါ့။ အားသုန်းက ခုလေးတင် ပြောနေတာ၊ အထဲမှာ ပုလဲတွေသာ ရှိနေရင် အဲ့ပုလဲက ပိုပြီးတော့တောင် အဖိုးတန်သေးတယ်တဲ့”



၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now