အပိုင်း (63)
တိုင်ဖွန်း ပြီးသွားလို့ သည်လိုငါးကြီးတစ်ကောင် ဖမ်းလို့ရလိမ့်မယ်လို့ သူ ထင်တောင်မထင်ထားဘူး။ သည်တိုင်ဖွန်က အရေခြုံထားတဲ့ ကောင်းချီးတွေပဲနေမှာ။
ရီရောင့်သုန်း တစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် ဘောင်းဘီကို ခေါက်တင်ကာ ဖမ်းရန် အသင့်ပြင်လိုက်သည်။ ဤငါးက ရှားပါးသည့် တန်ဖိုးကြီးရတနာတစ်ပါး မဟုတ်သော်လည်း ကြီးမားသည့်အရွယ်အစားကြီးက ဩချလောက်စရာပင်။ ကျင်းရာကျော်နီးပါး ရှိမည့်ပုံဖြစ်ရာ သည်တစ်ကောင်တည်းနဲ့တင် သည်နေ့ ခရီးက အလွန် တန်နေလေပြီ။
"အားချင်း၊ ငါ့ကို အိတ်ဖွင့်ထားပေးပါအုံး၊ ငါ အထဲတွန်းထည့်မလို့"
"ဂရုစိုက်ဦး၊ ခုလေးတင် ငါးပါးဟက်က အသက်ရှုနေသေးတာ ကျွန်မ တွေ့လိုက်တယ်နော် အမြီးကလည်း လှုပ်နေသေးတယ်၊ အကိုက်မခံရစေနဲ့"
"အဆင်ပြေတယ်"
ရီရောင့်ဟွာကလည်း အကူအညီပေးရန် ဘောင်းဘီကို ခေါက်တင်လိုက်သည်။ ငါးက ဒီလောက် ကြီးပုံမျိုးနဲ့ဆို တစ်ယောက်တည်းအားနဲ့ တွန်းဖို့အဆင်ပြေမှာ မဟုတ်လောက်ဘူး...။
"ဒီလို ငါးကြီးတောင် ကျွန်းပေါ် လာတင်နေတာကို ကြည့်ရင် ဒီရက်တွေထဲ ပင်လယ်ဘက်က လှိုင်းတွေဘယ်လောက်တောင်ကြီးလဲ သိချင်မိတယ်"
"ဒုတိယ အစ်မ၊ ဘေးပတ်ပတ်လည် လိုက်ပတ်ကြည့်ကြည့်ပါလား။ ဘယ်သူ သိမလဲ၊ အစ်မလည်း တစ်ခုခု တွေ့ချင်တွေ့မှာပေါ့"
လင်းရှို့ချင်းက ခေါင်းလေး စောင်းကာ ဒုတိယအစ်မကို လှမ်းပြောလိုက်၏။
"မဖြစ်နိုင်တာ....."
သူ(မ)က ထိုသို့ ပြောလိုက်သော်လည်း စူးစမ်းရှာဖွေရန် အချိန်ဖြုန်းမနေတော့ဘဲ လက်တွေ့လုပ်ဆောင်တော့သည်။ ကံမကောင်းစွာဖြင့် အဝါရောင် ငါးပုတ်သင် နှစ်ကောင်ကိုသာ ရှာဖွေနိုင်ခဲ့သောကြောင့် သူ(မ)ကို စိတ်ပျက်သွားစေခဲ့၏။
သူတို့ မြီးဝါ ငါးကို သယ်နေကြစဉ် အနီးအနားရှိ လူများကလည်း ငါးအကြီးကြီး တစ်ကောင်ကို သတိထားမိပြီး သူတို့ဆီ လျှောက်လာကြသည်။
"ဝိုး၊ ဒါဘာငါးကြီးလဲ။ တစ်မီတာကျော်လောက် ရှိမယ်...."
"ဒီလောက်ကြီးတဲ့ ငါးကြီး..သောင်လာတင်နေတယ်ပေါ့လေ"
"ဝိုး၊ ဘာငါးကြီးတုန်း။ အရမ်းကြီးတာပဲ။ အားဟွာ၊ မင်းတော့ တကယ် ကံကောင်းတာပဲ..."
"ဒါ ကျုပ် ရှာတွေ့တာ မဟုတ်ဘူးဗျ၊ ရောင့်သုန်နဲ့တစ်ခြားသူတွေ ရှာတွေ့ထားတာ"
အမှန်တိုင်းဆိုရလျှင် သူလည်း အနည်းငယ်နောင်တရမိ၏။ သူသာ နည်းနည်း စောစောရောက်လာခဲ့လျှင် သန္တာကျောက်တန်း ဘေးတွင် ရှိနေသည့် ဤမျှကြီးသည့် ငါးကြီးကို သတိမထားမိစရာ အကြောင်းမရှိ။ ကန်နေတဲ့သူပဲ မမြင်ဘဲ နေမှာ။
ကျန်သည့် ရီမိသားစုဝင်များသည်လည်း လူများအုံအုံကြွကြွ ဖြစ်နေသည်ကို မြင်ပြီး ရောက်လာကြ၏။ အဖေ ရီနှင့် အမေ ရီတို့၏ မျက်နှာထက်တွင် ပျော်ရွှင်သွားသည့် အမူအရာများဖြင့် ဝမ်းမြောက်ဝမ်းသာစွာ ဝိုင်းကူကြလေသည်။ သူတို့က စိတ်ထဲမှ နေ၍လည်း ရေရွတ်နေကြ၏။
"ဒီလောက်ကြီးတဲ့ ငါးကြီး သောင်လာတင်နေတာ မယုံနိုင်စရာပဲ..."
အနီးအနားတွင် လူများစွာဖြင့် စကားစမြည်ပြောဆိုသံများကလည်း အဆက်မပြတ်၊ လူတိုင်းက တစ်ပြိုင်တည်း ပြောဆိုနေကြသည်။
"အားသုန်း၊ မင်းကတော့ ဒီရက်ပိုင်း သိပ်တွေကံကောင်းနေပါလား ဟမ်၊ အားချိုင်ဆီက ကြားတာ မင်း မနေ့တနေ့ကပဲ ပင်လယ် ကကတစ်ကြီးတစ်ကောင်ကို သွားရောင်းခဲ့သေးတယ်ဆို"
"ဟုတ်တယ်။ ဒီနောက်ပိုင်း မင်း အရမ်း ကံကောင်းနေတာနော်၊ ဒီလောက်ကြီးတဲ့ ငါးကြီးကို အားဟွာက သတိမထားမမိဘဲ မင်းက ရှာတွေ့သွားတာဆိုတော့"
"ကျစ် ကျစ် ကျစ်၊ ကြည့်ရတာ မင်းတို့ ရီမိသားစုကတော့ ချမ်းသာတော့မဲ့ပုံပဲကွာ"
"မင်းတို့မိသားစု ခုရက်ပိုင်း စီးပွား သိပ်ဖြစ်နေတာနော်၊ ကြည့်ရတာ ဖုန်းရွှေက ကောင်းတဲ့ပုံပဲ"
ကူညီပေးဖော်တော့ မရဘူး၊ စကားကျတော့ တအားများကြတယ်။
ငါးကို အိတ်ထဲ အောင်အောင်မြင်မြင်ထည့်ပြီးနောက်တွင် နောက်ဆုံး၌ ရီရောင့်သုန်းက အားလုံးအား ;
"ခင်ဗျားတို့လည်း မြန်မြန်သွားပြီး ရှာသင့်တယ်နော်၊ ပြောမရဘူး တခြား ကျောက်ဆောင်တွေ ကြားထဲမှာလည်း ငါးကြီးကြီးတွေ ညှပ်ချင် ညှပ်နေမှာ"
"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်~"
လူတိုင်း အလျင်စလို လူစုခွဲလိုက်ကြကာ ပျင်းရိငြီးငွေ့ဖွယ် စကားများပြောဆိုရန်ပင် အလုပ်များလွန်းသွားကြပြီး ကမန်းကတန်း စတင်ရှာဖွေကြတော့သည်။ အချို့က ရေထဲသို့ အပြေးအလွှားပြေးဆင်းသွားကြ၏။
လင်းရှို့ချင်းက ငါးကြီးအား အိတ်ထဲသို့ ထည့်နေသည်ကို စိတ်လှုပ်ရှားစွာ ကြည့်ရင်း ပါးစပ်က သိမ်မွေ့စွာ လှုပ်ရှားသွား၏။
"ကျွန်မတို့ ရှာတာရပ်ပြီး ငါးကို အိမ်အရင် ပြန်သယ်သွားကြရအောင်လား"
ရီရောင့်သုန်းက သူ(မ)ကို ပြုံးပြီး ;
"ကျေနပ်သွားပြီလား"
သူ(မ)က ခေါင်းကို တစ်ဆတ်ဆတ်ညိတ်ပြလာ၏။
ကျေနပ်တာထက်ကို ပိုတယ် ; သူ(မ)မှာ တိမ်လွှာကိုးဆင့်ရောက်တဲ့အထိကို ပျော်လွန်းလို့။
သေချာပေါက်ပဲ Meile ပုတီးစေ့က သူ(မ)တို့အတွက် တကယ့်ကို ကံကောင်းခြင်းအဆောင်ပဲ။
အမေ ရီကလည်း စိတ်အားထက်သန်စွာနှင့် မေးမြန်လာ၏။
"ဒီငါးကြီး ကမ်းပေါ် ဘယ်လို သောင်လာတင်တာလဲ။ အရမ်းကြီးတာပဲ၊ ဒါ ဘာငါးကြီးလဲ"
အဖေ ရီက စကားဆက်လိုက်၏။
"ငါသာ မမှားရင် သေချာတယ်။ ဒါ အရွယ်ရောက်ပြီးတဲ့ မြီးဝါ ငါးပဲ"
သူ၏ အဖေတောင် မြီးဝါ ငါးဟု အတည်ပြုလိုက်ပြီဖြစ်ရာ မှားစရာကို မလိုတော့ချေ။
"ဒီငါးက အနည်းဆုံး တစ်ကျင်းကို ၂၀ ဆင့် တန်တယ်မလား။ ဒီလောက်ကြီးတဲ့ အရွယ်အစားနဲ့သာဆို၊ ယွမ် တော်တော်များများနဲ့ ရောင်းရမှာ၊ မဆိုးဘူး မဆိုးဘူး၊ ရောင့်သုန်းရဲ့ဒီရက်ပိုင်း ကံကြမ္မာက တော်တော်လေး ကောင်းနေတာပဲ"
အကြီးဆုံး အစ်မကလည်း အားကျမှုလေး အရောင်သန်းလာ၏။ သူ(မ)က ;
"အဖေ၊ ရောင့်သုန်းက ဒီရက်ပိုင်း ကံကောင်းနေတာဆိုတော့ သူ့ကို အဖေ ငါးဖမ်းထွက်ရင် လိုက်ခိုင်းလိုက်ပါ့လား။ ပြောမရဘူး၊ သူ အချီကြီး ဖမ်းမိချင်ဖမ်းမိနေဦးမှာ"
ရီရောင့်သုန်း မျက်စောင်း ထိုးလိုက်မိတော့၏။ အားလုံဟာလေ၊ သူ အေးအေးဆေးဆေးနဲ့ ပိုက်ဆံရှာစားနေတာကို မမြင်ချင်ကြဘူး.....
"ဟုတ်ပြီ၊ ကျွန်တော်က ကိစ္စမရှိဘူး။ ပင်လယ်ထဲသွားကြတာပေါ့!"
အဖေရီက တစ်ခဏ တွေးတောပြီး ခေါင်းညိတ်ကာ ;
"မနက်ဖြန် စမ်းကြည့်ကြတာပေါ့၊ မင်း လှိုင်းတော့ မမူးတတ်ဘူးမလား"
"အဲ့ဒါက ပြောလို့တော့မရဘူး၊ ကျွန်တော် အဝေးကြီးလည်း မသွားဖူးသေးတော့။ ပြီးတော့ ပင်လယ်ထဲမှာလည်း တစ်နေကုန် မျောမနေဖူးတော့..."
"ဒါဆိုလည်း အရင်းဆုံး စမ်းကြည့်ကြတာပေါ့"
အမေ ရီက မျှော်လင့်ချက် ရောင်ခြည်များဖြင့် ;
"လတ်လတ်ဆတ်ဆတ် ရှိတုန်း ဆိပ်ခံဆီ ငါးကို မင်းအဖေနဲ့ အတူတူ အရင် သယ်သွားကြ၊ အားချိုင် ဘယ်လောက်ပေးမလဲ မေးကြည့်ဦး.."
လင်းရှို့ချင်းကလည်း;
"ကျွန်မလည်း လိုက်ခဲ့မယ်၊ ကျွန်မမှာ ရောင်းဖို့ ကဏန်းပြာ နှစ်ကောင်နဲ့ ပင်လယ် ကကတစ်လည်းရှိသေးတယ်"
"မြန်မြန်သွားကြတော့"
တစ်မီတာကျော် အရှည်နှင့် ကျင်းရာကျော်အလေးချိန်ရှိသည့် ငါးတစ်ကောင်က မိန်းမကြီးတစ်ယောက်၏ အလေးချိန်နှင့် ဘာမှသိပ်မကွာလှချေ။ ထို့အပြင် ၎င်းက လုံးဝ မသေသေးပြီး တစ်ခါတစ်ရံ လှုပ်ခါလာတတ်၏။ အိတ်သာ ရှိမနေခဲ့လျှင် အခက်တွေ့လေရော့မည်။
အိတ်ထဲတွင် ပုံးတစ်ဝက်ကျော် နီးပါးရှိသည့် ပစ်ထည့်ထားသော ခုံးများလည်း ရှိနေကာ ပေါင်းလိုက်လျှင် ကျင်း ၁၀၀ ကျော် နီးပါးရှိသဖြင့် အတော်လေး,လေးလှ၏။
"ကံကောင်းလို့ လောင်ဇစ်က အိတ်ကို ကိုယ်နဲ့ မကွာသယ်လာဖို့ ဉာဏ်ရှိပေလို့ပေါ့....."
*(လောင်ဇစ် - မင်းအဖေ... ကိုယ့်ကိုယ်ကိုယ် arrogant ဖြစ်စွာ ရည်ညွှန်းသုံးနှုန်း)*
အဖေ ရီက သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး;
"မင်းကိုယ်မင်း ဘာကောင် ထင်နေတာလဲ"
"အမ်....ကျွန်တော့် သားတွေရဲ့လောင်ဇစ်ပေါ့"
"မင်း သားတွေက ဒီမှာမို့လို့လား"
"အဖေရာ၊ ဘာလို့ အတည်မှတ်နေရတာလဲဗျာ။ ဒါက ဒီတိုင်းပဲ ကျွန်တော် ပုံမှန် သုံးနေကျမို့လို့ ပါးစပ်ထဲ စွဲနေလို့ပါ၊ အဖေလည်း ကျင့်သားရသွားလိမ့်မယ်၊ ဟုတ်ပြီလား"
"မင်းကိုယ်မင်း 'လောင်ဇစ်' လို့ သုံးပြီး ငါ့ကို ပြောနေတာကို ငါက ကျင့်သားရသွားလိမ့်မယ်လို့ မင်းက ပြောနေတာလား၊ ဟမ်။ မင်း အရိုက်ခံချင်နေတာလား"
ရောင့်သုန်း တစ်ယောက် နှုတ်ခမ်းကို စေ့ပြီး စကားပြောနေသည်ကို ရပ်တန့်လိုက်တော့သည်။
လင်းရှို့ချင်းလည်း ဘေးမှ တိတ်တဆိတ်လိုက်ရင်းဖြင့် ရွှင်မြူးစွာ ပြုံးလာ၏။
အားကွမ်က ပင်လယ် ဖရဲစေ့ ထိုင်ဝါးရင်း အရောင်းအဝယ် လုပ်သည့်နေရာ၏ အဝင်ဝတွင် ထိုင်နေလေ၏။ သူက သားအဖနှစ်ယောက် အိတ်ကြီး တစ်လုံးဖြင့် ချဉ်းကပ်လာနေသည်ကို မြင်သည့်အချိန်တွင် ၎င်းက သူ့အာရုံကိုလည်း ဆွဲဆောင်နိုင်စေ၏။
"ဘာတွေ သယ်လာကြတာတုန်း"
"မှန်းကြည့်လေ"
"လူကိုတော့ သယ်လာကြတာ မဟုတ်ဘူးမလား"
"ခင်ဗျားက လူကုန်းကူသမား မို့လို့လား"
ရီရောင့်သုန်းမှာ ပြောစရာ စကားမဲ့သွားရ၏။
အားချိုင်က မတ်တပ် ထရပ်ကာ သူတို့ကို ပတ်ပြီးကြည့်လိုက်ပြီး အိတ်ထဲမှ လှုပ်ရှားမှုကို သတိထားမိလိုက်ကာ အံ့အားတသင့်ဖြင့် ...
"လူ မဟုတ်ဘူးဆိုရင်...ငါးများလား။ အဲ့လောက်တောင် ကြီးတယ်လား"
သားအဖ နှစ်ယောက် သူ၏ အရောင်းအဝယ်လုပ်သည့်နေရာပေါ် ပစ်တင်လိုက်ပြီး အဖေ ရီက လက်ခုပ်တီးကာ ...
"မြီးဝါ ငါးပဲ၊ ငါ ပြောတာ မှန်လားဆိုတာ မင်း တစ်ချက် ကြည့်ကြည့်လိုက်"
"ဒီလောက် ကြီးတဲ့ မြီးဝါ ငါးကြီးလား"
သူက အိတ်ကို ဖွင့်ပြီး စစ်ဆေးကြည့်လိုက်သည်။
"တကယ်ပဲ အရမ်းကြီးပြီး အတော်လေး ရှားတဲ့အကောင်ကြီး၊ ခဏလေး ငါ ပေတံ သွားယူပြီး အရှည်ကို တိုင်းကြည့်လိုက်အုံးမယ်"
သူက အနားရှိ ယိုယွင်းနေသည့် သစ်သားစားပွဲ၏ အံဆွဲကို ဖွင့်ကာ အတိုင်းအတာတိုင်း တိပ်ကို ထုတ်ပြီး တိုင်းကြည့်လိုက်သည်။
"၁.၂ မီတာ၊ တကယ် ကြီးတာပဲ.....ဒီကောင်ကြီးကို ချိန်စက်ပေါ် အတူတင်ပြီး ကြည့်ရအောင်၊ သေချာပေါက် ၁၀၀ ကျင်းတော့ ကျော်မှာပဲ"
"ဘုရားရေ၊ ၁၁၅ ကျင်းနဲ့ ၈ တေးလ်တောင်"
"မင်း ဘယ်လောက်ပေးမလဲ"
သားအဖ နှစ်ယောက်လုံး အားချိုင်ကို စိတ်အားထက်သန်သော မျက်လုံးများဖြင့် စိုက်ကြည့်လာကြသည်။
"၂၂ဆင့်၊ အား...၂၃ဆင့်....၂၅ဆင့်...၂၅ဆင့်..၂၅ဆင့်ပဲ...ထပ်ပိုပေးလို့ မရတော့ဘူး"
*(တစ်ကျင်းကို ၂၅ ဆင့်နှုန်းနဲ့ပါ)*
သားအဖ နှစ်ယောက်၏ နိုင်ထက်စီးနင်း အကြည့်များအောက်တွင် အားချိုင် တစ်ယောက် ဖိအားများကာ အနည်းငယ်လေး မလုံမလဲ ဖြစ်လာရပြီး ရွေးချယ်စရာ မရှိတော့ဘဲ သူ့ပေးသည့် ဈေးကို ထပ်ခါ ထပ်ခါ ပြောင်းလဲနေရတော့သည်။
"အစ်ကိုကြီး ချိုင်၊ အစ်ကိုကြီးအတွက် နစ်နာသွားဦးမယ်၊ ကျွန်တော်တို့က ကျွန်တော် လှေက ဖမ်းမိသမျှ ဟာတွေ အကုန်လုံးကို အစ်ကိုကြီးဆီကိုပဲ အမြဲယူလာပေးနေကြ၊ အဲ့ဒါကို အစ်ကိုကြီးက ဈေးအမြဲလျှော့ပေးနေတယ်၊ လာ လာ....အရင်ဆုံး ဆေးလိပ်လေး သောက်ပြီး စကားပြောကြရအုံး..."
ရီရောင့်သုန်းက သူ့ပုခုံးကို ဖက်ကာ အားချိုင်အတွက် အိတ်ကပ်ထဲမှ စီးကရက်အား ထုတ်ပေးလိုက်ပြီး မီးပါ ညှိပေးလိုက်၏။
ရောင့်သုန်း တစ်ယောက် စိတ်ထဲတွင်တော့ မညည်းတွားဘဲ မနေနိုင်ချေ။ သူ့ခမျာ မုန့်ဖိုးလေး နည်းနည်းပဲ ရှိတာမလို့ မသောက်ရက်ဘဲ ထား,ထားရတာ... ရက် အတော်ကြာသွားတာတောင် သူ သည်တစ်ထုပ်လေးကို ကုန်အောင် မသောက်ရသေးဘူး။
ပုပုကွကွနှင့် အားချိုင်က သူ့တံတောင်ဆစ်အောက်တွင် ပို၍ပင် သေးကွေးနေ၏။ နှစ်ယောက်သားက 'ဖက်တီးနှင့် ငဖောင်ရိုး' အတွဲလိုပင်။
"ညီအစ်ကို၊ ငါက ဈေးလျှော့ရတာ မဟုတ်ပါဘူးကွာ၊ ဒါက ငါးကိုက အဲ့လောက်ပဲ တန်းကြေးရှိတာမလို့ပါ၊ ငါ တတ်နိုင်သလောက် အမြင့်ဆုံးဈေးကို ပေးထားတာ"
"ချိုင်ကော၊ ခင်ဗျားက ကျွန်တော့်လို ဘာကောင်းမှန်းဆိုးမှန်းမသိတဲ့ တောသားလေးကို အနိုင်ကျင့်နေတာလား။ ဒီမြီးဝါ ငါးကို အမ်ဘာဂျက် (Amberjack) လို့လည်း ခေါ်တယ် မဟုတ်လား၊ ၁၀ ကျင်း၊ ကျင်း ၂၀လောက်ပဲ ဆိုရင်တော့ ချိုင်ကောကမ်းလှမ်းတဲ့ စျေးက မြင့်တာပေါ့ဗျာ၊ ဒါပေမယ့် အဓိက အချက်က ဒီကောင်ကြီးက ကျင်းတစ်ရာကျော် အလေးချိန်ရှိတဲ့ တစ်မီတာကျော်တောင် ရှည်တဲ့ အကောင်လေ၊ သေချာပေါက် ဒီဈေးနဲ့ ဘယ်တန်ပါ့မလဲ"
