Chapter 92

1.6K 147 0
                                    

အပိုင်း (၉၂)


လူ ခုနစ်ယောက် ဓာတ်မီး နှစ်လက်ဖြစ်ရာ ရိုးရှင်းစွာဖြင့် နှစ်ဖွဲ့ခွဲလိုက်သည်။

ပုရစ်များက ညအချိန်တွင် ပိုလို့ ဖမ်းကောင်းကြောင်းသိသဖြင့်လည်း ပင်စည်ကြီးကို ဓာတ်မီးထိုးလိုက်ချိန် နေရာအနှံ့တွင် ရှိနေကြပြီး နေ,နေသည့်နေရာကလည်း မြေပြင်နှင့် အတော်လေး နိမ့်သည့် နေရာတွင်။

မှောင်သွားသည်က အချိန် အတော်ကြာနေပြီ ဖြစ်ပြီး မြေဆီလွှာထဲမှ ထွက်လာပြီး သစ်ပင် ပင်စည်များ တစ်လျှောက် တွားသွားတတ်လာကြသည်။

လူ ခုနစ်ယောက်က ဖမ်းရန် ဆောင့်ကြောင့်ထိုင်လိုက်ကြသည်။ ၎င်းတို့က အတန်ကြာသည်အထိ တစ်နေရာပြီး တစ်နေရာ ရွေ့လျားနေခြင်းကြောင့်လည်း ဖမ်းဖို့က သိပ်မလွယ်ကူလှချေ။

"ချီးဟ။ နောက်ထပ် ခြင်အစုတ်ပလုပ် တစ်ကောင်ကို မိပြန်ပြီ"

"လခွမ်း။ အဲ့လိုမှန်း သိရင် ဘောင်းဘီရှည် ဝတ်ပြီး ထွက်လာခဲ့ပါတယ်ကွာ"

သူတို့၏ ညည်းတွားသံများကို နားထောင်ပြီးနောက် ရီရောင့်သုန်းနှင့် အားကွမ်တို့မှာ သူတို့ အလုပ်လုပ်ပြီးကတည်းက ဘောင်းဘီရှည်များကို ဝတ်ထားဆဲ ဖြစ်ပြီး ရေမချိုးရသေးသည်ကို ကျေနပ်သွားကြသည်။

ဆောင့်ကြောင့် ထိုင်နေရသည်က ခြေထောက်များ ထုံကျင်လာပြီး ခန္ဓာကိုယ် တစ်ခုလုံးကို ခြင်များကိုက်လာချိန်တွင် သူတို့ အလျှော့ပေးလိုက်ပြီး ဟိုကုတ်သည် ကုတ်,ကုတ်ရတော့သည်။

"တော်ပြီကွာ၊ ငါ မရတော့ဘူး၊ ဒီမှာ ခြင်တွေ အားကြီးပဲ။ သွားကြရအောင်၊ ဒီလောက်ဆို အမြည်းအတွက် လုံလောက်ပြီ"

"သွားမယ် သွားမယ်။ ငါ့အိတ်တွေလည်း ပြည့်လုနီးပြီ"

"နောက်တစ်ခါဆို ကြိုပြင်ဆင်လာရမယ်"

"ရေချိုးပြီးလို့ စွပ်ကျယ် ဝတ်လာခဲ့တာကိုကွာ။ မင်းတို့ ကောင်တွေနဲ့ ငါတော့ ရူးတော့မှာပဲ"

ရီရောင့်သုန်းက အိတ်ကို ဆွဲလိုက်ပြီး ;

"လေး၊ ငါးကျင်းလောက်တော့ ရှိမယ်၊ မင်းတို့ကောင်တွေက တစ်ယောက် နည်းနည်းစီ ယူသွားကြ၊ အားကွမ်ကတော့ မနက်ဖြန် သောက်ဖို့အတွက် များများ ယူသွားပြီး သိမ်းထားလိုက်၊ ကန်ထဲကနေ ငါးရလာလည်း မဆိုးဘူး၊ ပင်လယ်စာ ဝယ်ဖို့ ဆိပ်ခံဆီ သွားစရာ မလိုတော့ဘူးပေါ့၊ တစ်ခါတလေ ကန်ထဲက ပင်လယ်စာ စားရတာကလည်း မဆိုးဘူး"

"အေးဆို။ ငါဆို ဒီရက်ပိုင်း အခွံမာငါးတွေချည်း စားနေရတာ အန်တောင် အန်ချင်လာပြီ၊ အများကြီး တူးလာမိသွားတော့ နေ့တိုင်း ထိုင်စားနေရတယ်။ ပိုတဲ့ဟာကျတော့ အခြောက်ခံပြီး ပြန်စားနဲ့၊ နောက်တစ်ခါဆို အများကြီး မတူးတော့ဘူး"

"တောင်ပေါ်က အရင် ဆင်းကြမယ်။ နောက်မှ ဆက်ပြောကြ"

သူတို့အကုန်လုံ ခြင်ကိုက်ခံနေရပြီး ဟိုကုတ်သည်ကုတ်နှင့်ပင်။ ရီရောင့်သုန်းကတော့ လည်ပင်းနားတွင်သာ အနည်းငယ် ယားသလို ခံစားနေရသည်။

"ကန်ထဲသွားပြီး ပိုက်ကို ဆွဲကြည့်ရအောင် ဘယ်လောက်တောင် မိထားပြီးပြီလဲ မသိဘူး၊ ကြည့်ပြီးသွားရင် ပြန်ကြစို့၊ ဘာပဲဖြစ်ဖြစ် ငါတို့မှာထည့်စရာ ဘာမှပါတာ မဟုတ်ဘူး၊ မနက်ဖြန် မနက်ကျမှပဲ လာယူရအောင်"

"အားသုန်းက ဒီရက်ပိုင်း အလုပ် အရမ်းကြိုးစားနေတာပဲ၊ ကြည့်ရတာ ရုတ်တရက်ကြီး အများကြီး ရင့်ကျက်သွားသလိုမျိုး"

ဟောင်ဇီက သည်ရက်ပိုင်း အလုပ်များနေသဖြင့် ရီရောင့်သုန်းနှင့် အတော်ကြာ မတွေ့ဖြစ်ခဲ့ပေ။ ယနေ့ညတွင်တော့ အားသုန်းက နည်းနည်း ကွဲပြားနေမှန်း သူခံစားနေရသည်။ ယခင်ကဆို တစ်နေကုန် လျှောက်သွား ပျော်ပါးနေတတ်သူက ယခင်ကထက် အများကြီး ပိုပြီး ရင့်ကျက်တည်ငြိမ်လာ၏။

"လူသားပဲလေ၊ အရွယ်ရောက်ချိန်တန် ရောက်ရမှာပေါ့၊ မဟုတ်လား။ အလုပ်လုပ်တာကလေ...ဟူး၊ အတော်ပမ်းတာနော်၊ မင်း ကြည့်၊ ငါ အရင်ကထက် ပိုပြီး မည်းသွားတယ်မလား"

"တကယ်ပဲ၊ ငါလည်း ဒီရက်ပိုင်း အဖေနဲ့ အတူ ယွီကျင်းဆိပ်ခံဆီ သွားပြီး ပစ္စည်း ဝိုင်းကူသယ်ပေးနေတာ၊ ငါ နားလည်လိုက်ရတာကလေ၊ အဖေနဲ့အမေအတွက် လည်း မလွယ်ကူနေဘူးဆိုတာ"

ရီရောင့်သုန်းက သူ့ပုခုံးကို ပုတ်ပေးလိုက်ပြီး ;

"ဘာပဲဖြစ်ဖြစ်ပါ။ မင်း အလုပ်ကြိုးစားပြီး ပိုက်ဆံရှာဖို့ စဉ်းစားနေတာကလည်း အရမ်းကြီး နောက်မကျသေးပါဘူးကွာ၊ ငါတို့ ဘဝက အခုမှ သုံးပုံ တစ်ပုံပဲရှိသေးတာ"

"ဘဝက တိုနေရင်ရော"

"ငိုး ... အဲ့မှာ မင်းကိုယ်မင်းပဲ ကျိန်ဆဲနေလိုက်။ မင်း အသက်ရှင်နေရတာ ပင်ပန်းနေပြီမလား။ ငါကတော့ အသက် ၈၀ ထိ နေမှာ..."

"မင်း အသံ ကြားလိုက်ရသေးလား"

"ငါတို့ စကားပြောသံပဲ မဟုတ်ဘူးလား"

"မြင်စီးသံများလား။ ညဘက်ကြီး ကြောက်စရာကြီးကွာ၊ ငါ့ဆံပင်တွေတောင် ထောင်နေပြီ။ သွားကြရအောင်ကွာ"

"ငကြောက်ကောင်၊ ၈ နာရီတောင် ရှိဦးမှာ မဟုတ်သေးဘူး၊ ညသန်းခေါင် ၁၂ ထိုးဆိုလည်း မပြောတော့ဘူး"

ရီရောင့်သုန်း ဒီလူတွေရဲ့ ဦးနှောက် အလုပ်လုပ်ပုံကိုကြည့်ပြီး လက်ဖျားခါရတော့သည်။ သူ စကားအနည်းငယ် မပြောရသေးခင်၊ သူတို့က လမ်းကြောင်း လွဲသွားကြသည်။ သူ့မှာ အတော်လေး စဉ်းစားယူနေရသည်။

လူတစ်စုက စကားပြောလိုက်၊ အော်လိုက် တွန်းလိုက်ဖြင့် တောင်အောက်ကို သုတ်ချေတင်ဆင်းသွားကြပြီး ဆည်ကန်ရှိရာဆီ တစ်ခါတည်း ဦးတည်လိုက်ကြသည်။

"ငါ ဒီလို အလုပ် မလုပ်ရတာ အတော်ကြာသွားတော့ ခြင်ကိုက်တာလေးတောင် မခံနိုင်တော့ဘူး၊ အရင်တုန်းကတော့ ခြင်ကိုက်ခံရရင် ပျော်နေရော"

"အဲ့ဒါက မင်း အိုလာပြီဆိုတာ ပြနေတာလေ"

"ဒီနားက ကျွဲကောသီးတွေ မမှည့်သေးတာ နှမျောစရာပဲကွာ၊ မဟုတ်ရင် ငါ နည်းနည်းလောက် ခိုးလာခဲ့လိုက်ပြီ"

"နောက် နှစ်လလောက်နေရင် ပြန်လာကြစို့"

"မင်း အိမ် အနောက်က စိုက်ပျိုးခြံကဟာ ယူပါလား"

"ပြောနေတဲ့ပုံက မသိရင် မင်းကျ မခိုးဖူးတာကြလို့"

...

နွေရာသီ၌ လယ်ကွင်းများတွင် တိုက်ခတ်လာသည့် ညနေ လေညင်းလေးများက လတ်ဆတ်သည့် မြေဆီနံ့ သင်းသင်းလေးကို သယ်ဆောင်လာပြီး ဖားအော်သံများဖြင့် ပြည့်နှက်နေသည်။ မြို့ကြီးပြကြီးများလို ဆူညံသံဟူ၍ လုံးလုံး မရှိ၊ လမ်းကျဉ်းလေးတွင် သူတို့ အုပ်စု၏ စကြ နောက်ကြနှင့် ရယ်ရယ်မောမော ပြောဆိုနေသံများသာ ရှိနေ၏။

သူတို့ ကန်ဆီ ရောက်လာသည့် အချိန်တွင် ကျောက်တုံးကြီးတွင် ချည်ထားသည့် ကြိုးကို ဖြည်လိုက်ပြီး ကွန်ကို ‌ဖြည်းဖြည်းချင်း ဆွဲယူလိုက်သည်။

ဓာတ်မီးမှ အလင်းရောင်နှစ်ခုက မြေလှောင်ပိုက်ဆီ တစ်ချိန်တည်းဆိုသလို ရောက်သွားကြပြီး ပိုက်အပေါ်သို့ တဖြည်းဖြည်း ရောက်လာသည်နှင့် အားလုံးမှာ ကွန်ထဲတွင် ပုစွန်တုပ်ကြီးများနှင့် ကျောက်ပုစွန်များကို တစ်စွန်း တစ်စ တွေ့လိုက်ရသည်။

သူ ကွန်တစ်ခုလုံးကို အပေါ်သို့ဆွဲပြီးသွားချိန်တွင် ပိုက်၏ အခြေတွင် ပုစွန်တုပ်နှင့် ကျောက်ပုစွန်  အများအပြားကို တွေ့လိုက်ရသည်။

အားလုံးမှာ အလွန် ပျော်ရွှင်သွားကြသည်။ ကွန်ချထားသည်က အချိန်ခဏလေးသာ ရှိသေးသော်လည်း ဤမျှ အများကြီး ရလာလိမ့်မည်လို့ မမျှော်လင့်ထားကြချေ။

"ငါတို့ ထုတ်ဖို့လည်း ဘာမှမယူလာမိကြဘူး၊ အရင်ဆုံး ပြန်ချထားလိုက်မယ်၊ တစ်ည သိပ်ပြီး မနက်ဖြန်ကျမှ ထုတ်ရအောင်၊ မနက်ဖြန်ဆို အများကြီး ရလောက်မှာ သေချာတယ်။ တစ်ညတည်းနဲ့တော့ မသေသွားလောက်ပါဘူး"

သူ ယူလာသည့် အိတ်မှာလည်း ပုရစ်များဖြင့် ပြည့်‌သွားပြီ ဖြစ်ရာ ကွန်ကို ပြန်ချထားပြီး မနက်ဖြန်အတွက် ဟင်းစားရဖို့ ထားထားလိုက်သည်။

အားကွမ်ကလည်း နောက်ကွန် တစ်ခုကို ဆွဲတင်ကြည့်လိုက်ပြီး စိတ်ဝင်စားမှုများဖြင့် ;

"ငါ မင်းနဲ့ မနက်ဖြန် မနက်ကျ အတူသွားမယ်၊ ဒီမှာ ကျောက်ပုစွန် အတော်များသားဟ။ အရွယ်အစားကလည်း မသေးဘူး"

"မင်း နိုးတာနဲ့ ထလာခဲ့ကွာ။ ငါလည်း ဒီရက်ပိုင်း အစောကြီး အမြဲနိုးနေတာ"

"အိုခေ၊ ပြန်ကြစို့"

ကွန်ကို ပြန်ချလိုက်ကြပြီးနောက် လူအုပ်ကြီးမှာ ဝင့်ကြွားစွာ ပြန်လာခဲ့ကြသည်။

အပျော်တမ်း ခရီးတိုလေးက အလဟဿ မဖြစ်သွားချေ။ အားကွမ်၏ အိမ်က ရွာအဝင်ဝနှင့် အတော်လေး နီးသောကြောင့် အားလုံး သူ့အိမ်ကို အရင်ဝင်လိုက်ကြသည်။ မည်သို့ဆိုစေ သူ့အိမ်တွင် လူကြီးသူမ မရှိသောကြောင့် သူ့အိမ်သို့ သွားရသည်က အဆင်ပြေလှပြီး ပစ္စည်းများကို တစ်ခါတည်း ခွဲလိုက်ကြသည်။

ရီရောင့်သုန်း သူတို့ ယူပြီးကြသည်အထိ စောင့်ပြီးနောက်မှ အားကွမ်အတွက် လောင်းချလိုက်ပြီး၊ ထို့နောက် အိတ်အခြေတွင် အနည်းငယ် ချန်ထားလိုက်သည်။

"နည်းနည်းလောက် ထပ်ယူလိုက်အုံးလေ၊ ကျန်တာ မနက်ဖြန် သောက်ဖို့အတွက် သိမ်းထားလိုက်မယ်၊ ငါ့မိသားစုက လူသိပ်မများဘူး ငါ ညီမလေး နှစ်ယောက်ကလည်း ဒါတွေမ စားဘူး၊ မင်းမှာက မိသားစုများတယ်ဆိုတော့"

"အိုခေလေ။ ငါ့အိမ်မှာ မိသားစု အရမ်းများတယ်ဆိုတော့"

ရီရောင့်သုန်း သူ့ကို အားနာ မနေတော့ပါချေ။

သူ အိမ်သို့ ပြန်ရောက်လာချိန်တွင် အိမ်မှာ တိတ်ဆိတ် ငြိမ်သက်နေ၏။ အိတ်ကို ကြိုးဖြင့် ချည်လိုက်ပြီး မြေမီးဖို ဘေးရှိ ထင်းပုံထဲ ပစ်ထည့်လိုက်သည်။ မနက်ဖြန် မနက်ကျ သူ့အမေ မြင်သည့်အချိန် အလိုလို ဖြေရှင်းပေးလိမ့်မည် ဖြစ်သည်။

ဇနီးဖြစ်သူနှင့် ကလေးများ နိုးသွားမည်ကို စိုးသဖြင့် အင်္ကျီယူဖို့တောင် အခန်းထဲ ဝင်မနေတော့ချေ။ တစ်ခါတည်း နောက်ဖေးသို့သွားကာ အဝတ်စားများ ချွတ်ပြီး ဘောင်းဘီတိုဖြင့်သာ ရေချိုးလိုက်သည်။

လင်းရှို့ချင်းမှာ အိပ်မပျော်သေးပြီး ‌အပြင်ဘက်မှအသံကို ကြားသည့်အခါ ထထိုင်ပြီးစောင့်ကြည့်နေသော်လည်း တံခါးက အတန်ကြာမှ ပွင့်လာခဲ့သည်။

"မြစ်ထဲ ပိုက်သွားချမှာဆို၊ ဘာလို့ ဒီလောက်နောက်ကျရတာလဲ"

"တစ်လက်စတည်း ပုရစ်ပါ သွားဖမ်းနေလို့၊ ငါ နည်းနည်း ပြန်ယူလာခဲ့တယ် မနက်ကျမှ ‌အမေ့ကို ကြော်ခိုင်းမလို့"

"ညဘက်ကြီး ကွန်ကို ဒီတိုင်းထားခဲ့တော့ ကျွန်မတို့ဟာ မပျောက်သွားလောက်ပါဘူးနော်"

"ဟင့်အင်း၊ ငါ မနက် အစောကြီး ထပြီး သွားသိမ်းလိုက်ပါ့မယ်၊ ဒါကို စိတ်ပူနေလို့ ခုထိ မအိပ်သေးတာလား"

"မဟုတ်ပါဘူး၊ ကျွန်မ ခုနလေးကမှ ကလေးတွေသိပ်လို့ ပြီးသွားတာ၊ ခုပဲ အိပ်တော့မလို့"

ရီရောင့်သုန်း အဝတ်အစားသစ်ကို ယူဝတ်ပြီး ကုတင်ဘေးနားသွားကာ လက်ကို ကုတင် ခေါင်းရင်းတင်လိုက်ပြီး အနားတိုးကာ သူ့နဖူးကို သူ(မ) နဖူးဖြင့် ထိလိုက်ပြီး ;

"ငါ ပြန်မရောက်လာသေးလို့ အိပ်မပျော်တာလား"

"ပေါက်ကရတွေ၊ ရှင် ပြန်မလာရင် ပိုတောင်ကောင်းသေးတယ်၊ အိပ်ရာက ကျပ်မနေတော့ဘဲ ကောင်းကောင်း အိပ်လို့ရမှာ"

သူ(မ)က ဘေးဘက် တိုးသွားပြီး လှဲအိပ်ချတော့မလို့ပင် သို့သော် သူက သူ(မ)က ခိုးနမ်းလိုက်၏။

"မလိမ်ရဘူနော်။ ငါ ပြန်မလာရင် မင်း ငိုနေမှာမလား"

လင်းရှို့ချင်း သူ့ကို ရှုတည်တည် ကြည့်ပြီး အိပ်ရာပေါ် လှဲချလိုက်တော့သည်။

ရီရောင့်သုန်း တစ်ယောက် စိတ်ရွှင်နေ၏။ နေ့ဘက် ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီးနောက်တွင် ညဘက် သူငယ်ချင်းများနှင့် အပြင်ထွက်လာပြီး ပြန်ရောက်လာသည့်အချိန် မိန်းမလေးအား စနောက်ကျီစယ်ရသည်က သူ့ကို အတော်လေး လန်းဆန်းသွားစေ၏။


၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now