အပိုင်း (73)
အပြင်သို့ ရောက်သည်နှင့် သူ၏ အပျင်းတက်နေသည့် ခါးအား မဆန့်ထုတ်ရသေးခင် ရွာလူကြီးချန်နှင့် သူ့မိသားစုတို့ အလည် ရောက်လာသည်ကို မြင်လိုက်ရသည်။
"အိုး၊ ရွာလူကြီး ချန်ပါလား။ ဒီအချိန်ကျမှ ဘယ်ကနေဘယ်လို ရောက်လာတာတုန်း။ လာလေ၊ ထိုင်ကြပါဦး"
ရီရောင့်သုန်းက သူတို့ကို နှုတ်ဆက်လိုက်ပြီး လှမ်းအော်ကာ ;
"အဖေရေ၊ ရွာလူကြီး ချန် ရောက်နေတယ်"
သူ့အဖေက အခန်းထဲမှာလား၊ အိမ်နောက်ဖေးမှာလား မသိသဖြင့် အော်သာ ခေါ်လိုက်တော့သည်။
အဖေ ရီက ရောင့်သုန်း၏ အော်ခေါ်သံကြားပြီး နောက်ဖေးကနေ ဝင်လာရင်း ဘောင်းဘီကို အမြန်ဆွဲတင်ကာ ခါးပတ်တောင် ဝတ်လို့ မပြီးသေးချေ။
"အို့၊ ရွာလူကြီး ရောက်နေတာပဲ၊ ထိုင်ပါဦး၊ အတူတူ သောက်ကြရအောင်လေဗျာ။ ကျုပ်တို့ ဟင်းတွေလည်း ကျက်နေပြီ"
သူက လုံးဝကို ရှက်မနေပေ။ သဘာဝအတိုင်း ထိုင်ရန် ဖိတ်ခေါ်လိုက်ပြီး သောက်စရာ ချပေးလိုက်သည်။ သို့ရာတွင် ရီရောင့်သုန်းမှာမူ အနည်းငယ် ကို့ရို့ကားယားနိုင်နေရ၏။ သူ့အဖေ လက်ရော ဆေးခဲ့ရဲ့လားကို သူမသိချေ။
အိမ်ထဲကို သည်လို လောကြီးသုတ်ပျာနဲ့ ဝင်လာပုံထောက်ရင်တော့.....
ရွာလူကြီး ချန်က ပြုံးပြီး ;
"ရပါတယ်ဟ၊ မလိုပါဘူးကွာ၊ ငါတို့အိမ်မှာလည်း ချက်ပြုတ်ပြီးသွားပြီ၊ ငါ ဒီကို အထူးတလည်ရောက်လာရတာက ရောင့်သုန်းကို ကျေးဇူးတင်ချင်လို့၊ သူသာ အချိန်မီ မရောက်လာခဲ့ရင် ငါ့မြေးလေးဘဝတော့ မတွေးရဲစရာပဲ"
သူက စကားပြောရင်းဖြင့် သူ့ဇနီး လက်ထဲမှ ခြင်းကိုယူကာ ဖွင့်ပြလာပြီး အထဲထဲတွင် စီးကရက် နှစ်ဖာ၊ Maotai နှစ်ပုလင်း၊ စည်သွတ် အစာဘူး နှစ်ဘူးနှင့် နာမည်ကြီး ဒေသထွက် လက်ဖက် အဆာသွပ်မုန့်ဖြစ်သည့် စက္ကူအနီဖြင့် ပတ်ထားသော ကိတ် နှစ်လုံး။
ဤအရာမှာ သူတို့ လက်ခံရရှိဖူးသမျှထဲတွင် အကြီးကျယ်ဆုံးပင်။ Maotai တစ်ပုလင်းတည်းနှင့်တင် ဆယ်ယွမ်ကျော် ပေးရ၏။ ဧည့်ခန်းထဲရှိ ရီတစ်မိသားစုလုံးမှာ မှင်သက်သွားကြသည်။
အဖေ ရီက မျက်လုံးပြူး မျက်ဆန်ပြူးဖြင့်;
"ရွာလူကြီး၊ ဒါ..ဒါ ဘာလုပ်တာလဲ။ ရောင့်သုန်းက ဒီတိုင်း ကူညီပေးလိုက်တာပါ၊ ဒီပစ္စည်းတွေ မြန်မြန်ပြန်ယူသွားပါ။ ဒါတွေက ဈေးအရမ်းကြီးတာကို ဘာလို့ ဒီလောက်တောင် သုံးလာရတာလဲဗျာ။ သွားပြီး ပြန်သွင်းလိုက်ပါ"
ရီရောင့်သုန်းလည်း အံ့အားသင့်သွားရသည်။ ရွာလူကြီး ချန် ဤမျှ ရက်ရောလိမ့်မည်လို့ သူ မထင်မှတ်ထားချေ။ သူက ကလေး၏ အသက်ကို ကယ်နိုင်သလားဆိုသည်ကို သိချင်ခဲ့ရုံပင်။ သည်အရာ အားလုံး ပြန်ရရန် မျှော်လင့်ခဲ့ခြင်း မဟုတ်။ မည်သို့ဆိုစေ ဒါက အသက် တစ်ချောင်းနှင့် ဆိုင်သည့် ကိစ္စပင်။
"ဒါက သဘာဝပါပဲ ရီလောင်၊ မငြင်းပါနဲ့၊ ဒီကနေ့ ငါ့သားနဲ့ ချွေးမ ပြန်ရောက်လာတော့မှပဲ ငါ့မြေးလေးအတွက် ဘယ်လောက်တောင် အန္တရာယ်များခဲ့လဲဆိုတာ နားလည်တော့တယ်၊ ငါ့မြေးလေးအသက် ဆုံးရှုံးရတော့မလို့"
"ကျေးဇူးတင်တာ ဒီလို လက်ဆောင်ကြီးတွေ ယူလာဖို့ မလိုပါဘူးဗျာ၊ ကျုပ်တို့က တစ်ရွာတည်းသားတွေပဲ၊ တစ်ယောက်ကို တစ်ယောက် ကူညီတယ်ဆိုတာက ဖြစ်သင့်တဲ့ကိစ္စပါ။ ရောင့်သုန်းလည်း အများကြီး လုပ်ခဲ့ရတာမှ မဟုတ်ဘဲ ကလေးက ကံကောင်းသွားတာ သူ့ဘဝ ဆုံးရမဲ့ ကံမပါလို့သာ"
"မဟုတ်ဘူး။ ဆရာဝန် ပြောတယ်၊ ရောင့်သုန်း ရှေဦးသူနာပြုနည်း သုံးပေးလိုက်လို့သာ ငါ့မြေး ဆေးရုံရောက်တဲ့အထိ တောင့်ခံနိုင်ခဲ့တာ။ မဟုတ်ရင် သူ အသက်ရှု ရပ်နေလောက်ပြီ၊ မင်း ဒါကို လက်ခံမှရမယ်။ ဒါလေးက ကျေးဇူးတင်တဲ့ လက်ဆောင်သေးသေးလေးပါပဲ"
"မရပါဘူးဗျာ။ ကျုပ်တို့ ဒီလို လက်ဆောင်ကြီးကို လက်မခံနိုင်ဘူး၊ ကျေးဇူးပြုပြီး ပြန်ယူသွားလိုက်ပါ၊ တစ်ရွာတည်းနေ တစ်ရေတည်းသောက်ကြတဲ့သူတွေမလို့ တစ်ယောက်ကို တစ်ယောက်ကူညီပေးတာ ဒီလို ဈေးကြီးတဲ့ လက်ဆောင်တွေပေးဖို့ မလိုပါဘူး"
အဖေ ရီက လက်ခံရန် ငြင်းဆန်၏။ လက်ဆောင်ကို သဘောမကျခြင်း မဟုတ်သော်လည်း တစ်ယောက်ကို တစ်ယောက် ကူညီသည်က ဖြစ်သင့်သည်ဟု ထင်သောကြောင့်ပင်။ သည်လို တန်ဖိုးကြီးပစ္စည်းတွေကို သူ ဘယ်လိုလုပ်ပြီး လက်ခံထားလို့ဖြစ်ပါ့မလဲ။
"အိုး၊ ဒီပစ္စည်းလောက်လေးက ကလေး တစ်ယောက်ရဲ့အသက်နဲ့ မယှဉ်နိုင်ပါဘူး၊ ယူပါ၊ မြန်မြန်လက်ခံလိုက်"
"လက်ခံပေးပါ။ မငြင်းပါနဲ့တော့...."
"ကျွန်မတို့ ကျေးဇူးတင်တာလေးပါ..."
"ကျုပ်တို့ လက်ခံလို့ မဖြစ်လို့ပါ..."
"ပြန်ယူသွားလိုက်ပါဗျာ..."
မိသားစု နှစ်စုစလုံးက အပြန်အလှန် ပေးလိုက်၊ ယူလိုက်လိုက်နေကြ၏။ သူတို့ မျက်နှာထက်မှ အပြုံးကြောင့်သာ မဟုတ်လျှင် အခြေအနေ မသိသူ တစ်ယောက်က သူတို့ ရန်ဖြစ်နေကြသည်ဟု ထင်မှာ အသေအချာပင်။
သူတို့ ပေးလိုက်၊ ယူလိုက်လုပ်နေသည်ကို ကြည့်ပြီး ရီရောင့်သုန်းမှာ ကူကယ်ရာမဲ့သလို ခံစားနေရသည်။ ဤသည်မှာ တရုတ်လူမျိုးများ အပြန်အလှန် လက်ဆောင် ဖလှယ်ကြပုံပင်။ သူတို့က ငြင်းဆန်ရသည်နှင့် ယဉ်ကျေးသော စကားလုံးများ ဖလှယ်ရခြင်းကို နှစ်သက်ကြ၏။ အမှန်တွင် သူတို့ ပွင့်ပွင့်လင်းလင်း လက်ခံလိုက်လျှင် သူတို့ကိုမျက်နှာပျက်သွားစေသည်လို့ ထင်မြင်ကြခြင်းပင်။
ရီရောင့်သုန်း တစ်ယောက် နံရံကို မှီပြီး သူတို့ ယူလိုက်၊ ပေးလိုက် လုပ်နေကြသည်ကို ကြည့်နေလိုက်၏။ မည်သို့ဆိုစေ ဒါက သူ သည်တိုင်း လုပ်ပေးခဲ့သည့် အရာတစ်ခု ဖြစ်သောကြောင့် သူ့မိဘများ လက်ခံ၏၊ လက်မခံ၏က သူတို့အပေါ်မှာပဲ မူတည်သည်။
နောက်ဆုံးတွင် အဖေ ရီနှင့် အမေ ရီတို့မှာ ဆက်မငြင်းနိုင်တော့ပြီး မျက်နှာထက်တွင် အပြုံးကိုယ်စီဖြင့် လက်ခံလိုက်ကြသည်။
"ကလေးက သက်သာသွားပြီလား"
ရီရောင့်သုန်း အခွင့်အရေးရတုန်း မေးမြန်းလိုက်သည်။
"သက်သာသွားပြီး ဒီနေ့ပဲ ငါတို့ပြန်ခေါ်လာခဲ့တယ် အိမ်မှာ ရက်နည်းနည်းတော့ နားရမှာပေါ့"
အမေ ရီက ;
"ကလေးကတော့ ကြောက်သွားမှာပဲ၊ ဆေးဆိုင်သွားပြီး သူ့အာရုံတွေ ငြိမ်သွားအောင် ပုလဲမှုန့် ဝယ်တိုက်လိုက်ကြအုံးနော်"
"ကျွန်မတို့ ဝယ်ပြီးသွားပါပြီ၊ ကျွန်မတို့ အိမ်ပြန်ရောက်တာနဲ့ သူ့ကို ချက်ချင်းတိုက်မှာပါ၊ ည မအိပ်ခင်လည်း နည်းနည်း တိုက်ရမယ်"
ရွာလူကြီးမိန်းမက ပြောလာ၏။
အမေ ရီက လက်ကို Apron ဖြင့် သုတ်လိုက်ပြီး ရှက်ရွံ့စွာနှင့် ;
"အမ်း....အားလုံး ထိုင်ပြီး တစ်ခုခု စားသွားကြလေ၊ အစားအသောက်တွေက အဆင်သင့် ဖြစ်နေပြီ ဟင်းတွေက အကောင်းကြီးတော့ မဟုတ်ဘူးပေါ့နော်၊ ရွာလူကြီး လာမယ်ဆိုတာလည်း မသိထားတော့ ကောင်းကောင်းလေး မပြင်ဆင်ထားရ...."
"ရတယ်၊ မလိုဘူး၊ ငါတို့က ဒီကိုကျေးဇူးတင်ဖို့လာတာလေ ထမင်း လာစားတာ မဟုတ်ပါဘူးကွာ၊ ဘယ်အိမ်မှ အစားအသောက်တွေ အလျှံပယ် ဖြစ်နေတာ မဟုတ်တာကို ဘယ်လိုလုပ်ပြီး ငါ့ တစ်မိသားစုလုံကို ထမင်း စားဖို့ ခေါ်လာရမှာလဲ။ မင်းတို့ပဲ စားကြပါ မင်းတို့ပဲ စား..."
ရွာလူကြီး ချန်၊ အထဲသို့ ဝင်လာသည်နှင့် မြေမီးဖိုးပေါ်တွင် တည်ထားသည့် ကန်စွန်းဥ ဆန်ပြုတ်အိုးကြီးကို တွေ့လိုက်ရသည်။ သူတို့က အိမ်ဆောက်နေကြဆဲဖြစ်ရာ ဆန်ကို အလဟသ မသုံးချင်ကြပေ။ အဲ့ဒါကို သူက ဘယ်လိုလုပ်ပြီး သူ့ တစ်မိသားစုလုံးကို သည်မှာ ထိုင်စားခွင့်ပြုရမှာလဲ။
"ရပါတယ်။ ကျုပ်တို့ဆီမှာ ဆန် အလောက်အငှ ရှိပါတယ်။ ကျုပ်တို့ နောက်မှ တစ်အိုးတည်ပေး...."
"မလိုဘူးဆို။ ငါတို့ အိမ်ရောက်မှပဲ စားတော့မယ်။ အိမ်မှာ ဟင်းတွေ ချက်ထားပြီးပြီ၊ ငါတို့က မနက်ကတည်းက လာချင်တာ။ ဒါပေမဲ့ မင်းတို့က အိမ်သွားဆောက်တဲ့သူက ဆောက်၊ ပင်လယ်ထဲ ထွက်တဲ့သူက ထွက်နဲ့ဆိုတော့ အိမ်မှာ ဘယ်သူမှမရှိကြတာနဲ့ လာဖို့ ညစာ စားချိန်ထိ စောင့်နေခဲ့တာ"
မဟုတ်ရင် ဘယ်သူက သူများ ထမင်းစားချိန်ကြီး လာလည်မှာလဲ။ အဲ့လိုသာဆို သူတို့ ပုံစံက ထမင်းအလကား လာစားကြတဲ့ပုံစံတွေ ပေါက်နေပြီမလား၊ ဘယ်သူက ကိုယ့်အိမ်က ထမင်းကိုယ် တန်ဖိုးမထားလို့လဲ။ သူတို့အိမ်မှာတောင် စားဖို့ အနိုင်နိုင်နဲ့ကို...
ယနေ့ခေတ်အခါတွင် အိမ်လာလည်ကြသူများကာ သူများမိသားစု ထမင်းစာချိန်အထိ မနေတတ်ကြပေ။ သူတို့အိမ်ကနေ သူတို့ စားရန်အတွက် တစ်ပါးတည်း ယူလာလျှင်ယူလာ မဟုတ်လျှင် လုံးဝ မနေကြချေ။
ရွာလူကြီးမှာ တစ်ခဏ စဉ်းစားပြီး သူတို့ကို သတိပေးရန် လိုအပ်သည်ဟု ခံစားရကာ ;
"အို့၊ ငါ မင်းတို့ကို ပြောသင့်တဲ့ ကိစ္စတစ်ခု ရှိသေးတယ်၊ တို့ရွာက လင်ကျီရှန်းလေ။ ဒီနေ့ နေ့လည်က အုပ်ချုပ်ရေးမှူးရုံးဆီ သွားပြီး မင်းတို့ အိမ်ဝိုင်းကို သူ့ ဆွေမျိုးတွေက ဝယ်ချင်တယ်ဆိုပြီး လာပြောသွားတယ်၊ ငါ တားတော့ တားထားတာပေါ့ကွာ။ ဒါပေမဲ့ မင်းတို့လည်း ဂရုစိုက်ပြီးနေကြပေါ့"
"ဟမ်၊ ရွာမှာ မြေကွက်အလွတ်တွေမှ အားကြီးပဲဟာကို၊ ကျုပ်တို့မြေကိုမှ ဘာလို့လာပြီးမျက်စိကျနေရတာလဲ"
အဖေ ရီ တစ်ယောက် အံအားသင့်သွားတော့သည်။
အမေ ရီက ရုတ်တရက် နားလည်သွားဟန်ဖြင့်;
"မအံ့ဩတော့ပါဘူးအေ။ လင်ကျီရှန်းနဲ့ လူတစ်ချို့ ဒီမနက် ကျွန်မတို့ အိမ်ဝိုင်းဘက် ရောက်ရောက်လာကြတာကို"
"မင်းတို့ အိမ်အသစ်က ဖုန်ရွှေကောင်းတယ်ဆိုပြီး တစ်ရွာလုံး ပြောနေကြတာ။ ဒါကြောင့်လည်း မင်းတို့ဆီမှာ ဒီလောက် ကံတွေ အရမ်းကောင်းနေကြတာ ဆိုပြီးတော့လေ..."
"ဟမ်"
အားလုံး အလွန် အံ့အားသင့်သွားကြတော့သည်။ သည်လို အခြေအမြစ် မရှိတဲ့ ဖုန်ရွှေကြောင့်ပေါ့လေ။
ရီရောင်သုန်း ပြောစရာ စကားမဲ့သွားရ၏။ ဒါက သူ ပါးစပ်ထဲ ထွက်ရာ သည်တိုင်း လျှောက်ပြောလိုက်တဲ့ဟာကို...
သည်မြေသာ ဖုန်ရွှေကောင်းတယ်ဆိုရင် အရင်ဘဝက သူ ဘာလို့ အရမ်းမွဲသွားရတာလဲ။ အခုဖြစ်နေတာတွေက ကံကြမ္မာကြောင့်ပဲလေ၊ မဟုတ်ဘူးလား။
"ဘယ်လိုဖြစ်နိုင်ပါ့မလဲ။ ဘယ်ကမှန်းမသိတဲ့ ကောလဟာလကြောင့်နဲ့ ငါတို့မြေကို သူများက လာဝယ်ချင်နေတယ်ပေါ့"
ရီ တစ်မိသားစုလုံးအတွက် ယုံဖို့ခက်ခဲလေ၏။
အမေ ရီက ;
"ဒီမနက် သူတို့ထဲကနေလေ တတွတ်တွတ်ရွတ်နေတဲ့ အဖိုးကြီး တစ်ယောက်ကိုပါ တွေ့လိုက်သေးတယ်၊ ဒါဆို သူက ဖုန်ရွှေကို တွက်နေတာပေါ့"
"မင်းတို့မိသားစုကလည်း ခုရက်ပိုင်း လူပြောများနေတာဆိုတော့"
"လင်ကျီရှန်းရဲ့ဘယ်အမျိုးကတဲ့လဲ။ သူတို့က ဘယ်ဇာတိကလဲ"
ရီရောင့်သုန်းက ဝင်မေးလိုက်၏။
သူ၏ ယခင်ဘဝက လင်ကျီရှန်း၏ မိသားစုမှာ ချမ်းသာကြသည်။ ပြောကြသည်က သူတို့တွင် မြို့နှင့် ပြည်နယ်များအနှံ့ အိမ်များရှိကြသည်ဟူ၍။ အရင်ဘဝတုန်းက သူတို့အိမ်ဝိုင်းကို သူတို့ဝယ်ချင်ပါတယ်လို့လည်း တစ်ခါမှ မပြောဖူးပါဘူး။ ကြည့်ရတာ နည်းနည်းပါးပါး ပြောင်းလဲသွားပုံပဲ..။
"ငါလည်း သေချာမသိဘူးကွ။ သူက ဘာမှမပြောဘူး၊ သူက ငါ့ကိုတောင် အဲ့မြေမှာ ဂရမ် ရှိ၊ မရှိကို သက်သေပြခိုင်းနေတာ၊ ငါကလည်း မင်းတို့ကို ဂရမ် အမည်ပေါက် ပေးထားပြီးသွားပြီဆိုတာရော၊ ရွာကော်မတီကပါ မှတ်ပုံတင်ထားတာကို လက်ခံပြီးကြောင်း ပြောပြပေးလိုက်ပါတယ်။ သူ့ကိုလည်း နောက်မြေ တစ်နေရာကိုသာ ရှာဖို့ပြောထားတယ်"
"ကောင်းတယ်။ ကျုပ်တို့ကဖြင့် အုတ်မြစ်ကိုတောင်ချပြီးသွားလို့ အိမ်တောင် စဆောက်တာမဲ့ဟာကို၊ ဘယ်လိုလုပ်ပြီး သူတို့ကို ရောင်းပေးလို့ရမှာလဲ"
အဖေ ရီက ပြောရင်းမျက်မှောင်ကြုတ်ထား၏။ အိမ်၏ ဆောက်လုပ်ရေးမှာ စတင်ရုံကာရှိသေး ယခုတွင် မမျှော်လင့်ထားသည့် အနှောင့်အယှက်က ပေါ်လာ၏။
"သူ လက်လျော့လိုက်ပြီလားရော၊ သူ့ ဆွေမျိုးက ဘယ်သူဆိုတာရော ငါ မသိဘူး၊ ငါတို့ ရွာမှာ ဖြစ်သွားတာ သိပ်မကြာသေးပေမဲ့ သတင်းက တော်တော်တော့ ပျံ့နေပြီ၊ ဘာပဲဖြစ်ဖြစ် သတိတော့ထားပေါ့ကွာ၊ မင်းတို့က ပိုက်ဆံလည်းပေးပြီးပြီ ဂရမ်လည်း ရထားပြီးပြီဆိုတော့ အဲ့မြေက မင်းတို့ အပိုင်ပဲ၊ ဘယ်သူကမှ အတင်း အဓမ္မ ယူလို့ မရဘူး"
"အင်း၊ ကျုပ်တို့ကို ပြောပြပေးတာ ကျေးဇူးပါပဲ"
ရွာလူကြီး ချန်က အလျင်အမြန် ဖြည့်စွက်လာ၏။
"ဒါဆိုလည်း မင်းတို့တွေ စားကြတော့လေ။ ငါတို့ မင်းတို့ကို ဆက်ပြီး မနှောင့်ယှက်တော့ဘူး"
"ခဏနေပြီး သောက်သွားပါဦးလား။ ကျုပ်တို့ အိမ်မှာ ဆန်ဝိုင် ရှိ..."
"တော်ပါပြီ တော်ပါပြီ။ ငါတို့လည်း ညစာ စားဖို့ အိမ်ပြန်ရတော့မယ်..."
