Chapter 75

2.5K 181 8
                                    

အပိုင်း (75)


လင်ကျီရှန်းက ပြုံးပြီး ;

"ဒီကိစ္စတွေက ညှိနှိုင်းလို့ ရပါတယ်ဗျ၊ အစ်ကိုတို့ ပြန်ရောင်းပေးချင်သရွေ့ အဆင်ပြေတယ်"

ဤနေရာကာ တံငါရွာငယ်လေး တစ်ရွာ ဖြစ်ပြီး ရွာတစ်ဝက်နီးပါးက ဆွေမျိုးများ ဖြစ်ကာ ကျန်တစ်ဝက်မှာ တစ်နည်းနည်းဖြင့် ဆက်နွယ်နေကြ၏။ ထို့အပြင် အကယ်၍ သူတို့သာ မြေဝယ်လိုလျှင် သေချာပေါက် ယဉ်ကျေးပျူငှာစွာ ပြောဆိုရပေမည်။

"ဟမ်။ မင်းတို့က ဈေးမြင့်ပေးပြီး ဝယ်မလို့လား။ ဒီနေရာမှာ ငါတို့ သုံးအိမ်ရဲ့အုတ်မြစ်တွေ ချထားပြီးပြီဆိုတာ မင်းတို့ သိသင့်တယ်နော်"

"ကျွန်တော်တို့ ထိုင်ပြီး စကားပြောကြရအောင်လား။ နေရောင်အောက်ကြီးမှာ ဒီလိုမျိုး ပြောနေရတော့ သိပ်အဆင်မပြေဘူးလေ၊ နော့်"

"အချိန် မရှိဘူး။ ငါတို့ အလုပ်များနေတယ်၊ အိမ်ပြောင်းလို့ရအောင် ငါတို့ အိမ်သစ်ကို အမြန်ဆောက်ရမှာ၊ မင်းတို့ သိလား၊ ဒီနေရာက ဖုန်ရွှေသိုက်ကြီးဆိုတာလေ။ ငါတို့ ဒီမြေကို ဝယ်ပြီးကတည်းက အိမ်မှာ ငွေတွေ ဝင်လိုက်တာမှ ပြောမနေနဲ့၊ သူများတွေထက်လည်း ငါးတွေ ပိုဖမ်းမိတယ်၊ ဒီလောက် ကောင်းတဲ့ နေရာမျိုး အိမ်မြန်မြန်ဆောက်ပြီး မြန်မြန် ပြောင်းလာနေရမယ်"

ရီရောင့်ဟွာ တစ်ယောက် ကြောင်တောင်တောင်ဖြင့် ရီရောင့်သုန်းကို ကြည့်လိုက်သည်။ သူတို့မြေက ဘယ်တုန်းကနေ ဘယ်လိုလုပ်ပြီး ဖုန်ရွှေသိုက်ကြီးဖြစ်သွားရတာလဲ။

သည်ရက်ပိုင်းတွေမှာ အားသုန်း တစ်ယောက်တည်းပဲ အချီကြီးတွေ ဖမ်းမိနေတာ မဟုတ်ဘူးလား။ ပြီးတော့ သူတို့ ပုံစံတွေကလည်း အရမ်ကြီး အဆင်ပြေနေတဲ့ပုံပေါ်နေလို့လား။

ဟိုဘက်အခြမ်းမှ သုံးယောက်သားက အချင်းချင်းအကြည့် ဖလှယ်လိုက်ကြပြီး အခြေအနေတွေက ကိုင်တွယ်ရ မလွယ်ကူလောက်တော့မှန်း သိလိုက်ကြသည်။

"ဦးလေး ရီက ဒီမှာ ရှိမနေတော့ သူပြန်လာတဲ့ ညနေလောက်ကျမှပဲ ကျွန်တော်တို့ ပြန်လာခဲ့ပါ့မယ်"

သူတို့က သုတ်ချေတင် ရောက်လာကြပြီး လောကြီးသုတ်ပျာ ပြန်ထွက်သွားကြသည်။

ရီ ညီအစ်ကို နှစ်ယောက် အလောတလျင် ထွက်သွားကြသည့် ပုံရိပ်များကို ရပ်ကြည့်နေကြ၏။

သူတို့ အဝေးသို့ ရောက်သွားသည့်အချိန်မှ လင်းရှို့ချင်းက ;

"သူတို့တွေ အဲ့ဖုန်ရွှေတွေ ဘာတွေကို တကယ်ပဲ ယုံကြတာလား။ ကျွန်မတော့ အရမ်းဆန်းကြယ်တာပဲလို့ ဘာလို့ခံစားနေရလဲ မသိ"

"သူတို့ တတ်ယောင်ကားတွေရဲ့ အညာမိသွားတာနေမှာပေါ့၊ ဘာပဲဖြစ်ဖြစ် ဒီနေရာကို ဖုန်ရွှေသိုက်လို့ပဲ ပြောထားကြတာပေါ့၊ ရေတက်ရင် လှေလည်းမြင့်မှာပဲ ဆိုတဲ့ စကားပုံ ကြားဖူးတယ်မလား"

"တကယ်ပဲ ရောင်းတော့မလို့လား။ ငါတို့တွေ တောင်တွေ မြစ်တွေကနေ ပစ္စည်းတွေ အများကြီး သယ်ထားရတာလေ"

"စိတ်ပူမနေနဲ့၊ သူတို့သာ တကယ် ဝယ်ချင်ရင် ဈေးမြင့်ပေးမှပဲရမယ်၊ သူတို့ မပေးနိုင်ရင် ငါတို့ မရောင်းဘူး၊ အရှုံးခံပြီးတော့ ရောင်းလို့ မဖြစ်ဘူးလေ၊ ဟုတ်တယ်မလား။ ဘာပဲဖြစ်ဖြစ် ဒီနေရာက ဖုန်ရွှေသိုက်ကြီးပဲဟာ၊ အားလုံးလည်း ခုရက်ပိုင်း ငွေခဏခဏ ဝင်နေကြတာပဲမလား၊ တစ်ချို့စီးပွားရေးသမားတွေက ဒီလို ထူးဆန် ထွေလာတွေကိုမှ ယုံကြည်ကြတာလေ"

ရီရောင့်သုန်းက အေးအေးဆေးဆေး လက်လျှောက်သွားကာ အရိပ်ရ အပင်ကြီး အောက်တွင် ထိုင်ချလိုက်ပြီး အလုပ် ဆက်လုပ်ရန် အစီအစဉ် မရှိတော့ပေ။ ဤမြေကိုသာ ရောင်းလိုက်လျှင် သူ့အတွက် အမြတ်အစွန်း တော်တော်ထွက်လောက်မည်ကို စဉ်းစားနေလေ၏။

ဈေးမြင့်မြင့်ဖြင့် ရောင်းလို့ရလျှင် သူ သေချာပေါက် ရောင်းလိုက်မည် ဖြစ်သည်။ ပိုက်ဆံရမည့် အခွင့်အလမ်းကို သူ အလဟဿ မကျော်သွားချင်ပေ။ အိမ်က မည်သည့်နေရာတွင် မဆို ဆောက်လို့ရပြီး ဤရွာငယ်လေးတွင် မြေကွက်အလွတ်များစွာ ရှိရာ သူတို့အတွက် တစ်ခြား‌နေရာ ရှာလိုက်ရုံလေးပဲ ဖြစ်သည်။

လင်းရှို့ချင်းမှာ သူပြောသည့် ဤမြေကာ ဖုန်ရွှေသိုက်ကြီးဆိုသည့် စကားကို ယုံကြည်စ ပြုနေလေပြီ။

ရီရောင့်ဟွာလည်း ထို့အတိုင်း ခံစားရကာ ;

"ငါတို့မြေက တကယ်ပဲ ဖုန်ရွှေသိုက်ကြီးလား။ ဒါဆို မရောင်းတော့ဘူးလေကွာ။ ဒီလို ဖုန်ရွှေကောင်းပုံမျိုးနဲ့ဆို ငါတို့ မိသားစုတွေ ကြီးပွားတော့မှာလေ"

ရီရောင့်သုန်းမှာ အစ်ကိုလတ်အား ပြောစရာ စကားမဲ့စွာ ကြည့်လိုက်ပြီး;

"ကျွန်တော် ပေါက်တက်ကရ ပြောတဲ့ စကားတိုင်း  အစ်ကို ယုံတာပဲလား"

"သူ မနေ့ မနက်ကပဲ ဖုန်ရွှေ တွက်တဲ့ ဆရာတစ်ယောက် ခေါ်လာခဲ့တယ်မလား"

"အဲ့လို ပြောရကြေးဆို အရင်က အစ်ကို့ရဲ့သားကို ထိပ်တန်း ပညာရှင် တစ်ယောက် ဖြစ်မယ်ဆိုပြီးဟောခဲ့တဲ့ ဗေဒင်ဆရာ တစ်ယောက် ရှိတယ်မလား။ အဲ့ဒါကိုရော အစ်ကိုက ယုံတယ်ပေါ့"

"အမ်....မယုံပါဘူး..."

သူ့ရဲ့ဒုတိယတူက ရေမှော် ရိတ်တဲ့သူ ဖြစ်လာတာလေ....

"ရှင်းပြီလား၊ အဲ့တော့ ဟိုလူလိမ်တွေ ပြောတာကိုပဲ နားထောင်ကြရအောင်။ သူတို့က ဒီ‌နေရာကို ဖုန်ရွှေသိုက်လို့ ပြောရင် ဒါက ဖုန်ရွှေသိုက်ပဲ၊ အဲ့ခါကျမှ ကျွန်တော်တို့ ရောင်းတဲ့အခါကျ အမြတ် ပိုထွက်လာမှာပေါ့"

မိသားစုက ဆင်းရဲလွန်းသည် ဖြစ်ရာ စျေးမြင့်မြင့်ဖြင့် ရောင်းပြီး အမြတ်အစွန်း ယူမှ ဖြစ်မည်။ သူတို့အတွက်က မြေကွက် အသစ်ကို ရှာပြီး ထိုနေရာတွင် အိမ်တစ်လုံး ဆောက်ကာ အပိုငွေ အနည်းငယ်လည်း စုဆောင်းလို့ ရနိုင်ပေသည်။

သူ ကမ်းခြေ အရှေ့နားက ကုန်းမြေကြီးကို လှမ်းကြည့်လိုက်သည်။ ပင်လယ်လေးနဲ့မျက်နှာချင်းဆိုင်၊ နွေဦးဆိုလည်း နွေးပြီး ပြီးပြည့်စုံနေသည်က ဖုန်ရွှေထက်ပင် ပိုကောင်းသေးတယ်။

သူ၏ ယခင်ဘဝက ရွာတွင် ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးလာပြီး အိမ်ယာမြေ အကျယ်အဝန်း ဖန်တီးနိုင်ရန်အတွက် ကမ်းခြေရှေ့တွင် ရွှံ့မြေများ ဖြည့်လိုက်ကြသည်။ ထို့နောက် ဗီလာအများအပြားဆောက်ပြီး နောက်ကျောဘက်ကို တည်းခိုခန်းများအဖြစ် ပြောင်းလဲလိုက်ကာ စီးပွားရေးများက တစ်ဟုန်ထိုး တိုးတက်လာ၏။

ယခုတွင် ကမ်းခြေက မြေမဖြည့်ရသေးသော်လည်း ဘေးပတ်ပတ်လည်တွင် နေရာလွတ်တွေ အများကြီး ကျန်နေသေး၏။ ဆယ်စုနှစ် အနည်းငယ်အတွင်းတွင် မြေကွက် တစ်ကွက်ကို ကြိုသိမ်းလျှင် ဖြိုဖျက်မှုအတွက် လျော်ကြေးငွေကို ရရှိနိုင်သည်။

အစောကတည်းက သူ့အဖေက အိမ်ဆောက်ပြီး မိသားစုခွဲနေရန် ပြောဖူးသော်လည်း သူပြန်လည်မွေးဖွားလာခြင်းနှင့် ပတ်သက်ပြီး ကျင့်သားယူနေရသေးသည်ဖြစ်ရာ အတွေများက ကစဉ့်ကလျားနှင့်။ အခုတော့ သည်အခွင့်အရေးကို အကောင်အထည်ဖော်လို့ ရပြီကွ။

သူက တောင်ပေါ်တက်ပြီး အလုပ်လုပ်ရန် လှည်ကိုတွန်းနေသည့် လင်းရှို့ချင်းကို တားလိုက်ပြီး;

"နားပါဦးကွာ။ အလုပ်တွေ အရမ်း လုပ်မနေနဲ့၊ အမေ ခဏနေ အစာအသောက် လာပို့တဲ့အခါကျရင် ဒီအကြောင်းတွေ ပြောပြလိုက်"

"ဒါပေမဲ့..ကျွန်မတို့ အလုပ်ကို အချိန်ဆွဲ လုပ်နေလို့ မဖြစ်ဘူးလေ"

"ငါတို့ ကမ်းခြေရှေ့မှာ အိမ်ဆောက်ရင် ဘယ်လိုသဘောရလဲ။ ပြတင်းပေါက်လေး ဖွင့်လိုက်တာနဲ့ ပင်လယ်ကို လှမ်းမြင်နေရပြီ၊ ပင်လယ်လေးကို မျက်နှာချင်းဆိုင်ပြီး နွေဦးလေလေးကို ခံစားရင်း...မင်း ပြောကြည့်၊ မမိုက်ဘူးလား"

လင်းရှို့ချင်းက စိတ်ဆိုးမာန်ဆိုးဖြင့် ;

"ရှင်ဟာလေ၊ ပေါက်တက်ကရတွေ၊ ကျွန်မတို့ အရင်က ပင်လယ် မမြင်ဖူးလို့လား ဟမ်၊ တိုင်ဖွန်ရက်တွေဆို လှိုင်း တစ်လုံးတည်းနဲ့တင် အိမ်ပါ မျောသွားမယ်"

"ကမ်းခြေနဲ့ အရမ်း အနီးကြီး သွားမဆောက်နဲ့ပေါ့ကွာ၊ လှိုင်းမရောက်တဲ့ နေရာလွတ်တွေမှ အများကြီးပဲဟာကို၊ ဒီရေတက်လာရင်လည်း အိမ်တံခါးရှေ့ ရပ်ကြည့်ရုံနဲ့ မင်း သိမှာပဲမလား၊ ပြီးတော့ ပင်လယ်ကိုလည်း အချိန်မရွေး သွားတူးလို့ ရသွားပြီ"

သူ(မ)က စဉ်းစားကြည့်လိုက်ပြီး သူပြောသည်ကလည်း အကျိုးအကြောင်းသင့်လှကြောင်း ခံစားရလေသည်။ အိမ်မှာနေရုံဖြင့် ဒီရေတက်လာလျှင် သိနိုင်ပြီး ကမ်းခြေကိုလည်း အခြားသူများထက် အရင်စောသွားနိုင်ပေသည်။

"ဒါဆို...ဟိုသုံးယောက် ညနေဘက် ပြန်ရောက်လာရင် ဒီမြေကို ရောင်းလိုက်တော့မှာလား"

"အင်း၊ ဒါကတော့...ငါတို့က လွန်ခဲ့တဲ့ရက်ကမှ ဆောက်လုပ်ရေး ပြန်စတာ။ ပြီးတော့ အုတ်မြစ်ကလည်း အပြီးသတ်ရုံလေးပဲဆိုတော့ ဟိုလူတွေ ဘယ်လောက် ကမ်းလှမ်းမလဲ အရင်ကြည့်ကြတာပေါ့၊ အုတ်မြစ်အတွက် ယွမ် ၃၀၀ လောက်က သုံးထားပြီးသွားပြီ။ အလုပ်သမားတွေကလည်း ဒီရက်တွေအတွက် အလုပ်လုပ်ပြီးကြပြီဆိုတော့ ပေးရမဲ့လုပ်အားခကတော့ မနည်းဘူး။ စားစရိတ်သောက်စရိတ်ကလည်း ရှိသေးတယ်၊ အဖေ ဘာပြောမလဲ ကြည့်ရအောင်"

သူ ဆုံးဖြတ်ချက်ကို လွယ်လွယ်ချလို့ မဖြစ်၊ အိမ်ဆောက်ဖို့ ပိုက်‌ဆံတွေက သူ့မိဘတွေ ပေးထားတာဆိုတော့...

"အို့"

တစ်စုံတစ်ယောက်က သူတို့ မြေကို မျက်စိကျနေပြီဆိုကတည်းက ရီရောင့်သုန်းလည်း အလုပ် ကြိုးစားမနေတော့ချေ။ အဖေကလည်း ရောင်းဖို့ သဘောတူချင် တူလောက်မှာပေါ့၊ ပြောမရဘူးလေ...။

သူ အလုပ်ပြီးသည်နှင့် အိမ်ပြန်ရောက်လာသည့်အချိန်တွင် ယနေ့ ဖမ်းမိလာသည်က ပျမ်းမျှလောက်ပဲဆိုတာ သိလိုက်ရသည်။ ငါး ရောင်းရငွေက ၂၈ ယွမ်သာ ရှိပြီး ဒီဇယ်ဖိုးကို နုတ်လိုက်လျှင် ၂၂ ယွမ်၊ ၂၃ ယွမ်သာ ကျန်တော့သည်။

မနေ့ကနှင့် ယှဉ်လျှင် အတော်လေး နည်းပေ၏။

လင်းရှို့ချင်းနှင့် ခယ်မ နှစ်ယောက် ပြန်ရောက်လာကြသည်နှင့် သူတို့က အနားပင်မယူဘဲ ငါးအူများကို စပြီးထုတ်ကြသည်။ သူတို့တွင် ငါးဖမ်းရန် လှေတစ်စင်း ရှိကတည်းက တစ်နေ့ကို သူတို့ သတ်သည့် ငါးပမာဏကာ တခြားသူများ ဘဝ တစ်သက်စာလုံး သတ်သည့် ပမာဏနှင့် ညီမျှလေ၏။

အဖေ ရီကလည်း ယနေ့တွင် သူတို့ အိမ်ဝိုင်းကို တစ်စုံတစ်ယောက် လာသွားပြီး ထိုမြေအား ဝယ်ချင်ကြောင်း ပြောသွားသည်ကို သိလေသည်။ သူက ဆေးတံကို သောက်ရင်း ရောင်းရင် ကောင်းမလား၊ မရောင်းရင် ကောင်းမလား စဉ်းစားနေ၏။

"မင်း ဘယ်လိုထင်လဲ"

အဝတ်အစား ဗလာနှင့် ရီရောင့်သုန်းက ခုံပေါ် ခြေထောက် တစ်ချောင်း ပစ်တင်လိုက်ပြီး သူ့ကိုယ်သူ ယပ်ခပ်ကာ ;

"ရွာမှာက မြေလွတ်တွေ အများကြီး ရှိနေသေးတာပဲ၊ ကျွန်တော်တို့ ဘယ်နေရာမှာပဲ ဆောက်ဆောက်အဆင်ပြေတာပဲမလား။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ခက်ခဲအောင် လုပ်နေစရာမှ မလိုတာ၊ ပြီးတော့ အိမ်ကလည်း မပြီးသေးဘူး၊ အုတ်မြစ်လေးချပြီး ကျောက်လေး နည်းနည်းပါးပါး ချထားရုံပဲ ရှိသေးတာ"

ရီရောင့်ဖုန်ကလည်း ;

"သူတို့ ဘယ်လောက်ပေးနိုင်လဲ ကြည့်ကြတာပေါ့၊ ဒီရက်တွေမှာ လုပ်ထားခဲ့တဲ့ အလုပ်တွေကို အလဟဿတော့ အဖြစ်မခံနိုင်ဘူး"

ရီရောင့်ဟွာက လက်နှစ်ဖက်ကို ပွတ်ပြီး ပြုံးရင်းဖြင့် ;

"ကျွန်တော်တို့ မြေက ဖုန်ရွှေသိုက်ကြီးပဲဟာ၊ သူတို့ ဈေးကောင်းတော့ ပေးလောက်ကြမှာပါ၊ ဟုတ်တယ်မလား"

"ကျွန်မတို့ မြေက ဖုန်ရွှေသိုက်ကြီးပါလို့ သတင်းဖြန့်လိုက်ရင်ရော ဘယ်လိုလဲ။ အဲ့လိုဆို သူဌေးတွေကို မြှားနိုင်သွားပြီး လေလံတင်ပြီးတော့တောင် ရောင်းလို့ ရချင်ရလောက်မှာ"

အဖေ ရီနဲ့ အမေ ရီက စိုက်ကြည့်ပြီး ;

"မကောင်းပါဘူးကွာ၊ သူတို့ ငါတို့ကို အတုအယောင်တွေလို့ ပြောပြီး ပြဿနာ ရှာကြရင် ဘယ်လိုလုပ်မလဲ။ လင်ကျီရှန်းနဲ့ တစ်ခြားလူတွေက သူတို့ဘာသာ သူတို့ လာကြတာ၊ အမှန် မဟုတ်ရင်တောင်မှ ငါတို့နဲ့ ဘာမှမဆိုင်ဘူး"

"ကျွန်တော် ရေသွားချိုးတော့မယ်၊ သူတို့ လာရောလာပါ့မလားကို ဘယ်သူသိပါ့မလဲ။ တစ်နေကုန်အလုပ်လုပ်ထားရတာ ဗိုက် အရမ်းဆာနေပြီ"

"သွား သွား၊ ရေအရင်ချိုးလိုက်၊ ပြီးရင် ထမင်းစားကြမယ်၊ ဒီကိစ္စကို သူတို့ ရောက်လာတဲ့အခါမှပဲ ဆက်ဆွေးနွေးကြတာပေါ့"

ရလဒ်အနေဖြင့် သူတို့ ထမင်း စားပြီးသွားကြချိန်တွင် မှောင်မည်း‌နေပြီ ဖြစ်ကာ နောက်ဆုံး၌ မနက်ကတွေ့ခဲ့သည့် လူသုံးယောက် တစ်ဖြည်းဖြည်းရွေ့လာကြသည်ကို လှမ်းမြင်လိုက်ရသည်။

"ဦးလေး ရီ၊ ထမင်း စားပြီးပြီလားဗျ"

လင်ကျီရှန်းက ပြုံးပြီး အားလုံးကို နှုတ်ဆက်လာ၏။

"စားပြီကြပြီ၊ နေ့လည်က မင်း ငါ့ကို လာရှာတယ်ဆို"

အဖေ ရီက အဝင်ဝတွင် ထိုင်ပြီး လေညှင်းခံကာ မတ်တပ်ထရပ်ဖို့ စိတ်ကူး မရှိချေ။ မည်သို့ဆိုစေ အကူအညီ လာတောင်းသည့် သူက သူမှ မဟုတ်ဘဲ။

"ဟုတ်တယ်ဗျ၊ ကျွန်တော် ဝမ်းကွဲက စကားပြောချင်တယ်ဆိုလို့လေ၊ ကျွန်တော့် အဖေကလည်း အိမ်မှာ ရှိမနေတာနဲ့ ကျွန်တော်ပဲ ခေါ်လာခဲ့လိုက်တာ၊ ကျွန်တော်တို့ အထဲဝင်ပြီး စကားပြောကြမလား"

"ရတယ်လေ၊ လာ၊ အထဲဝင်ကြ"

ရီမိသားစုမှ ယောကျာ်းသားများ အားလုံး အိမ်ထဲဝင်သွားကြပြီး ကလေးများနှင့် အမျိုးသမီးများကတော့ အဝင်ဝတွင်သာ နေခဲ့ကြပြီး လေညှင်းခံနေကြ၏။ စပ်စပ်စုစု အိမ်နီးနားချင်းများကလည်း သူတို့ ဘာအတွက် ရောက်လာသလဲဆိုပြီး လာမေးမြန်ကြလေသည်။

အမေ ရီက ဝေ့လည်ကြောင်ပတ် လုပ်ပြီး သူ(မ) မသိဘူးဟုသာ ပြောလိုက်သည်။



၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now