Chapter 97

1.3K 135 0
                                    

အပိုင်း (၉၇)


ယောက္ခထီးကြီးနှင့် လင်းရှန်ဟွေ့တို့ ရောက်လာခြင်းက သူ့ဇနီးကို အပျော်ကြီး ပျော်ရွှင်စေ၏။ သူ(မ) ဘာမှ မပြောသော်လည်း သူသိနေသည်လေ၊ အဖေလင်း အိမ်သို့ ပြန်ရောက်လျှင် သူ(မ)မိသားစု၏ ကောင်းကြောင်းလေးကို ပြန်ပြောလို့ရသွားသည်ပင်။

ရီရောင့်သုန်းမှာလည်း အနည်းငယ်လေး လိပ်ပြာမလုံ ဖြစ်ရသည်။ သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် ပြန်လည် မွေးဖွားလာခြင်းကြောင့် သူ အသိတရား ရလာခဲ့ပြီး သူ(မ)အား ဂုဏ်ယူရစေခဲ့လို့ပင်။

နောက်တစ်နေ့ မနက်စောစောတွင် ရီရောင့်သုန်းတစ်ယောက် တက်ကြွစွာဖြင့် မနက်စောစောထကာ ပင်လယ်ထဲ ထွက်ရန် လုပ်ထားသည့် မြေလှောင်ကွန်ဒါဇင်ကျော်ကို ယူလိုက်သည်။

အရေအတွက်က နည်းတယ်ဆိုပေမဲ့လည်း ဘာမှမရှိတာထက်စာရင် ပိုကောင်းပါသေးတယ်လေ။

ပင်လယ်တွင် အလုပ်လုပ်ကိုင်ရခြင်းက ရာသီဥတုအပေါ် မူတည်ရုံသာမက ကံအပေါ်လည်း မူတည်နေသေး၏။

လှေထဲ မြေလှောင်ကွန်များကို ထည့်ပြီးနောက်တွင် ရီရောင့်သုန်း တစ်ယောက် ဘေးပတ်ဝန်းကျင်ကို ကြည့်ကြည့်လိုက်ပြီး အားကွမ်တို့ လှေကို တွေ့လိုက်ရသည်။ သူတို့လှေက အလွန်ကို မှတ်မိလွယ်နိုင်လောက်စရာပင်၊ သူတို့က လှေပေါ်တွင်ချည်ထားသည့် ခြောက်လပန်းပွင့် နီနီကြီးကို ယခုထိတိုင် မဖြုတ်ရသေးချေ။

ယနေ့နံ့နက်တွင် ပင်လယ်ထဲ အတူထွက်ရန် ချိန်ဆိုထားသဖြင့် သူ လှပေါ်တွင် ထိုင်ဆောင့်လေ၏။

သူ သိပ်ကြာကြာပင် မစောင့်လိုက်ရဘဲ သုံးယောက်သားက စကား တပြောပြော၊ ရယ်မောရင်းဖြင့် လမ်းလျှောက်လာကြသည်။

"အားသုန်း၊ ဘာလို့ ဒီလောက် အစောကြီး ရောက်နေတာလဲ။ ငါတို့က မင်းအိမ်ဆီ သွားလိုက်သေးတယ် မင်းအဖွားက မင်း ထွက်သွားပြီဆိုလို့"

"မင်းတို့ကိုက အရမ်းနောက်ကျနေကြတာ"

အားကွမ် ; "မနေ့မနက်က ငါ့အိမ်မှာ ညစာ လာစားဖို့ ပြောလိုက်တယ်မလား။ မနေ့တုန်းက ငါတို့ ဖမ်းမိလာတဲ့ ငါး တော်တော်များကို သိမ်းထားလိုက်သေးတယ်၊ ငါတို့ အကြာကြီး စောင့်နေတာပဲ မင်းမှ မရောက်လာတာ၊ မင်းကို သတိရလိုက်ရပါသေးတယ် နောက်ကျမှရောက်လည်း ပိုတောင်ကောင်းသေး ပန်ကန်းဆေးဖို့ အချိန်ကိုက်ပဲလေ"

"ငါ မရောက်လာတာ ကံကောင်းသွားတယ်၊ မဟုတ်ရင် ဘာမှ မစားရဘဲနဲ့ ပန်ကန် ဆေးနေရအုံးမယ်၊ မနေ့က ငါ့ယောက္ခထီးနဲ့ ယောက်ဖတို့ ရောက်လာကြလို့လေ။ အဲ့ဒါနဲ့ ငါလည်း မနေ့ညက ညစာစားတာပါ နောက်ကျသွားတာနဲ့ မရောက်လာဖြစ်တော့တာ"

"သူတို့က ဘာလာလုပ်တာလဲ"

"ဖရဲသီး လာပို့ကြတာလေ"

"မင်းယောက္ခထီးကြီးက အရမ်းသဘောကောင်းတာပဲနော်၊ ဖရဲသီးကိုတောင်မှ တကူးတက လာပို့ပေးတယ်"

"အင်း၊ ထားပါ၊ မြန်မြန် လုပ်ကြတော့ဟ၊ လှေထွက်မယ်"

လှေနှစ်စီးက ဘေးချင်းယှဉ်၍ ရွက်လွှင့်လာကြသည်။ သူတို့က လှေလှော်ရင်းဖြင့် စကားတပြောပြောနှင့်ပင်။ နေရောင်က အနည်းငယ် ထိန်တောက်နေသည့်တိုင် ဝမ်းစာရေးအတွက် သူတို့၏ စိတ်အားထက်သန်မှုအား မလျော့ကျသွားစေပေ။

သူတို့ လှေရလာခဲ့ပြီးနောက်တွင် သူတို့၏ စိတ်အခြေအနေ အလုံးစုံတို့က ပိုပိုပြီး တိုးတက်လာတော့သည်။

"ကြည့်ရတာ အခု ဒီရေကျတော့မဲ့ပုံပဲနော်၊ ခဏနေကျ သီခြားကျွန်းဆီ သွားကျရင်ကောင်းမလား။ မသွားကြည့်ရင် မသိနိုင်ဘူးလေ၊ ငါတို့ ဝန်းကျင်က လူသူမဲ့ကျွန်းတွေက ငါးတွေ အများကြီး ပေါတာပဲဟာ"

အားကျန်က ရီရောင့်သုန်းကို အပြုံးဖြင့်ကြည့်ရင်း ;

"ဘာပဲဖြစ်ဖြစ် မင်း ထွက်လာတာ ကောင်းသွားတယ်၊ မြေလှောင်ကွန်တွေ ချလို့ရတယ်လေ။ ကွန်က ငါတို့မှာ အများကြီးလည်း ရှိမနေပေမဲ့ အလုပ်ပြန်လုပ်ရတာထက် ပင်လယ်ထဲ ငါးဖမ်းရတာက ပိုကောင်းသေးတယ် မဟုတ်လား"

"အဟုတ်ပဲ။ ဒီနေ့က လေလည်း မထန်ဘူး၊ လှိုင်းလည်း သိပ်မကြီးဘူး၊ မနေ့က ငါတို့ ကွန်တွေချပြီးတော့ သီးခြားကျွန်းပေါ် သွားဦးမလို့ပဲ။ ဒါပေမဲ့ နေ့လယ်လောက်ကျရော လေထန်လာလို့လေ"

"ဒီနေ့က ဒီရေသိပ်မကျတာမလို့ အန္တရာယ် အရမ်းများမှာ၊ မင်းတို့ သွားချင်ရင် သွားပြီး ကြည့်ကြည့်လေ။ ငါ အရင်ဆုံး ကွန်ချလိုက်အုံးမယ်"

ရီရောင့်သုန်းလည်း စိတ်ဝင်‌စားသွား၏။ သူ ပင်လယ်ထဲ ရေမကူးရသည်မှာ အတော်ပင် ကြာသွားခဲ့ပြီပင်။

လှေနှစ်စီးက ဘေးချင်းယှဉ်လျက် ရွေ့လျားနေကြပြီး ပင်လယ် အလယ်တွင် ပေါလော‌မျောနေကြသည့် ဘော်ရာအများအပြားရှိကာ သူတို့ရွာနှင့် အနီးနားမှရွာများက ဤပင်လယ်တစ်ဝိုက်တွင် ချထားသည့် မြေလှောင်ကွန်များနှင့် ကဏန်းလှောင်အိမ်များ ဖြစ်ကြသည်။

သင့်လျော်မည့် နေရာ အနေအထားလောက်ကို လှော်ခတ်ပြီး မြေလှောင်ကွန်ကို ဖွင့်ကာ ချရန်ပြင်လိုက်သည်။

သူက မြေလှောင်ကွန်ကို သေချာရှင်းလိုက်ပြီး အထုံးတွေ ရှိ‌မနေတော့သည်ကို စစ်ဆေးပြီးကာမှ ကြိုးအစွန်းစကို ထုံးလိုက်ပြီး တစ်ချိန်တည်းဆိုသလို ငါးစာအဖြစ် ငါး‌သေးလေးများကို ကွန်ထဲ ပစ်ထည့်လိုက်သည်။ လက်တစ်ဖက်ဖြင့် ကျောက်ဆူးကို ပစ်ချပြီး ထို့နောက်မှ မြေလှောင်ကွန်ကို ချလိုက်သည်။

ပထမကွန်ကို ချပြီးသည်နှင့် ဒုတိယ ကွန်ကို ပထမကွန်၏ ကြိုးနှင့် ချည်ပြီး အတန်းလိုက် ချလိုက်သည်။

ကွန်များအား အလွန် နီးနီးကပ်ကပ် မချမိစေရန်လည်း သတိပြုရသည်။ မဟုတ်လျှင် မည်သည့် ငါးတစ်ကောင်၊ ပုစွန် တစ်မြီးမှပင် ဖမ်းမိနိုင်မည်မဟုတ်ချေ။

သူ့တွင် ကွန် ၁၆ ခုသာ ရှိပြီး နှစ်တန်း ချလိုက်သည်။ အားလုံးကို ချပြီးသည်နှင့် အဝေးရှိ သူငယ်ချင်း သုံးယောက် အလုပ်လုပ်နေသည့် နေရာကို လှော်သွားလိုက်သည်။

"ငါတော့ ကွန်ချပြီးပြီ၊ မင်းတို့ရော ဘာကောင်းတာလေးများ ရှာတွေ့သေးလဲ"

"ငါကတော့ အဖိုးမတန်တဲ့ လယ်ငါး‌သေးလေးတွေပဲ ရတယ်၊ အကြီးဆုံးကတော့ အဲ့ကဏန်းပြာ နှစ်ကောင်နဲ့ ဒီကကတစ်ကြီးပဲ"

ရီရောင့်သုန်းက လှေကို အနီးအနား တိုးသွားလိုက်ပြီး ပုံးထဲရှိ ကကတစ်ကြီးကို လှမ်းကြည့်ကာ ;

"မဆိုးပါဘူးဟ၊ ခုချိန်က ဒါတွေ ရှာရခက်သွားပြီလေ၊ ကကတစ်ကြီးက ငါးကျင်း ခြောက်ကျင်းလောက်ရှိမယ်၊ ဒီပုံးထဲကဟာက ရွှေငါးပုတ်သင်လေးလား၊ မေးထုန်လား၊ အတော်များတယ်နော်"

ရွှေငါးပုတ်သင်လေးနှင့် ရွှေငါးပုတ်သင်ကြီးမှာ မျိုးစိတ် နှစ်ခု ဖြစ်ပြီး ရွှေငါးပုတ်သင်လေးက သိပ်ပြီး အကောင်ကြီးလေ့ မရှိပေ။

အားကွမ်က သူ့ ခြေထောက်နားရှိ ပုံးကို ကြည့်လိုက်ပြီး ;

"အဲ့ဒါ မေးထုန်လေ၊ ဒီတစ်ကွန် ပစ်ပြီးရင် နေရာပြောင်းတော့မှာ"

"ဒါဆို မင်းတို့အရင်ဆုံး ဝေးဝေး ပစ်ထားနှင့်ကြလေ၊ ငါ ဒီအနားတစ်ဝိုက်ကို ပတ်ကြည့်ကြည့်လိုက်ဦးမယ်၊ ပေါ်လာတဲ့ ကျွန်းသေးလေး‌တွေများ ရှိအုံးမလားလို့"

"ရေချိန်က သိပ်တော့ မမြင့်သေးဘူး၊ အရမ်းမတ်စောက်နေတဲ့ပုံတော့ မပေါ်ဘူးဟ၊ ဘာပဲဖြစ်ဖြစ် လနှစ်သက်ရဲ့တစ်ရက်နေ့နဲ့ ဆယ့်ငါးရက်နေ့လည်း မဟုတ်တော့ ဒီရေက သိပ်မကျဘူး ဖြစ်နေတယ်"

"ငါ အရင်သွားပြီး ကြည့်ကြည့်လိုက်ဦးမယ်"

သူက လှေလှော်ကာ အနီးဆုံးကျွန်းဆီ သွားလိုက်သည်။ သို့သော် သိလိုက်ရသည်မှာ ကျွန်းနား ကပ်ဖို့ပင် အတော်လေး ခဲယှဉ်လှကြောင်း၊ ဘေးပတ်ပတ်လည်တွင် သန္တာကျောက်ဆောင်များ ဝန်ရံနေပြီး အလွန် မတ်စောက်လှ၏။

လှိုင်းများက တစ်လုံးပြီး တစ်လုံး ရိုက်ခတ်နေပြီး လှိုင်းလုံး အရိုက်ခံရနိုင်ခြေက အလွန်များ၏။

သို့သော် ဤကျွန်းငယ်လေး၏ ကျောက်ဆောင်များပေါ်တွင် သေချာပေါက် ပစ္စည်း အများအပြား ရှိနေလောက်မည်ပင်။ လှိုင်းဒဏ် တစ်နှစ်ပတ်လုံး ခံထားရသည့် ထိုကျောက်ဆောင်များပေါ်တွင် ပင်လယ် ကြက်ခြေထောက်များ ရှိကောင်းရှိနိုင်၏။

စတ်ဝိုင်းပုံစံ လှည့်ပတ်ကြည့်ပြီး စိတ်ထဲတွင် အနှီကျွန်းလေးအား တိတ်တဆိတ် မှတ်ထားလိုက်ပြီး လှေကို ပြန်လှော်ကာ လနှစ်သစ်၏ ပထမဆုံးနေ့တွင် ပြန်လာရန် စီစဉ်လိုက်သည်။

ရလဒ်အနေဖြင့် သူ ကျွန်းငယ် သုံးကျွန်း နီးပါး ဆက်တိုက် ရှာ‌ဖွေလိုက်သော်လည်း သင့်လျောသည့်ပုံမပေါ်ကြပြီး ဆက်ပြီးရှာနေလည်း အပိုပင်။ ရီရောင့်သုန်း တစ်ယောက် မအောင်မြင်ဘဲ ပြန်ဖို့သာ တတ်နိုင်တော့သည်။

မမျှော်လင့်ထားစွာဖြင့် သူ လှေပြန်လှော်ထွက်ချိန်တွင် ငတုံးငါး တစ်ကောင်က လှေထဲ ခုန်ဝင်လာ၏။

"လခွမ်း၊ ငတုံးငါး"

ရီရောင့်သုန်း ငါးကြီးကို ပြောစရာစကားကင်းမဲ့စွာ ကန်ထုတ်ပြီး ;

"အိမ်အရောက် ပို့လာတာပဲ၊ ရောက်မဲ့ရောက် နှစ်ကောင်လောက် ရောက်လာရောပေါ့"

သူ့စကားဆုံးသည်နှင့် နောက် တစ်ကောင်ကပါ ခုန်ဝင်လာ၏။ သူ့ခမျာ ရယ်ရမလား၊ ငိုရမလားတောင် မသိတော့ချေ။ သူက စကားအဖြစ် ပြောရုံပဲလေ ဒီလောက်တောင် ကံကောင်းတယ်ပေါ့။

သူဆက်သွားပြီး ကြည့်ကြည့်လိုက်ရာ ပင်လယ်ရေမျက်နှာပြင်ပေါ် ခုန်တက်လာသည့် နောက်ထပ်ပိုကြီးသည့် တစ်ကောင်ကို တွေ့လိုက်ရသည်။ မျက်စိလျင်လျင်၊ လက်လျင်လျင်ဖြင့် လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ လက်မောင်းနှစ်ဖက်ထဲ ဖမ်းထည့်လိုက်ပြီး လှေပေါ်သို့ ပစ်ချလိုက်သည်။

"လခွမ်း၊ တစ်ကောင်ပြီး တစ်ကောင် ပိုကြီးလာသလို တစ်ကောင်ထက် နောက်တစ်ကောင်က ပိုတုံးလာတာပဲ"

ဤအရာလေးများက အများကြီး အားစိုက်ထုတ်စရာမလိုဘဲ အလွယ်တကူ ရနိုင်သည့် အရာများပင်။ သူက ထပ်ရှိနေအုံးမလား။ သိချင်နေမိပြီး လှေကို ခဏရပ်လိုက်ကာ အတော်ကြာ စောင့်ဆိုင်းသည့်တိုင် မည်သည့်လှု ပ်ရှားမှုမျိုးမှ မတွေ့ရချေ။ သူ ထွက်သွားရန် ဟန်ပြင်လိုက်စဉ် မီးခိုးဖြူရောင်အရာဝတ္ထု တစ်ခု ပေါလော မျောလာနေသည်ကို တွေ့လိုက်ရသည်။

သူ အနီးအနား တိုးကပ်ကြည့်လိုက်ရာ ငါးကြီးတစ်ကောင် ဖြစ်ပုံရလေ၏။ သိလိုစွာဖြင့် လှေကို လှော်သွားလိုက်သည့်အခါမှပင် ပင်လယ် ဝက် အသေတစ်ကောင် ဖြစ်လို့နေ၏။

တစ်မီတာခန့် ရှည်ပြီး သေးသည့်ပုံတော့မပေါ်၊ သေသွားသည်က နှမျောစရာပင်။ ၎င်းကို ဆယ်ယူရန် သူ့အတွက် အချိန်အတော် ပေးလိုက်ရပြီး ရေပုံးဖြင့် လှမ်းကောက်ကာ လှေထဲ ပစ်ထည့်လိုက်သည်။

စစ်ဆေးကြည့်လိုက်ချိန်တွင် လတ်ဆတ်နေသေးမှန်း သိလိုက်ရပြီး မည်သို့ သေသွားမှန်းတော့ မသိချေ။ ဖြစ်တန်သည်က ငါးကြီး တစ်ကောင်၏ အကိုက်ခံလိုက်ရခြင်း ဖြစ်မည်။

သည်ပင်လယ်ဝက်ကလည်း ဈေး အများကြီး တန်တယ်။

သူက ပုံးထဲ ပြန်ထည့်လိုက်ပြီး အားကွမ်၊ အားကျန်နှင့် အသေးလေးတို့ဆီ ပြန်လှော်သွားလိုက်သည်။

သုံးယောက်သားက နေရာပြောင်းပြီး အလုပ်လုပ်နေကြပြီပင်။

"ဟေး၊ ငါ ပင်လယ်ထဲကနေ ပစ္စည်းကောင်း တစ်ခု ကောက်ရလာတယ်"

"ဟမ်"

သုံးယောက်သားက သိလိုစွာဖြင့် ခေါင်းများလှည့်လာကြသည်။

သူ လှေကို အနီးကပ် လှော်သွားပြီးနောက်တွင် သူတို့အား ပုံးကို ကမ်းပေးလိုက်ပြီး ;

"အခုလေးမှ သေသွားတဲ့ ပင်လယ်ဝက်ကွ၊ အလတ်ကြီး ရှိသေးတယ်"

သုံးယောက်သားက ကြည့်လိုက်ကြပြီး ;

"ကံကောင်းလိုက်တာ၊ ဘာမှလုပ်နေစရာ မလိုဘဲနဲ့တောင် ပင်လယ်ဝက် တစ်ကောင် ရလိုက်သေးတယ်"

"ငါ့လှေထဲ သူတို့ဘာသာသူတို့ ဝင်လာတဲ့ ငတုံးငါး သုံးကောင်လည်း ရှိသေးတယ်၊ အကြီးဆုံးအကောင်ဆို ငါးကျင်း၊ ခြောက်ကျင်း နီးပါးလောက်ရှိမယ်၊ အသေးလေးကတော့ နှစ်ကျင်းကျော်ကျော်လောက်ပေါ့"

"အဲ့ငါးကတော့ သိပ်မတန်ပါဘူးကွာ၊ ဒါပေမဲ့ နုပ်နုပ်လေးစဉ်းပြီး အချဉ်သိပ် စားရင်တော့ အရသာက စပါယ်ရှယ်ပဲ"

"ပူပူချဉ်ချဉ် ငါးစွပ်ပြုတ် လုပ်သောက်ရင်လည်း ဂွတ်ပဲ"

ရှလွတ်~



၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now