အပိုင်း (79)
ရီရောင့်သုန်း သူ့ သူငယ်ချင်းများနှင့် စကားပြောနေစဉ်တွင် တစ်မိသားစုလုံးလည်း ကြားကြပြီး သူတို့ကလည်း ကန့်ကွက်စရာ မရှိပါချေ။
သီးခြားကျွန်းက သယံဇာတ ပေါကြွယ်ဝကြောင်း သူတို့ သိနေကြပြီ ဖြစ်သည်။ ပြီးခဲ့သည့်အခေါက်က ရီရောင့်သုန်း ထိုနေရာကနေ သယ်ယူလာသည့် အခွံမာငါးများဆိုလျှင် သူတို့ ရောင်းဖို့အတွက် ခွဲပြီးနောက်တွင်တောင် အိမ်တွင် အများကြီး ကျန်နေသေးပြီး အလုပ်သမားများအတွက် ဟင်းစားရလေသည်။
သူ မသွားခင်တွင် အမေ ရီက သူ့ကို အိတ်များများယူသွားခိုင်းပြီး များများ သယ်လာရန် အထူးတလည်ကို မှာကြားနေတော့သည်။ သူတို့ စားမကုန်လျှင်တောင် အချိန် အတော်ကြာ သိမ်းဆည်းထားနိုင်သည့် ယောက်သွားခြောက်များလို သူတို့ကို အခြောက်လှန်းပြီး စားနိုင်ပေသည်။ စွပ်ပြုတ်ပြုတ်ရာနှင့် ခေါက်ဆွဲပြုတ်ရာတွင် အသုံးပြုပါက သူတို့က အလွန်ကို လတ်ဆတ်လေ၏။
ရီရောင့်သုန်း တစ်ယောက် အထဲတွင် ဂုန်နီအိတ်များခေါက်ထည့်ထားသည့် လက်ထဲတွင် ကိုင်ထားသည့်ပုံးကို အမေ ရီကို လှမ်းပြလိုက်ပြီး ;
"ငါးလုံးဆို လုံလောက်ပြီလား"
"လောက်ပြီ။ ဒါနဲ့ ပုံး နှစ်ပုံးပါ ထပ်ယူသွားအုံး"
ဘယ်သူကများ ပိုက်ဆံ အကုန်ခံစရာ မလိုဘဲနဲ့ ပင်လယ်စာတွေ အများကြီး ရလာမှာကို မလိုချင်ကြလို့လဲ။
"ဟုတ်ကဲ့ပါဗျာ...."
ရီမိသားစုဝင်များ အားလုံး အိမ်ဝိုင်းဆီ အလုပ်လုပ်ရန် ထွက်သွားကြပြီးနောက်တွင် အခြားသူများလည်း ရောက်လာကြ၏။
"ငါတို့ လေးယောက်ပဲ ရှိမယ်၊ ဖက်တီးက ပူတယ်ဆိုပြီး မလိုက်ချင်ဘူးတဲ့။ အားဝေကကျတော့ သူ့အဖေက တောင်ပေါ်မှာ ဖရဲသီးဆွတ်ဖို့ဆိုပြီး ခဏခေါ်သွားတယ်။ ပြီးတော့ ဟောင်ဇီကကျတော့ ပစ္စည်းသယ်ဖို့ ဆိုပြီး မနက် အစောကြီးကတည်းက မြို့ပေါ်က ဆိပ်ခံတံတားဆီ ထွက်သွားတယ်"
"အို့၊ ဒါဆိုလည်း သွားကြစို့"
လူနည်းတော့ ပိုတောင် ကောင်းသေးသည်။ အကယ်၍ သူတို့သာ သူ့ကို လာမခေါ်လျှင် သူတစ်ယောက်တည်း သီးခြားကျွန်း တစ်ကျွန်းလုံးကို မွှေနှောက်ရန် စီစဉ်တော့မလို့ပင်။
လှေလှော်ရသည်က အချိန်ပေးရသော်လည်း နည်းလမ်းကို ကျွမ်းကျင်ပြီးနောက်တွင် အတော်လေး ရိုးရှင်းသွားပြီး ခန္ဓာကိုယ်အတွက်လည်း လေ့ကျင့်ခန်းလုပ်ပြီးသား ဖြစ်ကာ အထူးသဖြင့် လက်မောင်းလေ့ကျင့်ခန်းပင်။
အသေးလေးက စနောက်ဟန်ဖြင့် ;
"တို့ အစ်ကိုကြီး သုန်းကတော့ အားလုံးကို သိနေတော့တာပဲ။ လှေ ဘယ်လို လှော်ရမလဲတောင် သိနေတယ် ကြည့်စမ်း"
"ဒီကောင်ကတော့ ပေါက်ကရတွေ"
အားကွမ်က အလေးအနက်ဖြင့် ;
"မင်း လှေတစ်စီးရထားတာ မဆိုးဘူး အချိန်ပိုင်း သွားလုပ်စရာ မလိုတော့ဘူးပေါ့၊ ပင်လယ်ထဲသွားပြီး နေ့တိုင်း ကွန်ပစ်စားနေရုံပဲ၊ သင်္ဘောကျင်းဆီသွားပြီး ပစ္စည်း သွားသယ်ရတာထက် အများကြီးအဆင်ပြေသွားတာပေါ့ကွာ"
အားကျန့်ကလည်း ခေါင်းညိတ်ပြီး ;
"အဟုတ်ပဲ၊ တို့ပင်လယ်ကြီးက ဒီလောက် သံယဇာတ ပေါတာ။ ပြီးတော့ ငါတို့ အားလုံးလည်း ရေဘယ်လိုကူးရမလဲဆိုတာ သိနေကြတာပဲကို၊ ကွန်ပစ်တဲ့အချိန် ရေကြောင်း မကျော်သရွေ့ ကမ်းစပ်မှာ ဘာပြဿနာ ကြီးကြီးမားမားမှ ရှိမှာမဟုတ်ဘူး"
"အားသုန်း၊ ဘာလို့ မင်းအဖေဆီကနေ လှေကို တောင်းမဝယ်လိုက်တာလဲ။ အဲ့လိုသာဆို မင်း အစ်ကိုတွေနဲ့ မျှသုံးနေစရာ မလိုတော့ဘူးလေ။ ပြီးတော့ ဒီလှေကို မင်းတို့ကို ခွဲပေးလိုက်ဖို့ ဆိုတာကလည်း မင်းအဖေအတွက် အဆင်ပြေမှာ မဟုတ်ဘူး"
အသေးလေးက ရီရောင့်သုန်းကို ကြည့်ကာ အလေးအနက်ပြောလိုက်သည်။
ရောင့်သုန်းက ပြုံးရင်းဖြင့် ;
"မင်း ပြောနေစရာ လိုလို့လားကွာ။ ငါကဖြင့် ဒီလှေ ငါတို့ လက်ထဲရောက်ကတည်းက တောင်းဝယ်ပြီးသွားပြီ။ အခု ဒီလှေက ငါ့အပိုင်ကွ"
"ဟမ်၊ မိုက်တာကွာ။ ငါ့သူငယ်ချင်းကြီးတော့ ချမ်းသာတော့မှာပဲ"
"အမှန်အတိုင်း ပြောရရင် မင်းတို့ သုံးယောက်လည်း လှေတစ်စီး ဝယ်ပြီး စပ်တူ လုပ်ကြပါလား၊ လက်နဲ့ ပစ်ရတဲ့ ကွန်ပဲ ဖြစ်ဖြစ်၊ ပိုက်လှောင်အိမ် ကွန်ပဲ ဖြစ်ဖြစ်၊ ကိုရီးယား ကွန်ပဲ ဖြစ်ဖြစ် ကွန်က အရေးမှ မကြီးဘဲ၊ အခုလို ပင်ပင်ပန်းပန်း လုပ်နေရတာထက်စာရင် တော်သေးတာပေါ့၊ အခုကြည့်လေ၊ သင်္ဘောကျင်းမှာ ပစ္စည်းထမ်းရတာ ဘယ်လောက်ပင်ပန်းတယ်မှတ်လဲ။ တစ်နေ့နေမှ တစ်ယွမ်၊ နှစ်ယွမ် ပဲရတာလေ"
ရီရောင့်သုန်း သူ့စကားများကို အလေးအနက်ထားပြောနေပြီး သူသည်လည်း ယခုလို ဘာမှမလုပ်ဘဲ အချိန်တွေ ဖြုန်းနေခဲ့ကာ အသက်အရွယ် ရလာချိန်မှာတော့ နောင်တဆိုတာ ရှိလာခဲ့သည်လေ။
ယခင်ဘဝက နာမည်ပြောင်းကာ အဆင်ပြေလာသည့် အားကွမ်မှ လွဲ၍ သူ့သူငယ်ချင်းတစ်ချို့မှာ အသက်ကြီးသွားသည်ထိတိုင်အောင် အလုပ် မယ်မယ်ရရ မရှိကြပြီး ပေါင်းစုံ လျှောက်လုပ်နေကြသည်။ အားကွမ်၏ အဖေကသာ ပိုက်ဆံအလုံအလောက် စုမိပြီး လှေဝယ်ရန် ဉာဏ်ရှိပေလို့သာ၊ ထို့အပြင် အားကွမ်၏ အဖေက မွေးချင်းမောင်နှမ မရှိသည့် တစ်ဦးတည်းသော သားလည်းဖြစ်သည်။
အားကွမ်က ရောင့်သုန်းပြောသည်ကို ကြားရချိန်တွင် မေးစေ့ကိုပွတ်ကာ ;
"ငါကတော့ သဘောတူတယ်ကွ၊ ခက်တာက ငါ့မှာပိုက်ဆံ ရှိမနေတာပဲ"
"ဟွန့်၊ ဘယ်သူကရော ပိုက်ဆံ ရှိနေကြလို့လဲ"
အသေးလေးက မျက်စောင်းထိုးကာ ;
"ပိုက်ဆံက နည်းနည်းလေးမှ မဟုတ်တာ။ အများကြီး သုံးရမှာလေ။ အားသုန်လို ၆ မီတာ ရှည်တဲ့ လှေဆို အသစ်ဆိုရင် ယွမ် အများကြီး ပေးရမှာ။ တစ်ပတ်ရစ် ကျပြန်တော့လည်း ဝယ်ရ လွယ်မနေပြန်ဘူး"
"အားကွမ်၊ မင်းက မင်းပိုက်ဆံ မင်းသိမ်းရတဲ့ကောင်လေ။ မင်းကများ ပိုက်ဆံ မရှိဘူး ပြောရဲတယ်နော်၊ မင်းက ငါတို့ အားလုံးထဲမှာ အဆင်ပြေဆုံးပဲ မဟုတ်ဘူးလား"
"ဟေ့၊ ငါ့ ဇနီးလောင်းလေးအတွက် ပိုက်ဆံစုရသေးတယ်လေကွာ။ ငါကဖြင့် အသက်ကြီးနေပြီ။ အားသုန်ဆို ကလေး နှစ်ယောက် အဖေ၊ အသေးလေးဆို သမီး တစ်ယောက် ရှိနေပြီ။ အဲ့ဒါကြောင့်မလို့ ငါ့သားမွေးလာရင် မင့်သမီးလေးကို အလိုလိုက်နိုင်ဖို့ ငါ အလုပ်ကြိုးစားမှ ရမယ်လေကွာ။ မဟုတ်ဘူးလား"
အသေးလေး သူ့ကို ကန်ထုတ်လိုက်ပြီး ;
"မင်းမေလင်ကြီးပဲ၊ မယားကဖြင့် မရှိသေးဘူး၊ ငါ့သမီးကို မျက်စောင်းလာထိုးနေပြီ"
ခေါင်းစဉ်မှာ တစ်ဖြည်းဖြည်းနှင့် ဝေးလာသဖြင့် ရီရောင့်သုန်းမှာ အမြန်ပြန်ဆွဲထားရပြီး ;
"ပိုက်ဆံကို နည်းနည်းပဲ သုံးပေါ့ကွာ။ နည်းနည်းချင်းစီစုချင်စု မဟုတ်လည်း မိဘတွေဆီကဖြစ်ဖြစ်၊ ညီအစ်ကို မောင်နှမတွေဆီကပဲဖြစ်ဖြစ် ခဏချေးထားပေါ့ကွာ၊ လှေဝယ်တယ် ဆိုတာကလည်း ကောင်းတဲ့ကိစ္စပဲဟာကို၊ သူတို့ သေချာပေါက် ပံ့ပိုပေးကြမှာပေါ့"
အားကျန်က မေးပေါ် လက်ထောက်ရင်း ;
"အို့၊ အရှင်းဆုံးပြောရရင်လေ၊ သူတို့က ယုံပါလိမ့်မယ် အားကြီးကြီး၊ ငါတို့သာ ပိုက်ဆံ သွားချေးရင် သူတို့က ပိုက်ဆံယူပြီး ဘာလုပ်ဖို့လည်း ဘာညာနဲ့ပြောနေကြတော့မှာ၊ ဘယ်မှာ အဲ့လောက်ချေးရလွယ်နေလို့လဲ"
"ဒါဆိုလည်းကွာ မင်းတို့ကောင်တွေ ငါ့လို နည်းနည်းပါးပါး လုံလ စိုက်ထုတ်ကြပေါ့ဟ၊ ပြီးရင် မိန်းမကို ချော့ပြောကြည့်၊ အမေကို ချော့ပြောကြည့်ကြပေါ့၊ အလုပ်ကို ကောင်းကောင်း မလုပ်ပြရင် ဘယ်သူက မင်းတို့ကို ယုံမှာလဲ"
"ပိုက်ဆံ ကိုယ့်ဘာသာကိုယ်စုတော့ ပိုကောင်းတာပေါ့၊ ဟိုတစ်ခေါက် မက်ကရယ်ငါးတွေ ရောင်းရတဲ့ ယွမ် ၄၀၀ နီးနီးက မကုန်သေးမှန်း ငါ သိပါတယ်ကွာ၊ အဲ့လောက်ဆို မင်းတို့ အားလုံး လှေစုဝယ်ကြဖို့ လောက်တယ်"
အသေးလေး တစ်ယောက် သူ့ပေါင်ကို ရိုက်ကာ နောင်တ ရချင်လာတော့သည်။ ဇနီးဖြစ်သူဆီ ပိုက်ဆံပေးရသည်က လွယ်ကူကာ ပြန်ယူလျှင်က ခက်လှပြီး သူ(မ)၏ ပြုံးနေသည့် မျက်နှာမှာလည်း ရက်အတော်ကြာ ပြောင်းလဲသွားတော့မည်ဖြစ်သည်။ သူ(မ)က သူ့ကို စိတ်ကြိုက် ဆူဆဲပြောဆိုနေတော့မည်မှာ ကျိန်းသေးပေါက်ပင်။
မိန်းမတွေ ... မိန်းမတွေ ...
ရီရောင့်သုန်း တစ်ယောက် ခေါင်းကိုသာ ခါမိတော့သည်။ ထိုအချိန်တုန်းက ပင်လယ်စာတွေ ဘယ်လောက် ရောင်းခဲ့ရလဲဆိုတာ သူသိသလို အိမ်သူသက်ထားဆီ ပြန်မအပ်လျှင်လည်း ခေါင်းမိုး ပွင့်မတတ်ဖြစ်သွားလိမ့်မည်ကို သူ သိလေသည်။ သူလည်း အရင်တုန်းက မကိုးစားရသည့်သူဖြစ်ရာ ဤမျှ ပိုက်ဆံအများကြီး အဘယ်မှာ စုထားမိလိမ့်မည်နည်း။
"ဒါဆိုလည်း မင်းတို့ကောင်တွေ ကိုယ့်ပိုက်ဆံကိုယ်စုကြပေါ့၊ ကိုယ့်အစီအစဉ်နဲ့ ကိုယ်တော့ ရှိရမှာပေါ့ ဟုတ်တယ်မလား"
"အစ်ကိုကြီး သုန်း၊ အစ်ကိုကြီးရဲ့ဒီလှေလေးက ကျွန်တော်တို့ညီအစ်ကိုတွေကို စီးပွား ဖြစ်လာစေဖို့ မျှော်လင့်ပါတယ်၊ အရင်ဆုံး အစ်ကိုကြီးရဲ့ပေါင်လုံးကြီးကို ကျွန်တော့်ကို ဖက်ခွင့်ပြုပါ"
ရီရောင့်သုန်း အားကျန်းကို ကန်ထုတ်လိုက်ပြီး ;
"ငါလည်း ငါ့မိသားစုကို ပံ့ပိုးရဦးမှာပေါ့ဟ၊ အနည်းဆုံးတော့ ငါ လူသူမဲ့ကျွန်းဆီ သွားတဲ့အချိန်ကျရင်တော့ မင်းတို့ကို ခေါ်သွားပေးမယ်၊ ပစ္စည်းကောင်းတွေ ရှာတွေ့တာ၊ မတွေ့တာက မင်းတို့အပိုင်းပဲ"
"ဒါနဲ့ မင်း ဘယ်ကွန်နဲ့ ချပြီး ပစ်မလို့လဲ။ တရုတ်ကွန်နဲ့လား၊ လှေလေး သေးနေတာ နှမျောစရာပဲကွာ။ မဟုတ်ရင် ငါတို့တွေ ပင်လယ်ထဲ ငါးဖမ်း ထွက်လို့ရပြီ"
"အဲ့အတွက်က စောင့်ဦး။ ငါ ချမ်းသာသွားရင် ဒီလှေကို ပြန်ချိန်းမှာ"
ယခင်ဘဝက သူ့တွင် ကျွမ်းကျင်မှု မရှိပေလို့သာ၊ မဟုတ်လျှင် သူ ပင်လယ်ထဲ ငါးဖမ်း ထွက်မိမှာ အမှန်ပင်။
"မင်း မပြောရသေးဘူးနော်။ ဘာကွန်ချထားမှာလဲလို့"
"ပိုက်လှောင်အိမ်နဲ့။ အိမ်မှာက အိမ်ဆောက်နေရတာဆိုတော့ ငါ့မှာ အချိန်မရှိဘူးလေ။ ပြီးတော့ အချိန်မရှိဘူး ဆိုပြီးတော့ ဘာမှမလုပ်ဘဲနဲ့ နေလို့မရဘူး၊ ပိုက်လှောင်အိမ်က အသင့်တော်ဆုံးပဲ၊ ပိုက်ပြန်သိမ်းဖို့ဆို နှစ်ရက်၊ သုံးရက်နေမှ အချိန်နည်းနည်းပေးပြီး သိမ်းရုံပဲ။ ပြီးတော့ တန်ဖိုး မရှိတဲ့ဟာဆိုရင် အိမ်စားဖို့ ပြန်ယူလာလိုက်မှာပေါ့၊ အဲ့ခါကျ ဘယ်သူက ငါ့ကို ဘာပြောလို့ရမှာလဲ"
"မဆိုးဘူးဟ၊ နည်းနည်းလောက် လှေလှော်ပြီး ပင်လယ်စာတွေ အများကြီး ရလာရင် ပိုက်ကွန်ထက်လည်း မဆိုးဘူးပေါ့ကွ"
"နည်းနည်းပဲ ရရင်လည်း ယွမ် နည်းနည်းပါးပါး ရှာနိုင်ပြီး အိမ်အတွက် ဟင်းစားလည်း ရဦးမယ်"
ရီရောင့်သုန်းက ခေါင်းညိတ်ကာ ;
"အဲ့ဒါကြောင့်လည်း မင်းတို့ကို ပိုက်ဆံစုပြီး လှေဝယ်ကြဖို့ ငါ ပြောနေရတာပေါ့ကွာ၊ အားကွမ်က ပိုက်ဆံ မရှိတဲ့ကောင် မဟုတ်တော့ မင်းတို့ နှစ်ကောင်ပေါ်ပဲ မူတည်တယ်"
အားကျန်းက တုံ့ဆိုင်း တုံ့ဆိုင်းနှင့် ;
"မင်း ပြောသလို ငါတို့ သူငယ်ချင်းတွေ လှေစပ်တူဝယ်ပြီး အလုပ် အတူတူ လုပ်ကြတယ်ပဲထား၊ တစ်ခြားသူတွေက မကျေမနပ် ဖြစ်ကြရင်ရော"
ရီရောင့်သုန်း မျက်စောင်းထိုးကာ ;
"မေ့လိုက်စမ်းပါကွာ။ သူတို့ ဘာဖြစ်ဖြစ် ငါတို့နဲ့ ဘာဆိုင်လဲ။ တစ်ခြားသူတွေလည်း စိတ်ကူးရှိရင် သူတို့တွေလည်း အတူတူ ဝယ်ကြလိမ့်မယ်၊ မင်းက သူတို့အဖေလည်း မဟုတ်ဘူး။ သူတို့ ချီးစားတာ မစားတားက မင်းနဲ့ ဘာဆိုင်လို့လဲ"
"အမှန်ပဲ၊ သူတို့မှာ အကြံ ရှိရင် သူတို့လည်း စပ်တူဝယ်လို့ရတာပဲ"
အားကွမ်က သံယောင်လိုက်လာ၏။
ဤကမ္ဘာပေါ်ရှိ မည်သူမဆို စိတ်ချင်းနှီးနွယ်ဆက်သွယ်တတ်ကြသည်ပင်။ သူတို့ သူငယ်ချင်းများက ဆိုးရွားစွာ လုပ်နေကြလျှင် သူတို့လည်း မထူးမခြားနားပင်။ အကယ်၍ သူတို့ သူငယ်ချင်းအားလုံး လှေဆောက် ပြီးစီးသွားသည့်အချိန်တွင် အားလုံးလည်း စိတ်ကူးစိတ်သန်းများ ရှိလာကြပြီး လှေဆောက်ဖို့ကိုလည်း တွေးမိကြလိမ့်မည် ဖြစ်သည်။
"ဟုတ်ပြီကွာ။ ငါတို့ ပိုက်ဆံ စုကြရအောင်"
"ဟေး၊ ငါအစက ကျွန်းကို အပျော်သဘောမျိုးနဲ့သွားမလို့ပဲ။ ဒါပေမဲ့ အခုက အဲ့လိုလုပ်လို့ မရတော့ဘူး။ ချီးပဲ၊ ငါ ပုံးနည်းနည်းပဲ ယူလာမိတယ်ကွာ"
"ငါဆို အိတ် နှစ်လုံးပဲ ပါတယ်"
"လခွမ်းဟ။ အားသုန်း၊ မင်းဟာက ငါးအိတ်တောင်။ မများလွန်းဘူးလား။ ပြန်ရင် လှေမြှုပ်သွားမှာ ငါတော့ ကြောက်တယ်နော်"
"ငါ့ လှေက မကြီးဘူးဆိုပေမဲ့ ငါးတန် သယ်လို့ ဆံ့တယ်ဟ၊ မဆံ့ရင်လည်း ဘာအရေးလဲ။ မင်းတို့ပင်လယ်ထဲ ရေကူးပြီး ပြန်ကြပေါ့"
"လခွမ်း...."