အပိုင်း(၁၁)
ရောင့်သုန်း မိသားစုများသည် သူဖမ်းလာသည်များကို သတိထားမိသွားသည်။ အမေသည် အရင်စကာ ”မင်း ဂဏန်းပြာ နှစ်ကောင်တောင် ဖမ်းမိလာတာလား”
သူမ ပြောပြောချင်းပင် သူမလက်သည် ဂဏန်းဆီရောက်သွားကာ ကိုင်လိုက်သည်။ ”မင်းဂဏန်းတွေက ကျစ်လစ်နေတာပဲ နှစ်ကောင်ပေါင်းရင် တစ်ကျင်းကျော်လောက် လေးလောက်တယ်”
“ဘာတွေ ပြောနေတာလဲ ဒါတွေက အိမ်ယူပြီး စားမှာ”
“မင်းက တစ်ချိန်လုံး စားဖို့ စားဖို့ စားဖို့ပဲ သိတာ ဖြုန်းတီးတဲ့အကောင် မင်း တစ်ဘဝလုံး တစ်ယွမ်လောက်တောင် ရှာဖူးလား ဒီဂဏန်းနှစ်ကောင်ရောင်းရင် တစ်ယွမ်ကျော် နှစ်ယွမ်လောက်ရလောက်တယ် အဲဒါတောင် စားချင်သေးတာလား” အမေသည် ဆူရင်း သူ့ကျောအား လာရိုက်သည်။
ရောင့်သုန်းသည် အရိုက်မခံရစေရန် နောက်ကို နှစ်လှမ်းလောက် ဆုတ်လိုက်သည်။ သူ၏ အမေသည် တစ်နှစ်ပတ်လုံး အလုပ်လုပ်နေ၍ လက်များကြမ်းနေသည်။ ထို့ကြောင့် အမေ့ ရိုက်ချက်များသည် နာလှသည်။
“အမေကလည်း ကျွန်တော် စားဖို့ မဟုတ်ပါဘူး ဒီဂဏန်းတွေက ရှားတယ်လေ ကလေးတွေကို အာဟာရ ဖြစ်အောင် ကျွေးချင်လို့ပါ”
အမေ့ မျက်နှာသည် တောက်ပသွားသည် လေသံပင် ပျော့သွားသည်။ ”ကလေးတွေကို ကျွေးဖို့ သိတာ တော်သေးတယ် ဒါပေမဲ့ ကလေးတွေက အများကြီး ဒီနှစ်ကောင်တည်းနဲ့ ဘယ်လို ကျွေးမှာလဲ”
“စွပ်ပြုတ်လုပ်ပြီး ခြေထောက် တစ်ချောင်းစီ ကျွေးလို့ ရတယ်လေ”
“ကလေးတွေ အများကြီးနဲ့ ဖရိုဖရဲတွေ ဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်နေကြမှာပေါ့ ရောင်းလိုက်တာမှ ပိုက်ဆံရဦးမယ် မင်းအဖေ ဖမ်းမိထားတဲ့ ရွှံ့ဂဏန်းလေးတွေလည်း ရှိတယ် ပုဇွန်တွေလည်း ရှိတယ် အဲဒါပဲ စားလိုက်ကြစို့”
ရောင့်သုန်း မျက်မှောင် ကျုံ့လိုက်သည်။ သည်ဂဏန်း နှစ်ကောင်သည် တစ်ကျင်းထက် ပိုလေးတယ် ဆိုပေမဲ့ သည်ခေတ်စျေးနဲ့ ရောင်းရင် ဘယ်လောက်မရပေ။ အနာဂတ်စျေးနဲ့သာဆို အများကြီးရမှာ သေချာသည်။
ဂဏန်းတွေကို ငါးကြင်းဟုလည်း ခေါ်ကြသည်။ဂဏန်းပြာတွေကိုတော့ ငါးကြင်းစိမ်းဟုလည်း ခေါ်ကြသည်။
အနာဂတ်တွင် ဂဏန်းပြာတွေကို ဆိပ်ကမ်းတွင်ရောင်းကြသည်။ ၁ကျင်းကို ယွမ် ၁၅၀လောက် ရောင်းကြသည်။ စျေးကွက်ထဲတွင် အရိုင်း ဂဏန်းပြာတွေကို တွေ့ရခဲသည်။ အများစုသည် မွေးမြူထားတာ ဖြစ်သည်။ သူတို့လည်းပဲ ၁ကျင်းကို ၁၅၀ ယွမ်လောက် ရှိသည်။
သည်အရူးကတော့ သူ့ မိန်းမက အလုပ်လုပ်ပြီး ပိုက်ဆံရှာဖို့ လုပ်နေတာ။ သူက ရှားရှားပါးပါးဂဏန်းလေး ရှာတွေ့တာကို လူတိုင်းနဲ့ မျှဖို့ လုပ်နေတာ ပိုက်ဆံစုဖို့ မလုပ်ဘဲ တကယ် မျှချင်နေတာလား
အမေသည် သူ့ လက်ထဲမှ ယူ၍ အမြန်လျှောက်သွားသည်နှင့် မတတ်နိုင်ဘဲ လက်လွှတ်လိုက်သည်။နည်းနည်း ရောင်းတာက ဘာမှ မရှိတာထက်စာရင် တော်သေးတာပေါ့ သူအဲလောက်ထိ မစဉ်းစားမိခဲ့ပေ။ အခု ငွေရှာဖို့ ပိုအရေးကြီး၍ ရောင်းလိုက်တာကောင်းပါတယ်။
လင်းရှိုချင်းသည် ယောက္ခမ ဖြစ်သူမှ ယူ၍ သွားရောင်းပေးသည်ကို တွေ့၍ စိတ်ချမ်းသာသွားသည်။ သည်နှစ်ကောင်သည် သူမ ရက်များစွာ ငါးဖမ်းပိုက်ရက်သည်ထက် ပိုတန်သည်။
လူတိုင်းသည် တစ်ကိုယ်ကောင်းဆန်သည်။ သူ့ ယောကျ်ားသည် သူ့အစ်ကို နှစ်ယောက်လို မဟုတ်ဘဲ ပျင်းရိကာ ပိုက်ဆံ မရှာနိုင်ပေ။ အခု ရုတ်တရက် ငွေလေး ဝင်လာသည်ကို သူများနှင့် မမျှဝေချင်ပါ။
အမေ၏ အပြုအမူအား ချွေးမ အကြီး ဖြစ်သူ မြင်တော့ နှုတ်ခမ်းဆူသည် သို့သော် ဘာမှမပြောပေ။
သူမလည်း သူမ တူးထားတာများအား သွားရောင်းရမည်။ ထို့ကြောင့် ပြန်ထိုင်ချကာ ဆက်တူးနေသည်။
ချွေးမကြီးဖြစ်သူသည် စပ်စုချင်လာသည်”ရောင့်သုန်း ဒီဂဏန်းတွေ ဘယ်ကဖမ်းလာတာလဲ အဲဒါကြောင့်မို့ နင့်က်ို မတွေ့တာနေမှာ”
“ဟိုးကလေ”
သူ့ကို အတင်း ပြောကြတာကို ကြားပြီးနောက် ဘယ်သူနဲ့မှ စကားပြောချင်စိတ် မရှိပေ။သူ၏ ခေါင်းဖြင့် လားရာကို ညွှန်ပြရင်း သူ့မိန်းမဆီသို့ လျှောက်သွားသည်။ သူ့မိန်းမ ဘေးနားရှိ ပုံးထဲသို့လမ်းကြည့်လိုက်သည်။
“မင်း အများကြီး တူးထားတာပဲ”
“မဆိုးပါဘူး ဒါပေမဲ့ အခု ရေပြန်တက်တော့မှာ ဒီနေ့ည ရေကျအောင်စောင့်ရဦးမှာ ငါတို့ မနက်ဖြန်မှ ပြန်လာလို့ရမှာ”
သူမသည် သူ၏ လိပ်တင်ထားသော ဘောင်းဘီအားကြည့်လိုက်သည်။ ”ဒါတွေတူးဖို့ ဒီရေထဲ ဆင်းခဲ့တာလား”
သူမ ပြုံးပြလိုက်သည်။ ရောင့်သုန်း ခေါင်းညိတ်ကာ ပြောလိုက်သည်။ ”ဟုတ်တယ် အနီးနားက ကျောက်တွေမှာ သေးသေးလေးတွေပဲ ရှိလို့လေ ဝေးဝေးသွားနေတာ အဲဒါကြောင့် ငါ့ကို မမြင်ရတာ”
သူတကယ် ဝီရိယ ရှိလာတာလား။ အဝေးကြီးသွားပြီး အကြာကြီးတူးနေတာ အဲဒါကြောင့် မမြင်တာကိုး ။
“ပင်လယ် ဖရဲစေ့နဲ့ ခရုတွေက နည်းနည်းတော့ သေးတယ်” ဟု ပြောရင်း ပုံးထဲ လှန်လှောကြည့်တော့သည်။
“ငါလည်း ငါ တူးနိုင်သလောက် တူးခဲ့တယ် ပင်လယ် ဖရဲစေ့တွေကလည်း အဆင်ပြေပါတယ် ပြုတ်လိုက်ရင် အခွံက သူ့ဘာသူ ပွင့်လာမှာ အရွယ်သေးပေမဲ့ အထဲမှာ စားစရာ အသား ရှိမှာပါ ခရုတွေကိုတော့ ကလေးတွေကို ကျောက်နဲ့ထုခိုင်းလိုက်မယ် ပြီးရင် ကြက်သွန်ဆီလေးနဲ့ ပေါင်းလိုက်မယ်”
“ဘာကြီး ကြက်သွန်ဆီ ဟုတ်လား ခရုကို ချက်ဖို့ ဆီသုံးမလို့လား ကျက်တဲ့အထိ ရေနွေးနဲ့ ပြုတ်လိုက်မှာပေါ့ ပြီးရင် ကော်ပြီး စားလိုက်ရုံပဲ ဘယ်က နည်းတွေရလာတာလဲ ခရုချက်ဖို့ ဘယ်သူက ဆီသုံးမှာလဲ”
လင်းရှိုချင်း မျက်မှောင်ကျုံ့ကာ သူ့အား ကြည့်လိုက်သည်။ သည်လူက အိမ်ရဲ့အခြေခံပစ္စည်း တန်ဖိုးကို နားမလည်ဘူးပဲ။
“ဟုတ်ပြီ ဟုတ်ပြီ အဲဒါဆိုလည်း ဒီတိုင်းပဲ ပြုတ်တာပေ့ါ” ရောင့်သုန်း အလျင်အမြန် ပြောလိုက်သည်။သူသည် မေ့ပြီး အနာဂတ်မှ ချက်ပြုတ်နည်းအား ပြောလိုက်ခြင်းဖြစ်သည်။
သူတို့ အိမ်တွင် ပြုတ်လို့ရသမျှ ဘာနေနေ ပြုတ်ကာ လုပ်စားကြသည်။ ကုန်ကျစရိတ်ကို လျှော့ချရန် ဖြစ်သည်။
လင်းရှိုချင်း သူ့အားမျက်စောင်းထိုး၍ ပြန်ထိုင်ချလိုက်ကာ “အမေက ပြန်မလာသေးဘူး ထပ်တူးရင်းနဲ့ စောင့်လိုက်ဦးမယ် ရှင်ကလေးကို သွားကြည့်ရင်းစောင့်နေပါလား”
“ပြီးတာပဲ”
အတော်ပဲ သူ ထပ်ပြီး အလုပ် မလုပ်ချင်တော့နဲ့ ခြေထောက်တွေက ရေထဲ ရပ်ခဲ့တာများတော့ အဆင်မပြေတော့ပေ။
ရီချန်းယန်သည် ခြေထောက် နှစ်ဖက်လုံး သဲထဲ နှစ်ကာ ဆော့နေသည်။ ရောင့်သုန်းသည် ပွေ့ချီလိုက်ကာ ကမ်းခြေ တစ်လျှောက် လမ်းလျှောက်သွားသည်။
သူ ချီလိုက်သည်နှင့် ကလေးသည် ကျယ်လောင်စွာ ငိုသည်။ သူလက်ပေါ်မှ ဆင်းဖို့ကြိုးစားရင်း”ကစားမှာ ကစားမှာ အိမ်မပြန်ဘူး”
“ဒီရေတက်နေပြီ လူတိုင်း အိမ်ပြန်ရမှာ”
“မဟုတ်ဘူး ယန်ယန် ကစားမှာ”
“နောက်တခါ ထပ်လာမယ်လေ အခု အိမ်ပြန်ရောက်ရင် ပြောင်းဖူး စားချင်တယ်မလား အိမ်က မင်းအစ်ကိုတွေ အစ်မတွေက အကုန် စားလိုက်လိမ့်မယ်နော်”
အစားအသောက် ပြောလိုက်မှ ကလေးသည် အငိုတတ်သွားသည်” စားမှာ ယန်ယန် စားချင်တယ်”
သူတို့ ကုန်းပေါ်ကို ရောက်တော့ ရောင့်သုန်းသည် ကလေးအား အောက်ချပေးကာ မြေကြီးပေါ်ထိုင်ခိုင်းလိုက်သည်။ ”ဒီမှာ ထိုင်ပြီး မင်းအမေ တူးပြီးတဲ့အထိ စောင့်ရအောင် အတူတူ အိမ်ပြန်ရအောင်”
“ဗိုက်ဆာတယ်”
“ဆော့နေတုန်းကကျ ဗိုက်ဆာတယ် မပြောဘူး ဒီမှာစောင့်နေ”
သူ့သား နှစ်ယောက်၏ မလိမ်မာမှုနဲ့ စကားနားမထောင်မှုတွေနဲ့ သူသည် နှစ်များစွာ အသားကျနေသည်။ သူတို့ နှစ်ယောက်၏ ခေါင်းမာမှုတွေက သူ့အား စိတ်တိုစေသည်။ ယခုမှ သူ့သား အငယ်ကောင်သည် သေးသေးလေးဖြစ်နေတာ ကလေးသံဖြင့် ဖြစ်နေသည်။ သူ အဲဒါကို အသားမကျပေ။ နှစ်ဦးသည် အရမ်း ခြားနားနေ၍ သူ့သား အငယ်ကောင်အား သနားလို့ မရပေ။
ရီချန်းယန်သည် နှုတ်ခမ်း ဆူလိုက်ကာ ငိုမဲ့မဲ့မျက်နှာဖြစ်သွားသည်။ထိုအမူအရာအား ရောင့်သုန်းအမေဖြစ်သူ မြင်သွားသည်။အကိုဖြစ်သူနှစ်ယောက်လည်း ဖြတ်သွားရင်းမြင်ကြသည်။
အမေသည် ချက်ချင်း သူ့မြေး ဘေးနား လာကာ “ဘာဖြစ်တာလဲ ယန်ယန် ဘယ်သူက အနိုင်ကျင့်တာလဲ အဘွားကိုပြော အဘွား ဆုံးမလိုက်မယ်”
သူ့အဘွားရောက်လာသည်နှင့် ချက်ချင်း ပါးစပ်ကြီးဖွင့် အာဗြဲကြီးနဲ့ ငိုကာ “ဖေဖေလုပ်တာ ဖေဖေလုပ်တာ”
အမေသည် ရောင့်သုန်းအား နှစ်ခါရိုက်လိုက်သလို ဟန်ဆောင်လိုက်သည်။ ”အဘွားက သားဖေဖေကို ရိုက်လိုက်ပြီနော် မငိုနဲ့ တော့”
ချက်ချင်းပင် ရီချန်းယန် အငိုတိတ်သွားသည်။မျက်ရည်ပင် ထပ်မကျတော့ပေ။ မျက်တောင်မွှေးပေါ်မှ မျက်ရည်စများသာ ကျန်တော့သည်။
ရောင့်သုန်းသည် ပါးရွှဲ့ကာ ရီလိုက်သည်။
ကြွက်စုတ်။
ဒီပုံစံက အသက်ကြီးလာတော့ အမြင်ကတ်စရာကောင်းတာ မဆန်းပါဘူး
“အဘွား ဗိုက်ဆာတယ် ပြောင်းဖူးပေး”
“လာလာ အဘွားတို့အိမ်ပြန်ပြီး ချက်ကြမယ်”
သူ့ မြေးအား ချော့ပြီး အမေသည် သူ့ချွေးမတွေအား လှမ်းအော်လိုက်သည်” ပြန်ကြစို့ တူးမနေနဲ့တော့ နောက်ကျနေပြီ”
ချွေးမ သုံးယောက်သည် ပင်ပန်းပြီး ဗိုက်ဆာနေသည်နှင့် ခေါ်သံကြားသည်နှင့် ပုံးတွေ သယ်ကာ ချက်ချင်းထလာကြသည်။ ဒီရေလည်း တဖြည်းဖြည်းတက်လာလေပြီ။
