အပိုင်း (၉၆)
နောက်တစ်နေ့ မနက်တွင် ရီရောင့်သုန်းမှာ ဖက်တီးအား အားဝေနှင့် ဟောင်ဇီအား ခေါ်လာခဲ့ခိုင်းရန် စဉ်းစားလိုက်သေးသည်။ မည်သို့ဆိုစေ နှစ်ရှည်ကြာ ပေါင်းလာခဲ့သည့် သူငယ်ချင်းများဖြစ်ရာ ဘာမဟုတ်သည့် ပိုက်ဆံ အနည်းငယ်ဖြင့် အမြင်စောင်းနေစရာ မလိုအပ်ပေ။
ငါ့ရဲ့အရင်ဘဝတုန်းက ဒီလိုတွေ မဖြစ်ဖူးပါဘူး၊ ငါတို့ ကွဲသွားကြတဲ့အထိကို ဘာပြဿနာမှ မရှိခဲ့တာ။
သည်ဘဝကြီးက တကယ်ကို အများကြီး ပြောင်းလဲသွားတာပဲ။
ကိုယ့်ဘက်ကပင် ခြေတစ်လှမ်း နောက်ဆုတ်ပေးပြီး ပြန်လည်သင့်မြတ်ကာ အတူတူ ပျော်ပါးကြလျှင် ဤကိစ္စက အလိုလို ပြေလည်သွားလိမ့်မည်ပင်။
သို့သော် သူ့ဘက်က အကောင်း တွေးထားသည့်တိုင် သူတို့က လက်မခံချင်ကြပေ။ ဖက်တီးက ဟောင်ဇီအား သွားခေါ်ချိန်တွင် ဟောင်ဇီက ပစ္စည်းချရန် ထွက်သွားပြီ ဖြစ်ပြီး အိမ်တွင်ရှိမနေပြန်၊ အားဝေကတော့ လုံးလုံးလျားလျား စိတ်ဆိုးနေပြီး ထွက်မလာချေ။ ဖက်တီးတစ်ယောက် မည်သို့ပင် ဖျောင်းဖျနေပါစေ အားဝေကတော့ သွားပြီး သူ့ကိုယ်သူ လူပြက်အဖြစ် မခံနိုင်ဘူးလို့သာ ပြောဆိုလာခဲ့သည်။
ဖက်တီး တစ်ယောက် ဘာပြောနိုင်တော့မှာလဲ။ ထိုသို့နှင့် သူလည်း လက်လျှော့ပြီး ပြန်လာခဲ့လိုက်တော့သည်။
ရီရောင့်သုန်းက ဖက်တီး ပုခုံးကို ပုတ်ပေးလိုက်ပြီး ;
"ထားလိုက်ပါကွာ၊ အားလုံးက အတွေးကိုယ်စီနဲ့၊ သူများအတွေးကို ငါတို့က ဘယ်လိုလုပ်ပြီး ဖိအားပေးလို့ရပါ့မလဲ"
"ဖူး၊ ပိုက်ဆံကိစ္စလေးနဲ့ကွာ..."
"သူတို့ လှေ တကယ် ဝယ်ချင်တာဆိုရင် ပိုက်ဆံက တတ်နိုင်ကြပါတယ်ကွာ၊ သူတို့စိတ်ထဲ မမျှတဘူးလို့ ထင်နေကြတာ"
ထပ်ပြောရမည်ဆိုလျှင် တခြားလူများ ****စား၏၊ မစား၏ကို သူ မထိန်းချုပ်နိုင်သဖြင့် အနှီ ကိစ္စအား အချိန်အတိုင်းတာ တစ်ခုထိ ဘေးဖယ်ထားရန်သာ တတ်နိုင်တော့ပြီး သူတို့ ပြန်လည်အဆင်ပြေရန် အလို့ငှာ ရက်အနည်းငယ် ကြာမှ အတူသောက်ဖို့ ခေါ်ကြည့်ကာ ကြိုးစားကြည့်ရပေတော့မည်။
နှစ်ယောက်သားက ကမ်းစပ်တွင် အတန်ကြာ ရပ်စောင့်နေကြသည့်တိုင် မည်သည့် အရိပ်ယောင်မှ မတွေ့ရသေးချေ။ သူတို့ ရောက်ဖို့ ကြာလောက်အုံးမည်လို့ ခန့်မှန်းလိုက်ပြီး ရှောင်ယွီကျစ်၏ အဝယ်ဒိုင် အဝင်ဝသို့ လျှောက်သွားကာ လေညှင်းခံရန် ထိုင်ချလိုက်ကြသည်။
သူတို့ကို မြင်သည်နှင့် ဗိုက်ပူကြီးနှင့် အားချိုင်က လာနှုတ်ဆက်ပြီး တစ်ယောက်က စီးကရက်ထုတ်ပေးလိုက်ကာ ;
"မင်း ဘာလို့ ဒီကို ရောက်နေတာလဲ။ မနက်အစောကြီး ပစ္စည်းကောင်းလေးများရှိလို့လား။ အားသုန်းကို ဒီရက်ပိုင်း ငါးဖမ်းတာ မတွေ့မိဘူးနော်"
"လူသစ်လေးရဲ့ ကံက ကုန်သွားလို့နေမှာပေါ့၊ နေ့တိုင်းကြီးတော့ အချီကြီး ဘယ်ရပါ့မလဲဗျာ"
"ငါ ကြားတာ မင်း မြေလှောင်ပိုက်ချတော့မလို့ဆို၊ အဲ့ခါကျရင် ပစ္စည်းတွေကို ငါ့ဆီမှာပဲ လာရောင်းနော်"
"အင်းပါ၊ ခင်ဗျား နည်းတယ် မထင်သရွေ့ပေါ့"
"ရက်တာက ဘယ်လောက် ရသွားပြီလဲ။ ဘယ်အချိန်ချမယ်လို့ စီစဉ်ထားလဲ။ ပိုက်က ဘယ်နှခုလောက်ရှိလဲ"
"အခုကတော့ ဒါဇင်ကျော်ကျော်လောက်ပါပဲ၊ တစ်တန်း နှစ်တန်းလောက်တော့ အရင်ချရမှာပေါ့"
"ဟမ်"
အားချိုင်မှာ မှင်သေသွားရ၏။ သူ့ စိတ်ထဲ ထင်လိုက်သည်မှာ သူပြောသည့် နည်းသည်ဆိုသည်မှာ စကားအဖြစ် ပြောခြင်း ဖြစ်သည်လို့သာ။ ဒါပေမဲ့ သည်လောက်ကြီး နည်းလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။
တစ်တန်းလောက်ပဲဆိုတော့ ဘယ်လောက်ပဲရတော့မှာလဲ။
အချိန်ဖြုန်းနေသလိုကြီးပဲမလား။
"မင်း လာနောက်နေတာလား။ ခုဟာက မြေလှောင်ကွန်ကို ချမှာနော်။ ဘယ်လိုလုပ်ပြီး တစ်တန်းတည်းချမှာတုန်း။ ပြီးရင် အကုန်လုံးစုရမှာပဲဟာ ဘာလို့နည်းနည်းပါးပါး ပိုမချတာလဲ"
"ကျွန်တော် အလုပ် အရမ်းများနေလို့ပေါ့၊ သူများကို ခေါ်ခိုင်းဖို့ကျတော့လည်း မငှားနိုင်သေးဘူး၊ အဲ့တော့ အရင်ဆုံး ကိုယ့်အားကိုယ်ကိုးရတာပေါ့"
အားချိုင်း တစ်ယောက် ပြောစရာ စကားမဲ့သွားရပြီး ;
"မင်း နေ့တိုင်းလိုလို ငါးဖမ်းထွက်ပြီး ပိုက်ဆံ အများကြီးရှာနိုင်နေတယ် မဟုတ်ဘူးလား။ မြေလှောင်ကွန် နည်းနည်းပါးပါးလေးကိုတောင်မှ မင်းက သူများခေါ်ခိုင်းရမှာ တွန့်တိုနေတယ်၊ အလုပ်မြန်မြန်ပြီးတော့ ပစ္စည်းစောစော ရောင်းရပြီး ပိုက်ဆံ မြန်မြန်ရမယ် မဟုတ်ဘူးလား။ ဒီလိုက ပိုကောင်းတယ်လို့ မင်း မထင်ဘူးလား"
ရီရောင့်သုန်း သူ့ကို စွေကြည့်လိုက်သည်။ ပင်လယ်ထွက် ငါးဖမ်းရသည့် ငွေက အဖေ ရီ ဟာ ဖြစ်ပြီး ဤမြေလှောင်ကွန်က သူ့ကိုယ်ပိုင်ဟာ ဖြစ်သည်။ လူငှားရင်ပိုက်ဆံက သူ ပေးရမှာလေ၊ သူတို့ ဘာတွေ အထင်မှားနေကြတာလဲ။
အဓိကအကြောင်းပြချက်ကာ အမေ ရီနှင့် ဇနီး ဖြစ်သူက တစ်စုံတစ်ယောက်ကို ငှားရန်အတွက် ပိုက်ဆံမသုံးချင်ကြပြီး၊ အိမ်တွင် အိမ်ဝိုင်းကို ဆောက်နေရန်အတွက် ပိုက်ဆံ အများကြီး ကုန်ကျနေရသည်လို့သာ ပြောနေကြသည်။ အိမ်ဆောက်ငွေက သူ ပေးရန် မလိုအပ်သော်လည်း မိသားစုမှ ခွဲထွက်သည့်အချိန်ကျလျှင် ကိုယ်ပိုင် အိမ်ထောင် ပရိဘောဂများဝယ်ရန် ပိုက်ဆံ အများကြီး လိုအပ်ပြီး မြေလှောင်ကွန်လုပ်ရန် လိုအပ်မည့် ပစ္စည်းများ ဝယ်ရာတွင် ပိုက်ဆံ အတော်သုံးရအုံးမည် ဖြစ်သည်။ မြေလှောင်ကွန် အခု တစ်ရာကျော်လောက် လုပ်ရမည် ဖြစ်ကာ နည်းနည်းပါးပါး စုဆောင်းထားရဦးမည်ပင်။
လွန်ခဲ့သည့် ရက်အနည်းငယ်က သူ့အမေကို ခယ်မနှစ်ယောက်နှင့် အစ်ကို နှစ်ယောက်အား အလုပ်ဝိုင်းကူရန်အတွက် လုပ်အားခ ပေးလိုက်မည်ဖြစ်ကြောင်း စည်းရုံနိုင်ခဲ့သည်။ သို့မှသာ မိမိပိုက်ဆံက အပြင်လူများထံ မရောက်စေပြီး အလုပ်လည်း မြန်မြန်ဆန်ဆန် ပြီးလိမ့်မည်ပင်။ မဟုတ်လျှင် သူ့အမေကသာ အကုန်လုံးကို တစ်ယောက်တည်း လုပ်ချင်နေသေးပြီး ဖြည်းဖြည်းချင်း သွားနေပါက ပြီးနိုင်တော့မည် မထင်ပေ။
ကျေးလက်နေ တောသူတောင်သားများက ခြိုးခြံချွေတာတတ်လေ့ ရှိပြီး ယခုခေတ်အခါက လူများက အခက်အခဲများကို ကြံ့ကြံ့ခံနိုင်ပြီး အလုပ်ကို အားသွန်ခွန်စိုက် ကြိုးစားကြသည်။ သူတို့လုပ်နိုင်သည့်အရာများကို တစ်ပါးသူအား မလုပ်ခိုင်းလိုကြပြီး၊ မည်မျှ ပင်ပန်းပါစေ အပင်ပန်းခံကာ ကိုယ်တိုင်လုပ်ကြမည့်သူချည်းပင်။
ရီရောင့်သုန်းက ဆေးလိပ်မီးကို တောက်ချလိုက်ပြီး ဝတ်ကျေတမ်းကျေဖြင့် ;
"အိမ်က လူတွေကလည်း အရမ်း အလုပ်များနေကြတာ၊ ကျွန်တော်ကလည်း ကွန်ပစ်ပြီးရင် အိမ်ဆောက်ကူရသေးတယ်၊ လောလောဆယ်တော့ ကိုယ်ပိုင် အလုပ်လုပ်ဖို့ အချိန် မရှိသေးဘူး"
"ဒါဆိုလည်း မနက်အစောကြီး ဒီမှာ ဘာလာလုပ်နေတာလဲ"
"အားကွမ်နဲ့ တခြားသူတွေ လှေလေး တစ်စီး ဝယ်လိုက်ကြပြီလေ၊ အဲ့ဒါ ဗျောက်အိုးဖောက်ပေးဖို့ စောင့်နေတာ"
လှေက ကြီးကြီးမားမား မဟုတ်ပြီး ဆွေမျိုးအားလုံးနှင့် သူငယ်ချင်းများကို အသိပေးရမည်က မလွယ်ကူချေ။ သူတို့ သူငယ်ချင်း နှစ်ယောက် လာပြီး ဗျောက်အိုး နှစ်တွဲလောက် ကူဖောက်ပေးလိုက်လျှင်လည်း လုံလောက်ပါ၏။
"ယိုး၊ မိုက်လှချည်းလားဟ။ အချိန်တိုလေးအတွင်း မင်း သူငယ်ချင်းတွေက လှေပါ ဝယ်နိုင်သွားပြီပဲ"
"နောင်ဆို ကျွန်တော်လည်း ခင်ဗျာ ဈေးမြင့်ပေးမှာကို မျှော်ကိုးရတော့မှာပဲ"
"အပြောလွယ်လိုက်ကြတာနော်၊ ငါကဖြင့် ရိုးရိုးသားသား စီးပွားရေး လုပ်စားနေတာပါနော်"
ရီရောင့်သုန်းနှင့် ဖက်တီးတို့ နှစ်ယောက်စလုံး တစ်ချိန်တည်းဆိုသလို မျက်စောင်းထိုးလိုက်ကြတော့သည်။
သုံးယောက်သား ဘာမှ မယ်မယ်ရရ လုပ်ကိုင်စရာလည်းမရှိနေ၍ ထိုနေရာတွင် ထိုင်ကာ စကားလက်ဆုံဖွဲ့လိုက်ကြသည်။
ပြောနေရင်းဖြင့် ရီရောင့်သုန်းက သူ့အား တစ်နှစ်ကို မည်မျှ ရှာနိုင်ကြောင်း သိလိုစွာဖြင့် မေးမြန်းလိုက်သည်။
လူချမ်းသာကြီးက ပါးစပ်ကို တွင်တွင် ပိတ်ထားပြီး ပြုံးကာ စကားဦးကို သူ့ဘက် ပြန်လှည့်လာ၏။
"ဟိုမှာ လှေတစ်စင်း လာနေတာ တွေ့လား"
နှစ်ယောက်သား တစ်ပြုင်တည်း မတ်တပ်ထရပ်လိုက်ပြီး ပင်လယ်ပြင်ကို ကြည့်လိုက်ချိန် အဝေးမှ ခြောက်လပန်းနီချည်ထားသည့် လှေငယ် တစ်စင်း တရွေ့ရွေ့ လာနေသည်ကို လှမ်းမြင်လိုက်ရသည်။
"ဟုတ်လောက်တယ်"
"သွားပြီး ကြည့်ရအောင်"
ကမ်းစပ်တွင် ရပ်ပြီး အချိန်အတော်ကြာ စောင့်ကြည့်ပြီးနောက် သူတို့ထံ ချဉ်းကပ်လာချိန်တွင် လှေပေါ်ရှိ လူသုံးယောက်ကို လှမ်းမြင်လိုက်ရပြီး သံသယ ဝင်စရာပင် မလိုသည်က ထိုသုံးယောက်ကာ သူတို့ သူငယ်ချင်း သုံးယောက်ပင်။
သူတို့ကလည်း သူ့လှေနည်းတူ ၆ မီတာ ရှည်သည့် လှေတစ်စင်းကို ဝယ်လိုက်ခြင်း ဖြစ်ပြီး မတူသည့်တစ်ခုမှာ ၎င်းက အသစ်ဆက်ဆက် ဖြစ်နေခြင်းပေ။
နှစ်ယောက်သားက ဗျောက်အိုးများကို ကိုင်ထားကြပြီး၊ သူတို့လှေ ကမ်းကပ်လာသည့် မီးညှိကာ ဖောက်လိုက်ကြသည်။
"ဗျောက်အိုးတွေ ကုန်သွားတာနဲ့၊ မင်းတို့ဆီ လာဘ်လာဘတွေ သောင်းချီ ဝင်လာလိမ့်မယ်"
"ဟေး၊ ငါတို့မှာ လှေရှိသွားပြီကွ"
သုံးယောက်သားက လှေကို ကြိုးချည်ပြီးနောက် ပျော်ရွှင်စွာ ခုန်ပေါက်လာကြသည်။
"မနက်ဖြန်ကျ အတူတူ ပင်လယ်ထဲထွက်ပြီး ကွန်နည်းနည်းပါးပါး သွားပစ်ရအောင်လေ"
အားကွမ်က စိတ်လှုပ်ရှားစွာဖြင့် ရီရောင့်သုန်းကို လှမ်းပြောလိုက်သည်။
"အိုခေလေ။ မြေလှောင်ကွန်ကိုပဲ ယူပြီး ပင်လယ်ထဲ ချတာပေါ့"
အားကျန်က လက်များကို ပွတ်ကာ စိတ်မရှည်စွာဖြင့် ;
"ဒီနေ့ပဲ သွားကြရအောင်လား။ ဘာပဲဖြစ်ဖြစ် ငါတို့လည်း အားနေကြတာပဲကို"
"ဒါဆို မင်းတို့ပဲ သွားလိုက်လေ၊ ငါ့အိမ်က အလုပ်များနေတုန်းဆိုတော့ တစ်နေကုန်တော့ ထွက်သွားလို့မရဘူး၊ မနက်ဖြန်ကျမှပဲ မင်းတို့နဲ့လိုက်မယ်"
"အို့၊ ကောင်းပြီလေ"
သုံးယောက်သားက ဆွေးနွေးလိုက်ကြပြီး ရာသီဥတုလေးကလည်း ကောင်းတုန်း သံပူတုန်း ထုနှက်ရမည် ဖြစ်ရာ ပင်လယ်ထဲထွက်ပြီး အရင်ဆုံး ကွန် အနည်းငယ် သွားပစ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ရီရောင့်သုန်းနှင့် ဖက်တီးတို့မှာလည်း ဘာအလုပ်မှမရှိတော့သဖြင့် ညနေခင်းတွင် အားကွမ်၏ အိမ်၌ ညစာစားရန် ချိန်းလိုက်ကြပြီး အရင်ပြန်နှင့်လိုက်ကြသည်။
ရလဒ်အနေဖြင့် ရီရောင့်သုန်း အိမ်ဝိုင်းသို့ ပြန်ရောက်စဉ်တွင် သူ့ယောက္ခထီးနှင့် ယောက်ဖဖြစ်သူတို့က အလုပ်ဝိုင်းကူနေကြသည်ကို တွေ့လိုက်ရသည်။
သူက အံ့အားတသင့်ဖြင့် မြန်မြန်လျှောက်သွားလိုက်ပြီး အထစ်ထစ် အငေါ့ငေါ့ဖြင့် ;
"အာ...အဖေ..။ ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ?"
သူ့ယောက္ခထီးက သူ့ကို လက်ရှိအချိန်တွင် သဘောမကျသော်လည်း အနည်းဆုံးတော့ လွန်ခဲ့သည့်နှစ်များကာလက မျက်လုံးက မျက်လုံးမဖြစ်လို့၊ နှာခေါင်းက နှာခေါင်း မဖြစ်လို့ဆိုပြီး ဆူပူကြိမ်းမောင်းခြင်းမျိုး မရှိပေ။
ဤအခိုက်အတန့်တွင် သူ့က အပြုသဲ့သဲ့လေးပြုံးပြီး;
"အိမ်က ဖရဲသီးတွေ ဆွတ်ချိန်ရောက်ပြီလေ၊ အဲ့ဒါ မင်းတို့စားလို့ရအောင် လာပို့ပေးတာ၊ မင်းတို့ အိမ်အသစ် ဆောက်နေမယ်လို့ မထင်ထားခဲ့ဘူး ဘာလို့ လာပြီး မပြောလိုက်လဲ ငါတို့လည်း လာပြီး ကူပေးလို့ရတာပေါ့"
"အဖေတို့ နေရာက ဝေးကဝေးနဲ့ သွားလိုက်ပြန်လိုက်နဲ့က အဆင်မပြေမှာစိုးလို့လေ၊ အဲ့ဒါကြောင့် ကျွန်တော်တို့လည်း လူငှားပြီး ကိုယ့်ဘာသာကိုယ်ပဲ လုပ်လိုက်ကြတာ၊ အဖေ ထိုင်ပြီး နားဦးလေ။ ကျွန်တော် ဆက်လုပ်လိုက်ပါ့မယ်"
ရီရောင့်သုန်းက လူအိုကြီး လက်ထဲမှ ကော်ကို ယူလိုက်ပြီး သူ့အစား ကော်ကူတူးပေးကာ မြေများနှင့် ကျောက်စရစ် အပုံများအား မွှေလိုက်သည်။
အဖေ လင်းမှာ ရီရောင့်သုန်း၏ အနည်းငယ် ပို၍ ရင့်ကျက်လာပြီး အလုပ်ကို မည်သို့ ဝိုင်းကူပေးရမှန်း သိပုံကို ကြည့်ပြီး သူ့ မျက်နှာထက်မှ အပြုံးက ပို၍ စစ်မှန်လာတော့သည်။
"ရပါတယ်ကွာ၊ လမ်းကြုံနေလို့ တစ်ခါတည်း ဝင်ကူညီလိုက်တာ"
"အဖေတို့က ဒီကို တစ်ခါတလေမှ လာရတာ၊ ကျွန်တော်တို့မှာ နှုတ်ဆက်ဖို့ အချိန်တောင် မရှိလိုက်ဘူး၊ အဖေ ထိုင်ပြီး ခဏနားလိုက်ပါ၊ ဒါနဲ့ အဖေ လာတယ်ဆိုတာ ကျွန်တော့် အမေရော သိရဲ့လား"
"အင်း သိတယ်၊ မင်းအမေကလည်း ငါတို့ကို အိမ်မှာပဲ နားနားနေနေနေခိုင်းတာ၊ ငါတို့က ဘယ်လုပ်လုပ်ပြီး အေးဆေးနေလို့ရမှာလဲ။ အခု မင်းအမေက အိမ်ပြန်ပြီး အဆာပြေ သွားပြန်ချက်နေတယ်"
ယောက်ဖဖြစ်သူကလည်း ချွေးများကို သုတ်ပြီး လျှောက်လာကာ ပြုံးရင်းဖြင့် ;
"ငါ မင်းကို မတွေ့ရတာတောင် အတော်ကြာပြီ၊ ဒီရက်ပိုင်း အတော် မဲလာတယ်နော် မင်း"
"ဒီမှာ နေ့တိုင်းလာပြီး အလုပ်လုပ်နေရတာလေ၊ ဒီလို နေရောင်အောက်ကြီးမှာ ဘယ်သူက မမဲဘဲ နေမလဲ"
"အို့"
လင်းရှန်ဟွေ့ အနည်းငယ် အံ့အားသင့်သွားရသည်။ သူက နေ့တိုင်းတောင် အလုပ် လာလုပ်သေးတယ်ပေါ့။ သူ့အသားအရေကို ကြည့်ရုံနှင့်တင် အလိမ်အညာ စကား မဟုတ်သည်က သိသားလှပြီး၊ တော်တော်လေးကို မည်းသွားခြင်းပင်။
"မင်းတို့က ပင်ပင်ပန်းပန်း ရောက်လာကြတာ၊ ဒါတွေ လုပ်စရာ မလိုပါဘူးကွာ၊ ထိုင်ပြီး နားနားနေနေ,နေကြလေ၊ ငါတို့မှာ လုပ်ဖို့ အလုပ်သမားတွေ အများကြီး ရှိပါတယ်ကွာ"
"ရပါတယ်၊ အိမ်မှာလည်း လယ်လုပ်ရတာနဲ့ အသားကျနေတာ၊ မင်းတို့က အိမ်ဆောက်နေကြတာဆိုတော့ ခွဲနေကြမလို့လား"
"အဲ့လိုပဲပေါ့"
အဖေ လင်းက ; "ဒါဆို ဆောက်ပြီးသွားရင်လည်း ငါတို့ကို ကြိုအသိပေးဦးကွာ၊ အိမ်ဆောက်တာ ဘာမှလည်း မပြောကြဘူး၊ ငါတို့မှာ ဒီကို လာတော့မှပဲ သိရတော့တယ်"
"ဟုတ်၊ အိမ်ပြီးသွားတဲ့အခါကျ ကျွန်တော် အဖေတို့ကို ထမင်းစား ဖိတ်လိုက်ပါမယ်"
ရီရောင့်သုန်း အမှန်တကယ်ကို ရင့်ကျက်ပြီး သိတတ်ပုံကို ကြည့်ပြီး အဖေ လင်းနှင့် လင်းရှန်ဟွေ့တို့မှာ စိတ်ထဲတွင် တိတ်တိတ်လေး ခေါင်းညိတ်လိုက်ကြသည်။
ထိုအချိန်တွင် လင်းရှို့ချင်းကလည်း လောကြီးသုတ်ပျာ ရောက်လာပြီး ;
"အဖေနဲ့ အစ်ကိုတို့၊ ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ရောက်လာကြတာလဲ"
"ငါသာ မလာရင် မင်းတို့ အိမ်ဆောက်နေတာကို သိပါဦးမလား။ ဒီလို ကိစ္စကြီးကို ပြန်သွားရင် တခြားသူတွေကို ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး"
သူ(မ)က ပြုံးပြီး ; "အဖေတို့က အလုပ် အရမ်းများနေကြတာလေ။ အရမ်းများလွန်းလို့ အပြင်မှာ ချည်းပဲနေနေရတာ မဟုတ်လား၊ အဖေတို့ ဘယ်ချိန်က ရောက်လာကြတာလဲ။ သမီးမှာ ကလေးတွေ တောင်ပေါ်ကို လာပြောမှပဲ သိတော့တယ်၊ အိမ်ပြန်ပြီး ထိုင်စကားပြောရအောင်လေ"
"ရတယ် ရတယ်။ မင်းတို့ ဒီမှာ လုပ်စရာတွေ အများကြီး ရှိနေသေးတယ်မလား၊ ထိုင်မနေတော့ဘူး။ ဧည့်သည်တွေအနေနဲ့ အထူးတလည် လာတာမှမဟုတ်ဘဲ၊ ကလေး နှစ်ယောက်က တစ်ယောက်ပဲတွေ့လိုက်ရတယ်၊ အငယ်လေးရော"
"ခုလောက်ဆို စမ်းချောင်းနားမှပဲ နေမှာ၊ အဲ့မှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေလည်း ရှိတယ်။ ကလေး အကြီးတွေလည်း ရှိတာမလို့ စိတ်ပူစရာ မလိုပါဘူး"
"အေအေး၊ ကလေးကငယ်သေးတော့ သေချာဂရုစိုက်မှ။ ကိုယ့်ကိုယ်ကိုကြီးပဲ ဂရုစိုက်မနေနဲ့အုံး"
လင်းရှို့ချင်းက ခေါင်းညိတ်ပြီး ပြုံးကာ ;
"ဟုတ်၊ သမီး သိပါတယ်"
သူ့ဇနီးလည်း ရောက်လာပြီဖြစ်ရာ ရီရောင့်သုန်းတစ်ယောက် ဘေးဘက်တွင် နေကာ သူတို့နှုတ်ဆက်စကားများကို ငြိမ်ငြိမ်လေး နားထောင်နေတော့သည်။
"ဟမ်၊ မင်းတို့မှာ လှေရှိသွားပြီ၊ ဟုတ်လား"
အဖေ လင်း တစ်ယောက် အတော်လေးကို အံ့ဩသွားရတော့သည်။ ဤသည်မှာ ရီရောင့်သုန်း အလုပ်လုပ်နေသည်ကို မြင်တာထက်ပင် ပို၍ အံ့အားသင့်စရာ ကောင်းနေ၏။ သူ အများကြီး ပြောင်းလဲသွားတာပဲ။
သူတို့ မတွေ့ဖြစ်သည်မှာ လ အနည်းငယ်လောက်သာ ရှိသေးပြီး အနှီ သားမက်လေးက လွန်စွာ ဝီရီယ ရှိလာပြီး ကိုယ်တိုင် ကွန်ပစ်ထွက်ဖို့ပင် လှေပါဝယ်လိုက်သေး၏။
"ဟုတ်တယ် အဖေ"
လင်းရှို့ချင်းက လှေ မည်သို့ရခဲ့ကြောင်းကို သူ(မ) အဖေကို ရှင်းပြလိုက်၏။
အဖေလင်းက ခေါင်းတညိတ်ညိတ်ဖြင့် ပြုံးကာ;
"အရမ်း ကောင်းတယ်၊ ပင်လယ်ဘက်မှာ နေတဲ့လူပဲ လှေတော့ ပိုင်ထားသင့်တာပေါ့၊ တခြားအလုပ်တွေက အဲ့လောက် ရေရှည်မခံနိုင်ဘူး၊ အိမ်ဆောက်ပြီးလို့ မိသားစုတွေ ခွဲနေတဲ့အခါကျရင် ရောင့်သုန်းအတွက် တာဝန်က ပိုကြီးလာတော့မှာ၊ မိသားစုကလည်း များကများနဲ့ အရင်လို တစ်နေကုန် လိုက်လျှောက်သွားနေလို့ မဖြစ်တော့ဘူး"
ရီရောင့်သုန်းက ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
လင်းရှို့ချင်းက သူ့အစား ဝင်ပြောပေးကာ ;
"အိမ်စဆောက်ကတည်းက သူ နားလည်နေပါပြီ အဖေရဲ့၊ အခုဆို ညီအစ်ကို သုံးယောက်က အဖေနဲ့အတူ အလှည့်ကျ ပင်လယ်ထဲ ထွက်နေကြပြီ၊ ပင်လယ်ထဲ မသွားတဲ့နေ့ဆိုလည်း နေ့တိုင်း အိမ်ဝိုင်းမှာ လာကူပေးတယ်"
လင်းရှန်ဟွေ့က သူ့ညီမ ပြောသံကို ကြားပြီး လွန်စွာကျေနပ်နေရပြီး အနှီ ယောက်ဖလေးက နောက်ဆုံးမှာတော့ အသိတရား ရလို့လာပြီပင်။
အဖေ လင်းမှာ သူတို့ လက်ရှိ ဘဝကို သိလိုက်ရသည်။ သည်ကို လာစဉ်က သူ့မှာ အနည်းငယ် ပူပန်နေမိသော်လည်း ယခုတွင်တော့ စိတ်ချနိုင်သွားပြီပင်။ စားရေးသောက်ရေးအတွက် သူ စိတ်ပူနေဖို့ မလိုအပ်တော့ပြီး သူ့သားမက်လေးက လိမ္မာလာပြီးဖြစ်ရာ သူ ဘာမှပူပန်နေစရာ မလိုအပ်ပေ။
အမေ ရီက သူတို့ စားရန်အတွက် အဆာပြေ တစ်အိုး ချက်လာခဲ့သည်။ အဖေလင်းနှင့် လင်းရှန်ဟွေ့မှာ စားပြီးသည်နှင့် မထွက်သွားကြသေးပြီး အလုပ်ကို ဝိုင်းကူလုပ်ပေးလေ၏။
နေဝင်ပြီး ညနေ စောင်းသွားသည့် တိုင်အောင် ကူလုပ်ပေးပြီး အလုပ် ပြီးသွားသည့်အချိန်တွင် အမေ ရီက ညစာ စားရန် ထမင်းစား ဖိတ်လေပြီး သူတို့ကို အမျိုးမျိုးသော ပင်လယ်စာများ အပါအဝင် အခြောက်လှမ်းထားသည့် ဘလန်းငါးများ၊ ပုစွန်ခြောက်များ၊ အခွံမာငါးများ နှင့် ငါးပိကောင်များကို လှည်တစ်စီးအပြည့် လက်ဆောင်ပေးလေသည်။
အဖေ လင်းနှင့် လင်းရှန်ဟွေ့မှာ ရှက်ရွံ့စွာ လက်တခါခါဖြင့် ငြင်းဆိုကြသည်။ သူတို့ ယူလာပေးသည်မှာက အဖိုးမတန်သည့် ဖရဲသီးလေးများသာ၊ ယခုလို ပင်လယ်စာ အပြည့်ကြီးကို ဘယ်လိုလုပ်ပြီး ပြန်လက်ခံရဲပါ့မလဲ။ သို့သော်လည်း ခမည်းခမက်များ၏ စိတ်အားထက်သန်မှုကို မယှဉ်နိုင်တော့ကာ အားနာနာဖြင့်သာ လက်ခံလိုက်ရတော့သည်။
