အပိုင်း (၁၁၄)
အားချိုင်က ရယ်မောကာဖြင့် ချီးမွမ်းနေပြန်၏။
"မိုက်တယ်ကွာ။ မင်းတို့ ဒီလို အချီကြီး မိလာတာ။ ငါ ဝယ်လတ်များများ ခေါ်ပြီးတော့ ဘယ်စားသောက်ဆိုင်က ဈေးပိုပေးနိုင်လဲဆိုတာ မေးလိုက်မယ်"
ရီရောင့်သုန်းက မျက်ခုံးများကို မြှင့်လိုက်ပြီး ;
"ဟုန်းရှန်ကိုပဲ ခေါ်ပြီး ဘာလို့ မမေးလိုက်လဲ"
ဟုန်းရှန်မှာ သူတို့မြို့ထဲရှိ အကြီးဆုံး ဟိုတယ်ဖြစ်ပြီး အထဲတွင် စီးပွားရေး အများဆုံး ရှိသည်ဆိုလည်း မမှား။ သူနှင့် အများဆုံး အရောင်းအဝယ်ပြီးနောက်မှာတော့ ရောင့်သုန်း တစ်ယောက် ဟုန်းရှန် မင်းသားလေးအပေါ် အမြင်ကောင်းများ ရှိနေလေ၏။
အရမ်း ရက်ရောတာ။
"မရဘူး။ ပြီးခဲ့တဲ့တခေါက် ကော့ဒငါးကြီးတုန်းက ဟုန်းရှန် မင်းသားလေးဆီ တိုက်ရိုက် သွားရောင်းလိုက်လို့ ငါ သိတဲ့ တခြားစားသောက်ဆိုင်တွေက သူတို့ကို အသိမပေးလို့ဆိုပြီး ငါ့ကို မရိုးသားဘူးဆိုပြီး ပြောဆိုနေကြတာ၊ နောက်တစ်ခေါက် ပစ္စည်းကောင်းတာလေး ရှိရင် သူတို့ကို အသိပေးဖို့ပြောထားတာ။ သူတို့ ဝယ်မှာ မဝယ်မှာက သူတို့အပိုင်း၊ ငါ့တာဝန်က သူတို့ကို အသိပေးရမှာပဲ"
"ဒါဆိုလည်း လုပ်လေ။ လေလံဆွဲဖို့ လူနည်းနည်း ထပ်ထည့်လိုက်ပေါ့၊ လှေပေါ်မှာ ပစ္စည်းကောင်းတွေ ကျန်နေသေးတယ်၊ ကျွန်တော်တို့ သွားသယ်လို့ရအောင်"
ဖုန်းကို ဖွင့်နေသည့် အားချိုင်၏ လက်များမှာ တုန်သွားပြီး သူတို့အား အံ့အားတသင့် ကြည့်ကာ ;
"တခြား ပစ္စည်းကောင်းတွေရော ရှိသေးတာလား။ ဘာတွေ ရှိသေးတာလဲ။ ဒီတလုံးသွယ်ထက် ကောင်းလား"
အားကွမ်က ဂုဏ်ယူစွာဖြင့် ;
"ဒီထက်တော့ မဆိုးဘူး၊ ဒီမှာ စောင့်နေ၊ ကျွန်တော်တို့ သွားသယ်လာခဲ့မယ်"
"ဘာမိလာတာလဲလို့"
"ခဏနေ သယ်လာတဲ့အခါကျရင် သိလိမ့်မယ်"
သူတို့နှစ်ယောက်က စကားပြောပြီးနောက် ကမ်းစပ်ဘက် ပြန်ထွက်လာလိုက်ကြပြီး လူအုပ်ကြီးကလည်း သူတို့ စကားကြားပြီး အနောက်ကနေ လိုက်လာ၏။
"ဘာရှိသေးတာလဲ။ ဒီတစ်ခေါက် မင်းတို့ အချီကြီးတွေ မိလာတာလား"
"Grouper ပဲလား။ တခြားအကောင်ကြီးကြီးလား"
နှစ်ယောက်သားက ပြုံးဖြီးနေသည့် မျက်နှာများဖြင့် အားချိုင်ဆီမှ ထွက်လာပြီးနောက် ရှန်သုန်းငါးများထည့်ထားသည့် ပုံးအား ထုတ်ပြရန် ရည်ရွယ်ထားသော်လည်း သူတို့ လှေပေါ်ရောက်လာသည့်အချိန်တွင် ငါးတစ်ကောင်က ကုန်းပတ်ပေါ်မှ ပြုတ်ကျနေပြီး ပုံးနှင့် တစ်မီတာကျော် ကွာဝေးသည့်နေရာတွင် ရှိနေသည်ကို တွေ့လိုက်ရသည်။
ရီရောင့်သုန်း ကုန်းကောက်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ;
"ငါတို့ လှေပေါ် တတ်လာတဲ့သူ ရှိနေတာလား"
မဟုတ်လျှင် ရှန်သုန်းငါးကြီးက ကုန်းပတ်ပေါ်ပြုတ်ကျနေပြီး ပုံးနှင့် ခပ်လှမ်းလှမ်းတွင် ရှိနေသည်အား မည်သို့ ရှင်းပြနိုင်မည်နည်း၊ ၎င်းက အသက်ရှင်နေလျှင်တောင် ဤမျှ ဝေးဝေးတော့ ခုန်နိုင်မည်မဟုတ်ချေ။
"သူခိုးလား"
ရီရောင့်သုန်း ပြန်စဉ်းစားကြည့်လိုက်သည်။ သူ လာသည့် အချိန်တုန်းက အင်္ကျီလက်ပြတ်ဝတ်ထားသည့်လူတစ်ယောက်က ကုတ်အင်္ကျီအား လက်ထဲတွင်လုံးကာ ကမ်းစပ်မှ သုတ်ချေတင် ထွက်သွားအား မြင်လိုက်ရသလိုပင်။
လူမှား မစွပ်စွဲမိစေရန်အလို့ငှာ ရှန်သုန်းငါးထည့်ထားသည့် ပုံးဆီသို့ သွားစစ်ဆေးကြည့်လိုက်ရာ မူလပုံးထဲတွင် တကယ်ကို အရေအတွက်လျော့နည်းနေခြင်းပေ။
အားကွမ် ; "လျော့သွားသလိုပဲ"
ရောင့်သုန်း ; "အခိုးခံလိုက်ရတာပဲနေမှာ၊ မင်း ဒီမှာ ကြည့်နေ။ ငါ အခုဏက တစ်ယောက်ယောက်ကို မြင်လိုက်သလိုပဲ။ ငါ ဆင်းသွားပြီး ကြည့်လိုက်မယ်"
"ဘယ်သူလဲ"
"ငါလည်း ခေါင်းနောက်ကိုပဲ မြင်လိုက်တာ သေချာမတွေ့လိုက်ရဘူး၊ မင်း ဒီမှာ အရင်စောင့်နေ ထပ်ပြီးမပါသွားစေနဲ့အုံး"
ရောင့်သုန်းက စကားပြောရင်းဖြင့် လှေပေါ်မှဆင်းလိုက်၏။ ကမ်းစပ်မှ လူများမှာ သူတို့ ပစ္စည်းကောင်းလေးများ ထုတ်ပြလာမည်အား ကြည့်ရန် စောင့်ဆိုင်းနေကြသော်လည်း ရီရောင့်သုန်း မျက်နှာမည်းကြီးနှင့် တစ်ယောက်တည်း ဆင်းလာသည်ကိုသာ တွေ့လိုက်ကြရသည်။
"ဘာဖြစ်လို့လဲ"
"ဘာဖြစ်လို့လဲ။ မင်းတို့ ရန်ဖြစ်လာကြတာလား"
"ကျွန်တော်တို့ ငါး ခိုးခံထိသွားလို့ ဝိုင်းကူရှာပေးကြပါဦး၊ အခုလေးတင် ဟိုဘက်လမ်းပေါ် တစ်ယောက်ယောက် လျှောက်သွားတာ တွေ့လိုက်တယ်"
သူက ပြောပြီးသည်နှင့် ထိုလူ ဝေးဝေး မပြေးနိုင်ခင် အမြန် အမိ ဖမ်းနိုင်ရန် အလျင်အမြန် ပြေးသွားလိုက်သည်။
လမ်းမှာ အနည်းငယ် ကျဉ်းမြောင်းပြီး ရှည်လျားညစ်ပတ်နေသော်လည်း လမ်းစကနေ အဆုံးထိကို မြင်နိုင်နေသေး၏။
အနှီအမျိုးသားက သံသယဝင်ခံရမည်ကို ကြောက်သဖြင့်လည်း မပြေးဘဲ ခပ်မြန်မြန်သာ လျှောက်နေ၏။ ရီရောင့်သုန်းက အချိန်ဖြုန်းမနေဘဲ အပြေးရောက်လာကာ ထိုလူအား ချက်ချင်း လှမ်းတွေ့လိုက်သည်။
သူ့အနောက်မှ တစ်စုံတစ်ယောက်၏ အပြေးအလွှား ပြေးလာသံကို ခံစားမိပြီးနောက်တွင် ထိုလူသည်လည်း ထိတ်လန့်လာကာ စပြီး အမြန် ထွက်ပြေးတော့သည်။ အနောက်မှ ရီရောင့်သုန်းက ;
"သူခိုးဗျို့၊ မပြေးနဲ့"
သူ ပိုပြီး အော်လေ။ သူခိုးက ပိုမြန်မြန် ပြေးလေပင်။
"သူခိုးဗျို့"
လူသားတို့၏ စွမ်းရည်မှာ အကန့်အသတ်ဖြင့်သာ၊ တစ်နာရီအကြာ ပြေးလွှားပြီးနောက်မှာတော့ ခြေထောက်များက နာကျင်ထုံထိုင်းလာပြီး မခံမရပ်နိုင် ဖြစ်လာချိန်တွင် အကွာအဝေးက မိလုနီးနီးအနေအထားသို့ ရောက်လာ၏။
သို့သော် သူ ဖမ်းမိတော့မည့်အချိန်တွင် သူခိုးက ကုန်းလိုက်ပြီး တစ်ဖက်သို့ လှည့်ကာ သူ့ကို ဘေးသို့တွန်းထုတ်လိုက်သည်က သူ့အား ဟန်ချက်မထိန်းနိုင်ဖြစ်သွားစေပြီး မြေပြင်ပေါ် လက်ထောက်လျက်သား ပြုတ်ကျသွားစေ၏။
ရလဒ်အနေဖြင့် သူခိုးသည်လည်း အမြန်ပြေးလိုက်သည့်အချိန် ကျောက်တုံးကို နင်းမိပြီး ချော်ကျသွားကာ လက်ထဲမှ အဝတ်က လွတ်ကျသွားပြီး ရှန်သုန်းငါးများကို မြေပေါ်ထွက်ကျသွားစေ၏။ တစ်ချိန်တည်းဆိုသလို အော်သံကိုပါ ကြားလိုက်ရသည်။
ကျောက်စရစ်လမ်းပေါ် ယခုလို ပုံစံမျိုး ပြုတ်ကျသည်က မတွေးရဲစရာပင်။ ဤကဲ့သို့သောလူကောင်ကြီးအတွက် ဟန်ချက်က လုံးဝပျက်သွားရပြီး ဒူးနှင့် လက်များတွင် သွေးများပင် ချက်ချင်းထွက်လာ၏။
ထိုအခြင်းအရာကို မြင်ပြီး ရီရောင့်သုန်း အမြန်ပြေးသွားကာ သူ့ကျောပေါ်တင် နင်းပြီး ကြမ်းကြမ်းဆောင့်ချကာ ;
"ငိုးမသား၊ မင်းကများ ထွက်ပြေးပြီး ငါ့ကို တွန်းရဲသေးတယ်၊ ငါ မင်းကို လွတ်သွားတော့မလို့"
ခြေထောက်အောက်ရှိ လူမှာ နှစ်ကြိမ် ညည်းတွားလိုက်ပြီး ရုန်းဖို့ သတိရလိုက်သော်လည်း လှုပ်လို့မရချေ။
ထိုအချိန်တွင် အားကွမ်ကလည်း လူနှစ်ယောက်နှင့်အတူ ရောက်လာပြီး ;
"ဖမ်းမိပြီလား"
"မင်းကို လှေပေါ်မှာ စောင့်ကြည့်နေဖို့ မပြောခဲ့ဘူးလား။ သူများလာပြီး ထပ်ယူသွားရင် ဘယ်လိုလုပ်မလဲ"
"ငါ ရှန်သုန်း ငါးပုံးကို အားချိုင်ဆီ ယူသွားပေးလိုက်ပါပြီကွာ၊ လှေပေါ်က တခြားငါးတွေကိုလည်း စိတ်ပူစရာ မလိုဘူး။ ကုန်းပတ်ပေါ်မှာ ငါတို့အတွက် ကူပြီး ကြည့်ပေးနေတဲ့ လူတွေ ရှိတယ်"
"ပြီးတာပဲ။ မင်း မြေကြီးပေါ်က ငါးတွေကို အရင်သွားကောက်လိုက်အုံး"
"ကြည့်ရအောင် ဘယ်သူ့ကများ ငါတို့ ငါးကို အတင့်ရဲပြီး ခိုးရဲလဲဆိုတာ"
အားကွမ်က သူ၏ ဆံပင်တိုတိုများကို ဆွဲဆုတ်လိုက်ပြီး ခေါင်းကို မော့လိုက်သည်။
"ချီး၊ အားဝေရဲ့ယောက်ဖဟ"
သူ့ဘေးနားမှ လိုက်လာသည့် လူနှစ်ယောက်ကလည်း အားဝေ၏ ယောက်ဖဖြစ်သူအား လက်ညိုးထိုးကာ ;
"အို့၊ ဘာလို့ သူဖြစ်နေရတာလဲ...."
ရီရောင့်သုန်းလည်း ဂရုတစိုက် ကြည့်လိုက်ပြီး တကယ်ကို သူဖြစ်နေပုံပင်။
"သူ့ကို မလွှတ်ပေးနဲ့ဦး။ ဆိပ်ခံဆီ ခေါ်လာခဲ့လိုက်၊ ပစ္စည်းတွေကို သွားချိန်ရအောင် ပြီးရင် သူ့အိမ်က တစ်ယောက်ယောက်ကို အသိပေးပြီး လာခေါ်ခိုင်းလိုက်"
ရီရောင့်သုန်း သူ့ကော်လာကို ဆုပ်ကိုင်လိုက်ပြီး ;
"အင်း၊ မဟုတ်လဲ ငါးတွေ ချိန်ပြီးသွားရင် သူ့ကို တစ်ခါတည်း အိမ်ပြန်ပို့လိုက်မယ်"
ရှန်သုန်းငါးက ဈေးမပေါလှပေ။ ခိုးယူရန် အားထုတ်ခဲ့သူက အားဝေရဲ့ယောက်ဖဖြစ်ပြီး သူ့အား ရိုက်နှက်ရန် မလွယ်ကူသော်လည်း သူတို့ကို ပြန်တောင်းပန်ဖို့တော့ လိုအပ်သည် မဟုတ်လား။ သူ့ပုံစံက ငယ်ရွယ်ပုံ မပေါ်တော့သော်လည်း ခိုးကြောင်ခိုးဝှက် လုပ်နေဆဲပင်။
အားကွမ် ငါးကို အဝတ်ဖြင့်ထုတ်နေသည်ကို စောင့်ပြီးနောက်တွင် ရီရောင့်သုန်း သူ့ကော်လာကို ဆွဲကာ ဆိပ်ခံဆီ လျှောက်သွားရန် ဟန်ပြင်လိုက်သော်လည်း ထပ်ပြီး အတွန်းခံလိုက်ရပြီး အားဝေ၏ ယောက်ဖက ထိုအခွင့်အရေးကို ယူကာ ပြန်ထွက်ပြေးသွား၏။
"ချီး၊ ဒီခွေးကောင်ကတော့"
အားကွမ် သူ့ကို လှမ်းတားလိုက်ပြီး ;
"သူ့နောက်လိုက်မနေနဲ့တော့၊ ဘာပဲဖြစ်ဖြစ် ဒီမှာရှိနေတဲ့သူ အားလုံး သူခိုးက သူမှန်း မြင်ပြီးသွားပြီလေ။ ငါတို့ သူ့အပေါ် မှားထားတာ ဘာမှမရှိဘူး၊ သူ့အဝတ်ကလည်း ငါတို့ဆီမှာ။ ပြီးသွားရင် သူတို့အိမ်ဆီ အရောက် ပို့ပေးလိုက်မယ်"
"တကယ် စိတ်ပျက်ဖို့ ကောင်းတယ်၊ နောက်ကျရင် ငါ သူ့အိမ်ကို သွားဖြစ်အောင် သွားအုံးမယ်"
နှစ်ယောက်သားက ဆဲဆိုရင်းဖြင့် ဆိပ်ခံဆီ ပြန်သွားလိုက်သည်။
သဘောကောင်းသည့် လူနှစ်ယောက်ကလည်း သူတို့ အနောက်ကနေ လိုက်လာပြီး ရေရွတ်လိုက်ကြသည်။
"လှေပေါ်မှာ ရှိနေတဲ့ သူများရဲ့ငါးကိုတောင် ခိုးရဲတယ်တဲ့၊ ဒီရှန်သုန်းတွေက ဈေးမှ မနည်းဘဲကို"
"အဟုတ်ပဲ၊ ရိုးရိုးအပင်က သစ်သီးမို့လို့ ခိုးပြီး ခူးစားတာက ပြဿနာ မဟုတ်ဘူး၊ ဒါက ရှားပါးငါးကြီးကို၊ ငါတော့ အိမ်က လူကြီးတွေနဲ့ စကားပြောကြည့်ရမယ်..."
ရီရောင့်သုန်းနှင့် အားကွမ်တို့ ဆိပ်ခံဆီပြန်လျှောက်သွားလိုက်သည်နှင့် အားလုံးမှာလည်း သိလိုစွာဖြင့် ;
"သူခိုးကို မိသွားလား။ သူ ဘယ်လောက်တောင် ခိုးသွားလဲ"
"လူကတော့ ထွက်ပြေးသွားပြီ။ ငါးကတော့ ပြန်ရလာခဲ့တယ်၊ ဒါဇင်လောက်တော့ ရှိတယ်၊ အားလုံးပဲ လှေကို စောင့်ကြည့်ပေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကဲကဲ လှေပေါ်က တခြားပစ္စည်းတွေကိုလည်း ချကြရအောင်"
ကုန်များ အားလုံး ချပြီးသွားသည်နှင့် အားချိုင်၏ နေရာတွင် ရှန်သုန်းငါး ဒါဇင်ကျော်ကို ဆေးကြောလိုက်ပြီး အလေချိန်ချိန်မည့် ပုံးများထဲ ပစ်ထည့်လိုက်သည်။
အားချိုင်ကလည်း ဆဲဆိုနေပြီး ;
"ဘယ်သူက ဒီလောက်တောင် အတင့်ရဲရတာလဲ။ ကုန်တောင် မချရသေးဘူး၊ လှေပေါ်မှာတင် အခိုးခံရတယ်ဆိုတော့"
"အရင်ဆုံး အလေချိန်သာ ချိန်စမ်းပါ၊ ကျွန်တော်တို့ အလျင်လိုတယ်ဗျ"
"နေပါဦး။ ဟိုဟာကို ဈေးဘယ်လောက်ပေးမလဲ မပြောရသေးဘူးမလား"
"စိတ်မပူနဲ့။ မင်းတို့ မရှုံးစေရဘူး၊ ငါ အခုပဲ ဖုန်း သုံး၊ လေးကောလ်လောက် ခေါ်ပြီး ဒီမှာ တလုံးသွယ်နဲ့ ရှန်သုန်း ငါးတွေ ရှိတယ်လို့ ပြောပြီးသွားပြီ၊ ခဏနေရင် သူတို့ကိုယ်တိုင် လာကြည့်ကြလိမ့်မယ်၊ အမြင့်ဆုံးပေးနိုင်တဲ့ လူကတော့ အနိုင်ရမှာပဲ၊ ငါ မင်းတို့အတွက် အဖွင့်ဈေးကို ညွှန်းပေးမယ်"
"ဒါ မဆိုးဘူးပဲ"
"ပုံးရဲ့အလေးချိန်ကို နှုတ်လိုက်မယ်ဆိုရင် ဒီရှန်သုန်းက ၂၂.၈ ကျင်း ၊ မဆိုးဘူးပဲကွ။ မင်းတို့ ကွန်ထဲ ပစ္စည်းကောင်းတွေချည်း ဝင်လာတာပဲ၊ ဒီရှန်သုန်းအတွက် တစ်ကျင်း ၈ ယွမ် ထားလိုက်"
နှစ်ယောက်သား၏ တိမ်ထူနေသည့် မျက်နှာမှာ ချက်ချင်း နေသာသွားတော့သည်။
"တခြားဟာတွေကိုလည်း ချိန်ကြည့်ဦး"
ရီရောင့်သုန်း သူ့မြေလှောင်ကွန်ထဲမှရသည့် ငါးများကို သပ်သပ်ထားလိုက်သည်။ ဤငါးများက သူ့တစ်ယောက်တည်းဟာ သီးသန့်ဖြစ်၍ သပ်သပ်စီချိန်ပြီး ပိုက်ဆံ ခွဲရှင်းရပေမည်။
အားလုံး ချိန်ပြီးသွားပြီနောက်တွင် ရီရောင့်သုန်း သူ့အိတ်ကပ်ထဲ ဘောင်ချာ နှစ်ရွက်ကို ထည့်လိုက်ပြီးနောက် မြို့ပေါ်ရှိ စားသောက်ဆိုင်များမှ ရောက်လာမည့်သူများအား ဆိပ်ခံတွင် စောင့်နေလိုက်သည်။
ဆိပ်ကမ်းမြို့ဖြစ်သည့် ဤနေရာတွင် စားသောက်ဆိုင်များက အများသား၊ သို့သော်လည်း ကြီးကြီးမားမားက နှစ်ဆိုင်၊ သုံးဆိုင်လောက်သာ ရှိသည်။
စာရင်းအင်းများ ဖြတ်ပြီးသိပ်မကြာခင် မြို့ပေါ်မှ သူဌေးကြီးများက ငါးကြည့်ရန် ရောက်လာကြလေသည်။
ပထမဆုံး ရောက်လာသည့်သူက ဈေးကို ပြောလိုက်ပြီး ငါးကို တစ်ခါတည်း ယူသွားချင်နေ၏။ သို့သော် သူတို့က အမြန်တားလိုက်ပြီး ပစ္စည်းများကိုကြည့်ရန် တခြားသူများလည်း ရောက်လာအုံးမည်ဖြစ်ကြောင်း အသိပေးလိုက်၏။ ထိုအခါမှပင် သူက နောင်တရစွာဖြင့် စောင့်နေလေ၏။
တစ်ယောက်ပြီး တစ်ယောက် ရောက်လာပြီးနောက် အားချိုင်တောင် ဘာမှမပြောရသေးခင် သူဌေးကြီးသုံးယောက်က စပြီး စကားများလာကြပြီး တစ်ယောက်ကို တစ်ယောက် လည်ပင်း ပြုတ်ထွက်မတတ် အော်ဟစ်လာကြ၏။
ဤမျှကြီးမားသည့် တလုံးသွယ်ကြီးမှာ အလွန်ရှားပါးလှပြီး နှစ်များစွာအတွင်း တစ်ကောင် ဖမ်းမိဖို့က မလွယ်ကူလှချေ။ သူတို့ အားလုံးမှာ ပစ္စည်းကောင်းဆိုတာ ဘာမှန်းသိကြပြီး သူများလက်ထဲ အပါခံကြမည့်သူများ မဟုတ်ချေ။ သူဌေးကြီးသုံးယောက်က စတင် ယှဉ်ပြိုင်လာကြ၏။
ရှန်သုန်း ငါးများကိုမူ တစ်ခါတစ်ရံ ကမ်းကပ်လာတတ်သည့် ပင်လယ်ပြင်ထဲ ထွက်သည့် သင်္ဘောများထံတွင် ရနိုင်သော်လည်း ပင်လယ် သင်္ဘောများက လအတော်ကြာမှ တစ်ခါကမ်းကပ်ဖြစ်သည်မှာ ရှားပြီး ဆိပ်ခံများတွင် ငါးကောင်းများ သိပ်မရတတ်ချေ။
သုံးယောက်သားက အပြင်းအထန် ငြင်းခုံကြပြီး ကျန်လူများကလည်း နောက်ဆုံးရလဒ်ကို စောင့်မျှော်နေကြ၏။
ရီရောင့်သုန်း ဒါက အတော်လေး ကောင်းသည်ဟု ခံစားမိသည်။ သူတို့ စကားတွေ အများကြီး အချိန်ဖြုန်း ပြောစရာမလိုဘဲ သူတို့ဘာသာသူတို့ ဈေးတင်ကြသည်ကို အသင့် နားထောင်နေရုံပင်။ စားသောက်ဆိုင်များအတွက် ကောင်းမွန်သည့်ထုတ်ကုန်များကသာ အစားသောက်ကောင်း စားရသည်ကိုနှစ်သက်သည့် သူများအား ဆွဲဆောင်နိုင်ပြီး ဆိပ်ကမ်းမြို့များတွင် ဝင်ထွက် သွားလာတတ်ကြသည့် သူဌေးတွေလည်း အများအပြား ရှိသည်မဟုတ်လား။
နောက်ဆုံးတွင် ဟုန်းရှန်မှ ဝမ်မောင်ကွမ်းက ကျင်း ၁၉၀ ရှိသည့် Grouper ကြီးကို ယွမ် ၅၅၀ နှင့် အနိုင်ရသွားပြီး ရှန်သုန်းငါးကိုမူ လူတိုင်းအတွက် တစ်ကျင်းကို ၈.၅ ယွမ်နှင့် အညီအမျှခွဲရောင်းပေးလိုက်သည်။ သို့မှသာ လူတိုင်း လက်ဗလာနှင့် ပြန်စရာ မလိုတော့မည် ဖြစ်သည်။
ဈေးနှုန်းများ ညှိနှိုင်းပြီးနောက်တွင် လူတိုင်းမှာ အံ့အားသင့်ကုန်ကြ၏။ ရီရောင့်သုန်းနှင့် အားကွမ်မှာ ဤငါးနှစ်မျိုးတည်းနဲ့တင် ယွမ်၇၀၀ကျော် ရှာနိုင်သွားခဲ့ပြီး အခြားငါးများပါ ထည့်ပေါင်းလျှင် သူတို့ ဤခရီးအတွက် ရှာလာနိုင်သည့် ဝင်ငွေမှာ ယွမ် ၈၀၀ ကျော်။
အားလုံးမှာ သူတို့အား အားကျစွာ ကြည့်လိုက်ကြသည်။
ရီရောင့်သုန်းက သူတို့အား အလျင်အမြန်ဖြင့် ပင်လယ်ပြင်ရှိ လေနှင့် လှိုင်းများ၏ စွမ်းအားကို ချဲ့ကား ပြောပြလိုက်သည်။ သို့မှသာ သူတို့ ပိုက်ဆံအလွယ်လေး ရှာနိုင်ခဲ့သည်လို့ မထင်ကြတော့ဘဲ အန္တရာယ် အကြီးကြီးကို စွန့်စားခဲ့ကြသည်လို့ပင်။
"ကျွန်တော်တို့ ကွန်ချလို့ပြီးသွားရုံလေးပဲ ရှိသေးတယ် ဆယ်မီတာထက် ကျော်တဲ့ လှိုင်းလုံးတွေက တစ်လုံးပြီး တစ်လုံး ပြေးဝင်လာတာများ ရေတွေဆို ကုန်းပတ်ပေါ်အထိပါ ရောက်တယ်၊ ကျွန်တော်တို့ ပြေးလို့ မလွတ်လောက်တော့ဘူးလို့တောင် ထင်ထားတာ..."
"မဟုတ်ဘူး။ ကျွန်တော်တို့ လှေပေါ်မှာ ကျောက်တုံးလိုဘဲ ထိုင်နေမိကြတာလေ။ လှေက ပေါ်လိုက်နှိမ့်လိုက်နဲ့ မှောက်လုနီးနီးတောင် ဖြစ်သွားတာ၊ ကံကောင်းလို့ပေါ့။ အခွင့်အလမ်းကို ကြိုမြင်ပြီး နောက်ဆုံးကွန်ကို မဆွဲဘဲ အမြန် ပြေးလိုက်လို့၊ ကျွန်တော်တို့ လှိုင်းတွေ မရှိတဲ့ အတွင်းပိုင်းပင်လယ်ထဲရောက်တော့မှပဲ ကွန်ကို ဆွဲတင်လိုက်တာ တကယ်မထင်ထားတာဗျာ၊ အထဲမှာ တလုံးသွယ်ကြီး တစ်ကောင် ပါလာလိမ့်မယ်လို့..."
အားချိုင်က ပြုံးရင်းဖြင့် ချီးမွန်းလာပြန်၏။
"တကယ်ကိုပဲကွာ။ မင်းတို့ လူငယ်တွေပဲ စွန့်စားရဲလွန်းကြတယ်၊ တိုင်ဖွန်ရက်ကြီး တို့ရွာထဲက အသက်ကြီးတဲ့ ဘယ်သူကများ ပင်လယ်ထဲ ထွက်ရဲကြလို့လဲ။ ဘာလို့လဲ၊ ဘဝကြီးက အရမ်းရှည်နေလို့လား"
"ဒီတစ်ခေါက်က ကျွန်တော်တို့ ဒီတိုင်း ကံကောင်းသွားကြရုံပါ"
ဝမ်မောင်ကွမ်းက အပြုံးဖြင့် ;
"အစွမ်းကုန် ကြိုးစားရင် အောင်ကို အောင်မြင်လာမှာ၊ လူငယ်တွေ ဒီလိုကြိုးစားရဲတာ မှန်တယ်၊ နောက်တစ်ခေါက် ပစ္စည်းကောင်းတွေ ရှိရင်လည်း ငါ့ဆီကို တစ်ခါတည်းသာခေါ်လိုက်၊ ငါတို့သူဌေးက အရမ်းရက်ရောတာ"
"ပစ္စည်းကောင်းရင် ငါတို့ကိုလည်း ပြောလို့ရတယ်၊ ပစ္စည်းက ကောင်းနေသရွေ့ ဈေးက ညှိနှိုင်းလို့ ရပြီးသားပဲ"
"ဟုတ်တယ်၊ ကောင်းတာ တစ်ခုခုရှိရင် ငါတို့ကို အကြောင်းကြားကွာ"
အခြားသော နှစ်ယောက်ကလည်း လိုက်ပြောလာ၏။
"အိုခေ၊ ကျေးဇူးတင်ပါတယ်၊ ဒီတစ်ခေါက် လာကြည့်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်"
