Chapter 122

839 121 0
                                    

အပိုင်း (၁၂၂)
 
ရီရောင့်သုန်း နောက်တစ်နေ့ ပင်လယ်ပြင်မှပြန်လာသည့်အချိန်တွင် ထိုမိသားစုနှစ်ခုက စတင်အသုဘလုပ်နေကြပြီးလို့ ကြားလာခဲ့သည်။
 
သူ ခေါင်းကိုခါလိုက်မိသည်။ ကမ္ဘာကြီးမှာ မမြဲခြင်းများဖြင့်ပြည့်နေပြီး မည်သူကမှ ဘာဖြစ်လာလိမ့်မလဲဆိုတာ အတိအကျ မပြောနိုင်ကြချေ။
 
သူ ကကတစ်ကြီးနှစ်ကောင်နှင့် ကဏန်းပြာကြီးနှစ်ကောင်အပြင် ကဏန်းတချို့၊ ပုစွန်ထုတ်များနှင့် ဓားပုစွန် တို့ကိုဖယ်ထားကာ အိမ်ပြန်ယူလာခဲ့လိုက်သည်။ ယနေ့ရိတ်သိမ်းမှုက အတော်လေး ကောင်းသည်ဟုဆိုရမည်။
လင်းရှို့ချင်းကလည်း ပြုံးရင်းဖြင့် 
 
“ရှင် ဘာလို့အများကြီး ဖယ်ထားရတာလဲ?”
 
“မင်းအိမ်ကိုက တစ်ခါတလေမှပြန်ရတာလေ အဲ့တော့ များများဖယ်ထားရတာပေါ့၊ ငါ ရေချိုးပြီးသွားရင် ရွာထိပ်ကိုသွားပြီး လမ်းကြုံကားကို စောင့်ကြမယ်၊ လတ်ဆတ်တုန်းလေး စောစောလေးပို့ပေးမှ”
 
“အင်း ကျွန်မ လမုန့်နဲ့ ဝက်ခြေထောက်တွေ ဝယ်ထားပြီးပြီ”
 
 
“လှေရှိတာလည်း ကောင်းလိုက်တာနော်၊ နင်တို့ ဖယ်ထားချင်တာမှန်သမျှ အကုန်လုံးဖယ်ထားလို့ရတယ်၊ ဖယ်ထားပြီး မိဘအိမ်လည်း ပြန်ပို့ပေးလို့ရတယ်”
 
“နင်ပြောတဲ့ပုံစံက ငါတို့ကပဲ နင့်ကိုကျ မဖယ်ပေးထားတဲ့ပုံနဲ့”
 
အမေရီက ‌မပျော်ရွှင်စွာဖြင့် မျက်လုံးလှန်ကာ ဒုတိယခယ်မရီအား စွေကြည့်လာ၏။
 
ဒုတိယခယ်မက ရုတ်တရက် ကိုးရိုးကားရားနိုင်စွာ ပြုံးပြရင်းဖြင့် 
“မဟုတ်ပါဘူး ကျွန်မက အဲ့လိုသဘောမျိုးပြောတာ မဟုတ်ပါဘူး”
 
ခယ်မအကြီးက ပြုံးကာ 
 
“ဆောင်းလယ်ပွဲတော်အတွက် ရှေ့နှစ်ရက် ငါ့အမေဆီ လက်ဆောင်ပို့တုန်းက ကကတစ်နှစ်ကောင်ကျန်ခဲ့တာ အားချင်း ယူထားလိုက်လေ”
 
လင်းရှို့ချင်း : “အမတို့က အမတို့မိဘအိမ်နဲ့နီးတယ်လေ ကျွန်မတို့အမေအိမ်က အဝေးကြီးမှာ အဲ့ဒီတော့ တစ်ခါတလေ ပြန်ဖြစ်ဖို့ဆိုတာတောင် ခဲယဉ်းတယ်၊ ကျွန်မနောက်ဆုံးတစ်ခေါက် ပြန်တုန်းကတောင် မတ်လလက်ဖက်ဆွတ်တဲ့အချိန်က၊ အဲ့တော့ ကျွန်မ များများပြင်ပေးသွားသင့်တာပေါ့”
 
အမေရီက ခေါင်းညိတ်ကာ : “အဟုတ်ပဲ နင်ပြန်သွားတဲ့အခါကျရင် ခမည်းခမက်တွေကို ငါနှုတ်ဆက်တယ်လို့ ပြောပေးအုံးနော်၊ အိမ်သစ်ပြောင်းတဲ့အခါကျရင်လည်း လာဖို့ ဖိတ်ခဲ့အုံး”
 
 
ရီရောင့်သုန်းလည်း ရေချိုးနေရင်းဖြင့် သူတို့စကားပြောသံများကို ကြားနေရ၏။ မိန်းမတွေက တကယ့်ကို ပြဿနာပဲလို့ သူပြောလိုက်ချင်သည်။ ထို့ကြောင့်လည်း သူတို့ အိမ်ခွဲလိုက်သည်က ကောင်းပြီး ထိုအခါမှပင် ခွဲဝေသည်ကိစ္စနှင့်ပတ်သက်ပြီး စကားတွေအများကြီး ပြောနေစရာမလိုတော့မည်ဖြစ်သည်။ မိသားစုတွေ သီးသန့်အိမ်ခွဲနေကြသည်က ပို၍သင့်တော်၏။
 
သူ အမြန်ရေချိုးလိုက်ပြီးနောက် ပင်လယ်စာပုံး၊ ဝက်ခြေထောက်ခြင်း၊ လမုန့်နှင့်အစာသွပ်ဘူးများနှင့် မသွားခင် အမေရီထည့်ပေးလိုက်သည့် ဆယ်ကျင်းရှိသော ဆန်အရက်ကို သယ်ကာ လင်းရှို့ချင်းက ကလေးတစ်ယောက်ကိုချီပြီး သားမိသားဖလေးယောက်သား ရွာထိပ်သို့ လမ်းလျှောက်ထွက်လာခဲ့လိုက်ကြသည်။
 
သူတို့မနိုင်လောက်တော့မည့် အချက်ကြောင့်သာမဟုတ်လျှင် အမေရီမှာ အစက ကျင်းနှစ်ဆယ်ရှိသည့် ဆန်အရက်ကို ထည့်ပေးချင်နေခြင်းဖြစ်သည်။
လင်းရှို့ချင်း၏ ‌ဇာတိမြေက အန့်ဟယ်မြို့နယ် ကျင်းကြားမြို့တွင် ဖြစ်သည်။ သူတို့ရွာမှ ကားဖြင့်‌ နာရီဝက်ခန့်သွားရပြီး ကားပေါ်ကဆင်းပြီးလျှင် နောက်ထပ် နာရီဝက်ခန့် လမ်းထပ်လျှောက်ရ၏။
 
ခြေကျင်လျှောက်လျှင်တော့ ခရီးက တော်တော် အလှမ်းဝေးလှ၏။
လင်းရှို့ချင်းက အမြဲတမ်း လမ်းလျှောက်သာ ပြန်ခဲ့သဖြင့် အစက လမ်းလျှောက်ပြန်ချင်ခဲ့သော်လည်း ရီရောင့်သုန်းက ကားဖြင့်သွားချင်သည်ဖြစ်ရာ သူ(မ)ကလည်း သဘောတူလိုက်ရ၏။
 
လက်ဗလာချည်းသက်သက်သွားတာ မဟုတ်သည့်အပြင် ကလေးနှစ်ယောက်နှင့် ပစ္စည်းတွေအများကြီးပါကာ တောင်ပေါ်လမ်းပေါ် နှစ်နာရီ၊ သုံးနာရီနီးပါး လမ်းလျှောက်လျှင် မည်သူက မမောပန်းဘဲ နေမည်နည်း။ ကလေးများအတွက် မလွယ်ကူလှသလို ကားစီးခကလည်း တစ်ဆင့်နှစ်ဆင့်သာရှိ၍ လမ်းလျှောက်ရသည်က လုံးဝမတန်။
 
မိသားစုလေးယောက် ဘတ်စ်ကားနာရီဝက်ခန့်စီးခဲ့ကြသည်။ ကားက ကျင်းကြားမြို့ကိုသာ ရောက်ခြင်းဖြစ်သည်။ သူတို့ အန့်ဟယ်မြို့နယ်ထိ သီးသန့်ဘတ်စ်ကားများ မဖွင့်လှစ်သေးချေ။ အကယ်၍ ကားစီးချင်သည်ဆိုလျှင် လမ်းဘေးတွင် ဖြတ်သွားမည့် လမ်းကြုံထွန်စက်ကို စောင့်ရမည်ပင်။
 
သို့သော် စီးဖို့ ကားရသည်၊ မရသည်က သူတို့ကံနှင့်ဆိုင်ပြီး နှစ်ယောက်သားက ဒီနေရာမှာချည်းပဲ ထိုင်စောင့်မနေနိုင်ပါချေ။ အကယ်၍ သူတို့မြို့နယ်အထိသွားသည့် ထွန်စက်သာမရှိလျှင် စောင့်နေရသည့်အချိန်က အလဟဿဖြစ်သွားမည်မဟုတ်လား?
 
ကားပေါ်ကဆင်းပြီးနောက် သူတို့ပစ္စည်းများကိုသယ်ကာ ကလေးနှစ်ယောက်နှင့် ခြေကျင်ဆက်လျှောက်ကြ၏။
ကောင်လေးနှစ်ယောက်က ပုံမှန်ဆို ဆိုးတတ်ကြသော်လည်း အရေးကြီးသည့်အခြေအနေမျိုးတွင် သိတတ်လိမ္မာကြကာ ငိုလည်းမငိုသလို ပင်ပန်းသဖြင့်လည်း ဂျီကျခြင်းမရှိပေ။
 
ရီရောင့်သုန်းမှာ လမ်းအကြာကြီးလျှောက်ခြင်းက သူ့သားကြီးအတွက် ဝန်ပိလွန်းသွားမည်စိုး၍လည်း နားလိုက်၊ သွားလိုက်နှင့် တစ်ခါတစ်ရံတွင်လည်း သူ့ကျောပေါ်ချီခေါ်ထား၏။
ယခုခေတ်အခါတွင် ခရီးရှည်ထွက်ရသည်က အလွန်ဒုက္ခများလှ၏။ နေရာတော်တော်များတွင် ကိုယ့်ခြေထောက်ကိုယ် အားကိုးကာ ခြေကျင်လျှောက်ရသည်။
 
နာရီဝက်ခန့် ခက်ခဲကြမ်းတမ်းစွာ လမ်းလျှောက်ပြီးနောက်မှာတော့ သူတို့ရွာကို ရောက်ရှိလာကြ၏။ လမ်းမှာတွေ့သည့် ရင်းနှီးသူများကလည်း လင်းရှို့ချင်းအား တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်လာကြသည်။
 
လင်းရှို့ချင်းကလည်း အပြုံးဖြင့် ပြန်နှုတ်ဆက်၏။
 
ရွာထဲတွင်သတင်းများက အလွန်လျင်မြန်စွာ ပျံ့နှံ့တတ်သည်ပင်။ သူတို့ အိမ်သို့မရောက်သေးခင်ပင် ရင်းနှီးသည့်လူတချို့က အဖေလင်းနှင့် အမေလင်းအား အသိပေးသွားပြီးပြီဖြစ်ကာ နှစ်ယောက်သားက သူ့တို့အား ထွက်ပြီးလာကြိုကြ၏။
 
အမေလင်းက သူ(မ)၏မြေးလေးများကို အပြုံးဖြင့် ပွေ့ဖက်နှုတ်ဆက်နေပြီး လင်းရှို့ချင်းမှာလည်း အိမ်ရောက်ကမှပင် ပင့်သက်ချရတော့သည်။ 
ကလေးနှစ်ယောက်ကိုပါ ခေါ်လာရသည်က အလွန်ပင်ပန်းလှ၏။ ပုံမှန်ဆို သူ(မ)တစ်ယောက်တည်း ‌သွားရခြင်းဖြစ်ပြီး အသွားအပြန် နေ့ချင်းပြန်လမ်းလျှောက်ရသည်က ဤမျှမပင်ပန်းချေ။
 
“အားသုန်းရော ပါလာတာလား? အိမ်ထဲဝင်ပြီး ထိုင်နားအုံးလေ၊ ဒီလောက်အဝေးကြီးလမ်းလျှောက်လာတော့ ပင်ပန်းကြရောပေါ့၊ လာမယ်ဆိုလည်း လူပဲ လာကြတာမဟုတ်ဘူး ဘာလို့ဒီလောက်ပစ္စည်းတွေအများကြီး ယူလာခဲ့ရတာတုန်း”
 
 
“ယူလာသင့်တာပေါ့ ကျွန်တော် ဒီကို မရောက်ဖြစ်တာလည်း အတော်ကြာသွားပြီဆိုတော့”
 
“မင်းမိသားစုက အလုပ်များတာပဲကိုကွယ်၊ ငါကြားတာ မင်း ပင်လယ်ထဲထွက်ပြီး အိမ်ပါဆောက်နေပြီဆို အချိန်မရှိရင် တကူးတက မလာပါနဲ့ကွယ် ကိစ္စမရှိပါဘူး ပြီးတော့ သူစိမ်းအိမ်လည်းမဟုတ်ဘူး ကိုယ့်အိမ်ကိုယ့်ယာပဲဟာ”
 
“ဆောင်းလယ်ပွဲတော်အတွက်ပဲ သေချာပေါက် ပြန်လာရမှာပေါ့ဗျာ”
 
အဖေလင်းကလည်း ပျော်ရွှင်စွာ ပြုံးရင်းဖြင့် ပစ္စည်းများ သယ်ကူပေးကာ 
 
“ဝင်ထိုင်ပြီး အေးဆေးစကားပြောကြတာပေါ့၊ နားနားနေနေ,နေကြ”
 
အိမ်နီးနားချင်းများကလည်း တံခါးနားတွင် ဟိုချောင်းသည်ချောင်းဖြင့် သူတို့ဘာတွေယူလာလဲဆိုတာ စပ်စုချင်နေကြသည်။ တချို့ဆို သူတို့အိမ်အထိပါ အနောက်ကနေ လိုက်လာကြ၏။
 
ပိုပြီးမယဉ်ကျေးသည်မှာ တချို့က အဝတ်ဖြင့် ဖုံးထားသည့် ခြင်းများ၊ တောင်းများကိုပင် ဟိုလှန်သည်လှန်ဖြင့် စပ်စုနေကြခြင်းပေ။
 
ကျေးလက်ဒေသဆိုတော့လည်း ဘာကိုမှ ဂရုမစိုက်ကြတာ!
 
ကြားခဲ့ဖူးသည့် စကားပုံတစ်ခုမှာ ကိုယ်က မရှက်နေသရွေ့ ရှက်ရမည့်သူက တခြားတစ်ယောက်ပင် ဆိုသလိုမျိုး။
 
ရီရောင့်သုန်းတစ်ယောက် အခုအချိန်မှာ တော်တော်လေး ရှက်နေပြီဖြစ်သည်။
(ရွာသားတွေကတော့ မရှက်နေပေမဲ့ သူကတော့ ရှက်နေရတာ)
 
ကံကောင်းစွာဖြင့် သူ များများပြင်ဆင်ထားခဲ့သဖြင့် သူ့ယောက္ခထီး၏မျက်နှာကိုလည်း ကယ်တင်ပြီးသားပင်။
 
အဖေလင်းနှင့် မေမေလင်းတို့မှာ ရွာသားများက သူတို့ မည်မျှကံကောင်းကြောင်း၊ သမီးနှင့်သားမက်က အလွန်သိတတ်လှကြောင်း ပြောသံများကိုကြားရချိန်တွင် သူတို့မျက်နှာပေါ်ရှိ အပြုံးလေးများကာ နက်ရှိုင်းသွားပြီး စိတ်ရွှင်မြူးနေကြ၏။
 
သူတို့ အိမ်ထဲသို့ဝင်သည်နှင့် အမေလင်းက ချက်ချင်း မီးမွှေးကာ သူတို့အတွက် အဆာပြေ ချက်ပေးနေစဉ် အဖေလင်းနှင့် ယောက်ဖနှစ်ယောက်တို့က ရီရောင့်သုန်းနှင့် စကားပြောနေကြ၏။
 
မေးခွန်းများအားလုံးက ပင်လယ်ထဲထွက်ရတာ အခြေအနေဘယ်လိုရှိလဲ? ရိတ်သိမ်းမှုကရော ကောင်းရဲ့လား? တိုင်ဖွန်းဝင်ထားတော့ အိမ်ကို ထိခိုက်မှုရှိသွားသေးလား? အိမ်ကရော ဆောက်လို့ပြီးသွားပြီလား?
 
ရီရောင့်သုန်း သူတို့ကို အေး‌ဆေးရှင်းပြပြီး 
တစ်လက်စတည်းဖြင့် လပြက္ခဒိန် ၂၀ ရက်နေ့တွင် အိမ်ပြောင်းမည်ဖြစ်ကာ အိမ်သစ်တက်ပွဲအတွက် ဝိုင်အရက်ဖြင့် ဧည့်ခံဖိတ်ကျွေးမည်ဖြစ်ကြောင်း ဖိတ်ထားလိုက်သည်။
 
အဖေလင်းနှင့် ယောက်ဖနှစ်ယောက်မှာ သူ အရင်ကလို အလေလိုက်လေလွင့်မနေတော့ဘဲ ပိုပြီးတည်ငြိမ်လာသည်ကို တွေ့ရသဖြင့် လုံးဝ စိတ်ချသွားရတော့သည်။ လွန်ခဲ့သည့်အချိန်က သူတို့၏ထင်ယောင်ထင်မှားမဟုတ်ဘဲ သူက အမှန်တကယ်ကို တိုးတက်လာခြင်းဖြစ်သည်။
သူတို့ ပျော်ပျော်ရွှင်ရွှင် စကားပြောနေကြပုံကို ကြည့်ပြီး လင်းရှို့ချင်းမှာ စိတ်သက်သာရာရသွားသလို ခံစားရသည်။
 
ယခင်ကဆိုလျှင် သူတို့တွင် ပြောစရာစကားက များများစားစားမရှိ။ တစ်ခွန်းမေး တစ်ခွန်းဖြေဖြင့် ဖြေပြီးလျှင် ကသိကအောက်နိုင်သည့်လေထုသာ ကြီးစိုးသွား၏။
 
အမေလင်းက ချက်ပြုတ်ပြီးပြီးနောက် ဒင်ဆမ်းကျွေးကာ အပြုံးဖြင့် 
 
“စကားမပြောကြနဲ့အုံး အားသုန်းနဲ့ အားချင်း လာ ဒင်ဆမ်းအရင်လာစားကြ၊ ထမင်းစားချိန်တောင်ကျော်နေပြီ သူတို့ ဗိုက်ဆာနေလောက်ရောပေါ့”
 
“ဟုတ်သား မင်းတို့ စားနှင့်ကြလေ နောက်မှစကားဆက်ပြောကြမယ်”
 
အမေလင်းက သက်ရှည်ခေါက်ဆွဲကို ပုစွန်ခြောက်များ၊ အသားလွှာ၊ ဝက်အသည်း၊ မှို၊ အဖိုးကြီးနားရွက်၊ ကြက်ဥပြုတ် နှင့် ဆန်အရက်တို့ဖြင့် ထည့်ချက်ထား၏။ ဟင်းနံ့လေးက မွှေးပျံ့နေကာ စားချင်စဖွယ်ဖြစ်အောင် ဆွဲဆောင်နေ၏။
 
သူတို့က မွေးရပ်မြေကို အလည်ပြန်လာကြသည့် ဧည့်သည်များဖြစ်ကာ အဆာပြေများက ဆန်အရက်ဖြင့်သက်ရှည်ခေါက်ဆွဲနှင့် ကြက်ဥရေလုံပြုတ်နှစ်လုံး။ ကျန်သည့်ဟင်းအမယ်များက အခြေအနေပေါ်မူတည်၍ ထပ်ပေါင်းဖြည့်ချက်ထား၏။
 
“ယန်ယန်းကို အမေခွံ့ကျွေးလိုက်မယ် ချန်ဟူက ကိုယ့်ဘာသာစားပါစေ၊ မင်းတို့က မင်းတို့ဘာသာ အေးဆေးစားကြ၊ အမေ ဒီနေ့ပဲ ဝက်အသည်းနဲ့ အသားလွှာလေး ဝယ်လာခဲ့တာ များများစားကြနော်၊ မလောက်သေးရင်ပြော အိုးထဲမှာ ရှိသေးတယ်”
“လောက်ပါပြီ လောက်ပါပြီ”
 
လင်မယားနှစ်ယောက်မှာ တကယ်ကို ဗိုက်ဆာနေကြပြီ ဖြစ်သည်။ သူတို့က မနက်ပိုင်း ဆန်ပြုတ်တစ်ပန်းကန်သာသောက်ပြီး ထွက်လာခဲ့ခြင်းဖြစ်ပြီး ဘတ်စ်ကားကိုလည်း အကြာကြီးစောင့်စီးခဲ့ရသည်။
 
အဖေလင်းမှ 
 
“ကံကောင်းလို့ပေါ့ ငါ အပြင်မထွက်မိတာ၊ တောင်ပေါ်မှာ တည်သီးသွားခူးမလို့လေ၊ ပလိုင်းရက်နေရင်းနဲ့ အချိန်ကုန်နေတာနဲ့ နောက်မှ မင်းတို့ရောက်လာတယ်လို့ ကြားရတာပဲ”
 
 
အမေလင်းကလည်း အပြုံးဖြင့် ဝင်ပြောလာ၏။
 
ရီရောင့်သုန်းက စားသောက်နေရင်းဖြင့် 
 
“အဖေ တောင်ပေါ်မှာ တည်သီးသွားခူးမလို့လား? ကျွန်တော်လည်း လိုက်ခဲ့‌မယ်လေ”
 
“ရတယ်ရတယ် တည်သီးက နှစ်ပင်တည်းရှိတာ ငါ့ဘာသာငါ ခူးလို့ရပါတယ်ကွာ၊ မင်းတို့လည်း လမ်းအကြာကြီးလျှောက်လာရတော့ ပင်ပန်းလောက်ရောပေါ့၊ အိမ်မှာပဲ အေးအေးဆေးဆေးနားနေ”
 
သားမက်ဖြစ်သူက ဂရုစိုက်ရမည့်ဧည့်သည်အဖြစ် အိမ်သို့ ရောက်လာခြင်းဖြစ်ရာ အဖေလင်းမှာ သူ့အား အလုပ်ဝင်မလုပ်ခိုင်းချင်ပါချေ။
 
“ရပါတယ် ကျွန်တော်တို့ ကားနဲ့လာခဲ့တာ လမ်းက နည်းနည်းပဲလျှောက်ခဲ့ရတာ မဟုတ်လည်း အားနေမှာပဲဆိုတော့”
 
“တကယ် မလိုပါဘူးကွာ....”
 
လင်းရှို့ချင်းက သူ(မ)အဖေအား စကားဖြတ်ပြောလိုက်၏။
 
“ကိစ္စမရှိပါဘူး ‌အဖေရဲ့ သူ့ကို ပေးလုပ်ခိုင်းလိုက် ဘာပဲဖြစ်ဖြစ် သူ့ကို ပေးအားခိုင်းလို့မရဘူး၊ သူက ဒီလိုမျိုးအလုပ်တွေကို လုပ်ရတာ ကြိုက်ပါတယ် အဖေရဲ့”
 
“အား...ဟားဟား...အေး ဒါဆိုလည်း မင်းစားပြီးတာနဲ့ ငါတို့တွေ တောင်ပေါ်မှာ တည်သီးသွားခူးကြမယ်၊ မင်းတို့စားလို့ရအောင် ယူလာခဲ့ပေးမယ် မင်းတို့ အိမ်မှာ နှစ်ရက်လောက်တော့ နေကြအုံးမှာမလား?”
 
အဖေလင်းမှာ မေးတော့မမေးရဲချေ။ ယခင်ကဆိုလျှင် သမီးဖြစ်သူက တစ်ယောက်တည်းပြန်လာခြင်းဖြစ်ပြီး မနက်ပိုင်းရောက်လာလျှင် ခဏလေးပင် ကြာကြာမနေဘဲ နေ့လယ်ရောက်သည်နှင့် သုတ်ခြေတင် ပြန်သွားတတ်၏။ ဒီတစ်ကြိမ်က လင်မယားနှစ်ယောက်ရော ကလေးနှစ်ယောက်ပါ ရှားရှားပါးပါး စုံစုံညီညီရောက်လာခဲ့၍ သူတို့အား အိမ်တွင် နှစ်ရက်လောက်တော့ နေစေချင်သေးသည်။
 
လင်းရှို့ချင်းက ပြုံးကာ
“အင်း သမီးတို့ ဒီတစ်ခေါက်က အားတယ်၊ အဲ့ဒါကြောင့်မလို့ မပြန်ခင် ဒီမှာ နှစ်ညအိပ်သွားမှာ ဆောင်းလယ်ပွဲတော် ၁၅ ရက်နေ့ကို မှီအောင်လို့”
 
အဖေလင်းနှင့် အမေလင်းတို့မှာ ကျေနပ်သွားကြသည်။
 
“အမေ ဒီနေ့ ဘာမှ ဖွယ်ဖွယ်ရာရာ မပြင်ဆင်ထားမိဘူး၊ မနက်ဖြန်မနက်စောစောမှ ဆောင်းလယ်ပွဲတော်ကို ဆင်နွှဲကြတာပေါ့၊ သမီးရဲ့အမကြီးကိုလည်း အတူပျော်လို့ရအောင် ပြန်ခေါ်ရမယ်၊ ညီမလေးရဲ့ရွာကျတော့ မြို့အရှေ့ပိုင်းမှာဆိုတော့ ဝေးလွန်းတယ် သူ့ကိုတော့ မခေါ်တော့ဘူး”
“ဟုတ်”
စားသောက်ပြီးနောက်တွင် ရီရောင့်သုန်း သားအကြီးကောင်ကို ခေါ်ပြီး အဖေလင်း၊ ဘာမှလုပ်စရာရှိမနေသည့် ယောက်ဖနှစ်ယောက်နှင့် ယောက်ဖမိသားစုမှ စာသင်ဖို့ အရွယ်မရောက်သေးသည့် ကောင်လေးနှစ်ယောက်နှင့်အတူ တစ်ဖွဲ့လိုက်ကြီး တောင်ပေါ်သို့ တက်ကြလေ၏။
 
အဖေလင်းက အားလုံးကို သူ့သားမက်လေးက သူနဲ့အတူ တောင်ပေါ်တွင် တည်သီးလိုက်ကူခူးပေးမည့်အကြောင်း ပြောပြထား၏။
 
ရီရောင့်သုန်းမှာတော့ ဘေးတွင်ရပ်ရင်းဖြင့်သာ ကိုးရိုးကားရား ပြုံးပြရတော့သည်။
 
အဖေလင်းက ဝီရိယရှိပြီး တောင်တစ်ဝက်လောက်ကို သီးပင်များကို စိုက်ပျိုးထားကာ ကျန်တစ်ဝက်ကာ သေသေသပ်သပ်စီတန်းနေသည့် လက်ဖက်ခင်းများ။
 
ဒီအချိန်တွင် အပင်ကြီးများအကြား တည်သီးနှစ်ပင် ရှိနေလေသည်။ ဂရိတ်ဖရုပင် ဒါဇင်ကျော်လည်း ရှိသော်ငြား ၎င်းတို့က ကြီးထွားရန် အချိန်အနည်းငယ်လိုအပ်နေသေး၏။ အများဆုံးစိုက်ပျိုးထားသည်က လိမ္မော်ခါးအမျိုးအစားဖြစ်သည့် လိမ္မော်ပင်များဖြစ်ပြီး နိုဝင်ဘာလလောက်မှ ရင့်မှည့်မည်ဖြစ်သည်။
ရွှေသဖန်းပင်များ၊ တောငှက်ပျောများ၊ ပိုးစာပင်များ၊ ဖရဲခင်း၊ မက်မွန်ပင်များ၊ အနီရောင်ဘေဘယ်ရီပင်များ စသဖြင့် များစွာရှိပြီး ထို့အနက်မှ တချို့က အတော်လေးများပြီး တချို့မှာတော့ အိမ်ရှိကလေးငယ်များ ကျေနပ်စေရန်အလို့ငှာ နှစ်ပင်စ၊သုံးပင်စဖြင့်သာ စိုက်‌ထားပေး၏။
 
အသီးဆွတ်ချိန်ရောက်သည့်အခါတိုင်း အဖေလင်းက အခြေအနေပေါ်မူတည်၍ ပေ့ရှားရွာဆီလည်း ပို့ပေး၏။ ရီရောင့်သုန်း အတိတ်က အများကြီးစားခဲ့ဖူးသော်လည်း ဤသည်မှာ သူတို့မိသားစု၏ သစ်သီးခြံကြီးထဲ ပထမဆုံးအကြိမ်အဖြစ် ရောက်ဖူးခြင်း ဖြစ်သည်။
 
သေ‌သပ်စွာ စီတန်းစိုက်ပျိုးထားသည့် သီးပင်တန်းများကို ကြည့်ကာ သူ့မှာ အဖေလင်း၏အားထုတ်မှုအား မချီးမွမ်းဘဲ မနေနိုင်တော့ချေ။ အရာအားလုံးက လူသားအင်အားအပေါ် မူတည်နေသည့် ဤခေတ်အခါကြီးမှာ တစ်တောင်လုံးက သီးပင်များ လွှမ်းခြုံနေသည်တဲ့လေ။
 
အပင်အများအပြားက သီးပွင့်စားပွင့်အပြည့်ဖြင့်၊ လိမ္မော်ခါးပင်များမှာလည်း အသီးအပြည့် ဂရိတ်ဖရုပင်မှာလည်း အသီးအပြည့်နှင့်၊ သို့သော်လည်း ခူးဆွတ်ချိန်တော့ မတန်သေးချေ။
 
အဖေလင်းက တောင်ခြေတွင် မတ်တတ်ရပ်ကာ ပြုံးရင်းဖြင့် ဘယ်နေရာတွင် ဘာအပင်စိုက်ထားကြောင်း သူ့အား လိုက်ပြလေ၏။
 
“အဖေ အဖေက အရမ်းမိုက်တာပဲဗျာ၊ တစ်တောင်လုံး သီးပင်တွေအပြည့်ပဲ”
 
“ငါတို့လို တောင်ပေါ်သားတွေက စားဝတ်နေရေးအတွက် တောင်ကိုပဲ မှီခိုအားထားရတာလေ မင်းတို့လို ပင်လယ်ကို အမှီပြုရသလိုမျိုးပေါ့၊ အလုပ်သာကြိုးစားရင် ငတ်ပြီး သေမှာမဟုတ်ဘူး”
 
 
သူကလည်း ပြုံးရင်း ခေါင်းညိတ်ပြ၏။
 
“သူတို့က တည်သီးစားရတာမကြိုက်သလို ငါလည်း အပင်အများကြီး မစိုက်ထားဘူး၊ နှစ်ပင်တည်းစိုက်ထားတာတောင် အသီးတွေက တအားသီးတာ၊ တစ်ပင်လုံး တည်သီးတွေနဲ့ဖုံးနေတော့ ဆွတ်ရမဲ့အချိန်ကျတော့လည်း ဆွတ်ဖို့ တောင်ပေါ်တက်ရတာပေါ့”
 
“ရတယ် ကျွန်တော့်ကိုသာ လက်လွှဲလိုက် အမြင့်ဆုံးဟာကို ကျွန်တော့်တာဝန်ထားလိုက် အနိမ့်လေးတွေက အကိုတို့နှစ်ယောက်အတွက်ပေါ့”
 
“ငါတို့ ချိတ်ရှည်တွေယူလာခဲ့တယ်”
 
အဖေလင်းက ပြုံးရင်းဖြင့် သူတို့အား တောင်ပေါ်ဆီ ဦးဆောင်ခေါ်သွားလိုက်သည်။
 

၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now