Chapter 64

1.4K 145 0
                                    


အပိုင်း (64)


အားချိုင်က သူ့ကို စွေကြည့်လာပြီး ...

"အို့၊ ရောင့်သုန်း၊ မင်း တော်တော် ဗဟုသုတရှိတာပဲ ဟမ်။ ဒီလို တစ်မီတာကျော် ရှည်ပြီး ရာကျော်အလေးချိန် ရှိတဲ့ ငါးက ပိုပြီး ဈေးမြင့်တယ်ဆိုတာတောင် သိတယ်"

ရီရောင့်သုန်းကလည်း သာမန်ကာလျှံကာဖြင့် စနောက်သည့် လေသံဖြင့် ...

"အာ၊ အဲ့ဒါကတော့....ကမ်းရိုးတန်းမှာ နေထိုင်ရတဲ့သူဆိုတော့လည်း အရင်နှစ်တွေက မြို့ပေါ်နည်းနည်းပါးပါး လည်ပတ်ကြည့်ရင် တစ်ခု၊ နှစ်ခုလောက်တော့ သိလာရတာပေါ့ဗျာ"

"ဟုတ်ပြီဗျာ။ ရိုးရိုးရှင်းရှင်း လုပ်ကြရအောင်၊ ၂၈ ဆင့်နဲ့ ထားလိုက်၊ ၈၈၈ ကံကောင်းစေတဲ့ နံပါတ်လေ၊ အဲ့တော့ အဲ့နံပါတ်လေး ထားလိုက်ပြီး ကျွန်တော်တို့ အားလုံးကို စီးပွား လာဘ်လာဘတွေ  ယူဆောင်လာအောင်လို့ပေါ့"

"အိုး၊ ဒါက အသံကောင်းရုံတင် မဟုတ်ဘူးနော်၊ အရေးကြီးဆုံး အချက်က အကျိုးအမြတ်ပဲ၊ ကျွန်တော်တို့ စီးပွားရေး အတူတူ လုပ်နေကြတာပဲ နှစ်ပေါင်းမနည်းတော့ဘူး၊ ပြီးတော့ ဒီရက်ပိုင်း ကျွန်တော့်ရဲ့ကံကောင်းခြင်းတွေကိုပဲ ကြည့်လိုက်။ ကျွန်တော်တို့ရဲ့အိမ်အသစ်က ဖုန်းရွှေ အရမ်းကောင်းတဲ့ ကံကောင်းခြင်း ရတနာသိုက်ကြီးပဲနေမှာ၊ နောက်ကျ ကျွန်တော်တို့ များများ ဖမ်းနိုင်ပြီး ငါးကောင်းတွေ ရလာရင် အကုန်လုံးကို ချိုင်ကောဆီမှာပဲ လာရောင်းမှာ၊ ဒါက နှစ်ဦး နှစ်ဖက် စလုံးအတွက် win-win ပဲ၊ ဟုတ်တယ်မလား"

"အမ်း အမ်း"

အားချိုင် တစ်ယောက် ရောင့်သုန်း၏ စကားများက အကျိုးအကြောင်း ဆီလျော်သည်လို့ ခံစားရကာ ခေါင်းကို မကြာခဏ ညိတ်ညိတ်လာ၏။

"အစ်ကိုလည်း အဆင်ပြေ၊ ကျွန်တော်လည်း အဆင်ပြေ၊ အားလုံးလည်း အဆင်ပြေသွားတာပေါ့ အဲ့ဒါကြောင့်မလို့ တစ်ကျင်း ၃၀ ဆင့် တစ်ပြားမှ မလျှော့ဘူး"

"အမ်..ဟမ်၊ ဘာ၊ တစ်ကျင်း ၃၀ ဆင့်၊ ဟုတ်လား။ ငါ သဘောမတူဘူးနော်၊ ငါ့ကို လာပြီး မလှည့်စားနဲ့"

အားချိုင်က မျက်လုံးများ ပြူးကျယ်သွားပြီး ရောင့်သုန်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ သည်ဈေးက သူ ပေးတဲ့ ဈေးထက်ကို အများကြီး မြင့်သွားပြီကွ။

၂ ဆင့်လေးပဲ ကွာတာဆိုတော့....အင်း၊ စုစုပေါင်းဆို ၂ ယွမ်ကျော်ကျော်လောက်ပဲ ပေးရမှာလေ...။ အားချိုင် တစ်ယောက် စိတ်ထဲတွင် တွက်ချက်နေပြီး သိပ်မကွာလှမှန်း နားလည်လိုက်သည်။ သို့ရာတွင် ‌သူ အစက ပေးသည့် ဈေးနှင့် ယှဉ်လျှင် သိသိသာသာကို မြင့်နေ၏။ ပြီးတော့ သူကလည်း စီးပွားရေးသမား တစ်ယောက်ပဲလေ..။

"ဈေးကို အရမ်း အရမ်း လျှောက်မပြောနဲ့လေကွာ၊ တစ်ကျင်း သုံးဆယ်ဆင့်ဆိုတာကတော့ အရမ်းများ...."

"အိုး အိုး၊ ခင်ဗျား ဘာလို့ ခုတစ်မျိုး တော်ကြာ တစ်မျိုး ဖြစ်နေရတာလဲ။ အခုလေးတင် အဆင်ပြေနေပြီးတော့ အခုပဲ စိတ်က ရုတ်တရက်ကြီး ပြောင်းသွားပြန်တယ်၊ ဟိုးအရင် မက်ကရယ် ငါးတွေတုန်းကတောင် ကျွန်တော် ခင်ဗျားနဲ့ ဈေးမညှိခဲ့ဘူးလေ။ ဒါပေမယ့် ကျွန်တော် လက်ရှိ စျေးကွက်ပေါက်ဈေးကိုလည်း စုံစမ်းကြည့်လိုက်တော့ အားလုံး နောင်တရသွားကြတာ၊ ကျွန်တော့် ဘော်ဒါတွေဆို ခင်ဗျားကို စာရင်းရှင်းဖို့ လာကြတော့မလို့၊ သူတို့ကို မနည်း တားထားခဲ့ရတဲ့လူက ကျွန်တော်ဗျ။ ခင်ဗျားသိရဲ့လား"

"အဲ့တုန်းက ကျွန်တော်က အရမ်းငယ်သေးတာမလို့ ရှက်လို့ ခင်ဗျားပြောသမျှ အကုန် သဘောတူခဲ့တာလေ၊ အခုတော့ ကျွန်တော် အတွေ့အကြုံလည်း ရှိပြီ။ လူအမျိုးမျိုးဆီကနေလည်း သင်ယူပြီးသွားပြီ၊ ကျွန်တော်တို့က တစ်ရွာတည်းသားတွေလေဗျာ။ ထပ်ပြီး ဈေးကို တမင်တကာ မနှိမ်ပါနဲ့...."

ရီရောင့်သုန်း တစ်ယောက် ဇာတ်လမ်းများနှင့် ဆင်ခြေဆင်လက်များ ဖန်တီးကာ ပွစိပွစိ ပြောနေသော်လည်း တကယ်တမ်းတွင် ထိုမြီးဝါ ငါးကြီးကို ဈေးတင်ရန် စိတ်ကူးဖြင့် အားချိုင်ကို ဆွဲဆောင်နေခြင်းပင်။ အားချိုင် တစ်ယောက် သွေးဆောင်တာကို ခံနိုင်လား၊ မခံနိုင်လား စမ်းကြည့်ရတာပေါ့။ ပြီးရင် သူ ဈေးမြင့်မြင့်နဲ့ ရောင်းရတာ‌ပေါ့၊ ဘာပဲဖြစ်ဖြစ် ဘယ်သူကရော ဈေးကောင်းရတာကို မလိုချင်ဘဲနေမလဲ..။

သို့သော် အားချိုင်က သူ့ စကားများ ကြားပြီးနောက်တွင် အမှန်တကယ်ကို လိပ်ပြာမလုံ ဖြစ်သွားရ၏။ သူ တကယ်ပဲ အဲ့ မက်ကရယ်ငါး ကျင်း ၇,၀၀၀ ကျော်နဲ့ အမြတ် တော်တော် ထွက်ခဲ့တယ်လေ..။

"အား၊ ဟုတ်ပါပြီ၊ ဟုတ်ပါပြီကွာ၊ ငါတို့က တစ်ရွာတည်းသားတွေပဲ ငါနားလည်ပါတယ်၊ မင်းက ၃၀ ဆင့် လိုချင်တယ်ဆိုလည်း ၃၀ ဆင့်ပေါ့ကွာ၊ ဒီတစ်ခါ ငါ မင်းဆီက ဘာအမြတ်မှ မယူထားဘူးနော်၊ မင်းရဲ့ကံကောင်းခြင်းတွေ မျှဝေယူချင်ရုံလေးပဲ"

အဖေ ရီ၏ အပြုံးက နားရွက်ပင် တက်ချိတ်နေလေ၏။ သူ၏ တတိယသားနှင့် အားချိုင်တို့၏ ပုံမှန် စကားဝိုင်းက ဈေးကို သည်လောက်ထိ မြင့်သွားစေလိမ့်မည်လို့ မမျှော်လင့်ထားမိချေ။

တကယ့်တွင် ရီရောင့်သုန်းက သူ့ နှလုံးသားထဲတွင် ကျိန်ဆဲနေလေ၏။

'ချီးပဲကွာ။ သူတို့ တကယ်ပဲ မက်ကရယ်ငါး ကျင်း ၇၀၀၀ ကျော်ကို အလကားသက်သက် ရောင်းမိသွားတာပဲ။ ဒီအမြတ်ကြီးစား ကလိမ်ကကျစ်ကုန်သည်ကတော့ စီးပွားရေး လုပ်တာ တော်တော်စည်း မရှိတာပဲ..'

-ိုးတဲ့မှကွာ၊ သူ သူ့ယခင်ဘဝ၏ ပထမနှစ်ငါးဆယ်ကို ဂရုမစိုက်ဘဲ အလေလိုက်ကာ နေထိုင်ခဲ့သည်။ ယခု ပြန်လည်မွေးဖွားချိန်တွင် လက်ရှိ ငါးပေါက်ဈေးနှင့် မရင်းနှီးသေးသည့် အချိန်၌ အားချိုင်ကို အခွင့်အရေး အကြီးကြီး ယူခွင့် ပေးလိုက်မိသည်။

ပြုပြင် ပြောင်းလဲရေးနှင့် ဖွင့်လှစ်မှု အပြီး၌ အနီးတစ်ဝိုက်တွင် ချမ်းသာကြွယ်ဝသည့် သူဌေးများစွာရှိလာ၏။ ဤသို့သော ငါးကြီးမျိုးက မူလကတည်းက သူကြွယ်များနှင့် အစိုးရ အရာရှိများသာ တတ်နိုင်သည့်အရာ ဖြစ်သည်။ သူတို့က ထိုငွေဆင့် အနည်းငယ်လောက်ကို ဂရုစိုက်နေမည်မဟုတ်။ ပါးနပ်တဲ့ သည်ကုန်သည်တွေ ငွေမမြတ်ဘူးဆိုတာကို သူတော့ မယုံပေါင်..။

လင်းရှို့ချင်းလည်း အလွန်ကို ပျော်ရွှင်နေလေ၏။ ပထမက အားချိုင်က ၂၂ ဆင့်နဲ့ ဈေးဖြတ်ပေးတာ၊ ခုတော့ ၃၀ ဆင့်တဲ့လေ ၈ ဆင့်ကြီးများတောင် တိုးသွားတာတော့်၊ အားသုန်းကလေ၊ စကားပြော သိပ်ကောင်းတာပဲ..။

စိတ်လှုပ်ရှားစွာနှင့် သူ(မ)က လက်ထဲမှ ပုံးအား အားချိုင်၏ ဘေးဆီ ယူသွားပြီး ...

"ဒီမှာ နောက်ထပ် ပင်လယ် ကကတစ်တစ်ကောင်နဲ့ ကဏန်းပြာ နှစ်ကောင်"

"ကျစ် ကျစ်ကျစ်~ မင်းတို့တွေ တော်တော်လေးရလာခဲ့ကြတာပဲ၊ ဒီရေကျတာမှဖြင့် ဘယ်လောက်ပဲရှိသေးလို့လဲ။ ဒါတောင် မင်းတို့ ဒီလောက်ထိ အဖိုးတန် ပစ္စည်းတွေကို ကောက်လာနိုင်ခဲ့တယ်"

"ဈေးကို တူတူတွက်လိုက်မယ် ချိုင်ကော၊ ဈေးမြင့်မြင့်လည်းပေးဦးနော်။ ကျွန်တော်တို့တွေ သိလာတာလည်း ကြာလှပြီ။ မက်ကရေ ငါးတွေကိုလည်း အရှုံးခံ ရောင်းထားရ...."

"ဟုတ်ပါပြီ၊ ဟုတ်ပါပြီကွာ၊ ငါ သိပါပြီ၊ ငါ စာရင်းတွက်နေချိန် လာမနှောင့်ယှက်နဲ့"

အားချိုင်မှာ သူ့ စကားသံ ကြားရရင်ကို ကြောက်လန့်နေရ၏။ သည်ကလေး ရီရောင့်သုန်းက သည်လောက် ညှိနှိုင်ရခက်မှန်း သူ အရင်က မသိခဲ့ချေ။ ဤမြီးဝါ ငါးအတွက် သူပြောခဲ့သည့် စျေးနှုန်းနှင့်တောင် အားချိုင်အတွက် အမြတ်အများကြီး မကျန်တော့ချေ။

"၁၁၅ ကျင်း ၈တေးလ်၊ တစ်ကျင်း ၃၀ဆင့်ဆိုတော့...ဒီငါးက စုစုပေါင်း ၃၄.၇၄ယွမ်"

"အဲ့လောက်ပဲ?"

ရီရောင့်သုန်းက စိုက်ကြည့်လိုက်သည်။

အားချိုင်ကလည်း ပြန်စိုက်ကြည့်လာ၏။

"ဘယ်မှာ လျော့လို့လဲကွာ။ ဒီငါးတစ်ကောင်တည်းနဲ့တင် သူများတွေရဲ့တစ်လစာ နီးပါးကို မင်း ရှာနိုင်ခဲ့တာလေ... မဟုတ်လည်း မင်း မိန်းမကို တွက်သာခိုင်းကြည့်လိုက်"

"အမ်း...ကျွန်မ တွက်ကြည့်လိုက်ပါ့မယ်"

ပိုက်ဆံကိစ္စနှင့် ပတ်သက်လျှင် ပေါ့ပေါ့တန်တန် မမှတ်ယူသင့်ပေ။ လင်းရှို့ချင်းက ကို့ယို့ကားယားနိုင်စွာဖြင့် ဘောပင်ကို လှမ်းယူလိုက်ပြီး စတင်တွက်ချက်ကြည့်လိုက်သည်။

"သူ မှန်တယ်၊ အားသုန်း"

"ပြီးတာပဲ ပင်လယ် ကကတစ်ရယ်၊ ဒီကဏန်းပြာ နှစ်ကောင်ကိုပါ ထည့်တွက်ပေး"

အားချိုင်က ဘောပင်ကို ယူလိုက်ပြီး စာရွက်ပေါ်တွင် အတန်ကြာ ချတွက်ပြီးနောက် ;

"ပင်လယ် ကကတစ်က ၄ကျင်းခွဲဆိုတော့ တစ်ကျင်းကို ၆ ဆင့်နှုန်းနဲ့၊ ဒီကဏန်းပြာ နှစ်ကောင်က စုစုပေါင်း ၂.၆ ကျင်းဆိုတော့ နှစ်ကောင်စလုံးစာအတွက် ၂.၆ ယွမ်ပဲ ထား၊ အဲ့ဒီတော့ ၄.၂ ယွမ် အပေါင်း မြီးဝါ ငါး၊ အဲ့ဒီတော့ စုစုပေါင်း ... ၃၉.၉၄ ယွမ် ဟုတ်တယ်မလား"

"ရပါတယ်ဗျာ။ ချိုင်ကော ပြောသလိုပဲပေါ့၊ ကျွန်တော်က ချိုင်ကောကို မယုံဘဲနေမလား"

ကျစ်၊ အခုမှပဲ စကား ကောင်းကောင်း ပြောတော့တယ်၊ အခုနကကျတော့ ငါ့ကို သံသယ လာဝင်နေပြီးတော့။

အားချိုင် တစ်ယောက် ဆင်ဆင်ခြင်ခြင် မျက်စောင်းထိုးလိုက်၏။ သူက ငွေဖြတ်ပိုင်းချရေးနေစဉ် ရီရောင့်သုန်းက ထပ်ပြောလာ၏။

"ဘာလို့ ဖြတ်ပိုင်းတွေ အလုပ်ရှုပ်ခံပြီး ရေးနေအုံးမှာလဲ။ ယွမ်လေး နည်းနည်းပါးပါးပဲကို၊ ချိုင်ကောက သူဌေးကြီးပဲဟာ။ ကျွန်တော့်ကို တစ်ခါတည်း ငွေချေပေးပါဗျာ၊ ဘာလဲ လစဉ် ငွေချပေးဖို့ ဒါမှဟုတ် တစ်ခုခုလုပ်ဖို့ စီစဉ်နေတာလား"

"မင်းအဖေရဲ့ပစ္စည်းတွေနဲ့ စာရင်း အတူတူ မတွက်ဘူးလား"

"မတွက်ပါဘူး၊ ဒီငါးက ကျွန်တော့် မိန်းမ ရှာတွေ့ထားတာမလို့ ပိုက်ဆံကလည်း ကျွန်တော့် မိန်းမပဲ ရ,ရမှာ"

အဖေ ရီကလည်း ခေါင်းညိတ်ပြီး ;

"ဟုတ်တယ်၊ ဒါ ငါ့ပစ္စည်းတွေနဲ့ မဆိုင်တာမလို့ သူတို့ကို သက်သက် စာရင်းရှင်းပေးလိုက်"

"ဒါဆိုလည်း ပြီးတာပဲ၊ ဖြတ်ပိုင်းကို ယူသွားပြီး ညနေလောက်ကျမှ ပိုက်ဆံယူဖို့ ငါ့အိမ် လာလှည့်၊ လောလောဆယ် ငါ့လက်ထဲ ပိုက်‌ဆံ မရှိသေးဘူး"

"ဟုတ်ပြီ၊ ဘာလို့ ယွမ် ၄၀ အတိ မရေးလိုက်တာလဲ။ ၆ ဆင့်တွေ ဘာတွေနဲ့ဆို အလုပ်တွေရှုပ်နေပါအုံးမယ်"

စာရေးနေသည့် အားချိုင် လက်မှာ အနည်းငယ် တုန်ယင်သွား၏။ သည်ကောင် ရီရောင့်သုန်းကတော့။

သူက စိတ်ထဲတွင်သာ ကျိန်ဆဲလိုက်သော်လည်း အနှီကောင်လေး၏ အလိုတော်အတိုင်း ယွမ် ၄၀ အတိ ရေးပေးလိုက်၏။

"အွန့်ရပြီ၊ နောက်တစ်ခါ ပစ္စည်းကောင်းလေးတွေ ရလာရင်လည်း ငါ့ဆီသာ ပို့လိုက်၊ ငါ မင်းဆီကနေ ဘာအမြတ်မှ သိပ်မရ....."

"နားလည်ပါပြီ၊ နားလည်ပါပြီဗျာ"

ရီရောင့်သုန်း တစ်ယောက် ပျော်ရွှင်စွာဖြင့် ဖြတ်ပိုင်းကို ယူလိုက်ပြီး မှန်၊ မမှန် စစ်ဆေးပြီးနောက် လင်းရှို့ချင်းထံ ကမ်းပေးလိုက်သည်။

"အားလုံး ပြီးပြီ"

"အမ်း"

လင်းရှို့ချင်းကလည်း တက်ကြွစွာဖြင့် ဖြတ်ပိုင်းကို ကိုင်ရင်း စစ်ဆေးလိုက်၏။

ကုန်စည်အားလုံး ရောင်းချပြီးသည်နှင့် အဖေ ရီက ;

"မြေပေါ်က ခုံးတွေကိုတော့ ငါ ကောက်ပြီးသွားပြီ၊ မင်းတို့ နှစ်ယောက် အိမ် အရင် ပြန်နှင့်ကြ၊ ငါ မင်းတို့အမေနဲ့ တစ်ခြားသူတွေ အိမ်ပြန် ရောက်၊ မရောက် ကမ်းခြေသွားပြီး ကြည့်လိုက်အုံးမယ်"

"အို့၊ အိုခေ"

လင်မယား နှစ်ယောက်က ပုံးကိုယ်စီ သယ်ရင်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၏။ တစ်နေ့တခြား သူတို့က ပိုက်ဆံ ပမာဏများများကို ရှာနိုင်ကြကာ စုဆောင်းငွေများက ကြွယ်ဝလို့လာ၏။ အနာဂတ်က ပိုပို၍ ဖြောင့်ဖြူးလို့ လာချေပြီ။

ရောင့်သုန်းသည်လည်း ငွေရှာခြင်း၏ ပျော်ရွှင်မှုတွင် နှစ်ဝင်နေလေ၏။ ကိုယ်နှင့်အတူ အလုပ်ကြိုးစားပေးပြီး အောင်မြင်လာသည့်အချိန် ပျော်ရွှင်မှုကို မျှဝေဖို့ ကိုယ့်အနား တစ်စုံတစ်ယောက် ရှိနေသည့် ခံစားချက်က အလွန်ကို ကောင်းလှ၏။ တကယ်ကို စိတ်ဓာတ် အားအင် ဖြစ်စေတာပဲ။

"ရှင် တကယ်ပဲ မနက်ဖြန်ကျ အဖေနဲ့ ပင်လယ်ထဲသွားမလို့လား"

"ဘာလို့လဲ။ မင်းက ငါနဲ့ မခွဲနိုင်လို့လား"

လင်းရှို့ချင်းက စိတ်ဆိုးမာန်ဆိုးဖြင့်;

"အခုနောက်ပိုင်း ရှင်က အိမ်မှာပဲ အမြဲကပ်နေတာကို၊ အရင်ကဆို အစောကြီး ထွက်သွားပြီး ညမိုးချုပ်မှ ပြန်လာတာလေ၊ အိပ်ချိန်က လွဲလို့ ထမင်းစားချိန်တောင်မှ ရှင့်ကို တွေ့ရဖို့ မသေချာတဲ့ဟာကို"

ရီရောင့်သုန်းက သူ(မ)လက်ကို တင်းတင်းကျပ်ကျပ် ဖမ်းဆုပ်လိုက်ပြီး စိတ်ကြီးဝင်နေသည့်အပြုံးဖြင့် ;

"မင်း ငါ့ကို အဲ့လောက်ထိ လွမ်းတယ်ဆိုရင် ငါ အဖေ့ကို မလိုက်တော့ဘူးလို့ သွားပြောလိုက်မယ်"

"ပေါက်ကရတွေ၊ ဘယ်သူကများ အလုပ် ရှိနေတာကို မလုပ်ဘဲနဲ့ တစ်နေကုန် အိမ်ထဲမှာ နေ‌နေလို့လဲ။ လွှတ်စမ်းပါတော်၊ သူများတွေ ကျွန်မတို့ကို မြင်သွားရင် မကောင်းဘူး..."

"လက်လေး ကိုင်တာများ ဘာဖြစ်တာကျလို့။ ငါ သူများရဲ့လက်ကို သွားကိုင်နေတာလည်း မဟုတ်ဘူး၊ ကိုယ့်မိန်းမလက် ကိုယ်ကိုင်တာတောင် ကိုင်လို့မရတော့ဘူးလား"

"လမ်းမကြီးပေါ် လမ်းလျှောက်ရင်းနဲ့ ကျွန်မတို့ကို တစ်ယောက်ယောက် တွေ့သွားမှဖြင့်..."

"သူတို့ မြင်တော့လည်း မြင်ပါစေပေါ့၊ ငါက မင်းရဲ့လင်ငယ်လည်း မဟုတ်..... အား"

လင်းရှို့ချင်းက သူ၏ တင်းကျပ်သည့် ဆုပ်ကိုင်မှုအောက်မှ ရုန်းထွက်ပြီး သူ့အား ကြမ်းကြမ်းဆွဲဆိတ်လိုက်သည်။

သူကတော့လေ သူ(မ)ကို နည်းနည်းလေးတောင် ပေးမပျော်ဘူး။

အခု ကြည့်၊ လင်ငယ် ကိစ္စကပါ ပါလာပြီ။

တကယ် ဒေါသထွက်စရာပဲ။ ရိုက်ခံထိချင်နေပြီနဲ့တူတယ်။




၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now