အပိုင်း (၁၆)
နှစ်ယောက်သား စိတ်ပျက်လက်ပျက် ပြေးထွက်သွားတာတောင် အိမ်ထဲရှိ ကျန်ခဲ့တဲ့လူတွေက ဒေါသကြီးစွာ ဆက်လက် ကျိန်ဆဲနေသေးသည်။
ပင်လယ် ကမ်းစပ်ကလူတွေက အယူအရမ်းသီးကြသည်။ သူတို့မိသားစုမှ လူတစ်ယောက် ပင်လယ်ထဲ ထွက်သွားပါက ငါးကိုတောင် မထိရဘူး၊ အဲဒါကို အယူသီးတယ်လို့ ခေါ်သည်ဖြစ်စေ မခေါ်သည်ဖြစ်စေ သူတို့အတွက် ထိုယုံကြည်ချက်တွေက အလွန်အရေးပါသည်။
ပင်လယ်ပြင်ကို သွားရတာက အန္တရာယ် အလွန်များပြီး နှစ်စဉ် ရေထဲတွင် လူအတော်အများ ပျောက်ဆုံးတတ်သည်။ ဘယ်သူကမှ ကိုယ့်မိသားစုဝင်တွေကို မတော်တဆမှု မဖြစ်စေချင်ကြပေ။
"ကောင်းပြီ၊ ရှေ့ဆက်ပြီး လုပ်စရာရှိတာကိုသာ အာရုံစိုက်လိုက်ကြရအောင်။ သူတို့က လှေကို ယူဖို့ ရည်ရွယ်ချက်လည်း မရှိလောက်တော့ပါဘူး။
သင်္ဘောမထွက်ခင် သေချာစစ်ဆေးပြီးမှ ပင်လယ်ပြင်ကို ထွက်ကြနော်၊ အန္တရာယ်ကင်းရှင်းရေးက အဓိက ဦးစားပေးဖြစ်သင့်တယ်။ ဘယ်လောက်ပဲ ပိုက်ဆံက အရေးကြီးကြီး အသက်ထက် ဘာမှ ပိုတန်ဖိုး မရှိဘူး"
"သိပါတယ် အမေရာ။ ကျွန်တော်လည်း အမြဲတမ်း စစ်ဆေးမှုတွေ လုပ်ပါတယ်။ ပင်လယ်ထဲကို ပထမဆုံး သွားရတုန်းဆို သင်္ဘောမတက်ခင် ကျွမ်းကျင်တဲ့ ဆရာတစ်ယောက်ကိုတောင် ခေါ်ပြီးစစ်ဆေးခိုင်းလိုက်သေးတယ်" အဖေရီက သူနှင့် သူ့သားများ၏ လုံခြုံရေးကို အလေးထားသူတစ်ဦးလည်းဖြစ်သည်။
"သိရင်ပြီးတာပါပဲ"
အဖေရီက ခေါင်းညိတ်ပြပြီး သူ့သားနှစ်ယောက်ကို အုတ်နဲ့သဲဝယ်ဖို့ ခေါ်သွားသည်။ အမေရီကလည်း ရက်ကောင်းရက်မြတ်ရွေးပြီးသည်နှင့် အိမ်များဆောက်ရန် လက်သမားငှားလိုက်မယ်ဟု ဆိုသည်။
ရီရောင့်သုန်းသည်လည်း ဖခင်ရီထံမှ မသိမသာ စွန့်ပစ်ခြင်းခံခဲ့ရသည်။
သူလို တစ်ခါမှအလုပ်ကို မယ်မယ်ရရ မလုပ်တဲ့ကောင်ကို ဘယ်သူက ခိုင်းရဲပါ့မလဲ?
ဘေးမှာ ရပ်ကာ သူ့အဖေနဲ့ အစ်ကို နှစ်ယောက် ထွက်သွားတာကို မျက်ခုံးပင့်ကာ တိတ်တဆိတ်ကြည့်နေလိုက်သည်။
ဇွန်လလယ်လည်းဖြစ် နေ့လည်ဘက်လည်းဖြစ်တာမို့ ရာသီဥတုက ပူပြင်းလှပါသည်။ သွားဖို့မခေါ်တာမို့ တစ်ရေးတစ်မောအိပ်ပြီး ဒီအချိန်အတွင်းအိမ်မှာ ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြား အဖြစ်အပျက်တွေကို အမှတ်ရစေရန် တွေးနေလိုက်သည်။ နှစ်ပေါင်း ၄၀ ဆိုတာ နည်းတဲ့ကြာချိန်မှမဟုတ်ပဲကို။
အိပ်ရာက တရေးကနိုးနိုးချင်း အိပ်ချင်မူးတူးဖြစ်နေသေးချိန် တံခါးဝ ဆူဆူညံညံအသံတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်ခဲ့ရသည်။ ဘာတွေဖြစ်ပျက်နေမှန်း ကြည့်ရန် အပြင်ကို ထွက်လာလိုက်သည်။
အိမ်အတွင်းရော အပြင်ပါ လေ့လာပြီးတဲ့နောက် အိမ်က ချွေးမ သုံးယောက် ပိုကါကွန်ယက်နေတဲ့ ဝင်ပေါက် အနီးရှိ အရိပ်ရသောနေရာလေးနား သူသွားလိုက်သည်။ အလုပ်လည်းလုပ် ဦးလေးတစ် နှင့် ဦးလေး နှစ်တို့ကိုလည်း တစ်ပြိုင်နက်တည်း နာမည်အမျိုးမျိုး ခေါ်ကာ ကျိန်ဆဲနေကြသေးသည်။
အိမ်အတွင်း၌ တင်းမာမှုကို ခံစားရသောကြောင့် ရီရောင့်သုန်းသည် တံခါးဝတွင် လေညှင်းခံရင်း ခဏတာ တစ်ရေးတစ်မော အိပ်စက်ရန် ပြင်သည်။ သို့သော် အနားယူဖို့ ပြင်သည့်အချိန်မှ စ၍ သူ့နားသည် နည်းနည်းလေးမှ အနား မရသေးပေ။
သည်မိန်းမတွေ တော်တော် စကားပြောနိုင်ကြတာပဲဟု ရီရောင့်သုန်း တွေးမိသည်။ ပိုက်ကွန်တွေ လုပ်နေကြသော်ညားလည်း ခေါင်းစဉ် တစ်ခုပြီး တစ်ခုမကုန်အောင် ပြောနိုင်ကြပါဘိ။
သူ အိပ်မပျော်တော့ချေ။ အမျိုးသမီးတစ်ဦးသည် ဘဲ အကောင် ၅၀၀ နှင့် ညီမျှပြီး အဆက်မပြတ် အော်ဟစ်ပြောဆိုနေသည့် အမျိုးသမီးတစ်စုဖြစ်တာကြောင့် သူသည်းမခံနိုင်၊ ကွပ်ပျစ်ပေါ်တွင် တစ်ရေးတစ်မောလေးတောင် မအိပ်နိုင်ခဲ့ပေ။
စိတ်မကြည်ဖြစ်ကာ ခေါင်းကုတ်၍ အိမ်ထဲသာ ပြန်ဝင်နေဖို့ သူဆုံးဖြတ်လိုက်သည်။ သည်နေ့ လေပြင်းတွေတိုက်နေတာကြောင့် ပြတင်းပေါက် ဖွင့်ပြီး နေတာက ကောင်းမယ်ထင်သည်။
အိမ်ထဲကို ဝင်လိုက်တာနဲ့ သူ့သား အငယ်ဆုံးက ရေပုံးဘေးမှာ တစ်ယောက်တည်း ရပ်နေပြီး သဲဂုံးတွေနဲ့ ကစားနေတာကို တွေ့လိုက်ရသည်။ သူသည် ရေပုံးကို ပြုတ်ကျလုနီးပါးမှီထား၏။ သူ့ တစ်ကိုယ်လုံးလည်း စိုစွတ်နေလေသည်။
"ဘယ်လိုဖြစ်တာလဲ၊ မကောင်းဆိုးဝါးလေ၊ ငါ့နဲ့ ခဏလောက်လေး မျက်စိ လွှဲလိုက်တယ် မင်းက ဒီမှာ ရေလာခိုးကစားနေတယ်ပေါ့"
သူ့သားကို ခပ်မြန်မြန် ချီလိုက်ပြီး တံခါးဘက်ကို လှမ်းအော်လိုက်သည် "အားချင်း၊ မင်းသားက ရေဆော့ဖို့ လျှိုလျှိုထွက်နေတာ ခုတော့ ရေတွေစိုရွှဲနေပြီ"
ဒါကိုကြားတော့ လင်းရှိုချင်း က မျက်ခုံးတွန့်ပြီး မြန်မြန်ထကာ အိမ်ထဲကို ဝင်သွားသည်။ ရေစိုနေတဲ့ သားဖြစ်သူရဲ့ မျက်နှာကို ကြည့်မိတော့ အပြစ်ကင်းစင်ပြီးနက်မှောင်သော မျက်လုံးလေးများနှင့် ပြန်ကြည့်လေတော့ ဒေါသများချက်ချင်းပင် ပျောက်ကွယ်သွားသည်။ သူမသည် သားဖြစ်သူထံသို့ ချဉ်းကပ်လာပြီး သူ့တင်ပါးကို နှစ်ကြိမ်ခန့် အသာအယာ ပုတ်လိုက်သည်။
"မင်း ဘာလို့ နည်းနည်းလေး ပိုပြီး မလိမ္မာရတာလဲ။ မင်း တစ်မနက်လုံး သဲတွေနဲ့ ဆော့နေတာ၊ အခုတော့ ရေတွေနဲ့ပါဆော့နေပြီ။ မင်းအဝတ်အစားတွေလည်း လဲလွန်းလို့ကုန်တော့မယ်။ တစ်နေ့ကို ဘယ်နှစ်ကြိမ်တောင် လဲဖို့လိုမှာလဲ"
သူ့အမေက သူနှင့် အတူ လာကစားသည်ဟု ရီချန်းယန် ထင်သောကြောင့် သူ့ရှေ့သွားနှစ်ချောင်းကို ထုတ်ပြပြီးရယ်ကာ လည်ပင်းကို ပွေ့ဖက်လိုက်သည်။
ကူကယ်ရာမဲ့သောအမူအရာဖြင့် လင်းရှိုချင်း က သူ့ကို ချီလိုက်ကာ "အဝတ်စိုတွေနဲ့ ငါ့ကိုလာ ကပ်နေတာ၊ အခန်းထဲသွားပြီး အဝတ်အစား မြန်မြန်သွားလဲ သွား"
ရီရောင့်သုန်းလည်း အိမ်ထဲသို့ လိုက်လာခဲ့သည်။ ထို့နောက် ကုတင်ပေါ်တွင် လှဲလျောင်းကာ ခေါင်းနောက်သို့ လက်နှစ်ဖက်မှီပြီး ဇနီးသည်၏ ကလေးအားအဝတ်အစားလဲပေးနေသည်ကို ခြေထောက်ချိတ်ကာ ကြည့်နေလေသည်။
ဆယ်စုနှစ်များစွာ ကြာပြီးနောက် သူ့ မှတ်ဥာဏ်ထဲရှိ သူမသည် အလုပ် အလွန်အကျွံလုပ်ခြင်းကြောင့်
ပင်ပန်းနွမ်းနယ်နေသော သက်လတ်ပိုင်း ပုံစံ အမြဲရှိခဲ့သည်။ သူမသည် တစ်ချိန်က အလွန် နုပျိုခဲ့သည်ကို သူ မေ့လျော့နေခဲ့တာပဲ။
သူမကို စိုက်ကြည့်နေသည်ဟု လင်းရှိုချင်း ခံစားရသောကြောင့် စိတ်မသက်မသာ ဖြစ်သွားကာ သူမနားရွက်လေးများပင် အနည်းငယ် နီလာ၏။ ကလေးကို အဝတ်လဲပေးပြီးအခါမှ တစ်ဖက်ကိုလှည့်ကာ "နေ့ခင်း ကြောင်တောင်ကြီးကို ဘယ်လိုဖြစ်နေတာလဲ"
နောက်တော့ ကလေးကို မြန်မြန်ချီကာ အခန်းထဲမှ လွတ်ရာရှောင်သကဲ့သို့ ပြေးထွက်သွားသည်...
ရုတ်တရက် သူ အနည်းငယ် စိတ်ရှုပ်သွားသလို ခံစားလိုက်ရသည်။ ကိုယ်ပိုင်တဲ့မိန်းမကို ကိုယ်ကြည့်မိတာ သူ ဘာမှားလို့လဲ။
ဒါက သူမငယ်ငယ်က ဆွဲဆောင်မှု ရှိတာပဲလို့ ထင်မိလို့ ငါက ရိုးရိုးသားသားလေးကြည့်မိတာပါ။
အဲ့လိုမျိုး မျက်စောင်းထိုးသွားဖို့က လိုအပ်လို့လား။
ခဏလောက် လဲလျောင်းပြီးနောက်၊ ရီရောင့်သုန်း လည်း သူ့အသိစိတ်ဝင်လာသည်။ ဟုတ်တယ်...ခုနကတုန်းက ငါက သူ့အပေါ်ရည်ရွယ်ချက်တစ်ခုခုရှိနေတယ်လို့ သူမ ထင်သွားများ ဖြစ်မလား။
သူမ သည်လိုမျိုး ထွက်ပြေးဖို့ လိုအပ်လို့လား။
အစက ကလေးကို အခန်းထဲမှာပဲထားခဲ့ခိုင်းပြီး ခဏကူပြီးစောင့်ကြည့်ပေးမယ် ပြောမလို့ကို...
ရပါတယ်လေ၊ သူတစ်ယောက်တည်းပဲ အေးအေးဆေးဆေး ခဏလောက် အိပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
ခြေထောက်ကို ဆန့်ထုတ်လိုက်ပြီး အိပ်ယာပေါ်မှ ချိတ်ထားသည့် ခြင်ထောင်ကို ကြည့်ကာ ပြန်တွေးမိသည်။ သူ့မိသားစုက တစ်လျှောက်လုံး အေးချမ်းသာယာစွာ နေထိုင်ခဲရပုံရသည်။ အိမ်ဆောက်လုပ်တဲ့အချိန်နှင့် အိမ်ကွဲထွက်တဲ့ အချိန်က လွဲပြီး နောက်
ဆယ်စုနှစ်အတွင်း ထူးထူးခြားခြား ကြီးကြီးမားမား အဖြစ်အပျက်များ မရှိခဲ့ပေ။ မိသားစုတစ်စုလုံး လုံခြုံအေးချမ်းစွာ နေထိုင်ခဲ့ကြသည်။
ဟာ...မဟုတ်ဘူးပဲ။ သူနှစ်ပေါင်းများစွာ မေ့ပျောက်နေခဲ့သော အရေးကြီးသည့်အဖြစ်အပျက်တစ်ခုကို ရုတ်တရက် သတိရမိသွားသည်။
နောင်နှစ်နှစ် အကြာလောက်မှာ သူ့ဇနီးက တတိယမြောက်ကလေးကို ကိုယ်ဝန်ရသည်။ ဒါပေမယ့်လည်း ဥပဒေ ကန့်သတ်ချက်များအရ သူတို့ကို နောက်ထပ် ကလေးယူခွင့် မပြုပေ။ သူ့မိန်းမမိဘအိမ်မှာ ပုန်းနေခဲ့သည်။ ဒါပေမယ့် သူမ ကိုယ်ဝန် ခုနစ်လ ရှစ်လ အရွယ်၊ တောင်ပေါ်တွင် လက်ဖက်ရွက်ကောက်ရင်း ချော်လဲကျလို့ ဝမ်းနည်းစရာ အဖြစ်ဆိုးကြီး ကြုံခဲ့ရသည်။ ဆေးရုံကို အချိန်မီမပို့နိုင်ဘဲ လမစေ့ဘဲ ကလေးမွေးလိုက်ရသည်။ ကံမကောင်းစွာနဲ့ပဲ ကလေးမွေးပြီး နာရီဝက်အတွင်းမှာပဲ အဲ့ကလေးက သေဆုံးသွားခဲ့သည်။
အဲ့ကလေးက မိန်းကလေးလို့ သူ ပြန်ကြားရသည်။
သူ့ဇနီးခမျာ ဝမ်းနည်းကြေကွဲပြီး သူ့ကိုယ်သူ အပြစ်တင်ကာ ရက်ပေါင်းများစွာ ငိုကြွေးခဲ့သည်။
ပြန်ကြားရတယ်ဆိုတာက အဲ့အချိန်က သူက သူယောက္ခမအိမ်မှာ မဟုတ်ပေ။ မီးဖွားပြီး၊ ကလေး ဆုံးရှုံးပြီးသည့် နောက်တစ်နေ့မှာ သူ့ဇနီးကို ပြန်ခေါ်ရန်လာခဲ့တာ ဖြစ်ပြီး အဲ့အချိန်မှ အဲ့အကြောင်းကို သိလိုက်ရတာပင်။
နောင်တတော့ရမိပေမယ့်၊ မမွေးရသေးတဲ့ကလေးဖြစ်တာကတစ်ကြောင်း၊ သူကလဲ အိမ်မှာသိပ်မနေဖြစ်တာကတစ်ကြောင်း စိတ်ပိုင်းဆိုင်ရာတွယ်တာမှုတွေ သူ့မှာသိပ်မရှိခဲ့၊ အချိန်ကြာလာတာနှင့်အမျှ သူဒီအကြောင်းမေ့သွားခဲ့သည်။ အခုမှပဲ သူဒီအဖြစ်အပျက်ကို ပြန်သတိရတာပဲ။
ဒါကို တွေးမိပြီး ချက်ချင်းပင် ထထိုင်လိုက်သည်။ သူ့ဇနီးသည် တတိယမြောက် ကလေးကို ဘယ်နှစ်မှာ မွေးဖွားခဲ့တာလဲ။
သူတို့ အိမ်စပြောင်းတဲ့အချိန်မှာ သူမိန်းမရဲ့ဗိုက်က ကြီးထွားစပြုနေပြီကိုတော့ သူယောင်ဝါးဝါးဖြင့်အမှတ်ရသေးသည်။
သူမ လက်ဖက်သွားကောက်တဲ့အချိန်က မတ်လများလား။
ကိုယ်ဝန်က ခုနစ်လ ဒါမှမဟုတ် ရှစ်လဆိုတာကို အခြေခံပြီး တွက်ကြည့်ပါက ဇူလိုင်လ သို့မဟုတ် သြဂုတ်လတွင် ကိုယ်ဝန်ရသွားသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဒါပေမယ့် အဲဒါက ဒီနှစ်မှာဖြစ်တာလား၊ နောက်နှစ်မှာဖြစ်တာလား ဒါမှမဟုတ် နောက်နှစ်ရဲ့နောက်နှစ်လား။
"ဟာကွာ၊ ဘာလို့ ဒီလောက် အရေးကြီးတဲ့ ကိစ္စ ဖြစ်ခဲ့တဲ့ ခုနှစ်ကိုမှ ငါက မေ့ရတာလဲ?"
ရီရောင့်သုန်း ပြန်သတိရဖို့ ကြိုးစားရင်း နောင်တရနေပေမယ့်လည်း ဘယ်လိုမှ ပြန်မမှတ်မိတော့ချေ။ သူတို့အိမ်သစ်ကိုပြောင်းလာပြီးနောက်မှာ သူမရဲ့ဗိုက်က ကြီးထွားနေပြီး ဖုံးကွယ်ဖို့တောင် မဖြစ်နိုင်တာကို သူမှတ်မိသေးသည်။ မူဝါဒဥပဒေကို ရှောင်လွှဲရန် သူမက တရုတ်နှစ်သစ်ကူးပြီးနောက် ကလေးမွေးဖွားရန် သူမ မိဘအိမ်သို့ ပို့ပေးခဲ့တာဖြစ်သည်။
အချိန်အတော်ကြာ စဉ်းစားနေသော်လည်း မမှတ်မိတော့ချေ။ သူခေါင်းခါလိုက်ပြီး "တော်ပါပြီ၊ သူမ ကိုယ်ဝန်ရတဲ့အခါ ငါတို့သိလာမှာပဲကို။ ကိုယ်ဝန် မရှိရင် ပိုတောင်ကောင်းသေးတယ်။ အောင်အောင်မြင်မြင် မွေးလာနိုင်ပါ့မလားဆိုတာ ဘယ်သူကသိနိုင်မှာလဲ။ ဝေဒနာကို ရှောင်တာက ပိုကောင်းမဟုတ်လား။"
အဖြေရသွားမှ ပြန်လှဲအိပ်လိုက်သည်။ ထိုကိစ္စအပြင် သူ့ဘဝတွင် ထင်ရှားသော တစ်ခုတည်းသော အဖြစ်အပျက်မှာ သူ့အဖွား ဆုံးပါးသွားသည့် နှစ်ကာလ ဖြစ်သည်။
အဲ့အချိန်က သူ ဘယ်လောက်တောင် ဝမ်းနည်းခဲ့ရလဲဆိုတာကို အခုထိတိုင် မှတ်မိသေးသည်။ သူ့အဖွားက အိမ်နောက်ဖေးက ဟင်းသီးဟင်းရွက်ခင်းကို ရေလောင်းရင်း ကျောက်ပြားပေါ်မှာ ချော်လဲသွားသည်။ သူမ သက်သာကြောင်းသာ ပြောပြီး ဆေးရုံတက်ဖို့ ခေါင်းမာမာနဲ့ ဆက်တိုက်ငြင်းခဲ့သည်။ သို့သော်လည်း သူမ ရက်အနည်းငယ်ကြာအောင် အိပ်ယာပေါ်တွင် လှဲနေခဲ့ရပြီး မကြာခင်ပင် သေဆုံးသွားခဲ့သည်။
ဖြစ်နိုင်ရင် သူ့အဖွားကို နောက်ထပ်နှစ်အနည်းငယ် အသက်ရှင်စေချင်သေးသည်။ အကယ်၍ မတော်တဆ ပြုတ်ကျမှုသာမဖြစ်ခဲ့ရင် သူ့အဖွားဟာ သန်မာပြီး ကျန်းမာနေမှာ အမှန်ပင်။
သူမကို ကောင်းကောင်း မကုသပေးလိုက်ရခြင်းက နှစ်ပေါင်းများစွာ သယ်ဆောင်လာခဲ့သည့် သူရဲ့နောင်တတစ်ခုပင် ဖြစ်သည်။
အပြင်ဘက်ရှိ ပုစဉ်းရင်ကွဲသံများကို နားထောင်ရင်း ရီရောင့်သုန်း တစ်ယောက် သူပင် မသိလိုက်ဘဲ အိပ်ပျော်သွားလေသည်။
![](https://img.wattpad.com/cover/351631341-288-k876931.jpg)