အပိုင်း (81)
"ဟမ့်၊ သောက်ရမ်း ကံတွေ ကောင်းချက်ကွာ"
အားကွမ်က နှုတ်ခမ်းကို စေ့ထားကာ ;
"အားသုန်း၊ ဘယ်နေရာလောက်မှာ ပစ္စည်းကောင်းတွေ ရှိမယ်လို့ ထင်လဲ။ ငါ့ကို လမ်းလေးပြပါဦးကွာ"
ရီရောင့်သုန်း သူ့ကို ပြောစရာ စကားမဲ့စွာ ကြည့်လိုက်၏။
"ငါ့ကို မှော်တုတ်ချောင်းများ ထင်နေလား။ ငါ သိရင်တောင် မင်းကို ပြောစရာလား။ ငါ့ဘာသာပဲ သွားယူနေပြီပေါ့"
"အို့၊ မင်းရဲ့ရွှေလက်ချောင်းကြီးနဲ့ လက်ညှိုးသာ ညွှန်ပြလိုက်စမ်းပါကွာ။ မင်းရဲ့သောက်ရမ်းကောင်းတဲ့ ကံက ငါ့ထက် သာတယ်လေ"
"မလုပ်ချင်ဘူး၊ ငါလည်း ပိုက်ဆံရှာရမှာ။ ငါဘာသာငါပဲ သွားရှာမှာ"
"လုပ်ပါကွာ။ နေရာလေးကိုသာ ညွှန်ပြလိုက်...."
ရီရောင့်သုန်း၏ လမ်းညွှန်မှု အပြီးတွင် အားကွမ်တစ်ယောက် ကဏန်းပြာကြီး နှစ်ကောင်ကို တွေ့ရှိသွားလေပြီး၊ သူ၏ ကံကို အနည်းငယ် လက်ခံယုံကြည်သွားစေခဲ့သည်။
"မလုပ်ချင်ပါဘူးဆို..."
"မင်း ကြိုက်တဲ့ နေရာသာ ညွှန်ပေး"
"အား၊ စိတ်တိုစရာကွာ....သွား သွား၊ အဲ့နေရာကိုသာသွား..အဲ့နေရာကို မြန်မြန်ကြွ..."
အားကွမ်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရကာ ရီရောင့်သုန်း တစ်ယောက် ခပ်ဝေးဝေးမှ တွေ့ရာနေရာ တစ်ခုကို လက်ညိုး ထိုးပြလိုက်ပြီး အမြန်သွားရန် နှင်ထုတ်လိုက်တော့သည်။
နောက်ဆုံးတွင် သူပဲ ကံကောင်းနေလေသလားတော့ မသိ၊ အားကွမ် တစ်ယောက် ထိုနေရာသို့ ပြေးသွားချိန်တွင် သောင်တင်နေသည့် ငါးအကြီးကြီး တစ်ကောင်ကို ရှာတွေ့လေသည်။
"ဟမ် လခွမ်း၊ အားသုန်း၊ မင်း အရမ်းမိုက်တယ်ကွာ။ ဒါနဲ့ ဒီငါးက ဘာငါးပါလိမ့်"
ရီရောင့်သုန်း သူ့ အော်ခေါ်သံ ကြားလိုက်ရချိန်တွင် နှလုံး တစ်ချက် ခုန်သွားပြီး အမြန်ပြေးသွားရင်းဖြင့် စိတ်ထဲမှလည်း 'သူ တကယ်ပဲ အားကွမ်ကို ရတနာသိုက် ရှိရာဆီ ညွှန်ပြမိသွားတာလား?'
အခြား နှစ်ယောက်ကလည်း သူတို့ အော်သံကို ကြားပြီးကတည်းက အပြေး ရောက်လာကြသည်။
"ဒါ ဘာငါးလဲ"
"ဒီကောင်က အချီကြီး ရမှာလား"
ရီရောင့်သုန်း အနီးကပ် ကြည့်လိုက်ချိန်တွင် မျက်လုံးများ ပြူးကျယ်လာရပြီး ;
"ပင်လယ် ဝံပုလွေလား"
ခန္ဓာကိုယ်က ရှည်လျားသော ဆလင်ဒါပုံ၊ ပါးစပ်ချွန်ချွန်၊ မေးရိုးကျယ်ကျယ်နှင့် ဦးခေါင်းက လွန်းပြန်တစ်စင်းလို၊ ငေါ်ထွက်နေသည့် သွားစွယ်များနှင့် မျက်လုံးတစ်ဝိုက်ရှိ အရောင်မှာ နီညိုရောင်ဖြစ်သည်။ ပင်လယ် ဝံပုလွေ ငါးဆိုတာ သံသယ ဝင်စရာပင် မလို။
"ဟမ်၊ ပင်လယ်ဝံပုလွေလား။ အဲ့လောက်ကြီးတယ်ပေါ့"
"ချီးဟ၊ မင်း သိတယ်ပေါ့။ မင်း တကယ်ကြီး အားကွမ်အတွက် ပင်လယ် ဝံပုလွေ တစ်ကောင် ရှာပေးလိုက်တယ်လား။ ဒီကောင်ကြီးက တစ်မီတာ ကျော်လောက်တယ်"
ရီရောင့်သုန်းမှ လွဲ၍ ကျန်တောသားလေး သုံးယောက်မှာ ပင်လယ် ဝံပုလွေကို နာမည်သာ ကြားဖူးကြပြီး လက်တွေ့ မမြင်ဖူးကြချေ။ သည်တစ်ကြိမ်က သူတို့ကို တကယ်ကို အသိအလင်း ပွင့်စေ၏။
အားကွမ်က သူ့ လက်ဖဝါး နှစ်ဖက်ကို ပျော်ရွှင်စွာ ပွတ်ပြီး;
"ဒီတစ်ကောင်က တစ်မီတာလောက် ရှည်တယ် ဟုတ်တယ်မလား။ ငါးက ရှည်နေတာ နှမျောစရာပဲ၊ ကျင်း သုံးဆယ်လောက်ပဲ အလေးချိန် ရှိလောက်မယ်"
"ငါ ကြားဖူးတာ ဒီငါးတွေက ၁.၈ မီတာထိ ရှည်နိုင်ကြတယ်တဲ့။
"ဒါဆို ငါတို့ ငါးက အရမ်းသေးတာပေါ့..."
"ဒီလောက်ရ တော်ရောပေါ့၊ တစ်ကျင်းကို ဆင့်ငါးဆယ်ဆိုတော့ ဆယ်ယွမ်ကျော်ကျော် ရမှာ၊ ဒီတစ်ကောင်တည်းနဲ့တင် ဒီနေ့အတွက် လုံလောက်နေပြီ၊ အလကား ရလိုက်သလိုပဲကို"
ရီရောင့်သုန်း တစ်ယောက် နောင်တ အကြီးအကျယ်ရနေတော့သည်။ ငါ ဘာလို့များ သူ့ကို နေရာ ညွှန်ပေးလိုက်ရတာလဲကွာ။ နောက်တစ်ခါဆို လုံးဝ မပြောဘူး။ ငါ ရတော့မဲ့ဟာကို။
အသေးလေးက သူ့ ဘေးနား ရောက်လာပြီး တံတောင်ဖြင့် တွတ်ကာ ;
"ငါ့ကိုလည်း ညွှန်းပေးပါဦးကွာ။ ငါလည်း သွားရှာကြည့်လို့ရအောင်"
"ငါလည်း လိုချင်..."
"-ိုးဟ၊ ငါ့ကိုများ အကြားမြင်ဆရာများ ထင်နေကြလား။ ငါ့ဘာသာငါလည်း ရှာရဦးမယ်ဟ"
အားကွမ် တစ်ယောက် ပျော်ရွှင်စွာဖြင့် အိတ်ကိုခါကာ ပါးဟပ်များ လှုပ်နေသေးသည့် ပင်လယ်ဝံပုလွေကို ကောက်ထည့်ပြီး ;
"ငါ ကြားဖူးတာလေ။ ပင်လယ် ဝံပုလွေတွေက အုပ်စုလိုက်နေပြီး ဝံပုလွေ မုန်းတိုင်းကိုတောင် လုပ်နိုင်တယ်တဲ့၊ ငါတို့တွေ အခွင့်အရေး ရတုန်း လှေပြန်လှော်ပြီး ကွန်ပစ်ကြည့်ကြရင်ရော"
မဟုတ်လျှင် ဒီရေကျသွားသည့်အချိန် လှေကမ်းကပ်သည့်အခါ လှေက ထုတ်ရ ခက်သွားလိမ့်မည်။ ဒီရေတက်လာချိန်မှသာ ပြန်ထုတ်လို့ရပေသည်။
အသေးလေးနှင့် အားကျန်းတို့၏ မျက်လုံးများမှာ ဝင်းလက်လာပြီး ;
"ဟုတ်တယ် ဟုတ်တယ်။ အားသုန်း၊ ငါတို့ ကွန်ပစ်ကြည့်ကြရအောင်ကွာ။ ကောင်းကောင်းကန်းကန်းမရလည်း ကျွန်းပေါ်ပြန်လာရုံပဲပေါ့၊ ဘာပဲဖြစ်ဖြစ် ငါတို့ ဒီနေ့ တစ်နေ့လုံး အချိန်ရကြတာပဲကို"
ရီရောင့်သုန်းလည်း စိတ်ပါလာပြီး ;
"ဟုတ်ပြီကွာ၊ ကွန်သွားပစ်ကြတာပေါ့၊ လိပ်တွေနဲ့ ပင်လယ် ဝံပုလွေတွေ ရမလား ကြည့်ရအောင်"
"အင်း၊ ဟုတ်တယ်။ ငါတို့ လိပ်တွေလည်း မိချင်မိနိုင်တာပဲ"
လေးယောက်သား လှေဆီ ဦးတည်လိုက်ကြပြီး ကြိုးကို ဖြည်ကာ လှေကို အတူတွန်းလိုက်ကြသည်။ မည်သို့ဆိုစေ ဒီရေက ယခုတွင် အနည်းငယ်တိမ်နေပြီ ဖြစ်သည်။
လှေကို ထုတ်ပြီးနောက်တွင် ရီရောင့်သုန်း တစ်ယောက် လှေကို ကမ်းစပ်နှင့် ဝေးအောင် စတင်လှော်ခတ်ပြီး ရေလယ်ခေါင်ဆီ ဦးတည်လိုက်သည်။
စဉ်းစားထားသည့် နေရာဆီ လှော်ခတ်ပြီးနောက် လှေကို ရပ်လိုက်ကာ အားကျန်းကို ကြည့်ပြီး ;
"ဒီနေရာပဲ၊ မင်း ကွန်ကို ပစ်တော့"
"အိုခေ၊ စိတ်ချလိုက်"
အားကျန်း တစ်ယောက် အချိန် အတော်ကြာ စောင့်ပြီးနောက် ရောင့်သုန်းက ကွန်ပစ်ရမည့် အချိန် ရောက်ပြီလို့ ပြောလိုက်သည်ကို ကြားရချိန်တွင် သူက ကြိုးကို အထပ်ထပ် ခွေလိုက်ပြီး ဘယ်လက်ဖြင့် ကိုင်ကာ ကွန်၏ အစကို ညာလက်ဖြင့် ကိုင်ပြီး ကွန်ကို တွဲလောင်းချလိုက်သည်။
ကြိုးကိုင်ထားသည့် လက်ကို မလှုပ်ရပြီး အခြားလက်တစ်ဖက်က ကွန်ကို တစ်ဖြည်းဖြည်း ဆွဲယူကာ ကြိုကိုင်ထားသည့်လက်ဆီ ထည့်လိုက်ပြီး အနောက်သို့ ဆုတ်ထားရသည်။ ကွန်ကို ကိုင်ထားသည့်လက်ကို အနောက်သို့ ထားကာ ခန္ဓာကိုယ်ကို ဘေးတိုက် အနေထားဖြင့် ခြေထောက် တစ်ဖက်ကို အားပါးပါးဖြင့် ရှေ့သို့ ဆန့်ထုတ်ထားရသည်။
လက်ထဲမှ ကွန်ကို ရှေ့သို့ အားပါးပါးဖြင့် ပစ်ရမည်၊ သို့သော် ကြိုးအဆုံးကို လက်ဖဝါးထဲတွင် ဆုပ်ကိုင်ထားရမည် ဖြစ်ပြီး ကွန်က ပျံသွားချိန်၊ ခန္ဓာကိုယ် လှည့်ကာ ကွန်ကို ရေပြင်ကျယ်ကြီးထဲ ပစ်ရသည်။
ဒါက လက်ဖြင့် ပစ်ရသည့် အလွယ်ကူဆုံး ကွန် ဖြစ်သည်။
ဤသို့သော ကွန်မှာ ပစ်ထားပြီး ခဏအကြာတွင် ပြန်သိမ်းနိုင်၏။ ကွန်ကို ပြန်သိမ်းဖို့ရာအတွက် ကြိုးကို ပြန်ဆွဲလိုက်ရုံလေးပင်။
"အား၊ ငါးမုတ်ဖြူတွေ အားကြီပဲ"
"လာကူဦး။ အားလုံး အတူတူ ဆွဲတင်မှရမယ်"
လေးယောက်သား အံ့ဩဝမ်းသာ ဖြစ်ကြရပြီး ငါးမုတ်ဖြူ ကွန်ကြီးကို လှေပေါ် အတူတကွ ဆွဲတင်လိုက်ကြသည်။ ယခုလို အံ့အားသင့်စရာမျိုး ရှိလိမ့်မှန်း သူတို့ မထင်မှတ်မိချေ။
"ငါတို့က လိပ်နဲ့ ပင်လယ် ဝံပုလွေ ဖမ်းချင်တာ။ ငါးမုတ်ဖြူတွေ အများကြီး လာမိလိမ့်မယ်လို့ မထင်ထားဘူး။ အကောင်တွေက မသေးဘူးနော်၊ ၅ တေးလ် ကျော်တောင် ရှိမဲ့ပုံပဲ။ ကျင်း ဒါဇင်ကျော်လောက် ရှိမယ်"
"ခုနှစ် ကျင်း၊ ရှစ် ကျင်းလောက်တော့ ရှိမယ်"
"ဒီငါးမုတ်ဖြူတွေက မိုက်တယ်ကွ"
"မြန်မြန် သွန်၊ နောက် တစ်ကွန် ထပ်ပစ်ရမယ်၊ ဒီငါးတွေက အုပ်စုလိုက်နေကြတာ။ ပိုက်ထဲ ထပ်ပြီး ပါလာဦးမလား ကြည့်ကြသေးတာပေါ့"
"အဟုတ်ပဲ"
သူငယ်ချင်း လေးယောက်မှာ လွန်စွာ စိတ်လှုပ်ရှားနေကြ၏။ သူတို့က လူများသဖြင့် များများ ရှာပြီး ရသလောက် ခွဲဝေယူရမည် ဖြစ်သည်။ ကွန်ထဲမှာငါးမုတ်များကို လှေပေါ် မြန်မြန်သွန်ချလိုက်သည်။
"ဝေးဝေးကနေ ဒီတစ်ခေါက် ကွန်ကို ဒီနေရာကနေပစ်မယ်၊ ငါ ကောင်းကောင်း ပစ်နိုင်ရင် များများ ရပြီ"
"မြန်မြန်လုပ်၊ လေကြောရှည်မနေနဲ့၊ ငါးတွေ ထွက်ပြေးကုန်အုံးမယ်"
အားကျန်း ကွန်ကို ပစ်တော့မည့် အချိန်တွင် ရီရောင့်သုန်းက သူ့ကို လှမ်းတားလိုက်ပြီး ;
"နေဦး နေဦး၊ လှေကို နောက် တစ်နေရာ ပြောင်းတာ ပိုကောင်းမယ် ထင်တယ်"
"ဘာလို့လဲကွာ။ ငါ အရင်နေရာကို ပစ်မှာမှ မဟုတ်ပဲကို"
"အားသုန်း စကား နားထောင်စမ်းပါ။ သူ အခုရက်ပိုင်း အရမ်း တက်ကြွနေတာ"
ရီရောင့်သုန်း တစ်ယောက် မျက်စောင်းထိုးလိုက်တော့သည်။ ကံကောင်းတယ်ဆို ကံကောင်းတယ်ပေါ့။ ဘာကို အရမ်း တက်ကြွတာက ဘယ်ကနေပါလာတာလဲ။
"ဟုတ်ပြီ၊ ဒီနေရာပဲ"
"ဟုတ်ပါပြီကွာ။ ငါ ဝေးဝေးပစ်ပါ့မယ်"
အားကွမ် တစ်ယောက် စိတ်မရှည်ချင် ဖြစ်လာရတော့သည်။
"မြန်မြန်လုပ်ဟ။ မင်းဟာလေ၊ အရမ်းစကားများတာပဲ၊ မင်းကို ကန်ချပြီး ငါးမြှားစာ လုပ်လိုက်ရ"
အားကျန်း တစ်ယောက် အနည်းငယ် ဒေါသထွက်လာပြီး ;
"မင်းက အားသုန်း စကားများတာတော့ ဘာမှမပြောဘူး၊ ကွန်ပစ်တဲ့ ငါ့ကိုလည်း မင်းတို့ အားကိုးရအုံးမှာဟ၊ မြစ်ကဖြင့် မကူးရသေးဘူး။ တံတားကို ဖြတ်ဖို့ ကြံနေတယ်"
"အားကိုးရအောင် ဘယ်သူက လက်နဲ့ ကွန်မပစ်တတ်လို့လဲ"
"ဟွန့်..."
အားကျန်း တစ်ယောက် အကြိမ် အနည်းငယ်ညည်းတွားလိုက်ပြီးနောက် ကွန်ကို ပစ်လိုက်ပြီး တစ်ခဏကြာပြီးနောက် ပြန်ဆွဲတင်ကာ ;
"အား၊ လာကူကြဦးဟ၊ အရမ်း လေးတာပဲ။ ကြည့်ရတာ ငါတို့ အချီကြီး မိပြီနဲ့ တူတယ်"
"အားသုန်းက အရမ်း မိုက်တာပဲ"
"ပစ်လိုက်တာ ငါ မဟုတ်ဘူးလား"
"မင်း ပါးစပ်ကို ပိတ်ပြီး မြန်မြန်ဆွဲတင်တော့။ အရည်မရ၊ အဖက်မရတွေ ပြောမနေနဲ့"
ရီရောင့်သုန်းခေါင်းမှာ မူးဝေလာပြီ ဖြစ်သည်။ လူတွေ အားလုံးထဲမှာမှ ဒီကောင်က အရမ်း စကားများတာ ပြောလို့ကို မဆုံးနိုင်တဲ့ စကား တကယ်ပါပဲ။
"ဟာ၊ ဒီကွန်က ပင်လယ် ဝံပုလွေတွေကွ။ ဒီလောက် လေးနေတာ မအံ့ဩတော့ဘူး"
"တခြား ငါးတွေလည်း ရှိနေတယ်။ ဆွဲတင်ကြဟ"
လေးယောက်သားမှာ ခက်ခက်ခဲခဲဖြင့် ပင်လယ် ဝံပုလွေ ကွန်ကို ဆွဲတင်ကြရသည်။
"ကြည့်ရတာ ကျင်း နှစ်ရာကျော်လောက် ရှိမယ်။ ငါ့လက်တွေတောင် နာတယ်၊ နည်းနည်းသာ ထပ်များသွားလို့ကတော့ ငါတို့တွေ ဆွဲတင်လို့တောင် နိုင်မှာမဟုတ်ဘူး၊ အဒေါ် အကွမ်းတို့ အိမ်က လှေဆို ပိုမိုက်မယ်။ အဲ့လှေက ကွန် အကြီးကြီး ရှိတယ်"
"မြန်မြန်သွန်ချ၊ အရမ်း အရမ်း မလုပ်နဲ့ဦး"
"ဆက်လုပ်ထား"
"ဒါတွေက ပိုက်ဆံရမဲ့ဟာတွေဟ၊ ငါတို့ သူတို့ကို ညှစ်မိသွားရင်တောင် မရ,ရအောင် ဆွဲထုတ်မှ ဖြစ်မယ်"
အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်လာကြပြီး တက်ကြွလာကြသည်။
