Chapter 67

1.1K 110 0
                                    

အပိုင်း (67)


ရီရောင့်သုန်း တစ်ယောက် စကားပြောလို့ ပြီးသည်နှင့် သူက တစ်ဖက်သို့ လှည့်သွားပြီး အိမ်ကိုပြန်တော့မလိုပင်။ သို့သော် အားကျန်းက သူ့ကို ပြန်ဆွဲထားပြီး ;

"ဘာလို့ ဒီလောက်တောင် လောနေရတာတုန်း။ ရေတက်နေရင် အပေါက်တွေကို မမြင်နိုင်မှန်းတော့ ငါတို့လည်း သိတာပေါ့ကွ၊ အသေးလေး ပြောတာ သူ မနေ့က စပါးခင်းထဲ ရေနုတ်မြောင်းစစ်ဖို့ သွားတော့ ထယ်စောင်းတလျှောက်မှာ အသစ်တူးထားတဲ့ ငါးရှဉ့်ဝါကျွင်းတွေကို တွေ့ခဲ့တယ်တဲ့၊ ကြည့်ရတာ လယ်ကွင်းတွေက ရေမြုပ်နေတာဆိုတော့ ငါးရှဉ့်တွေလည်း အပေါက်သစ် ရှာတာနေမှာပေါ့၊ တိုင်ဖွန်ပြီးကာစဆိုတော့ အားလုံးက အိမ်မှာ သန့်ရှင်းရေး လုပ်နေတာနဲ့ပဲ အလုပ်ရှုပ်နေကြတာမလား အဲ့ဒါကြောင့်မလို့ သူ ခုချိန်ထိ စောင့်ပြီး နေသိပ်မပြင်းခင်သွားဖို့ ငါတို့ကို လာခေါ်တာ"

"မင်းပြောတာ ယုတ္တတော့ရှိသား၊ ချိတ်နဲ့ တီကောင်တွေရော ယူလာခဲ့ရဲ့လား"

"အင်း ယူလာတယ်၊ မင်း မေးနေစရာ လိုသေးလို့လားကွာ"

"အင်း၊ ဒါဆိုလည်း ခဏစောင့်အုံး၊ မိုးကာဖိနပ် သွားပြန်လဲပြီး ပုံးပါယူမလို့"

သူ ငါးရှဉ့်ဝါတွေ မဖမ်းရသည်မှာတောင် ဆယ်စုနှစ်ကျော် ကြာပြီ ဖြစ်ရာ ဒါက သူ့ကို အတော်လေး စိတ်ဝင်စားသွားစေ၏။ တောသူတောင်သား တစ်ယောက်အနေဖြင့် ဒါဟာ သူ၏ ဝါသနာ အနည်းငယ်ထဲမှ တစ်ခုဖြစ်‌၏။

သူတို့ ပြင်ဆင်ပြီးကြသည်နှင့် သူက အသေးလေးအား သိလိုစိတ်ဖြင့် ;

"မနေ့က မင်းရဲ့စပါးခင်းထဲမှာ ငါးတွေ အများကြီးရှိလား"

"ပုံမှန်လောက်ပါပဲ၊ ငါးကြင်းမြီးကွက်၊ ရိုးရိုးငါးကြင်းနဲ့ မြက်စားငါးကြင်းတွေ ရှိတယ်၊ မြက်စားငါးကြင်းဆို အတော်ကြီးတာနော်။ ဒါပေမဲ့ တစ်ခြားငါးကြင်းတွေကတော့ တော်တော် သေးတယ်ကွ၊ သူတို့တွေ ဘယ်ကရောက်လာမှန်း ငါတောင် မသိဘူး၊ မင်းတို့ကောင်တွေ လိုချင်လို့လား။ လိုချင်ရင် ငါ့အိမ်သာလိုက်ခဲ့ပြီး လာယူလိုက်ကွာ၊ ဘာအရသာမှကို မရှိဘူး၊ ဘာလို့ ငါ့အဖေ အပင်ပန်းခံပြီး အိမ်ပြန်သယ်လာလဲတောင် စဉ်းစား မရဘူး"

အားလုံးက ခေါင်းကိုယ်စီ ခါလိုက်ကြ၏။ သည်ခေတ်အခါတွင် ကမ်းရိုးတန်း ဒေသရှိ လူများက ရေချိုငါးများ စားရသည်ကို မနှစ်သက်ကြချေ။ ရေချိုငါးများ၏ အရသာမှာ အလွန်ပြင်းပြီး မြေကြီး အရသာဆန်သည်ဟု ခံစားရသောကြောင့်ဖြစ်သည်။

ရီရောင့်သုန်း တစ်ယောက်တည်းကသာ ရဲဝံ့စွာဖြင့် ;

"မင်း မလိုချင်ရင် ငါ ယူလိုက်မယ်၊ နောက်မှ မင်းအိမ်လာပြီး မြက်စားငါးကြင်းနဲ့ ငါးကြင်းမြီးကွက်ကို လာယူလှည့်မယ်၊ ရိုးရိုးငါးကြင်းကိုတော့ မယူတော့ဘူး"

သူ ရိုးရိုးငါးကြင်း စားရသည်ကို သဘောမကျချေ။ သို့သော် ငါးကြင်းမြီးကွက်နှပ်နှင့် ငါးကြင်းမြီးကွက်တို့ဟူးစွပ်ပြုတ်ကိုတော့ သူ အလွန်ကြိုက်၏။ မြက်စား ငါးကြင်းနှပ်ဆိုလည်း အလွန်ကောင်းလှသည်။

မနေ့က သူ့အစ်ကို နှစ်ယောက် လယ်ကွင်းထဲစစ်ဆေးရန် သွားခဲ့ကြသော်လည်း မည်သည့်ငါးမှ ဖမ်းမိသံ မကြားခဲ့ချေ။ ငါးများက သေးလွန်းသည့်အပြင် ပင်လယ်စာများသာ စားလေ့ရှိသည့် သူတို့အတွက် ဤရေချိုငါးများက အရသာ ရှိလှသည်လို့ မထင်ကြချေ။

သူငယ်ချင်း တစ်ဖွဲ့ လမ်းပေါ်တွင် အေးအေးလူလူလမ်းလျှောက်နေကြပြီး တုန်းချောင်ရွာဘက်သို့ ဦးတည်လျှောက်သွားကြသည်။ သူတို့ရွာ၏ လယ်ကွင်းများကာ တုန်းချောင်-ပိုင်ရှန်းနှင့် လမ်းဆုံတွင် တည်ရှိလေ၏။

ဇူလိုင်လ အစောပိုင်းထဲတွင် ရှိသေးကာ စပါးစေ့များကို ပြောင်းရွှေ့ မစိုက်ပျိုးရသေးပြီး လယ်ကွင်းများက ပြောင်ရှင်းနေကာ မဖြစ်ထွန်းသေး‌ပေ။ နှောင်းပိုင်းဥတုစပါးကို ဇူလိုင်လလယ်မှ နှောင်းပိုင်းအထိ ပြောင်းရွေ့ စိုက်ပျိုးလို့ မရသေးချေ။

ရွှံ့ဗွက်ထူထူ လယ်ကွင်းများထဲ လျှောက်ရင်း ရီရောင့်သုန်းတစ်ယောက် သူ့ ဖိနပ်များပေါ်မှ ရွှံ့များကို ကြည့်ကာ မိုးကာဖိနပ်ရှည် ဝင်လာသည့်အတွက် သူ့ကိုယ်သူ ကျေနပ် အားရနေ၏။

တကယ်တွင် မေလသည်သာ ငါးရှဉ့်ဝါဖမ်းဖို့အတွက် အကောင်းဆုံးလ ဖြစ်၏။ ထိုအချိန်အတောတွင်း ‌ရာသီဉတုက နွေးနွေးထွေးထွေးရှိပြီး ရေအပူချိန်ကလည်း မြင့်နေ၏။ ထိုအခါ ငါးရှဉ့်များက သူတို့၏ ဆောင်းခိုကျွင်းများမှ ထွက်လာပြီး အစာရှာရန်အတွက် လယ်ကွင်းများ၊ ကန်များနှင့် ရေတိမ်ပိုင်းနေရာများတွင် စုဝေးလာကြသည်။ ထိုအချိန်တွင် သူတို့၏ အစာစားချင်စိတ်များက ပြင်းထန်နေသောကြောင့်လည်း ငါးဖမ်းရန်အတွက် အကောင်းဆုံး ရာသီ ဖြစ်၏။

အသေးလေးက ပုံးကို နေရာချလိုက်ပြီး ;

"ငါးမျှားချိတ်နဲ့ တီကောင်တွေကို မင်းတို့ကြည့်လုပ်လိုက်ကြ၊ ပုံးထဲမှာ ဘူးခွံ အလွတ်တွေ ရှိတယ်၊ တီကောင်တွေကို တစ်ဘူးချင်းစီထည့်ပြီး မင်းတို့အချင်းချင်း မျှယူလိုက်"

သူတို့၏ ငါးမျှားတံက သူတို့ ကိုယ်တိုင် ပြုလုပ်ထားကာ အလွန် အခြေခံကျလှသည်။ ၎င်းက သစ်ချောင်း တစ်ချောင်းကို ကြိုးနှင့် ငါးမျှားချိတ်ဖြင့် တွဲချည်ထားခြင်း ဖြစ်ပြီး အလွန်ရိုးရှင်းသော်ငြားလည်း အကြိမ်များစွာ အသုံးပြုနိုင်၏။

ရီရောင့်သုန်းက သူတို့ပုံးထဲမှ သစ်ချောင်း တစ်ချောင်းကို ယူပြီး တုတ်ချောင်းအစွန်းနားရှိ ငါးမျှားချိတ်ပေါ် တီကောင်ကို ချည်လိုက်သည်။ တီကောင်ကို ချိတ်ထိပ်ဖျား မ‌ပေါ်‌စေဘဲ လုံလုံခြုံခြုံ ချိတ်ထားသည်။ အခြားသူများသည်လည်း သူတို့၏ တီကောင်များကို စတင်ချည်လိုက်ကြပြီး ငါးဖမ်းရန် နေရာကောင်းကို ရှာဖွေကြတော့သည်။

"ခွဲပြီး ရှာရအောင်"

"ပုံမှန် စည်းမျဉ်းအတိုင်းပဲ၊ ဘယ်သူ အများဆုံးရလဲ ကြည့်မယ်။ အနည်းဆုံးရတဲ့ကောင်က နောက်တစ်ခါ သောက်တဲ့အချိန်ကျရင် ပန်ကန်းဆေးရမယ်"

အိုး၊ စည်းမျဉ်းလည်း ရှိသေးတာပဲ။ သူ မေ့တောင်မေ့သွားမလို့။

ရေထဲတွင် ငါးရှဉ့်ဝါများက အများအားဖြင့် ပျော့ပျောင်းသည့်ရွှံ့နွံများတွင် ကျွင်းများတူးကာ၊ သို့မဟုတ် သဘာဝရွှံ့ သို့မဟုတ် ကျောက်တွင်းများတွင် နေထိုင်ကြ၏။ ထို့ကြောင့် ငါးရှဉ့်ဝါများကို ဖမ်းရန်အတွက် ပထမဆုံး သိထားရမှာက သူတို့၏ အပေါက်များကို မည်သို့ရှာဖွေရမလဲကိုပင်။

သို့ရာတွင် ငါးရှဉ့်ဝါများအားလုံး လေဝင်လေထွက်ရှိသည့်ကျွင်းများရှိကြသည်မဟုတ်၊ အဘယ်ကြောင့်ဆိုသော် ရွှံ့များထဲတွင် ငါးရှဉ့်ဝါများ၏ အိမ်များ ရှိရုံသာမက ပိုးကောင်များနှင့် အင်းဆက်များပါ နေထိုင်ကြခြင်းကြောင့်ပင်။ ၎င်းတို့၏ ကျွင်းများက အပြန်အလှန်ချိတ်ဆက်ထားကြပြီး အိမ်နီးချင်းများ၏ လေဝင်လေထွက်ကိုပါ မျှဝေနိုင်စေ၏။ ညအချိန် အစာထွက်ရှာကြစဉ်အတွင်းတော့ ငါးရှဉ့်ဝါများက ကျွင်းတစ်ကျွင်းတည်းကနေ အမြဲတမ်း အတူတူထွက်မလာတတ်ကြပေ။

တစ်ခါတစ်ရံ ငါးရှဉ့်တွင်းများက မြက်အစု,စုများ သို့မဟုတ် ရေမကြည်လင်သည့်အခါတွင် ဘေးတစ်ဝိုက်ရှိ ရေပေါ်ကြာရွက်အနည်းငယ်ဖြင့် ပိတ်ဆို့ထားတတ်သည်။

သို့သော် ရွှံ့ထူကမ်းပါးတစ်လျှောက် ငါးရှဉ့်ဝါကျွင်းများရှိရမည်။ ထိုသို့ဆိုလျှင် ၎င်းတို့ကိုရှာဖွေရန်အတွက် လက်ချောင်းများကိုသာ အားကိုးရတော့သည်။ လက်ညိုး သို့မဟုတ် လက်ခလယ်ကို အသုံးပြု၍ ရေလမ်းကြောင်းအထက် ၅စင်တီမှ ၁၀စင်တီအထိ၊ ၃၀ မှ ၄၅ ဒီဂရီ ထောင့်ရှိ ရွှံထူကမ်းပါးထဲသို့ လက်ကို ထိုးထည့်ရသည်။

ရုတ်တရက် ကျွင်းက ဗလာဖြစ်သလို ခံစားရကာ၊ လက်ကို ပြန်ထုတ်လိုက်ချိန်တွင် အထဲထဲ၌ တွင်းတူးပြီး ငါးရှာနိုင်သည့် နေရာလွတ်ကြီးကို ရည်ညွှန်းသည့် ရေများကို မြင်တွေ့ရလိမ့်မည်။ အဓိပ္ပါယ်ကာ ဝါးရှဉ့်ဝါသိုက်ကို ရှာတွေ့လိုက်ပြီဆိုတာပင်။ တစ်ခါတရံ ထိပ်တွင် ရေပူဖောင်းလေးများ ထနေတတ်ပြီး၊ ရေပူဖောင်းများထနေလျှင် ၎င်းကာ ငါးရှဉ့်၏ အသိုက် အကာအကွယ်ကျွင်းဖြစ်သည့် ဒဏ္ဍာရီလား 'အစောင့်ရှောက်သိုက်' ဖြစ်၏။

ကြည့်ရုံဖြင့် ခွဲခြားနိုင်သည့် မြင်နိုင်သောအပေါက်များလည်း ရှိသည်။ ၎င်းတို့ကာ ရေလမ်းကြောင်းအောက် ၈ စင်တီမီတာ အကွာအဝေးအတွင်းတွင် ရှိနေကြပြီး ဂရုတစိုက် ရှာဖွေလျှင် ငါးရှဉ့်ဝါများကို တွေ့ရှိနိုင်၏။

ရီရောင့်သုန်း ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက်တွင် သူ့ခြေထောက် အောက်ရှိ ရွံ့ထူထူကမ်းပါး တစ်ဝိုက်တွင် လုံးချောပြီးဝိုင်းသည့်ကျွင်းအတော်များများကို သတိထားမိလိုက်သည်။ အကြမ်းဖျင်းအားဖြင့် သူ၏ လက်မ အထူလောက်ရှိသည်။ သူ ကျွင်းတစ်ကျွင်းထဲ လက်ထည့်တော့မည့်အချိန်တွင် အသေးလေး၏ အာမေဍိတ်သံကို ကြားလိုက်ရသည်။

"ငါ တစ်ကောင်မိပြီဟေ့"

"အို၊ အတော်ကြီးသားပဲကွ၊ ကြည့်ရတာ ကျင်းဝက်လောက်တော့ ရှိမယ်"

အားဝေကလည်း ‌ပျော်ရွှင်မှုဖြင့် ;

"ငါလည်း တစ်ကောင်မိပြီကွ။ နည်းနည်းတော့ သေးတယ်"

"ငါလည်း တစ်ကောင်မိပြီ"

အားလုံး အောင်အောင်မြင်မြင်ဖမ်းနိုင်နေကြစဉ်တွင် ရီရောင့်သုန်းကတော့ အေးဆေးနေ၏။ သူက ကျွင်း၏ အဝနားတွင် ချိတ်ထိပ်ကို ချထားရင်း ငါးရှဉ့်ကို တစ်ခဏ စနောက်နေ၏။ ကျွင်းထဲမှ ရေများလျှံကျနေသည်ကို သူ အရှင်းအလင်းကြီး မြင်ပြီး 'ပေါ့' ဆိုသည့် အသံဖျော့ဖျော့လေးကိုပင် ကြားလိုက်ရသည်။

မိသွားပြီ။

သူက ခန့်မှန်းခြေ ၇ တေးလ် ဝန်းကျင်ရှိမည့် အလွန်ကြီးသည့် ငါးရှဉ့်ဝါကြီးကို ဖမ်းမိနိုင်ခဲ့သည်။ ၎င်းက မယုံနိုင်လောက်အောင်ကို ကြီးမား၏။

ပုံမှန်အားဖြင့် ငါးရှဉ့်ဝါ အရိုင်းများက နှစ်တေးလ် သို့မဟုတ် သုံးတေးလ်ခန့် အရွယ်အစားရှိ၏။ လေးတေးလ်ရှိသည့် ငါးရှဉ့်ဝါများကိုပင် တွေ့ရခဲလေသည်။ သူဖမ်းမိလာသည့် သည်ကောင်ကြီးက အလွန်တရာကို ကြီးမား၏။

ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် လူတို့၏ ထုတ်လုပ်မှုနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် ပျက်စီးမှုများဖြစ်လာရကာ ကျေးလက်တောရွာများရှိ ငါးရှဉ့်ဝါများက ရှားပါးလာရသည်။ ဤကဲ့သို့သော အရွယ်အစား ကြီးမားသည့် ငါးရှဉ့်များကိုမူ အများအားဖြင့် လှောင်ကာ မွေးမြူထားလေ့ရှိကြသည်။

ပထမအကြိမ်တည်းနှင့်တင် ဤမျှကြီးမားသည့် ငါးကို ဖမ်းနိုင်ခဲ့ရာ ကံတရားက သူ့ဘက်မှာ ရှိပုံပင်။ ရီရောင့်သုန်းတစ်ယောက် ချက်ချင်း စိတ်လှုပ်ရှားလာတော့သည်။ သူက ပုံးထဲ ထည့်လိုက်ပြီး နောက်ကျွင်းတစ်ကျွင်း ပြောင်းကာ ဆက်ပြီးမျှားနေ၏။

ယခုအချိန်၌ လယ်ကွင်းထဲတွင် ငါးရှဉ့်ဝါ များစွာ ရှိနေရာ သူတို့ကို ဖမ်းရလွယ်ကူစေသည်။ အားအများကြီး စိုက်ထုတ်စရာမလိုပြီး အမို့များနှင့် မြောင်းများတစ်လျှောက်ရှိ ကျွင်း အများအပြားက အသစ်ဆက်ဆက်များဖြစ်ကာ အချို့ဆိုလျှင် ငါးရှဉ့်များ အစာရှာဖွေရာမှ ကျန်ရစ်ခဲ့သည့်လမ်းကြောင်းများပင် ရှိနေသဖြင့် ၎င်းတို့ကို ရှာဖွေရလွယ်ကူစေ၏။

နှစ်ကောင် ဖမ်းပြီးနောက်တောင် ရီရောင့်သုန်း တစ်ယောက် အဝတွင် အမြှုပ်များ ထ‌နေသည့် သက်သေဖြစ်သည့် သိုက်စောင့်ငါးရှဉ့် ကျွင်းနှစ်ကျွင်းကို သတိထားမိသွားသည်။

သူက ဤရိုးရိုးကျွင်းများကို မျှားမနေတော့‌ချေ။ အဘယ်ကြောင့်ဆိုသော် ငါးရှဉ့်ဝါများကို ဖမ်းပြီးနောက်တွင် အပေါက် အတွင်းရှိ ငါးရှဉ့်ဥများ သို့မဟုတ် ပေါက်ခါစ ငါးရှဉ့်ဝါများက နောက်ဆုံးတွင် သေဆုံးသွားတတ်သောကြောင့်ပင်။

ဆက်ပြီး ပွားနေရအောင်လို့လေ။

ဘာလို့ အနာဂတ် မျိုးဆက်သစ်တွေကို ‌ဖယ်ရှားရမှာလဲ။

နောင်ကျရင် သည်ငါးရှဉ့်ဝါရိုင်းတွေက ရှားပါးလာတော့မှာ။

သူက နေရာအသစ်သို့ ဖြည်းညှင်းစွာ ရွှေ့လိုက်ပြီး ပုံးထဲမှ ငါးရှဉ့်ဝါများ၏ အရေအတွက်ကာ တိုးပြီးရင်းတိုးလာခဲ့သည်။ အကြီး၊ အသေး မျိုးစုံ ရှိပြီး အကြီးဆုံးအကောင်က သူ ပထမဆုံး ဖမ်းမိသည့်အကောင်ဖြစ်ပြီး၊ အကောင်သေးများက နှစ်တေးလ်၊ သုံးတေးလ် အလေးချိန်လောက်ရှိ၏။

ခွက်ထဲမှ တီကောင်များ အကုန်သုံးပြီးသည်နှင့် သူက ကျောကို ဆန့်ထုတ်လိုက်ပြီး နည်းနည်းပျင်းလာပြီ ဖြစ်၏။ နေမင်းကြီးကလည်း အနားယူတော့မည်လေ။

သိပ်မဝေးလှသည့်နေရာမှ ဆောင့်ကြောင့်ထိုင်သူကထိုင်၊ မတ်တပ်ရပ်သူက ရပ်နှင့် သူ၏ သူငယ်ချင်းများကို လှမ်းအော်လိုက်သည်။

"ဟေး  နေဝင်နေပြီကွ၊ တော်ကြရအောင်လေ။ အိမ်ပြန်ပြီး ညစာ စားစို့"

"တီကောင် နှစ်ကောင်ပဲ ကျန်တော့တာ၊ ကုန်အောင်မျှားပါရစေအုံး"

အားကွမ်က ပြန်အော်လိုက်ပြီး ဆက်ပြီး ဆောင့်ကြောင့်ထိုင်နေ၏။ အခြားသူများကတော့ ပြီးပြီး၊ မပြီးပြီး လက်စသတ်ကာ ထွက်လာကြသည်။

"မင်းတို့ ဘယ်နှကောင်ရလဲ"

"၁၅ ကောင်"

"၁၆ ကောင်"

"၁၃ ကောင်"

"အိုး~ မင်း ပန်းကန်ဆေးရပြီးသာ မှတ်တော့။ ငါက ၁၇ကောင်"

"တကယ်လား။ ကြည့်ပါ‌ရစေအုံး...မင်းက ငါတို့ထက် အများကြီး ဖမ်းမိတဲ့ပုံပဲ၊ ငါသာ ကြိုသိလို့ကတော့ကွာ တီတောင်များများ ယူလိုက်တယ်"

အားကျန်းက သက်ပြင်းချလိုက်၏။

"စိတ်ပူမနေနဲ့ဦး။ အားကွမ် ကျန်သေးတယ်"

အားကျန်းက ခပ်ဝေးဝေးတွင် ရပ်နေသည့် အားကွမ်ကို လှမ်းအော်ခေါ်လိုက်သည်။

"အားကွမ်၊ မင်း ဘယ်နှကောင်ရလဲ"

"ဒီနှစ်ကောင်နဲ့ဆို ၁၆ ကောင်"

"အင်း၊ နောက်တစ်ခါ ပန်းကန် ဆေးရမဲ့ အလှည့်က ငါ့အလှည့်ပေါ့ကွာ"

လောင်းကျေးကို လေးစားပြီး အရှုံးကို ကျေကျေနပ်နပ် လက်ခံတယ်။

"မြန်မြန်လုပ်ကြ၊ အိမ်ပြန်ပြီး ညစာ ပြန်စားစို့၊ ငါတို့ ဗိုက် အရမ်းဆာနေပြီ။ ပြီးတော့ ဒါတွေနဲ့ ငါးရှဉ့်စတူးလေး လုပ်သောက်လိုက်ရရင်တော့ ရှယ်ပဲ"

သည်ပုံးက ၅၊ ၆ ကျင်းစာ နီးပါးလေး၏။ ရီရောင့်သုန်း တစ်ယောက် စိတ်ထဲတွင် လူအရေအတွက်ကို တိတ်တဆိတ် တွက်ကြည့်နေ၏။ အိမ်မှာ လူက ၁၇ ယောက်ဆိုတော့ တစ်ယောက် တစ်ကောင်နှုန်းနဲ့ဆို လောက်နေပြီ တစ်ကောင်တောင် ပိုနေအုံးမယ်..။


၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now