အပိုင်း (47)
သူက ဆက်ပြီး လျှောက်ပတ်ကြည့်ကာ သိပ်မဝေးလှသည့်တစ်နေရာတွင် မျက်လုံး နှစ်လုံးတည်းသာဖော်ထားပြီး သဲထဲဝင်နေသည့် နောက်ထက် ကဏန်းပြာ တစ်ကောင်ကို သတိထားမိလိုက်သည်။
"သူတို့ကတော့ တစ်ဖြည်းဖြည်းနဲ့ အပုန်းတော်လာကြပြီပဲ"
ကံကောင်းစွာဖြင့် သူ၏ ကောင်းမွန်သည့်အမြင်အာရုံ၊ စူးရှသည့်အမြင်များဖြင့် ကဏန်းကို ကောက်ယူကာ သေချာ အနီးကပ်ကြည့်လိုက်သည်။ သည်တစ်ကောင်က နည်းနည်းသေးသော်လည်း တစ်ကျင်း ကျော်ကျော်လောက်တော့ အလေးချိန်ရှိသည်။ ကဏန်းအထီး ဖြစ်ကာ အတော်လေး ကောင်းလှသည်။
သူက ပလိုင်းထဲ ကဏန်းကို ကောက်ထည့်လိုက်ပြီး တစ်ခြားအကောင်တွေလည်း ရွံတွေဖြင့်ဖုံးကာ သူလွဲချော်သွားမည်ကို ကြောက်သဖြင့် အသေးစိတ် ရှာဖွေတော့သည်။
သူ ကျောက်တုံးများကို တွေ့သည့် အချိန်တိုင်းတွင်လည်း သူတို့ အောက်တွင် ရှိနေမလားကိုကြည့်ရန် တမင်တကာ ဘေးသို့ ဖယ်ဖယ် ကြည့်လေသည်။
သို့ရာတွင် သူ ရှာနေသည့်နေရာက ရေရှိနေသည့်ရွံ့နုန်းမြေ ဖြစ်သည်။ ကျောက်တုံးတော်တော်များများကို ခွဲပြီးကြည့်တာတောင်မှပင် ငါး၊ ပုစွန်ဆိတ်တို့၏ အရိပ်ယောင်ကိုပင် မတွေ့ရချေ။ သူက အားမလျှော့သေးပြီး ဆက်လက် ရှာဖွေလေ၏။ မည်သို့ပင်ဆိုစေ ဒီရေကလည်း ကျနေပြီ ဖြစ်၍ အချိန်တွေအများကြီး ရှိနေသေးသည်ပင်။
ကျောက်တုံး အနည်းငယ်ကို ဖယ်ပြီးနောက်တွင်တော့ ကျောက်တုံးကြီးတစ်တုံး၏ ဘေးတွင် တစ်ကောင်ပေါ်တစ်ကောင် ထပ်နေကြသည့် အရွယ်အစား အတော်ကြီးသည့် ကဏန်းပြာနှစ်ကောင်ကို တွေ့လိုက်ရသည်။
"ဝိုး၊ မင်းတို့တွေ အသေအကျေ တိုက်ပွဲ နွှဲနေကြတာပဲ။ မင်းတို့ တကယ်ပဲ ငါ့ကို အံ့အားသင့်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို သိနေကြတာပဲ"
သူက သူတို့ထဲမှ တစ်ကောင်ကို လှမ်းကောက်လိုက်ပြီး ရလဒ်အနေဖြင့် နောက် တစ်ကောင်ပါ ညှပ်ပါလာ၏။ သူတို့၏ ကျောခုံကို စစ်ဆေးပြီးနောက်မှာတော့ အမှန်တကယ်ကို တစ်ကောင်က အမဖြစ်ပြီး၊ တစ်ကောင်က အထီးဖြစ်သည်ကို သူ အတည်ပြုလိုက်သည်။
နှစ်ကောင်စလုံးက ကဏန်းပြာများ ဖြစ်သည်။ ကျွန်းက လူသူအရောက်ပေါက်နည်းတာကြောင့်လို့ ရီရောင့်သုန်း တစ်ယောက် သူ့စိတ်ထဲ ထင်ကြေးပေးလိုက်သည်။ လူတွေရဲ့လှုပ်ရှားမှုများနှင့် ခြိမ်းခြောက်မှု အန္တရယ်တွေ မရှိသောကြောင့် ကဏန်းများမှာ ဒီရေကျသည်နှင့် အပန်းဖြေရန် ရွံ့နုန်းမြေပေါ် တွားသွားထွက်လာပြီး နေပူစာ ထွက်လှုံကြသည်။ ထို့နောက် ဒီရေ တစ်ဖန် တက်လာချိန်မှာတော့ သူတို့က ပင်လယ်ဆီကို ပြန်သွားကြလေသည်။
စိတ်လှုပ်ရှားစွာဖြင့် ကဏန်း နှစ်ကောင်ကို သူ့အိတ်ထဲ ကောက်ထည့်လိုက်ပြီးနောက် ရှေ့မလှမ်းမကမ်းတွင် ရွံ့ကွက်သေးသေးလေးကို သူ သတိထားမိလိုက်၏။ ၎င်းက မြေပြင်ပေါ်တွင် အတော်လေးပြားပုံပေါ်ပြီး အပေါ်ယံ မျက်နှာပြင်တွင် များစွာသော အပေါက်သေးသေးလေးများဖြင့် ဖုံးကာထားသည်။
သူက ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး ဆောင့်ကြောင့်ထိုင်လိုက်၏။ သဲခုံးကောင်တွေ နှစ်ဝင်နေသည့် သဲမြေပေါ်က အပေါက်လေးတွေနှင့်မတူ၊ သူ့ အတွေ့အကြုံအရဆိုလျှင် သည်အပေါက်များ၏ အခြေတွင် ရှိနေသည်က သင်တုန်းခုံးကောင်များ ဖြစ်နိုင်ပေသည်။
သင်တုန်းခုံးများကာ ဒီရေတက်ကျချိန် စပ်ကြားကာလ၏ သဲရွံ့မြေထဲတွင် အများအားဖြင့် တွေ့ရတတ်သော ကျောရိုးမဲ့ခုံး အမျိုးအစား ဖြစ်သည်။ သင်တုန်းဓားကဲ့သို့ ရှည်လျား၊ ကျဉ်းမြောင်းသည့် အခွံမာများရှိပြီး သူတို့၏ ပုန်းခိုရာတွင်းများထဲသို့ လျင်မြန်စွာ အတက်အဆင်း လုပ်နိုင်စွမ်းရှိ၏။ ထိတ်လန့်စရာ တစ်ခုခုကြုံသည်နှင့် သူတို့က သူတို့တွင်းများဆီသို့ အလျင်အမြန် ဆုတ်ခွာတတ်ကြသည်။
သူက သူ့ကိုယ့်သူ ရေရွတ်လိုက်သည်။
"ငါ ဘာဆားမှ မယူလာမိတာ နှမြောစရာပဲ၊ မဟုတ်ရင် ဒီအပေါက်လေးတွေကို ဆားလေး နည်းနည်းဖြူးပေးလိုက်တာနဲ့ သင်တုန်းခုံးတွေက သူ့အလိုလို ထွက်လာမှာ၊ အခုတော့ ကိုယ့်အားကိုယ့်ကိုးရတော့မှာပေါ့။ အလုပ်ရှုပ်လိုက်တာကွာ"
လက်ထဲမှ ညှပ်ရှည်ကို ဘေးခဏချပြီး လက်ဗလာဖြင့်သာ တွင်းများကို စတင်တူးတော့သည်။ ကံကောင်းစွာဖြင့် သင်တုန်းခုံးများက အလွန်နက်သည့် နေရာတွင် ရှိမနေကြသည်က သူတို့ကို တူးထုတ်ရန် အတော်လေး လွယ်ကူသွားစေ၏။
သင်တုန်းခုံး အနည်းငယ် တူးပြီးသွားပြီနောက်တွင် နံဘေးမှ ကျောက်တုံး တစ်တုံးကို သတိထားမိပြီး သာမန်ကာလျှံကာဖြင့် ၎င်းကို ဘေးဖယ်လိုက်သည်။ သူ့ကို အံ့အားသင့်သွားစေသည်က ခုန်ဆွ ခုန်ဆွ လုပ်နေသည့် ငါး နှစ်ကောင်ပင်။ သူက အလျင်အမြန်ဖြင့် ထိုငါး နှစ်ကောင်ကိုပါ ပလိုင်းထဲပစ်ထည့်လိုက်သည်။
ခြင်ခြေထောက် မည်မျှပင် သေးပါစေ၊ အသားအဖြစ် သတ်မှတ်လို့ ရသေးသည်ပင်။ အနည်းဆုံးတော့ ဒါကို ရိတ်သိမ်းမှုအဖြစ် မှတ်ယူလို့ရနိုင်ပေသည်။
ခြေသွက်လက်သွက်ဖြင့် ဆယ်မိနှစ်ကျော်ကျော် ဝီရီယ ရှိရှိ တူးကာ ထိုနေရာ တစ်ဝိုက်မှာရှိသည့် ကျွင်းမှန်သမျှအကုန် အပြောင် သိမ်းလိုက်လေသည်။ ခန့်မှန်းခြေအရဆိုလျှင် သူ သင်တုန်းခုံး သုံး၊ လေးကျင်းစာ နီးပါးကို တူးထားနိုင်ပြီ ဖြစ်သည်။ ကိုယ့်ရိတ်သိမ်းမှု ကိုယ်ကြည့်ကာ အားရကျေနပ်မှုအပြည့်ဖြင့် မတ်တပ်ထရပ်လိုက်သည်။
အချိန်အတော်ကြာ ဆောင့်ကြောင့်ထိုင်နေရသည်က သူ့လည်ပင်းသည်ပင် နာကျင်နေပြီ ဖြစ်သည်။ လက်များက ညစ်ပတ်နေသဖြင့်လည်း နှိပ်နယ်၍က မရ။ ရီရောင့်သုန်းတစ်ယောက် လည်ပင်းကို နည်းနည်းလောက် ချိုးကြည့်ရန် ဆုံးဖြတ်လိုက်ပြီး အနီးအနားမှ လူများကို ကြည့်ရန်ပါ အသုံးချလိုက်သည်။
အားလုံးသည်လည်း နေရာအနှံ့ပြန့်နေပုံရပြီး သူတို့၏ ရိတ်သိမ်းမှု ဘယ်လောက် အောင်မြင်ကြသလဲကိုလည်း သူ သိချင်နေမိသည်။
တောင်ပဖြာထွက်နေဆဲဖြစ်သည့် နေမင်းကြီးကို သူမော့ကြည့်လိုက်သည်။ ကြည့်လိုက်ရုံဖြင့် အချိန်များစွာကျန်နေသေးပြီး ဒီရေကလည်း အလျင်အမြန် ပြန်တက်လိမ့်မည် မဟုတ်၊ ရီရောင့်သုန်း နည်းနည်းလောက် ထက်ပြီး ရှာရန် ဆုံးဖြတ်လိုက်ပြီး ရံဖန်ရံခါလည်း လမ်းတစ်လျှောက်တွင် ခုန်ဆွနေသည့် ငါး အချို့ကို ဖမ်းကောက်ခဲ့သေးသည်။
သူက ရှေ့ဆက်လျှောက်ရင်း ရွံ့နုန်းမြေလေးမှ တစ်ဖြည်ဖြည်းဝေးကွာသွားပြီး ရေတိမ်ပိုင်းနှင့် ရွံ့မြေရှိသည့်နေရာသို့ ရောက်လာခဲ့သည်။
သူ့ခြေထောက်များက ပင်လယ်ရေကို ထိလိုက်သည်နှင့် ရီရောင့်သုန်းတစ်ယောက် သူ့ခြေထောက်ပေါ်မှရွံ့များကို ဆေးကြောရန်အတွက် ကျောက်တုံးကြီးအပေါ် ထိုင်ချလိုက်သည်။ ရွံ့များက သူအရေပြာပေါ် ကပ်နေပြီး နေရောင်အောက်တွင် လျင်မြန်စွာ ခြောက်သွားသဖြင့် သူ့ အရေပြာအား တင်းကျပ်ကာ မသက်မသာ ခံစားရစေ၏။
သူ့ ခြေထောက်ကို ဆေးပြီးသည်နှင့် ကျောက်ဆောင် အက်ကွဲကြောင်းအောက်မှ အင်းဆက် တစ်ကောင်ထွက်လာသည်ကို သတိထားမိလိုက်သည်။
"မင်းတော့ ငါ့ပိုင်နက်ထဲ ရောက်ပြီကွ။ ထွက်လာခဲ့စမ်း"
သူက အော်ပြောပြီး လက်အိတ်ကို ဝတ်ကာ လှမ်းဆွဲထုတ်လိုက်သည်။
"အိုး၊ ရှိခိုးကောင် ပုစွန်ဆိတ်ပါလား"
ပလိုင်းထဲ ပစ်ထည့်လိုက်ပြီးနောက် ကျောက်တုံးအောက်ကို လက်နှိုက်ကာ ဆက်ရှာကြည့်လိုက်သည်။
"ထပ်ရှိသေးတယ်ဟ"
သူက သူတို့ကို ဖမ်းဆုပ်လိုက်ပြီး သေချာအနီးကပ်စစ်ဆေးလိုက်ချိန်တွင် ရှိခိုးကောင် ပုစွန်ဆိတ် နှစ်ကောင်ပါလာသည်ကို တွေ့လိုက်ရသည်။
ဖုကျန်က လူတွေ အကြားမှာ "ရှိခိုးကောင် ပုစွန်ဆိတ် သုံးကောင်က အမြင့်ဆုံး သိုးတစ်ကောင်နီးပါး တန်းဖိုးရှိတယ်" ဆိုသည့် ဆိုးရိုးစကား တစ်ခုရှိသည်။
အခြားသော ပင်လယ်စာများကို ထုံးစံအတိုင်း အလေးချိန်ဖြင့် ရောင်းချကြသော်လည်း ရှိခိုးကောင် ပုစွန်ဆိတ်ဆိုလျှင် များသောအားဖြင့် သီးခြား ရောင်းတတ်ကြသည်။
"ငါတော့ သိုးတစ်ကောင် ရပြီကွ"
ဤသီးခြားကျွန်းပေါ်ရှိ သယံဇာတများက ဆိပ်ခံတံတားထက် တကယ်ကို များစွာပို၍ ပေါများသည်။ ကျောက်တုံးတစ်ဝိုက် လှည့်ပတ်ကြည့်ရင်း ခရု အတော်များများကိုပါ တွေ့လိုက်ရပြန်သည်။
ခုနစ်ကောင်၊ ရှစ်ကောင်ခန့် ရှိပြီး ၎င်းတို့၏ အသားများက ကျောက်တုံးပေါ်တွင် ကပ်နေ၏။ သူအနေဖြင့် ၎င်းတို့ကို တစ်ခုပြီး တစ်ခု ဖြတ်ကာ လက်ထဲသို့ ပစ်ထည့်လိုက်ရုံသာ။
ကျောက်ဆောင်များတွင် ကပ်နေကြသည့် ခရုများက များသောအားဖြင့် အတွင်း၌ အသားများ ပါလေ့ရှိပြီး ပင်လယ်ရေထဲတွင် နစ်မြုပ်နေသည့် အကောင်များက မကြာခဏဆိုသလို အသားမပါလာတတ်ချေ။
ရေတိမ်ပိုင်းကို ရောက်နေပြီးပြီ ဖြစ်ရာ ဘေးပတ်ဝန်းကျင်ကို စူးစမ်း ရှာဖွေကြည့်ရန် ဆုံးဖြတ်လိုက်သည်။
"အား၊ ပင်လယ်ပုပ်....."
ကျောက်ကွဲများအကြား အနီရောင်သဏ္ဍန် တစ်ခု ရေကူးနေသည်ကို စူးစမ်းကြည့်ရင်း ရီရောင့်သုန်းတစ်ယောက် အလျင်အမြန် ရှေ့သို့ တိုးသွားပြီးကြည့်လိုက်ရာ ပင်လယ်ပုပ် ငါးတစ်ကောင် ဖြစ်နေ၏။
ပင်လယ်ပုပ် ငါးများက ပုံမှန်အားဖြင့် သမုဒ္ဒရာအတွင်းရှိ ကျောက်တောင်အက်ကွဲများ အကြား သို့မဟုတ် ကျောက်ဂူများကြားတွင် နေထိုင်ကြသည်။ သူတို့က ကျောက်တုံးများနှင့် ခိုင်မာသည့်ဆက်ဆံရေး ရှိပုံရပြီး ရေအတိမ်အနက်မခွဲခြားဘဲ ကျောက်ဆောင်အောက်ခြေရှိ နေရာများတစ်ဝိုက်တွင်သာ နေထိုင်ကြကာ ပေါ်ထွက်လာတတ်ကြသည်။ အစားအစာအဖြစ် အောက်ခြေရှိ ပုစွန်ဆိတ်များကို စားသုံးခြင်းဖြင့် မှီခိုအားထားကြသည်။
သူက ပလိုင်းနှင့် ညှပ်ရှည်ကို ဘေးချထားလိုက်သည်။ ငါးကို လက်နှစ်ဖက်ဖြင့် ဝိုင်းရံကာလိုက်ပြီး ဂရုတစိုက်ဖြင့် ဖမ်းကိုင်လိုက်သည်။ သူ၏ ဆူးတောင်များပေါ်ရှိ အဆိပ်ရှိသော ကျောရိုးများကြောင့် သတိဖြင့် ဂရုတစိုက် ကိုင်တွယ်ရသည်။
ထူးခြား တောက်ပြောင်လှသည့် ပင်လယ်ပုပ်ငါးနီကြီးက တကယ်ကို ရင်သပ်ရှုမောဖွယ်ကောင်းပြီး အခြား အခြားသော ငါများထက်လည်း ပို၍ လှကြသည်။
ရီရောင့်သုန်းတစ်ယောက် စိတ်ပျော်ရွှင်နေတော့သည်။ ဖမ်းမိသည့် တန်ဖိုးက မည်မျှဖြစ်နေလင့်ကစား မည်သည့် ရိတ်သိမ်းမှုမျိုးမဆို အမြဲတစေ ပျော်ရွှင်မှုကို ယူဆောင်ပေးနိုင်သည် မဟုတ်ပါလား။
ခဏကြာပြီးနောက်တွင် ရိတ်သိမ်းဖို့ရာအတွက် အကောင် အများကြီး သိပ်မကျန်တော့ပေ။ ဒီရေတက်လာသည့်တိုင်အောင် စွပ်ပြုတ် တစ်ပန်းကန်လုပ်ရန်အတွက် လုံလောက်သည့် ပင်လယ်ပုပ် ငါးသုံးကောင်ကိုသာ ဖမ်းနိုင်ခဲ့သည်။ ခုန်ပေါက်နေသည့် ငါးအချို့၊ ကျောက်ကဏန်းများ၊ အခြားအမျိုးမျိုးသော ငါးအနည်းငယ်နှင့် ကဏန်းပြာကြီး သုံးကောင်ကိုလည်း ဖမ်းခဲ့သေးသည်။
ရေထဲ လမ်းဆင်းလျှောက်ရင်း သူတို့ ကျောက်ချထားသည့် သန္တာကျောက်တန်းဘက်ဆီ လမ်းလျှောက်သွားလိုက်သည်။ အခြားသူများက လှည့်ပတ် ရှာဖွေနေကြဆဲပင်။ ရီရောင့်သုန်းက သူတို့ကို လှမ်းအော်ပြောလိုက်သည်။
"ဒီရေ တက်လာပြီဟေ့"
အားလုံးက အသံလာရာဘက် တစ်ခဏလှည့်ကြည့်လာကြပေမဲ့ ဆက်ရှာနေကြဆဲ ဖြစ်သည်။ ဒီရေက အမှန်တကယ်ကို မြင့်တက်လာပြီ ဖြစ်သော်လည်း လှေ ကမ်းမကပ်နိုင်လောက်သည်အထိ မဆိုးရွားသေးသဖြင့် ထိတ်လန့်နေစရာ မလိုသေးချေ။
သူက ချဉ်းကပ်သွားရင်း ထပ်ပြီးအော်ပြောလိုက်သည်။
"မင်းတို့ ဗိုက်မဆာကြဘူးလား"
"ဘယ်သူကတော့ မစားဘဲနေပါ့မလဲ။ ငါတို့ သေအောင် ဆာနေတာကွ"
"ငါဆို ပုစွန် အစိမ်းတွေတောင် စားပြီးသွားပြီ"
သူ သတိမထားမိခဲ့ပေမဲ့ အမှန်တကယ်ကို သူ ဖမ်းမိသမျှထဲမှာ ပုစွန် တစ်ကောင်မှ မပါချေ။
"ငါတော့ ဘာပုစွန်မှ ရှာမတွေ့ခဲ့ဘူး"
"ဒါဆို မင်း ဘာတွေ ရှာတွေ့ခဲ့လဲ"
"ရှိခိုးကောင် ပုစွန်ဆိတ် သုံးကောင်..ပင်လယ်ပုပ် သုံးကောင်..ကျောက်ကဏန်းကတော့ အတော်လေးဖမ်းမိခဲ့တယ်..ခရုကတော့ အမျိုးစုံပဲ..သင်တုန်းခုံးသုံး၊ လေးကျင်းနဲ့ ကဏန်းပြာ ခုနှစ်ကောင်......."
"လခွမ်း၊ မင်း ကဏန်းပြာ ခုနစ်ကောင်တောင် တွေ့ခဲ့တယ်ပေါ့။ ဘယ်လောက်တောင်ကြီးလဲ"
သူနှင့် အနီးဆုံး ဖြစ်သည့် အသေးလေးက သူ့ကို မယုံသင်္ကာဟန်ဖြင့် ကြည့်လာခဲ့သည်။
"အကုန်လုံး တစ်ကျင်းတော့ ကျော်မယ်၊ ပြီးတော့ အကြီးဆုံးကောင်က နှစ်ကျင်း နီးပါးတော့ ရှိတယ်"
သူ လမ်းလျှောက်ရင်းဖြင့် ရေတိမ်ဘက်က ကျောက်တုံးအောက်မှ ရှာတွေ့လာသည့် အကောင်က အကြီးဆုံး ဖြစ်သည်။ ကံကောင်းလို့ သူတွေ့သွားလို့ပေါ့ မဟုတ်ရင် ဒီရေပြန်တက်တာနဲ့ ဒီကောင်ကြီး ပင်လယ်နဲ့ ပြန်ပါသွားတော့မှာ..။
အားကျန်းက အားကျစွာဖြင့် ...
"မင်း ဘယ်လိုတောင် ကံတွေကောင်းနေရတာလဲ။ သင်တုန်းခုံး သုံး၊ လေးကျင်း ရရုံနဲ့မပြီးသေးဘူး ကဏန်းပြာ ခုနစ်ကောင်ပါ ဖမ်းလာနိုင်တယ်တဲ့၊ ငါဆို တစ်ကောင်ပဲ တွေ့တယ်"
"ငါလည်း တစ်ကောင် တွေ့တယ်။ အတော်လေး ကြီးတယ်ဟ၊ တစ်ကျင်း၊ တစ်ကျင်းခွဲလောက်တော့ ရှိတယ်"
ချန်းဝေက လမ်းလျှောက်လာရင်း ပြောပြလာ၏။
"ကြည့်ရတာ ဒီမှာ ကဏန်းပြာ အတော်များတဲ့ပုံပဲ၊ ငါ့စိတ်ထင်တော့ လူသူ အရောက်ပေါက်ကလည်းနည်း ငါးဖမ်းပိုက်တွေကလည်း ဒီဒေသ တစ်ဝိုက်ကို မရောက်ဖြစ်တာကြောင့် ဖြစ်မယ်၊ ပင်လယ်စာတွေ အတော်လေး များတယ်ဟ"
"ငါလည်း အဲ့လိုပဲ ထင်တယ်၊ အရင်က ဘယ်သူမှ ဒီနေရာကို မလာကြတာကြောင့် ဖြစ်မယ်"
အသေးလေးက ရီရောင့်သုန်း လက်ထဲမှ ပလိုင်းကိုကြည့်ရင်း မှတ်ချက်ပြုလိုက်သည်။
"မင်း ပလိုင်းက အပြည့်ပဲကွာ"
"ဟုတ်တယ်ဟ။ ရီရောင့်သုန်းတို့တော့ ဒီရက်ပိုင်း ကံဇာတာတွေ တက်နေပုံပဲ။ သွားကောက်ကြတဲ့နေရာချင်း တူရင်တောင်မှ ဒီကောင်ကြီးက ငါတို့ထက် အမြဲ ပိုရတယ်ကွ"
