Chapter 109

1.1K 129 0
                                    

အပိုင်း (၁၀၉)


သူတို့ အိမ်ပြန်ရောက်လာချိန်တွင် လင်းရှို့ချင်းက ရေနွေးအိုး တည်နေတုန်းဖြစ်ပြီး ထန်ကွမ်းလော့ကို ထည့်လိုက်ရုံသာ ရှိသေးသည်။ မည်သို့ဆိုစေ မြေမီးဖိုထဲ မီးခြစ်ဆံသုံးကာ မီးမွှေးရသည်ဖြစ်၍ ကရိကထ များရသည့်အပြင် မီးဖိုထဲတွင် ပြာတွေအများကြီး ရှိနေ၍လည်း မီးမမွှေးခင် ဖယ်ထုတ်ရသေးသည်။

"ပြန်လာကြပြီလား။ ပင်လယ်စာ ကောက်တာ အခြေအနေ ဘယ်လိုလဲ"

"အဆင်ပြေပါတယ်။ အားလုံး ခုံးတွေပဲ ရလာကြတာ"

ဒုတိယ ခယ်မ အိုးကို လှမ်းကြည့်ပြီး မျက်လုံးများက အရောင်များ လက်လာကာ အပြုံးဖြင့်လည်း ;

"အိုးထဲကိုတောင် ခရု ထည့်ပြီးသွားပြီလား။ ဒါဆိုလည်း နင်တို့ဟာ ဆူတဲ့အထိ စောင့်ပြီး ပုလဲ ပါ၊ မပါ ကြည့်လိုက်မယ်။ နောက်မှ ငါတို့ အိုးကို တင်လိုက်မယ်"

ခရုများ ဖွင့်ရာတွင် မမှားရလေအောင်ပင်။ မဟုတ်လျှင် ဖွင့်သည့်အချိန်၌ မည်သူ့ဟာမှန်း မသိနိုင်တော့ပေ။

လင်းရှို့ချင်းကတော့ စိတ်ထဲ မထည့်ဘဲ ပြုံးကာ :

"ကောင်းပြီလေ"

အမေ ရီက သိလိုစွာဖြင့် ;

"မင်းတို့အားလုံး ဘာလို့ ဒီခရုတွေပဲ ကောက်နေကြတာလဲ။ အထဲမှာ ဘာအထူးအဆန်းများ ပါမှာမလို့လဲ။ လူကြီးရဲ့ဇနီး‌လည်း တစ်ခု ကောက်ရထားတယ်။ ဪ၊ ပြီးတော့ ပုစွန် အနှစ် လုပ်တဲ့ အားသန်းလည်း တစ်ခု ကောက်ရထားတယ်"

ဒုတိယ ချွေးမက ပြုံးရင်းဖြင့် :

"ကျွန်မလည်း မသိပါဘူး အ‌မေရယ်။ ရောင့်သုန်းပြောမှ သိတာ"

သူ(မ)က ပြောရင်းဖြင့် ရီရောင့်သုန်းဘက် လှည့်လာပြီး ;

"ဒီအင်ပါယာ ခရုက ဘယ်လို ပုလဲမျိုး ထုတ်လို့လဲ။ အဖိုးရောရော တန်ရဲ့လား"

"ဘယ်လို ပုလဲရမှာလဲ၊ ခရုသင်း ပုလဲလိုမျိုး အင်ပါယာ ထန်ကွမ်းလော့ ပုလဲပဲပေါ့၊ ဒီခရုသင်းကကျတော့ နည်းနည်းလေး ပိုအဖိုးတန်သွားတာ။ ဒီထန်ကွမ်းလော့က ပုလဲ ထုတ်ဖို့ အခွင့်အရေး များတယ်၊ ပြီးတော့ ဘယ်ခရုသင်း ပုလဲကများ တန်ဖိုး မရှိတာ တွေ့ဖူးလို့လဲ။ ဖွင့်တဲ့အခါ ကံပေါ်ပဲ မူတည်တာ"

"ဘာမှ ပူပင်မနေကြနဲ့။ ဖွင့်မယ်ဆိုလည်း ဖွင့်ပြီး လုပ်စရာရှိတာသာ လုပ်ကြ။ ဟိုဘက်မှာ ကြွေပြားတွေ ကပ်နေကြတုန်းပဲ။ ငါလည်း လှေကို အကာအကွယ် ဆိပ်ခံဆီ မောင်းသွားလိုက်အုံးမယ်"

အဖေ ရီကတော့ မျှော်လင့်ချက် မရှိချေ၊ ဖြစ်နိုင်ချေကလည်း အလွန် နည်းသည်ပင်။ ထို့အပြင် ကောက်လာသည့်သူများက သူ့ချွေးမဖြစ်၍လည်း သူတို့ ရသည်၊ မရသည်က သူနှင့် မဆိုင်ချေ။

အမေ ရီကလည်း သူတို့ ကိစ္စထဲ ဝင်မပါချေ။ သူ(မ)က ဟင်းရွက်ခူးရန် နောက်ဖေးထဲ ဝင်သွားပြီး နေ့လည်စာ ချက်ရန် အသင့်ပြင်လေ၏။

အဖေ ရီ ထွက်သွားပြီးနောက်တွင် အစ်ကိုကြီးနှင့် အစ်ကိုလတ်ကလည်း အိမ်ဝိုင်းကို  ကူရန်အတွက် ထွက်သွားရန် ဟန်ပြင်နေစဉ် ရီရောင့်သုန်းက သူတို့ကို လှမ်းတားလိုက်သည်။

"နောက်မှ တူတူသွားကြရအောင်။ ဖွင့်တာ ဘာမှကြာတာ မဟုတ်ဘူး။ ပြီးတော့ အရမ်းလည်းနောက်မှမကျသေးတာ"

သူ ခုဏက အုန်းခရုကို ဖွင့်ထားပြီးဖြစ်သော်လည်း မျှော်လင့်ချက်များကတော့ ကျန်နေသေး၏။

လင်းရှို့ချင်းလည်း ထို့နည်း၎င်းပင်။

ကျက်လုနီးနီးအချိန်တွင် လင်းရှို့ချင်းက ခရု နှစ်လုံးကို ထုတ်လိုက်ပြီး ဒုတိယခယ်မမှာလည်း သူ(မ)၏ ခရု နှစ်လုံးကို ထည့်ဖို့ပင် မစောင့်နိုင်တော့ချေ။

ရီရောင့်သုန်းက ခရုကို အဝတ်စုတ်ဖြင့် ပတ်ကာ ၎င်း၏ ခေါင်းထဲ တူကို ထည့်ပြီး ဂရုတစိုက်ဖြင့် ခရုကို လှည့်ရင်း အသားကို ထုတ်လိုက်သည်။

အဖျားကို ညှစ်ကြည့်လိုက်ချိန်တွင် ဘာမှရှိမနေ။ ကျေနပ်မှု မရှိသေး၍လည်း ၎င်းထိပ်ရှိ အသားကို ဖြဲကြည့်လိုက်သေးရာ တကယ်ကို ဘာမှမရှိနေချေ။

သူက ပုခုံးတွန့်ပြလိုက်ပြီး မိန်းမဖြစ်သူဆီ တူကိုကမ်းပေးရင်း ;

"ဒီတစ်ခုမှာတော့ ဘာမှမပါဘူး။ ငါ ကံမကောင်းလို့နေမယ်။ မင်း နောက်တစ်ခုကို စမ်းကြည့်လိုက်လေ"

"အင်း"

ရလဒ်ကတော့ သူ(မ)တွင်လည်း ဘာမှ မရှိ။

သူ(မ)၏ စိတ်ပျက်သွားပုံကို ကြည့်ပြီး ရောင့်သုန်း သူ(မ)ကို နှစ်သိမ့်ပေးလိုက်သည်။

"အဆင်ပြေပါတယ်ကွာ။ ပုလဲ ရှိမနေဘူးဆိုတာက ပုံမှန်ပါပဲ။ ကိုယ်တို့တွေ နေ့တိုင်းတော့ ဘယ်ကံကောင်းနိုင်ပါ့မလဲ။ အခု တစ်သောင်းလောက် ဖွင့်ရင်တောင် တစ်ခု ပါချင်မှ ပါမှာ"

"ဖြစ်နိုင်ချေက အဲ့လောက်တောင် နည်းတာလား"

တစ်ခါတည်းနှင့်တင် Meile ပုတီးစေ့ ရသွားခဲ့သည်က ဤခရုသင်းများတွင်လည်း ပုလဲရဖို့ လွယ်သည်ဟု သူ(မ)ကို ထင်ယောင်ထင်မှား ဖြစ်စေ၏။

"ဒါပေါ့၊ လွယ်လွန်းနေရင် ဘယ်လိုလုပ်ပြီး ရှားပါးဖြစ်တော့မလဲ။ ခရုသင်း ပုလဲတွေက ရိုးရိုး ပုလဲတွေနဲ့ မတူဘူး၊ ခရုသင်း ပုလဲဆိုတာက ခရုသင်းက အပြင်ဘက်ကနေပြီး အညစ်အကြေး ဒါမှမဟုတ် သဲတွေကို သူ့ရဲ့ခန္ဓာကိုယ်ထဲ ယူသွင်းတာ ဒါမှမဟုတ် စားသုံးပြီးတော့မှ သူ့အသားတွေက ပြင်ပအရာတွေကို ဖုံးအုပ်ဖို့အတွက် ထူးခြားတဲ့ပစ္စည်းတွေကို အဆက်မပြတ် လျှို့ဝှက်ပြုလုပ်ပြီးတော့ အဲ့ဒီပြင်ပအရာတွေ သူ့ကိုယ်ထဲမှာ တဖြည်းဖြည်း ကြီးထွားလာတော့မှ ပုလဲက ထွက်လာနိုင်တာ"

"ဒါက ၅ နှစ်ကနေပြီး နှစ် ၂၀ လောက် ကြာတယ်။ သန်း‌ရွှေပုလဲ (Danshui) ဆိုရင်တော့ တစ်နှစ်ကနေခြောက်နှစ်အတွင်းဆို လုံလောက်ပြီ၊ ဒီဟာက အဲ့ပုလဲတွေထက်တောင် အများကြီး အဖိုးတန်တယ်၊ ခရုသင်း ၅၀၀၀၀ မှာမှ ခရုသင်း ပုလဲ တစ်လုံးလောက်ပဲ ရနိုင်တယ်လို့ ငါ ကြားဖူးတယ်"

သူက ပြောပြီးသည်နှင့် သူ့ဇနီးကို လှမ်းကြည့်လိုက်ပြီး၊ ဆိုလိုချင်သည့် အဓိပ္ပါယ်မှာကာ အခုတော့ Meile ပုတီးစေ့ ရလိုက်တာ မင်း ဘယ်လောက်ကံကောင်းလဲဆို သိပြီလား။

လင်းရှို့ချင်းမှာ ချက်ချင်းဆိုသလို စိတ်ပြေသွားတော့သည်။

ရီရောင့်ဖုန်နှင့် ရီရောင့်ဟွာကလည်း ရီရောင့်သုန်းကို အံ့အားတသင့်ကြည့်ပြီး ;

"ဘယ်လိုတောင် ဒီလောက် အများကြီး သိနေရတာလဲ"

ခရုသင်းပုတီးစေ့က ရနိုင်ခြေ အလွန်နည်းမှန်း သူတို့အားလုံး သိကြသည့်တိုင် အကြောင်းပြချက်ကိုတော့ ရေရေရာရာ မသိကြချေ။ သူ ပြောတာကို ကြားပြီးချိန်တွင် အားလုံးမှာ ရုတ်တရက် ဉာဏ်အလင်းပေါက်သွားကြတော့သည်။

"လျှောက်သွားနေတာ အလကားမှ မဟုတ်တာ"

ဆယ်စုနှစ်များစွာ ကြာအောင် နေထိုင်လာခဲ့ပြီးနောက်မှာတော့ သူက သူတို့ထက် ပိုသိနေသည်က အဆန်း မဟုတ်ချေ။ ဆယ်စုနှစ်များစွာအတွင်း သတင်း အချက်အလက်များက လျင်မြန်စွာ စီးဆင်းလာမည် ဖြစ်ပြီး ဗီဒီယို အတိုအထွာ အမျိုးမျိုးကို ရရှိနိုင်မည် ဖြစ်ကာ စာမတတ်သူများပင်လျှင် အရာများစွာကို သိနိုင်မည် ဖြစ်သည်။

အားလုံးက သူ့ကို လေးစား အားကျစွာ ကြည့်လာကြပြီး ရီရောင့်ဟွာက အပြုံးဖြင့် ;

"နောင်ဆို ငါတို့ မသိတာမှန်သမျှ သူများကို မေးနေစရာ မလိုတော့ဘူး။ မင်းကို လာရှာလိုက်ရုံပဲ"

"အရမ်းတွေလည်း အထင်မကြီးကြပါနဲ့ဗျာ။ နည်းနည်းပါးပါးလောက်ပဲ သိတာ။ တစ်ခါတစ်လေမှ ထုတ်ကြွားလို့ရတာ"

လင်းရှို့ချင်း သူ့ကို ရယ်ကျဲကျဲ လှမ်းကြည့်လိုက်သည်။ သူက ဒုက္ခများတယ်လို့ တွေးနေတာ။

သူ ပြောတာ ကြားပြီးနောက်မှာတော့ ဒုတိယ ခယ်မကလည်း အများကြီး မမျှော်လင့်နေတော့ချေ။

ခရုသင်း ငါးသောင်းမှာမှ တစ်ခုလောက်ပဲ ပါနိုင်တာဆိုတော့ ဒါက ကံအကြီးကြီးကို လောင်းကျေးထပ်ရတာနဲ့ တူမနေဘူးလား။

သည်အင်ပါယာ ထန်ကွမ်းလော့ ခရုသင်းက ထန်ကွမ်းလော့ ပုလဲ ထုတ်နိုင်တယ်ဆိုလျှင်တောင်မှ ဖြစ်နိုင်ချေက အလွန် နည်းလေသည်။ သူ(မ)သာ ကြိုသိခဲ့လျှင် တစ်ခါတည်း သွားရောင်းခဲ့လိုက်မည်ပင်။ ယခုတော့ နောင်တရချင်လာ၏။

အစကတည်းက သူပြောတဲ့ ထိပ်တန်း အဖိုးတန်ဆယ်မျိုးနဲ့ ရှားပါးပုလဲလို့ ပြောသံကြားပြီး သူ(မ)မှာ မမြင်မကမ်းတွေ ဖြစ်သွားတာ။

အမလေလေ၊ ရင်နာလှချည်ရဲ့။

အိုးထဲမှ သူ(မ)ခရုများ ဆူပွက်လာခါနီးတွင် ဘာမှမျှော်လင့်မနေတော့ဘဲ ရီရောင့်ဟွာအား တူဖြင့် ဆယ်ထုတ်ခိုင်းပြီး နုပ်စဉ်း လှီးလိုက်တော့သည်။ သို့မှသာ ရီရောင့်သုန်းကဲ့သို့ ခရုအသားများကို ကြေမွသွားအောင် မလုပ်မည်ပင်။

"တခါတည်း လှီးလိုက်မလို့လား။ သေချာ မရှာကြည့်တော့ဘူးလား"

ဒုတိယ ခယ်မမှာ မရောင်းရမိလိုက်လေခြင်းဆိုပြီး အကြီးအကျယ် နောင်တရနေပြီ ဖြစ်ကာ လက်ရှိတွင် စိတ်အခြေအနေက ဆိုးရွားနေပြီး စိတ်ဆိုးစွာဖြင့် ;

"အမေက ဟင်းချက်ဖို့ အသင့်ဖြစ်နေပြီ။ ဘာလို့အချိန်ဆွဲနေတော့မလဲ"

"အင်းပါ။ ဒါဆိုလည်း ဒီမှာ အုန်းခရုသား ရှိသေးတယ်။ တစ်ခါတည်း လှီးပြီး ရောကြော်လိုက်ရအောင်"

"ဟမ်၊ နင်တို့ အုန်းခရုပါ ဖွင့်လိုက်သေးတာလား"

"အင်း၊ ဘာမှမရှိပါဘူး။ ကျွန်မသာ ကြိုသိလို့ကတော့ တစ်ခါတည်း ရောင်းလိုက်တယ်။ အဲ့ဒါကတောင် ပိုက်ဆံရလာအုံးမယ်"

လင်းရှို့ချင်းမှာလည်း အမှန်တကယ် နှမြောနေမိသည်။ သူ(မ)က အမြဲတမ်း ခြိုးခြံစိစစ်နေခဲ့တာပါ၊ ယနေ့ကျမှ ဘာကြောင့် အလွန်အကျွံကို လက်ဖွာနေမိမှန်း မသိ။ သူ(မ)က တကယ်ကို ထိပ်တန်း အရည်အသွေးရှိ ခရုကြီး သုံးလုံးကို အလဟဿ ဖြုန်းမိလိုက်ခြင်းပေ၊ သူ(မ)က ထွေထွေထူးထူး ခံစားနေရခြင်း မဟုတ်၊ အနည်းငယ် လေးနှမြောမိရုံပင်။ သူ(မ) ယောကျာ်းကတော့ တကယ်ကို ပျက်စီးနေပြီ။

ဒုတိယ ခယ်မမှာ သူတို့ အုန်းခရု တစ်လုံးပါ ဖွင့်လိုက်သေးသည်လို့ကြားခါမှပင် နေသာထိုင်သာ ရှိသွားတော့သည်။ သူတို့က ပိုတောင် အရှုံးများသေးတယ်။

အမေ ရီက ဆေးကြောပြီးသား ဟင်းရွက်များကိုကိုင်ကာ ထွက်လာပြီးနောက် မီးဖိုဘေးနားရှိ တုံးထားသည့် ခရုသားများကို တွေ့လိုက်ရချိန်တွင် သာမန် ကာလျှံကာဖြင့် ;

"ဘာမှမပါကြဘူးလား"

"အို့၊ ဟင့်အင်း...အာ၊ ဘာပါလိမ့်"

ဒုတိယ ခယ်မ ရီ သူ(မ) တစ်စုံတစ်ခုအား လှီးမိသွားသည်လို့ ခံစားလိုက်ရသဖြင့် ဓားကို အမြန်ချပြီး ကြည့်လိုက်ရာ ခရု အသားထဲတွင် နို့နှစ်ဖြူရောင်လို ဝါရောင်ဖျော့ဖျော့လို ပုတီးလုံးလေး တစ်လုံးအား တွေ့လိုက်ရသည်။ ဒုတိယ ခယ်မတစ်ယောက် ဝမ်းသာအားရ ဖြစ်သွား၏။

"ပုလဲ ..."

တခြားလူများလည်း ပုလဲဆိုသည့် အသံ ကြားသည်နှင့် အပြေးလာကြည့်ကြပြီး သူတို့ မျက်လုံးများက ရုတ်ခြည်း ဝင်းလက်လာတော့သည်။

"ငိုး၊ တကယ် ပုလဲကြီးလား"

"အာ၊ ခရုသင်း ပုလဲ"

"ပြကြည့်ပါဦး...."

ရီရောင့်ဟွာ တစ်ယောက် အလွန် စိတ်လှုပ်ရှားနေပြီး ယူကြည့်ဖို့ လက်လှမ်းလိုက်ချိန် သူ့မိန်းမကို သူ့လက်ကို ရိုက်ချလိုက်၏။ သူ(မ)က ဆို့နင့်စွာဖြင့် ;

"ဒီမှာ ဓားနဲ့ ထိသွားလို့ ခြစ်ရာထင်သွားပြီ။ ကျွန်မကတော့  XXXX......"

သူ(မ)မှာ စိတ်ဓာတ်ကျစွာဖြင့် ဒေသသုံး စကားများဖြင့် မနေနိုင်အောင် ဆဲရေးဆိုမိတော့သည်။

မျှော်လင့်ချက် အားလုံး လွှတ်ချလိုက်ပြီးကာမှ ဓားနဲ့ လှီးတဲ့ချိန် ပုလဲ ထွက်လာလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ။ တကယ်ကို နှမြောစရာပဲ။

သူ(မ)က စိတ်ဓာတ်ကျမှုများဖြင့် ပျောက်လို့ပျောက်ငြား ခြစ်ရာလေးကို ပွတ်သပ်နေမိသည်။ သူ(မ)သာ ရီရောင့်သုန်းအတိုင်း နမူနာယူပြီး အသားကို ထုတ်ကြည့်လျှင် ယခုလို ဖြစ်စရာအကြောင်း မရှိ။ ယခုတွင် သူ(မ)  ၎င်းအား တကယ်ကို ကြမ်းကြမ်းတမ်းတမ်း ခုတ်မိလိုက်ခြင်းပေ။

အရမ်း ဒေါသထွက်တာပဲ။

အားလုံးလည်း ၎င်းအပေါ်မှ ခြစ်ရာကြီးကို ရှင်းရှင်းလင်းလင်း မြင်နေရသည်ပင်။ သူတို့ဟာမဟုတ်သည့်တိုင် အားလုံးမှာ ထပ်တူထပ်မျှ ကြေကွဲနေရသည်။

ဒါက ခရုသင်း ပုလဲကြီးလေ။

အမေ ရီကလည်း ရေစို လက်များကို ချက်ချင်းသုတ်ပြီး အနားပြေးလာကာ သူ(မ) မျက်လုံးများက ပြူးကျယ်သွားပြီး ;

"ဒါ...ဒါက တကယ်ကြီ ပုလဲကြီး ရှိနေတာလား။ နင် ဘာလို့ နမော်နမဲ့နိုင်ရတာလဲ။ ဓားနဲ့တောင် ခြစ်မိလိုက်သေးတယ်။ ဘာလို့ အရင်ဆုံး သေချာမကြည့်ရတာတုန်း။ ခြစ်ရာကြီးက အတော်ကြီးတာပဲ..."

အမေ ရီမှာ ခြစ်ရာကြီးကို မြင်သည့်အချိန်တွင် သောကရောက်နေမိသည်။ သည်နှစ်များအတွင်း သူ(မ)တို့ရွာမှ လူတချို့လောက်ပဲ ရဖူးသေးတာ။

"မပြောပါနဲ့တော့ အမေရယ်၊ ကျွန်မလည်း စိတ်မကောင်း ဖြစ်နေရတာပဲ"

ဒုတိယ ခယ်မမှာ မျက်နှာကို ကိုင်ရင်း ညည်တွားနေပြီးနောက် ပုလဲကို ကိုင်ကာ နောက်ဖေးတံခါးဆီလမ်းလျှောက်သွားလိုက်ပြီး နေရောင်အောက်တွင် မြှောက်ကြည့်ကြည့်လိုက်သည်။

"ခြစ်ရာကြီးက တကယ် ဖယ်လို့ မရလောက်တော့ဘူး"

သူ(မ)နှလုံးသားကတော့ သွေးထွက်နေပါပြီ......

"ငါ့ကို ပေးကြည့်စမ်းပါဦးကွာ"

အစ်ကိုလတ်မှာလည်း လွန်စွာ သောကရောက်နေရပြီး လက်ထဲကိုင်ကာ ကြည့်ချင်နေပြီ ဖြစ်သည်။

"အွန့်၊ ဒီမှာ"

အစ်ကိုလတ်က ပုလဲကို လက်ထဲကိုင်ရင်း နှလုံးသားမှာ နာကျင်လာရသည်။ သူက အပြစ်မတင်ဘဲ မနေနိုင်တော့ချေ။

"ကျက်ပဲ ကျက်နေပြီကိုကွာ။ ဘာလို့ အရင် ထုတ်မကြည့်လိုက်ရတာလဲ။ ကြည့်ပါဦး၊ ခြစ်ရာကြီးကို...ဘယ်လိုလုပ်ရတော့မလဲ။ အနာ ရှိသွားပြီ...."

"ရှင်ကပဲ ကျွန်မကို ပြောရတယ်ရှိသေး၊ ရှင် ဘာလို့အစကတည်းက သတိမပေးလဲ။ အခုဏကတော့ ဘေးကနေပဲ ရပ်ကြည့်နေပြီး ခုကျမှ ကျွန်မကို လာပြီး အပြစ်တင်နေတယ်၊ ရှင် အစကတည်းက သေချာနေရင်  အရင် ဖွင့်ကြည့်ဖို့ ပြောလေ။ အဲ့ဒါဆို ကျွန်မလည်း စိတ်ဓာတ်ကျပြီး ဓားနဲ့သွားလှီးစရာ အကြောင်းမှ မရှိတာ...."

ဒုတိယ ခယ်မ ရီမှာ ပြောလေ၊ စဉ်းစားမိလေ ပိုပြီးဒေါသထွက်လေ ဖြစ်လာပြီး ယောင်္ကျားဖြစ်သူအား အကြိမ်ကြိမ် ထုရိုက်တော့သည်။

"အဲ့ဒါ အားလုံး ရှင်ကြောင့်..."

အစ်ကိုလတ်မှာ ပုခုံးကိုသာ ကျုံ့ထားပြီး ရုန်းလည်းရုန်းမဝံ့သာ၊ သူ(မ)ကို သူ့အား ပေးရိုက်ထားစေပြီး ;

"မင်း...မင်းက ဘာလို့ ဒီလောက်တောင် ကျိုးကြောင်း မသင့်ရတာလဲ။ ဘာလို့ ငါ့ လာရိုက်နေတာလဲ။ မင်းဘာသာမင်း ဓားနဲ့ ခြစ်မိ‌တာ သိသာနေတဲ့ဟာကို၊ အဲ့တာကို ဘာလို့ ငါက သတိပေးနေရမှာတုန်း၊ ရှို့ချင်းတောင် မင်းကို အသေအချာ ကြည့်ဖို့ သတိပေးလိုက်သေးတယ်မလား။ မင်းဘာသာမင်း နားမထောင်တာ၊ ပြီးတော့ မင်းကို သတိမပေးလို့ဆိုပြီး ငါ့ကို အပြစ်တင်နေတယ်..."

"သူကသူ ရှင်က ရှင်လေ၊ ရှင်သာ သတိပေးရင် ကျွန်မလည်း သေချာ ရှာကြည့်မိလောက်မှာ...."

ရီရောင့်ဟွာမှာ မောပန်းလာရပြီး ;

"အဲ့မှာ မင်းပဲ အကျိုးသင့် အကြောင်းသင့်နေလိုက်။ မင်းဘာသာမင်း ကြည့်၊ မင်း ဘယ်လိုလုပ်လိုက်လဲဆိုတာ...."

"ကျွန်မကရော အထဲမှာ ပုလဲ တကယ် ရှိနေမယ်ဆိုတာ ဘယ်လိုသိပါ့မလဲ"

မိသားစု ပြဇာတ်အဖြစ် မျက်စိတစ်မှိတ်လေးအတွင်း ပြောင်းလဲသွားသည်က အားလုံးကို ကြောင်အမ်းသွားစေ၏။ အစ်ကိုလတ်က မိန်းမဖြစ်သူ၏ စကားကို မြေဝယ်မကျ နားထောင်တတ်ပြီး ယခုလို အော်ကြီးဟစ်ကျယ် ပြန်အော်သည်က ရှားလွန်းလှသည်။

သို့ရာတွင် မိန်းမဖြစ်သူ၏အကျိုးမသင့်လှသည့်စကားများကိုတော့ သူ မခုခံနိုင်သေးချေ။

ဆင်ခြေမျိုးစုံ ကြားပြီးနောက်မှာတော့ အမေ ရီမှာ မနေသာတော့ဘဲ ;

"အေးပါ၊ အေးပါဟယ်။ နင်ကလည်း၊ သေချာမကြည့်မိလို့ ဓားနဲ့ ခြစ်မိသွားတာ၊ ဘယ်သူ့ကို သွားအပြစ်တင်‌လို့ရမလဲ။ ပြစမ်းပါဦးအေ..."

အစ်ကိုလတ်က အမေ ရီထံ ခရုသင်း ပုလဲကို ကမ်းပေးလိုက်သည်။ ထိုအခါမှပင် အားလုံးမှာ ပုလဲလုံး၏ အရွယ်အစားကို ရှင်းရှင်းလင်းလင်း မြင်ရတော့သည်။ ပုံမှန် ဘဲဥပုံလေးကိုမှ ပဲလုံးအရွယ်အစား ဖြစ်ပြီး အလယ်တွင် ခြစ်ရာကြီးက အထင်းသား။

ယခုတွင်တော့ အမေ ရီတောင် ဒုတိယ ချွေးမကို မပြောဘဲမနေိုင်တော့ချေ။

"ပြောစမ်းပါဦး။ ဘာလို့ အရင်မရှာကြည့်လိုက်ရတာလဲ။ ကျက်ပဲ ကျက်နေပြီကို သေချာ ရှာကြည့်လိုက်တော့ အချိန်က ဘယ်လောက် ကြာမှာမို့လို့လဲ။ အားသုန်းနဲ့ တခြားသူတွေ မရဘူးဆိုတိုင်း နင်လည်း မရဘူးလို့မှ မဆိုလိုတာ၊ နင် အစကတည်း မျှော်လင့်ချက် မရှိဘူးဆိုလည်း ခရုသင်းကို တစ်ခါတည်း သွားရောင်းခဲ့လိုက်ရောပေါ့"

အမေ ရီနှင့် ရင်ဆိုင်ရချိန်မှာတော့ ဒုတိယ ခယ်မမှာ ပြိုင်ငြင်းဖို့ သတ္တိ မရှိလေတော့ပြီး သောကရောက်စွာဖြင့်သာ ;

"ကျွန်မမှ မသိတာကို"

အမေ ရီက ပြုံးရင်းဖြင့် အခြေအနေများကို ဖြန်းဖြေပေးလိုက်ပြီး ;

"ဒီလိုတွေ ဖြစ်ပြီးကာမှ ပြောနေလည်း ဘာမှမထူးဘူး၊ ခရုသင်း ပုလဲ ရလိုက်တယ်ဆိုတာကလည်း ကောင်းတဲ့‌အရာပဲ၊ အနာရှိလို့ ရောင်းမရဘူးဆိုလည်း နင့်ဘာသာနင်ပဲ သိမ်းထားလိုက်ပေါ့၊ ဆွဲသီးလေးပဲ ဖြစ်ဖြစ်၊ လက်စွပ်လေးပဲ ဖြစ်ဖြစ်၊ လုပ်ဝတ်ပေါ့။ ခရုသင်းအခွံနဲ့ အရောင် အတူတူပဲဆိုတော့ အတော်လေးလှနေမှာ"

"အွန်း၊ ကိုယ့်ဘာသာပဲ ဝတ်ရတော့မှာပေါ့"

အမေ ရီက ပုလဲကို ကြည့်ပြီးနောက် ဒုတိယ ချွေးမဆီ ပြန်ပေးလိုက်သည်။

ဒုတိယ ခယ်မမှာ အနည်းငယ်လေး စိတ်ပြေသွားတော့သည်။ စိတ်အစဉ်က ပြေလာသော်လည်း သောက,ကတော့ ရောက်နေရဆဲပင်။

လင်းရှို့ချင်းက အပြုံးဖြင့် ;

"နောက်တစ်ခု ရှိသေးတယ်မလား အစ်မရဲ့။ အဲ့ဒါကို ဖွင့်ကြည့်ကြည့်လေ။ ပြောမရဘူး။ နောက်တစ်ခု ထပ်ရချင်လည်း ရလာမှာ။ အဲ့ခါကျရင် တကယ် ချမ်းသာရင် ချမ်းသာလာမှာပေါ့"

"ဟုတ်တယ်၊ ဟုတ်တယ်။ နောက်တစ်ခု ရှိသေးတယ်"

အနှီ ခရုသင်း တစ်ခုတည်းကြောင့် သူ(မ)မှာ အံ့အားသင့်သွားရလိုက်၊ စိတ်ဓာတ်ကျသွားရလိုက်ဖြင့် ယခုထိ မဖွင့်ရသေးသည့် နောက်ထပ် ခရုသင်းတစ်ခု ရှိနေသည်ကို မေ့သွားတော့မလို့ပင်။

ယခုတွင် လူတိုင်းက မျှော်လင့်နေကြပြီ ဖြစ်ပြီး အားလုံး၏ မျက်လုံးအစုံက သူ(မ) လက်ထဲရှိ ထန်ကွမ်းလော့ထံတွင်သာ။

၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now