Chapter 27

1.6K 156 1
                                    

အပိုင်း (၂၇)


အချိန် ခဏလေးနဲ့တင် ရီရောင့်သုန်း တစ်ယောက် ကျောက်ကဏန်း ၅ ကောင်၊ ပုစွန် ၆ ကောင် ၇ ကောင်‌လောက်နှင့် ငါးများစွာကို တွေ့ရှိခဲ့သည်။  အားလုံးထဲမှာ အကောင်းဆုံး ဖမ်းမိတာကတော့ ကျားပုစွန်ကြီးပဲ။

သူသည် ရေတိမ်ဒေသတဝိုက်၌ လှည့်လည်သွားလာကာ ရုတ်တရက် "ဝိုး၊ နှင်းဂုံးတွေ။ အား၊ နှင်းဂုံး အသိုက် တစ်ခုလုံးပဲ"

သည်ခေတ်မှာ မျက်စိမှုန်တဲ့သူ အနည်းသာ ရှိသည်။ အထူးသဖြင့် သူသည် စာအုပ်မဖတ်သည့်အတွက် အမြင်အာရုံက အရမ်းကောင်းသည်။ အဝေးကတောင် သဲမျက်နှာပြင်ပေါ်တွင် ပါးစပ် ပွင့်နေသည့် နှင်းဂုံးများကို မြင်နေရသည်။ သူသည် ရှေ့သို့ ခြေလှမ်း အနည်းငယ် အမြန်လှမ်းလိုက်သည်။

"တကယ် အသိုက် တစ်ခုလုံးပဲ"

"အသိုက် တစ်ခုလုံးဆိုတာက ဘာကို‌ ပြောနေတာလဲ" သူ့နှင့် မဝေးသောနေရာမှ အသေးလေးသည် စိတ်လှုပ်ရှားနေသော အသံကြောင့် လှည့်၍ မေးလာသည်။

"နှင်းဂုံးတွေ၊ နှင်းဂုံး အသိုက် တစ်ခုလုံးကို ငါ တွေ့ခဲ့တယ်" ဟု ရီရောင့်သုန်းက ထိုင်ချလိုက်ပြီး တစ်ကောင်ကို ကောက်ယူရင်း ပြောလိုက်သည်။ လက်ဖြင့် ကိုင်လိုက်သည်နှင့် ပါးစပ်ကို တင်းတင်းစေ့ထားမိသည်။

သူ့ လက်ဖြင့် ချိန်ကြည့်ပြီး ဝမ်းသာအားရ ပြုံးလိုက်သည်။ "သူတို့က တော်တော်ကြီးတယ်ကွ၊ အသားတွေ အများကြီးပဲ"

ရေပုံးထဲကို ပစ်ချလိုက်သည်။

အသေးလေးက စိတ်ဝင်တစားနဲ့ ပြေးလာပြီး "ဝိုး၊ မင်း ဘယ်လိုတောင် ကံကောင်းလဲ။ ဒီလို နှင်းဂုံးကောင်ကြီးကို ရှာတွေ့တယ် ပြီးတော့ အသိုက်တစ်ခုလုံးကိုတောင် တွေ့သေးတယ်..."

အားကျန်းလည်း ပြေးလာကာ တစ်ချက်ကြည့်ပြီး "ဟာကွာ၊ တကယ်ကံကောင်းလိုက်တာ၊ ပုံးထဲမှာလည်း ကျောက်ကဏန်းတွေ အများကြီးပဲ၊ ငါ့ကြည့်ပါအုံး၊ ပုဇွန်နှစ်ကောင်နဲ့ ငါးနှစ်‌ကောင်အပြင် တခြားဘာမှ မရှိဘူး"

"ငါကောပဲ၊ ငါက ပိုတောင်နည်းသေးတယ်။ ငါးနှစ်ကောင်ပဲ ဖမ်းမိသေးတယ်" ချန်းဝေက အဝေးကအော်ပြီး သူ့ ပုံးကို မြှောက်ပြကာ နှစ်ခါခါယမ်းလိုက်သည်။

"မင်းတို့ကောင်တွေ တကယ် ကံဆိုးတာပဲ" ရီရောင့်သုန်းသည် ပျော်ပျော်ရွှင်ရွှင် စုဝေးနေသော နှင်းဂုံးများကို ကောက်ယူပြီး ပုံးထဲသို့ ပစ်ချလိုက်သည်။

"တောက်၊ တောက်၊ တောက်" ဆိုသည့် အသံကြောင့် နားထောင်သူတိုင်းက အားကျမှုတွေနှင့် ပြည့်နှက်လာသည်။

"အသိုက်ထဲမှာ ဘယ်နှစ်ကောင် ရှိတာလဲ။ သူတို့အားလုံး ကြီးပြီး အရည်ရွှမ်းတယ်၊ အံ့သြစရာကောင်းလောက်အောင် အရသာ ရှိမယ့်ပုံပဲ"

သူသည် ရေပုံးကို လှုပ်ယမ်းကာ ၎င်းတို့၏ အရွယ်အစားပေါ် မူတည်၍ အကြမ်းဖျင်း ခန့်မှန်းချက် ပြုလုပ်သည်။  တစ်ဂျင်းထက် ပိုတာက‌တော့ သေချာသည်။ "ငါ ရေဖို့ မေ့သွားတယ်၊ ဒါပေမယ့် တစ်ဂျင်းလောက်ရှိတဲ့ ဆယ့်ရှစ်ကောင် ဒါမှမဟုတ် ဆယ့်ကိုး‌ကောင်လောက်ရှိပုံရတယ်"

"ကံကောင်းလိုက်တာကွာ၊ ဒီနေရာကနေ ထွက်သွားလိုက်တော့။ ဒီနေရာက အခု ငါ ရှာဖို့အတွက်ပဲ။ တခြားတစ်နေရာကို သွား‌တော့။ ငါ့ပုံးက အခုထိအလွတ်ပဲရှိသေးတယ်။ မင်းတို့ငါ့ကို မသနားကြဘူးလား" အားဂွမ်းသည် သူ၏ငါးချိတ်ရှည်ကြီးကို မနာလိုစိတ်ဖြင့် ဝှေ့ယမ်းကာ သူ့ကို ဘေးသို့ တွန်းထုတ်လိုက်ပြီး နေရာဝင်ယူသည်။

ရီရောင့်သုန်းသည် အားဂွမ်း၏ တွန်းအားကြောင့် ဘေးဘက်သို့ ခြေလှမ်းအနည်းငယ်‌ချော်သွားသည်။

"ဟားဟားဟား၊ မင်းဘာလို့ ဒီလောက်ငြိမ်နေတာပါလဲလို့ တွေးနေတာ။ မင်းရဲ့ပုံးက လွတ်နေလို့ စကားဝင်ပြောဖို့ သတ္တိ မရှိတာကို"

"သွားတော့ ထသွားလိုက်တော့~ ငါ ဒီနေရာကို ယူလိုက်ပြီ။ မင်း နောက်တစ်နေရာကို သွားရှာလိုက်တော့"

"မင်းရဲ့ကံဆိုးမှုဟာ မင်းနာမည်ကြောင့်လို့ ငါထင်တယ်။ ပိုင်ဂွမ်းက 'အရာရာကို ဆုံးရှုံးရတာ' နဲ့ 'ဗလာ' လို့ အဓိပ္ပါယ်ရတယ်လေ။ မင်းအတွက် အရာရာမှား‌နေတယ်ဆိုတာ မဆန်းပါဘူး။ ဖဲကစားတဲ့အခါ မင်းအမြဲတမ်းရှုံးတယ်ဆိုတာနဲ့တင် မင်းသဘောမပေါက်ဘူးလား? မနေ့က  မင်းရဲ့ ရှားရှားပါးပါးနိုင်ပွဲဖြစ်ခဲ့တာကို ဒါပေမယ့်လည်း ခြုံငုံကြည့်ရင် လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ မင်း အဆင်ပြေမနေဘူး"

သူ သည်စကားတွေကို လေးနက်တဲ့လေသံနဲ့ ပြောခဲ့သည်။ အမှန်တော့ အားဂွမ်း၏ ကံကြမ္မာဟာ ဘယ်တော့မှ မကောင်းခဲ့ပေ။ သည်ကောင်တို့ ကျူးရှန်း ကိုပြောင်းသွားပြီးနောက်ပိုင်းမှာတောင် ရံဖန်ရံခါ ဖုန်းပြောဖြစ်ကြပြီး ကြားရသမျှဟာ သူ့ဆုံးရှုံးခဲ့ရကြောင်းတွေကြီးပဲ။

အသက် လေးဆယ်ကျော်တဲ့အချိန်မှာမှ သူ့ကံကြမ္မာကို လှည့်စားဖို့ မျှော်လင့်ချက်နှင့် သူ့နာမည်ကိုပြောင်းဖို့ တစ်စုံတစ်ယောက်က အကြံပေးခဲ့သည်။

မထင်မှတ်ပဲ၊ သူ့နာမည်ကိုပြောင်းပြီးနောက် အရာအားလုံးက သူ့အတွက် ချောမွေ့သွားတော့သည်။  နှစ်အနည်းငယ်အတွင်း သူ့အကြွေးတွေကို ဆပ်နိုင်ခဲ့ပြီး သားဖြစ်သူရဲ့ မင်္ဂလာပွဲအတွက် အိမ်တစ်လုံးဝယ်ဖို့တောင် လုံလောက်ခဲ့သည်။

မယုံတာထက် ယုံတာက ပိုကောင်းသည် မဟုတ်ပါလော? ဒါကြောင့် ရောင့်သုန်းသည် အားဂွမ်းအား အကြံ‌ပေးရန် လိုအပ်သည်ဟု ယူဆမိသည်။

အားဂွမ်းက မေးစေ့ကို ပွတ်သပ်ပြီး "ငါ့နာမည်က ကံကောင်းခြင်းတွေ မယူလာဘူးလို့ ခံစားရတယ်"

"နာမည်အသစ်ပေးဖို့ မင်းအဖေကို ပြောကြည့်လိုက်
လေ။ ဥပမာ အားဝမ်ပေါ့ ဟားဟား~"

"ဟားဟားဟား...ကြိုက်တယ်ကွာ"

"အာ၊ အဲဒီလိုလုပ်လို့ မဖြစ်ဘူး။ မင်း 'အားဝမ်' လို့ ပြောင်းလိုက်ရင် မင်းကနေ့တိုင်း ဖဲနိုင်ပြီး ငါကျ‌တော့ပိုက်ဆံတွေ အကုန်ဆုံးလိမ့်မယ်"

"ဟုတ်တယ်၊ မင်းပြောတာမှန်တယ်။ 'အားဝမ်' ပြောင်းလို့မရဘူး၊ ကံအရမ်းကောင်းတာကလည်း ပြဿနာဖြစ်လာလိမ့်မယ်။ တခြားနာမည်ကို ရှာကြည့်ရအောင်၊ အရမ်း ကံကောင်းလို့ မရဘူး"

လူတိုင်းက ရယ်မောနေကြပြီး မှတ်ချက်များဖြင့် အပြန်အလှန် လှောင်ပြောင်နေကြသည်။

"တော်ပြီး မင်းတို့ကိုယ့်ကိစ္စပဲကိုယ် အာရုံစိုက်ကြ" အားဂွမ်းသည် သူ့သူငယ်ချင်းအုပ်စုကို စိုက်ကြည့်ကာ‌ ပြောသည်။

"ဒါမှမဟုတ် မင်းနာမည်ကို ပိုင်ရွှမ်း လို့ပြောင်းလိုက်ပါလား။ ချောမွေ့တဲ့ ဘဝလမ်းကြောင်းနဲ့ ကြီးပွားချမ်းသာမှုဆိုပြီး"  ရီရောင့်သုန်းသည် အားဂွမ်းဆီသို့ ရွှင်မြူးစွာလျှောက်လာပြီး နေရာယူလိုက်သည်။ ဒီကောင့်အရင်ဘဝတုန်းကတော့ ပိုင်ရွှမ်း လို့ နာမည်ပြောင်းခဲ့သည်။

"ဟုတ်တယ် ပိုင်ရွှမ်း ဆိုတာကောင်းတယ်၊ အသံထွက်လည်းလွယ်တယ်၊ အဓိပ္ပါယ်လည်း ကောင်းတယ်" အားဂွမ်းသည် အကြံပြုချက်ကို သေချာစဉ်းစားခဲ့သည်။

"ဟုတ်တယ်၊ နာမည်နဲ့ ဆက်စပ်နေတဲ့ လျှို့ဝှက်ဆန်းကြယ်တာတွေ အများကြီး ရှိပုံရတယ်ကွ။ အခုခေတ် ဗေဒင်ဆရာတွေက လူရဲ့ ကံကြမ္မာ၊ ကံနဲ့ အနာဂတ် အလားအလာတွေကို သူတို့ရဲ့ မွေးသက္ကရာဇ်နဲ့ အချိန်တွေကို အခြေခံပြီး တွက်ချက်ဖို့ ပြောင်းလဲခြင်းကျမ်းနဲ့ ကွရှမ်းရှစ်ခုရဲ့ အခြေခံမူတွေကို သုံးတယ်လို့ ကြားဖူးတယ်။  ငါ့အိမ်မှာ စာအုပ်တစ်အုပ်ရှိတယ်။ မင်းလေ့လာဖို့ ယူလာရမလား။ မလုပ်ကြည့်ပဲ လွှတ်ထားတာထက် တစ်ခုခုကို ယုံကြည်လိုက်တာက ပိုကောင်းတယ်လေ"

အားဂွမ်းက အားကျန်းကို တအံ့တသြကြည့်ကာ "ပြောင်းလဲမှုစာအုပ်က ဘာကြီးလဲ။ မင်းမှာ အဲဒါတွေ ရှိတယ်ပေါ့။ မင်း ကိုယ်တိုင်လေ့လာပြီး ဗေဒင်ဆရာလုပ်ဖို့ စီစဉ်နေတာလား"

“ဟား၊ ငါ့အိမ်ကို ပတ်ရှာရင်း မရည်ရွယ်ဘဲ တွေ့တာ။ ဘိုးဘွားတွေ လက်ဆင့်ကမ်းခဲ့တဲ့ အပ်စိုက်ကုထုံးလက်စွဲစာအုပ်လည်း ရှိတယ်။ မင်းတို့ စမ်းကြည့်ချင်ကြလား။ အဲဒါက ဘိုးဘွားစဉ်ဆက် ကျင့်စဉ်ပဲ။ ဘယ်သူသိမှာလဲ၊  ငါတို့က ကိုယ်ခံပညာကျွမ်းကျင်တဲ့သူတွေ ဖြစ်လာနိုင်တယ်"

"အော်၊ ဒါဆို မင်းဘိုးဘေးတွေက တတ်ယောင်ကားတွေသာမဟုတ်ပဲ ဒဏ္ဍာရီဆန်ဆန် ကိုယ်ခံပညာရှင်လည်း ဖြစ်ခဲ့သေးတာပေါ့။ မင်းမှာ ဖိအားပေးရတဲ့ လက်စွဲစာအုပ်တောင် ရှိသေးတယ်။ မင်းမှာ နေကြာလက်စွဲ ဒါမှမဟုတ် နတ်ဆိုးသတ် ဓားလက်စွဲ အဲ့တာတွေကော ရှိသေးလား"

"လေ့ကျင့်ချင်လား? မင်းတို့ကောင်တွေကို ငါတစ်ခုပြောပြမယ် 'ဒီအတတ်ပညာတွေကို လေ့ကျင့်ဖို့ဆို အရင်ဆုံး ကိုယ့်ကိုယ်ကို သင်းကွပ်ရမယ်' ငါလည်း မင်းတို့ကို ကူညီပေးနိုင်တယ်နော်။ တုံးနေတဲ့ပုဆိန်ကို သုံးပေးမယ်‌လေ ဘယ်လိုလဲ။ ဒါဆိုမင်းရဲ့ငှက်က နည်းနည်းကြာကြာနေနိုင်လိမ့်မယ်"

"မင်းကိုယ်တိုင်ကော သင်းကွပ်ပြီးပြီလား? အဲ့ဒါကြောင့် ဒီတစ်ချိန်လုံး မင်းမိန်းမ မမရသေးတာ မဟုတ်လားကွ။ မင်းအဖေမှာ ဒီသားလေးတစ်ယယောက်ပဲရှိတာကိုကွာ မင်းမလို့ ရက်စက်လိုက်တာ~မင်းရဲ့ငှက်ကလေးကိုတောင်စွန့်လွှတ်လိုက်တယ်~"

"ဘယ်ကငှက်ကလေးလဲ။ မင်းကသာ ကိုယ့်ကိုကိုယ် သင်းကွပ်လိုက်တဲ့ကောင်၊ ငါ့ဟာက ငှက်ကြီးကွ"

သူတို့၏ အော်ဟစ်သံများကြား၊ ရီရောင့်သုန်းသည် သူ့ ဘေးနားရှိ ကျောက်တုံးကြီးတစ်ခုအောက်၌ အမြီးတွင် အနက်ရောင်နှင့် မီးခိုးရောင်အစက်အပြောက်များရှိသော ငါးတစ်ကောင်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားသည်။  သူကသူတို့စကားဝိုင်းကို မြန်မြန်ဖြတ်လိုက်ပြီး "ဟေ့ကောင်တွေ၊ ဒီကျောက်တုံးကြီးအောက်မှာ လာကြည့်စမ်း။ အဲဒါက ငါးမဟုတ်လား"

"ဘယ်မှာလဲ။ ဘယ်မှာလဲ" အားဂွမ်းသည် ပြေးသွားပြီး ကျောက်တုံးကြီးအောက်တွင် ဝပ်တွားရင်း စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။ "ဝိုး၊ အဲဒါ ကျားကုပ်ငါးပဲ၊ စောစောက ဒီကျောက်တုံးကို ငါ လှည့်ပတ်ကြည့်နေတုန်းက ဘယ်မှ မတွေ့ပါဘူး"

"မင်းကို ငါပြောသားပဲ၊ မင်းကကံမကောင်းပါဘူးဆို! ဘေးဖယ်၊ ငါ မီးညှပ်နဲ့ထိုးလိုက်မယ်။ ကျောက်တုံးအောက်မှာ ပုန်းနေတဲ့ကောင်တွေက ဖမ်းရခက်တယ်" ဟု ရီရောင်သုန်းက ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။  ကျားကုပ်‌ငါးသည် အဖိုးတန်သောကြောင့် ပျော်မိသည်။

အခြားသူများ ဝိုင်းအုံလာကာ စကြသည်။ "ဘယ်လိုလုပ်ပြီး မင်းကြီးပဲ အကောင်းဆုံးတွေ ဖမ်းမိနေရတာလဲကွ။ အားဂွမ်း ခုနက ဒီနားမှာ လှည့်ပတ်နေတာတောင် ဘာမှ မတွေ့ဘူး"

"ဒီနေ့က ငါ့ရဲ့ ကံကောင်းတဲ့နေ့ ဖြစ်မယ်"

ဒါမှမဟုတ် လွန်ကဲသော ကံဆိုးမှုများက နောက်ဆုံးတွင် ကံကြမ္မာကို ပြောင်းပြန်ဦးတည်သွားသည့် သဘာဝတရား၏ နိယာမလည်းဖြစ်ကောင်း ဖြစ်နိုင်သည်။ သူ ဆီးသွားနေရင်း ပင်လယ်ထဲသို့ မတော်တဆ ပြုတ်ကျပြီး သေဆုံးခဲ့သော်လည်း ပြန်လည်မွေးဖွားခြင်းဖြင့် သူ၏ ကံဆိုးမှုများ ပျောက်ကွယ်သွားခဲ့ပြီး ယခု ကံကောင်းခြင်းများစွာကို ခံစားနေရသည်။

အားဝေ က အားဂွမ်း၏ ပခုံးကို ပုတ်ပြီး "မင်းအဖေ ပြန်လာရင် မင်းနာမည် မြန်မြန် ပြောင်းဖို့လုပ်တော့"

အားဂွမ်းလည်း စိတ်ပျက်သွားသည်။ သူက သည်ကျောက်တုံးကြီး ပတ်ပတ်လည်တွင် လှည့်ပတ်ပြီး တစ်ခုခုတော့ ရှိသင့်သည်ဟု ထင်ခဲ့တယ်။  ဒါပေမယ့် ငါးတွေ ထွက်လာတာ မတွေ့ခဲ့။ ရီရောင့်သုန်း သည် သူ့နံဘေးရှိ နှင်းဂုံးသိုက်ကို ပြောသည်နှင့် အား

ဂွမ်းသည် ထိုနေရာသို့ စိတ်လှုပ်ရှားစွာ အမြန်ပြေးသွခဲ့သည်။

ဒါဟာ တကယ့်ကို ကံဆိုးခြင်းပင်။ သူ ဒီနားတစ်ဝိုက်တွင် ခဏလောက် လှည့်ပတ်ကြည့်တော့ ဘာမှ မမြင်ရပေမယ့် ရောင်သုန်း ရောက်လာတာနဲ့အမျှ ငါးတစ်ကောင်ကို ချက်ချင်း တွေ့သည်။  တကယ့်ကိုပင် စိတ်တိုစရာ ကောင်းလှပါသည်။



၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now