အပိုင်း (၁၃၀)
ညနေစောင်းတွင် လင်းမိသားစုက စားပွဲကြီးကြီးပြင်ပြီး အမေလင်းက အိမ်တွင်ရှိရှိသမျှ ကုန်များအားလုံးကို ထုတ်လာတော့၏။ ရီရောင့်သုန်းယူလာခဲ့သည့် ကဏန်းပြာကြီးကို ဝိုင်ဖြင့် စတူးလုပ်ထားပြီး ပင်လယ်ကကတစ်ကြီးကိုမူ စွပ်ပြုတ်လုပ်ကာ ဝက်ခြေထောက်ကို နှပ်ချက် ချက်ထားပြီး ဘဲတစ်ကောင်ကိုပါ သတ်ထား၏။
စားပွဲမှာ ငါးနှင့် အသားများအပြည့်ဖြင့် တရုတ်နှစ်သစ်ကူးတောင် ဤမျှထိ မဖွယ်ရာချေ။ ကလေးများမှာလည်း သွားရည်တမြားမြားနှင့် သို့သော်လည်း တူများကို မရွှေ့သေးဘဲ လူကြီးများ ထည့်အပေးကို စောင့်နေကြသည်။
တခြားတစ်ဖက်မှာတော့ ရီရောင့်သုန်းတစ်ယောက် အဖြေရှာစဉ်းစားနေဆဲဖြစ်သည်။
သူ လုပ်ပေးခဲ့သည့်အရာက သိပ်မရှိလှသည်လို့ အမှန်တကယ် ခံစားနေရခြင်းပေ။ ငါးများကို ကြိုးချည်ပေးပြီး မနက်စောစောသွားရောင်းပေးရုံလေးက သူတို့နှင့်ယှဉ်လျှင် ဘာမှမပြောပလောက်ပေ။ ဘာပဲဖြစ်ဖြစ် သူ့အတွက်လည်း ညဖက် မြစ်ထဲငါးဖမ်းထွက်တာက အတွေ့အကြုံကောင်းဖြစ်သွားပဲမဟုတ်လား။ ဒါက သူ့ယောက်ဖတွေရှာလာခဲ့တဲ့ပိုက်ဆံလေ ဘာလို့ ဒါက မဆီလျော်လှဘူးလို့ သူ ခံစားနေရတာလဲ?
“ငါတို့က အစကတည်းက အတူတူသွားခဲ့ကြတာလေ အဲ့တော့ ဝေစုကလည်း အတူတူခွဲရမှာပဲပါ့၊ ဘယ်သူကနည်းနည်းပဲလုပ်တယ် ဘယ်သူကများများလုပ်ရတယ်ဆိုတာတွေ ပြောမနေနဲ့တော့ ၊ မိသားစုဝင်အချင်းချင်းပဲကို ဘာတွေ လိုက်ဂရုစိုက်နေရမှာလဲ?"
“ဟုတ်တယ် မင်းလည်း အကူအညီပေးခဲ့တာပဲကို လက်ခံထားလိုက်၊ မိသားစုဝင်အချင်းချင်းပဲကို ရပါတယ်”
“ကလေးတွေက မင်းစားတာစောင့်နေတာ အချိန်ဆွဲမနေနဲ့တော့”
နောက်ဆုံးတွင် သူတို့က ပိုက်ဆံအား လင်းရှို့ချင်းကို ပေးလိုက်ပြီး သူ(မ)ကသာ ဆုံးဖြတ်ချက်ကာ သီးသန့်ရောင်းရငွေဖြစ်သည့် ယွမ် ၃၀ ကိုသာ လက်ခံထားလိုက်ပြီး ဒါရိုက်တာချန်ထံမှရသည့် ယွမ် ၁၀၀ ကိုမူ ညီအကိုနှစ်ယောက်အား အညီအမျှခွဲစေလိုက်သည်။ ဤခွဲဝေမှုက နောက်ဆုံး အဆုံးအဖြတ်ပင်။
ပိုက်ဆံရှာလာနိုင်ခြင်းက ပျော်ရမည့်ကိစ္စဖြစ်သည့်အပြင် ယနေ့က ဆောင်းလယ်ပွဲတော်လည်း ဖြစ်ပြန်၏။ စားပွဲပေါ်တွင် စားကောင်းသောက်ဖွယ်ရာများဖြင့် ပြည့်နေပြီး အားလုံးက ခေါင်းမဖော်တမ်း စားသောက်နေကြသည်။ ယခင်က တရုတ်နှစ်သစ်ကူးများတွင်တောင် အစားအသောက်များက ဤမျှ မဖွယ်ရာခဲ့ဖူးပေ။ အားလုံးက စိတ်ကြိုက် အားပါးတရစားသောက်ကြသည်။
သို့သော် လင်းရှို့ချင်းမှာ မသင့်လျော်စွာဖြင့် ပျို့အန်ချင်သလို ဖြစ်နေ၏။ သူ(မ)အတွက် ငါးနံ့က အလွန်ပြင်းလွန်းသည်ဟု ခံစားနေရပြီး မနေ့က ငါးမစားခဲ့ဖြစ်၍လည်း ဘာမှမခံစားခဲ့ရချေ။
ထိုအချိန်တွင် သူ(မ)က သားငယ်အတွက် ငါးဟင်းခပ်ပေးကာ သူ(မ)ကိုယ်တိုင်လည်း တစ်ကိုက်စားလိုက်ပြီး ချက်ချင်းဆိုသလို ပျို့တက်လာခဲ့သော်လည်း လူအများကြီးအရှေ့တွင် မျက်မှောင်ကြုတ်ရင်းဖြင့်သာ လျှာထိပ်ကိုလိမ့်ကာ မျိုချလိုက်ပြီး အန်ချင်စိတ်ကို ဖိနှိပ်ထားလိုက်သည်။ နောက်တွင်တော့ သူ(မ) ထိုငါးဟင်းအား ထပ်မနှိုက်တော့ချေ။
ထမင်းစားပွဲမှထပြီးနောက်တွင် တစ်စုံတစ်ခုက မှားယွင်းနေကြောင်း သူ(မ)ခံစားလိုက်ရသည်။ မည်သို့ဆိုစေ သူ(မ)က ကလေးနှစ်ယောက်ကိုတောင် မွေးဖွားခဲ့ပြီးပြီပင် မဟုတ်လား။ သူ(မ) အစက မတွေးမိခဲ့ပေမဲ့ ယခု သူ(မ)သတိရလိုက်သည်မှာ သူ(မ)ရဲ့အဒေါ်ကြီးက ခုထိ မလာသေးဘူးလားလို့?
သူ(မ)ရဲ့ဗိုက်လေးကို ပွတ်ကာ သောက်နေဆဲဖြစ်သည့် ရီရောင့်သုန်းအား တိတ်တိတ်လေး လှမ်းကြည့်လိုက်သည်။ သားနှစ်ယောက်အား ပထုတ်ပြီးနောက်တွင် အိမ်ထဲသို့ တိတ်တဆိတ် ဝင်သွားပြီး သေချာစဉ်းစားကြည့်လိုက်သည်။ ပြီးခဲ့တဲ့လက သူ(မ)ရဲ့အဒေါ်ကြီး နောက်ဆုံးဘယ်အချိန်က လာတာလဲ?
သို့သော် လွန်ခဲ့သည့်နှစ်လက အိမ်ဆောက်သည့်ကိစ္စနှင့်ပတ်သက်ပြီး သူ(မ) တောက်လျှောက်အလုပ်ရှုပ်နေခဲ့ခြင်းကြောင့် ရှင်းရှင်းလင်းလင်း မမှတ်မိနိုင်ဖြစ်နေ၏။ ထိုကြောင့် သူ(မ)လည်း အထူးတလည် စဉ်းစားမနေတော့ပေ။ ဓမ္မတာကလည်း မှန်သည့်ပုံမပေါ်။
လင်းရှို့ချင်းတစ်ယောက် အနည်းငယ် ဒုက္ခများနေ၏။ သူ(မ) ဒုတိယကလေးမွေးဖွားသည့်အချိန်ကတည်းက အလွန်တင်းကျပ်ခံထားပြီးဖြစ်ပြီး သူ(မ)မှာ ခက်ခက်ခဲခဲနှင့် လွတ်မြောက်လာနိုင်ခဲ့ခြင်းဖြစ်ရာ အခြားသူများကတောင် သူ(မ)လောက် ကံမကောင်းနိုင်တော့ပေ။ တကယ်ပဲ နောက်တစ်ယောက်သာဆိုရင်တော့.....
စိတ်ပူနေစဉ်မှာပင် ကလေးနှစ်ယောက်က ရန်ဖြစ်ကြပြန်ပြီဖြစ်ရာ လင်းရှို့ချင်းမှာ ရွေးချယ်စရာမရှိတော့ဘဲ အပြင်ပြန်ထွက်ရပြန်တော့သည်။
“မေမေ ကိုကို သားကို တွန်းတယ်.....”
“မဟုတ်ပါဘူး မင်းပဲ ငါ့နောက်ကနေ တကောက်ကောက်လိုက်နေပြီးတော့ သား သူ့ကို မမြင်ဘဲနဲ့ အနောက်လှည့်လိုက်တော့ အဲ့ဒါ သူ့ကို တိုက်မိသွားတာ၊ မေမေ သားကို သူ့ကို မကြည့်ခိုင်းပါနဲ့တော့ တကယ် စိတ်တိုဖို့ကောင်းတယ်”
စိတ်တိုလွယ်သည့် ရီချန်ယန်က ငိုနေရင်းဖြင့်ပင် အကိုဖြစ်သူ ရီချန်ဟူအား ပြေးရိုက်လေ၏။
“အဲ့ဒါမင်း! အဲ့ဒါမင်း!....”
ရီချန်ဟူကလည်း စွမ်းအင်ထိန်းသိမ်းသည့်မီးအိမ်လေးမဟုတ်၊ သူက သာမန်ကာလျှံကာ တွန်းထုတ်လိုက်ကာ ရီချန်ယန်တစ်ယောက် မြေပေါ်ပြန်ကျပြီး စတင်အော်ငိုပြန်တော့သည်။
လင်းရှို့ချင်းမှာ ကြည့်နေရင်းဖြင့် ခေါင်းများ ကိုက်လာတော့သည်။ သူ(မ) ဒေါသထွက်နေပြီဖြစ်သော်လည်း နှစ်ယောက်သားက ပြန်ပြီးလုံးထွေးလာကြပြန်ရာ သူ(မ) သူတို့ကို ကြိမ်နဲ့ရိုက်ဖို့ အချိန်ရောက်ပြီပင်!
လိုက်ရှာကြည့်ပြီး ခြံဝင်းထဲတွင် ကြိမ်ရှိမနေဘဲ တံမြက်စည်းသာတွေ့၍ ထိုတံမြက်စည်းကိုသာ ကောက်ကိုင်လိုက်တော့သည်။
ရီချန်ဟူက အခြေအနေမဟန်တော့သည်ကို မြင်သည်နှင့် အမြန်ထွက်ပြေးလေသည်။
လောလောဆယ်တွင် သူ(မ) မပြေးလိုက်ရဲသေးသဖြင့် အနောက်က နေ၍သာ ဆူပူလိုက်တော့သည်။
“ကိုယ့်ညီလေးကိုယ် အလျှော့ပေးရကောင်းမှန်းမသိဘူး၊ တစ်နေကုန် ရန်ပဲဖြစ်နေကြ ထွက်ပြေးပြီးသွားရင် ပြန်မလာခဲ့နဲ့ ငါ့ဆီကို...”
သားကြီးအား ဆူပြီးနောက်တွင် တံမြက်စည်းကို ဘေးတွင် ပစ်ထုတ်ကာ မြေပြင်ပေါ် လှဲလျောင်းနေသေးသည့်သားငယ်အား ကောက်ချီလိုက်ပြီး သူ့အား ဆက်ဆူလိုက်သည်။
“မင်းကရော ဘာလို့ ဒီလောက်အရေထူရတာလဲ? ဘာလို့ သူ့နောက်ကိုပဲ တောက်လျှောက်လိုက်နေရတာလဲ ကိုယ့်ဘာသာကိုယ် မဆော့တတ်ဘူးလား? သက်သက်မဲ့ အရိုက်ခံထိအောင်လို့”
အမေလင်းမှာ မဝင်ပြောဘဲ မနေနိုင်တော့သဖြင့်
“ကလေးတွေက ငယ်သေးတယ်လေ၊ ဟိုဟာဆိုလည်းဆူ ဒီဟာဆိုလည်းဆူ လုပ်မနေနဲ့၊ နင့်ယောင်းမလိုပဲ တစ်နေကုန် ဆူလို့ကို မပြီးနိုင်တော့ဘူး”
“အမေ အမေကပဲ အားချင်းကို ပြောရသေးတယ်နော် သမီးတို့ မောင်နှမတွေတုန်းကလည်း ရွာတစ်ဝက်လောက်ကို အမေပြေးလိုက်ပြီး ရိုက်ခဲ့တာပဲမလား!”
အမကြီးလင်းက ထမင်းပန်းကန်ကိုကိုင်ကာ စားနေရင်းဖြင့် အမေလင်းပြောသံကိုကြားရချိန်တွင် အမြန်ဝင်ပြောလိုက်၏။
“စားနေတာတောင် ပါးစပ်က မပိတ်ဘူး”
အမေလင်းက မျက်စောင်းထိုးလိုက်ပြီး ပန်းကန်များဆေးရန် နောက်ဖေးသို့ ဝင်သွားလိုက်သည်။
ကလေးကို ဆူပြီးနောက်တွင် လင်းရှို့ချင်း အနည်းငယ် နေသာထိုင်သာရှိသွားပြီး သန့်ရှင်းရေးကူလုပ်ပေးရန် အိမ်ထဲ အတူဝင်သွားလိုက်သည်။ သောက်ရင်းဖြင့် နီရဲနေသည့်မျက်နှာနှင့် တစ်ယောက်တည်း ရယ်နေသည့် ရီရောင့်သုန်းကိုကြည့်ပြီး သူ့လက်ထဲမှ ဝိုင်ခွက်အား အမြန်ယူထုတ်လိုက်သည်။
“မူးနေပြီပဲဟာကို ထပ်သောက်နေတုန်းလား? တော်ရောပေါ့ ဒီလောက်ဆို”
ရီရောင့်သုန်း မျက်လုံးများကို မော့ကြည့်ပြီး ပြုံးကာ
“မင်းက ကလေးတွေကိုဆူပြီးတော့ မင်းယောက်ျားကိုပါ ထပ်ဆူအုံးမလို့လား?”
“ဘာတွေပေါက်ကရလျှောက်ပြောနေတာလဲ? ရှင်မူးနေပြီ”
“အို့ခေ အို့ခေ မသောက်တော့ဘူး မသောက်တော့ဘူးနော်....”
“ကျွန်မအိမ်ထဲ ခေါ်သွားပေးမယ်”
ရီရောင့်သုန်းက သူ့လက်ကို သူ(မ)ပုခုံးပေါ်တင်ကာ ယိုင်နဲ့နဲ့ဖြင့် လမ်းလျှောက်သွားပြီး အခန်းထဲဝင်ပြီးနောက်တွင် သူ(မ)မျက်နှာအား နမ်းရှုံ့ပြီးမှ ညစ်ကျယ်ကျယ်ပြုံးရင်း လှဲချလေတော့သည်။
လင်းရှို့ချင်း သူ(မ)ပါးကို ကိုင်ပြီး သူ့အား နူးညံ့စွာ ကြည့်လိုက်သည်။ ထို့နောက် သူ့အား ကူညီပြီး အဝတ်စားလဲပေးရန် ဘောင်းဘီများကို ချွတ်လိုက်သည်။
“မင်း ဘာလုပ်တာလဲ? သူများကို အခွင့်ကောင်းယူနေတာလား?”
သူ မူးကာ တစ်ခုခုပြောချင်နေသေးသည်ကိုကြည့်ပြီး လင်းရှို့ချင်း သူ့လက်မောင်းအား စိတ်ဆိုးစွာ ရိုက်လိုက်ပြီး
“မူးပြီးဆိုတာနဲ့ ပေါက်ကရတွေလျှောက်ပြောတော့တာပဲ လက်ကိုမြှောက်”
“အို့ မင်း ဘာလို့ ဆံပင်ရှည်မထားလဲ?”
“ဆံပင်ရှည်က ဘာလုပ်ရမှာလဲ? သူ့ကိုပဲ လိုက်ထိန်းသိမ်းနေရတော့မှာ”
“လှတယ်လေ မင်းဆံပင်ရှည်လေးတွေ လေထဲလွင့်နေတာ တစ်ခါမှမမြင်ဖူးဘူး၊ သေချာပေါက် ကြည့်ကောင်းနေလောက်မှာ”
လင်းရှို့ချင်း သူ့လက်နားတွင် ရပ်တန့်သွားပြီး
“ရှင် ကျွန်မကို ဆံပင်အရှည်ထားစေချင်လို့လား?”
ခလော~ ခလော~
ဟောက်သံသဲ့သဲ့လေးကို သူ(မ) ကြားကာမှပင် သူ အိမ်မောကျသွားပြီမှန်း သူ(မ)နားလည်လိုက်သည်။ သူ ယခုလေးတင်ပြောလိုက်သည့်စကားများမှာလည်း မသေမချာမသဲမကွဲ။
“ဆံပင်ရှည်ထားရတာက အကြောင်းမဟုတ်ပေမဲ့ လျှော်ရတဲ့အခါ အချိန်အကြာကြီးပေးရတယ်ရှင့်၊ ရှည်ဖို့ကလည်း အကြာကြီးကြာမှာ”
သူ့အဝတ်များနှင့် ဘောင်းဘီများကို ချွတ်ပြီးနောက် ရေတစ်ဇလုံသွားခပ်ကာ သူ့မျက်နှာ၊ လက်များနှင့် ခြေထောက်များကို သန့်ရှင်းရေးလုပ်ပေးပြီးနောက်တွင် သူ့အား ဝမ်းဗိုက်အထိ စောင်ပါးလေးတစ်ထည် ခြုံထားပေးလိုက်သည်။
ရေကို နောက်ဖေးတွင် သွားသွန်ပြီးနောက် နံရံပေါ်တွင် ချိတ်ထားသည့် ပန်းရောင်ပလတ်စတစ်မှန်ဟောင်းလေးတစ်ချပ်ကို သူ(မ) တွေ့လိုက်ရသည်။ သူ(မ)မှာ မနေနိုင်အောင် တစ်ချက်သွားကြည့်လိုက်ပြီး ဆံပင်များကို လက်ငါးချောင်းဖြင့် ဆုပ်ကိုင်လိုက်သည်။ ဆံပင်အတိုက မကောင်းလို့လား?
အမေလင်းက အနောက်ကနေ၍ ခေါင်းဆန့်ထုတ်ကာ သူ(မ)ကိုကြည့်ပြီး သင်္ကာမကင်းဖြစ်စွာ မေးလိုက်ပုံက လင်းရှို့ချင်းအား အထိတ်တလန့်ဖြစ်သွားစေ၏။
“အမေ! ဘာလို့ တိတ်တိတ်လေး လမ်းလျှောက်လာပြီး မပြောမဆိုနဲ့ အသံပေးရတာလဲ?”
လင်းရှို့ချင်း သူ(မ)ရင်ဘတ်ကို ပုတ်ကာ အမေလင်းအား စွေကြည့်လိုက်ပြီး မှန်ကို နံရံပေါ် ပြန်ချိတ်လိုက်သည်။ နံရံပေါ်တွင် မှန်ချိတ်လို့ရစေရန်အတွက် သံတစ်ချောင်း ရိုက်ထားပေးထား၏။
အမေလင်းက သူ(မ)အား စောင်းကြည့်ပြီး သူ(မ)ခြေထောက်အောက်မှ ရေဇလုံအား လှမ်းယူကာ
“ငါ့က ဘယ်မှာ လမ်းတိတ်တိတ်လေးလျှောက်လို့တုန်း? နင့်ဘာသာနင် မှန်ထဲ အာရုံရောက်နေတာ အသိသာကြီးကို”
လင်းရှို့ချင်း ကိုးရိုးကားရားပြုံးပြပြီးနောက် အမြန်လစ်ထွက်လာလိုက်သည်။ မျောက်လောင်းလေးနှစ်ကောင်အား သွားခေါ်ရတော့မည့် အချိန်ပင်။ မှောင်မည်းနေပြီဖြစ်သော်လည်း သူတို့ကို အပြင်တွင် ပြေးလွှားခုန်ပေါက်နေကြဆဲပင်။
ရီရောင့်သုန်း အိပ်ပျော်သွားပြီဖြစ်သော်လည်း တစ်စုံတစ်ယောက် ပျို့အန်နေသည့်အသံကို အဆက်မပြတ် ကြားနေရသည်။ ပထမတော့ အိပ်မက်ပဲဟု တွေးလိုက်မိသော်လည်း နောက်ပိုင်း နားထောင်ပြီးနောက်မှာတော့ အိပ်မက် မဟုတ်သလို။
သူ မျက်လုံးဖွင့်ကြည့်လိုက်ပြီး တစ်ဖက်ခြမ်းရှိ ကုတင်ဘေးနားတွင် သူ့ဇနီး ပျို့အန်နေသည်ကို တွေ့လိုက်ရသည်။
“ဘာဖြစ်လို့လဲ? ညက တစ်ခုခု အစားမှားထားလို့လား?”
“မဟုတ်ဘူး”
“ကျွန်မ ဘာလို့အန်မှန်း ရှင်မသိဘူးလား?”
“ငါ အန်နေတာမှ မဟုတ်တာ မင်း နေမကောင်းဘူးလားဆိုတာကို ငါ ဘယ်လိုသိပါ့မလဲ?”
ရီရောင့်သုန်း ထထိုင်လိုက်ပြီး သူ့နားထင်ကို ပွတ်ပြီးနောက် ဘေးသို့ရွှေ့ကာ သူ(မ)ကျောကုန်းကို ပုတ်ပေးလိုက်သည်။
“ငါ ရေနွေးငှဲ့ပေးရမလား?”
“ရေပဲထည့်ပေး!”
“အင်း”
ရေပူပူအား သောက်ပြီးနောက်တွင် လင်းရှို့ချင်းမှာ အနည်းငယ် နေသာထိုင်သာရှိသွားပြီး အိပ်ရာပေါ် ပြန်လှဲလိုက်သည်။
“အမ်း...ဟမ်!?”
ရီရောင့်သုန်းတစ်ယောက် အထိတ်တလန့် မတ်တတ်ထရပ်လေသည်။
“ရှူး ဘာတွေ ဒီလောက်ဖြစ်သွားစရာ လိုလို့လဲ? ရှင်ဘာလုပ်ထားလဲဆိုတာ ရှင်မသိလို့လား?”
လင်းရှို့ချင်း သူ့ကို စိုက်ကြည့်ပြီး သူ့အသံကြောင့် လန့်ဖျပ်သွားသည့် ကလေးနှစ်ယောက်က တစ်ဖက်သို့စောင်းလာသည်ကိုကြည့်ကာ နှစ်ယောက်ကို ပြန်ကပ်ပေးပြီး ကျောကုန်းအား ပုတ်ပေးကာ ချော့မြှူပေးလိုက်သည်။
“ငါ...ငါ အရမ်း သတိထားခဲ့ပါတယ်၊ ငါ အမြဲတမ်း အပြင်မှာပြီးတာပဲမလား? ပြီးခဲ့တဲ့လက အိမ်ဆောက်လို့ ပင်ပန်းနေတာနဲ့ပဲ ငါတို့နှစ်ယောက် အတူသိပ်မနေဖြစ်ဘူးလေ”
“သေချာပေါက် လုံခြုံစိတ်ချလို့ရတယ်ဆိုတာ ဘယ်မှာရှိလို့လဲ? ဒါက ရှင့်ဟာမဟုတ်ရင် ဘာလဲ သူများဟာလား?”
“ငါ အဲ့လိုဆိုလိုတာ မဟုတ်ပါဘူးကွာ”
ဘုရားသခင်၏အလိုတော်အတိုင်း ကိုယ်ဝန်ဆောင်ရမည့်သူကာ ထိုကံကြမ္မာကို မလွှဲရှောင်နိုင်ပေ။ သူ အစက ထင်ထားခဲ့သည်မှာ ဩဂုတ်လတွင် သူ(မ)နှင့် သူအများကြီးမနေဖြစ်ခဲ့၍လည်း အဆင်ပြေလောက်မည်ဟု။ ယခုမှာတော့ ရီရောင့်သုန်းတစ်ယောက် စိုးရိမ်ကြီးစွာ ခေါင်းကိုကုတ်လိုက်ပြီး လုံးလုံးလျားလျားကို အမူးပြေသွားတော့သည်။
ယခုတွင် သူတို့ထံ၌ သားနှစ်ယောက်ရှိပြီးဖြစ်ကာ ကလေးထပ်ယူခွင့် မရှိတော့ချေ။ ကလေးထပ်မွေးရင် ပြစ်မှုဖြစ်မသွားဘူးလား? သူ အလွန်ကို သတိထားခဲ့သည်လို့ သူ့ကိုယ်သူသာ ခံစားနေရသည်။
ဆေးရုံ၌ ထိုအရာအား သွားဝယ်ရမည်ကို ရှက်ရွံ့နေလို့မဟုတ်ပြီး သူ့တွင် သွားရန် အချိန်ရှိနေခြင်းကြောင့်၊ မဟုတ်လျှင် စောနှင့်ကတည်းက အသုံးပြုသည်ပင်။ သူ ကြားဖူးတာ ယခုဆိုလျှင် တစ်ခါသုံးမဟုတ်တော့ဘဲ ပြန်လည်အသုံးပြုနိုင်ပြီး သုံးပြီးသည်နှင့် ပြန်လည်ဆေးကြောကာ နောက်တစ်ကြိမ် အသုံးပြုနိုင်......
လင်းရှို့ချင်းလည်း စိတ်ပူနေပြီဖြစ်သည်။ ယခုနှစ်မှာ သူတို့၏ကျေးရွာများတွင်တောင်မှ လွန်ခဲ့သည့်နှစ်များကထက် ပို၍တင်းကျပ်ထား၏။ ရီရောင့်သုန်းတစ်ယောက် ဗျာများယောက်ယက်ခတ်ကာ လမ်းလျှောက်နေပုံကိုကြည့်ပြီး သူ(မ)မှာ မူးဝေလာရတော့သည်။ အစက သူ မူးနေသည်ကို မြင်သဖြင့်လည်း အိမ်ရောက်မှပြောရန် စီစဉ်ထားခြင်းပေ။
“အို့...မင်းမွေးမှာလား?”
ရီရောင့်သုန်းမှာ အတန်ကြာ တွေးတောရုန်းကန်ခဲ့ပြီးနောက် နောက်ဆုံးတွင် ယခုလို လူယုတ်မာဆန်သည့်စကားသာ ထွက်လာခဲ့တော့သည်။
လင်းရှို့ချင်းက မပျော်မရွှင်ဖြင့်
“ရှင်ဘာကို ဆိုလိုချင်တာလဲ? ရှင်က မလိုချင်တာလား? အင်းလေ ကလေးက ရှင့်ဗိုက်ထဲမှာ မဟုတ်မှတော့ ရှင်က ဘယ်ခံစားရပါ့မလဲ”
“ဟေ့ မင်း စိတ်မဆိုးပါနဲ့အုံး ငါက ဒီတိုင်းပဲမေးကြည့်တာပါ၊ မင်း ဒုတိယကလေးတုန်းကတောင် ယူလို့မရတာကို တွေးမိလို့မဟုတ်ဘူးလား? ငါတို့မှာ သားနှစ်ယောက်တောင် ရှိနေပြီးပြီလေ တတိယကလေး မလိုပါဘူး၊ မဟုတ်ရင် ....မင်း ဝေဒနာခံစားရမှာလေ”
သူ(မ)ကတော့ ဒေါသထွက်နေဆဲပင်။ သူ့အနေဖြင့် ယခုလိုမေးခွန်းမျိုး မေးထွက်လာသည်က နှလုံးသားမဲ့လွန်းသည်ပင်။
ရီရောင့်သုန်း စိတ်ဆိုးနေဆဲဖြစ်သည့် သူ(မ)မျက်နှာနှင့် စကားမပြောတော့သည်ကို တွေ့ရချိန်တွင် သူ(မ)အနား တိုးကပ်သွားပြီး ချော့လေတော့သည်။
“ငါ ကလေးမလိုချင်ဘူးလို့ ပြောတာမဟုတ်ပါဘူးကွာ၊ မင်းခံစားရမှာကို ကြောက်လို့၊ ရွာမှာတင် ဒုတိယကလေး၊ တတိယကလေးတွေ ဆုံးရှုံးနေကြတဲ့လူတွေ အများကြီးပဲ၊ မင်းကရော ကလေးလိုချင်လို့လား?”
“ဒီကိစ္စက ကျွန်မမွေးချင်တာနဲ့ပဲ မွေးလို့ရသွားတဲ့ကိစ္စလား?”
“ငါကလည်း မလိုချင်ဘူးလို့မပြောမိဘူး၊ အဲ့ဒါကြောင့် မင်းမွေးမှာလားလို့မေးတော့ မင်းက ငါ့ကို စိတ်ဆိုးတယ် မင်း ကလေးလိုချင်လားလို့ ငါမေးပြန်တော့လည်း ငါကပဲမှားပြန်တယ်၊ ငါပြောသမျှအားလုံးက မှားနေတော့တာပဲ”
“ရှင့်ကို ဒီလိုကိစ္စကောင်းကြီးကို လုပ်ပါလို့ ဘယ်သူကရောပြောနေလို့လဲ! “
ရတယ်လေ အားလုံးက သူ့အမှားပဲ!
သို့သော် သူဟာလည်း ပုထုဇဉ်လူသားတစ်ယောက်၊ ငယ်ရွယ်ပြီး အရိုင်းဆန်ကာ လိုအပ်ချက်ဆိုတာလည်း သေချာပေါက် ရှိသည်ပင်။ လွန်ခဲ့သည့်လက သူ အလွန်ပင်ပန်းသဖြင့် အတူတူသိပ်မနေဖြစ်ကာ နေဖြစ်သည့်အချိန်တွင်လည်း အပြင်တွင်ပဲပြီးကာ သူ အချိန်မီ အပြင်သို့ထုတ်လိုက်သည်ကို မှတ်မိနေသေးသည်။ သူ့အမှားလည်းပါသည်ဖြစ်ရာ ဘာပြောလို့ပြောရမှန်းတောင် သူ မသိတော့ချေ။
“ငါ့အမှားပါ ငါ့အမှားပါ မင်း ငါ့ကို ကြိုက်သလောက်ဆူပါ”
ခံစားရသည့်သူက သူ့ဇနီးဖြစ်၍လည်း သူ(မ)ထံ ဝန်ခံရမည်ကို သူ ရှက်နေစရာအကြောင်းမရှိပေ။
“အိပ်ရမဲ့အချိန်ရောက်နေပြီ၊ ကျွန်မတို့ မနက်ဖြန် အိမ်ပြန်ရောက်တဲ့အခါမှ ဒီကိစ္စကို ဆက်ပြောမယ်”
“ဒါဆိုလည်း ငါတို့ အိမ်ပြန်ရောက်မှ ဒီအကြောင်းကို ပြောကြတာပေါ့၊ မင်းလည်း လမ်းမှာ သေချာစဉ်းစားလို့ရတယ်”
“ကျွန်မပဲလား? ရှင်လည်း စဉ်းစားရမှာလေ”
“အေးပါကွာ ငါလည်း စဉ်းစားပါ့မယ်”
ဟေ့ ဒါက သူ့ရဲ့သမီးမိန်းကလေးလေ သူလည်း လိုချင်တာပေါ့ ဒါပေမဲ့ အတိတ်ကလို ပြန်ဖြစ်သွားမှာ သူကြောက်နေတာ၊ ပြီးတော့ ခုနစ်လ၊ ရှစ်လအထိ ဗိုက်ကြီးရမယ့်သူက သူ မဟုတ်တော့....
