Chapter 132.2

1.2K 138 0
                                    

အပိုင်း (၁၃၂.၂)

ရီရောင့်သုန်းက လှေလှော်ရင်းဖြင့် ပြောလိုက်သည်။
 
“မင်းယောက္ခမအိမ်သွားတာ ပျော်ဖို့ကောင်းရဲ့လား? မင်း အဲ့မှာ ရက်နည်းနည်းလောက်ထပ်နေပြီး ဒီမှာ ဥပုသ်စောင့် ဆုတောင်းပြီးတဲ့အခါမှ ပြန်လာရမှာ”
 
“ဒီလိုပါပဲ အဲ့ဒီမှာက တောင်တွေချည်းပဲဆိုတော့ ငါ တောင်ပေါ်တက်ပြီးတော့တောင် တည်သီးသွားခူးခဲ့သေးတယ်၊ ပြီးတော့ တောကောင်အော်သံတွေလည်း တစ်ချိန်လုံး ကြားနေရတာ ငါ့ယောက္ခထီးဆီမှာ သေနတ်မရှိတာ နှမြောစရာပဲကွာ မဟုတ်ရင် ညဘက် အမဲလိုက်လို့ရပြီ”
 
“တကယ်ကြီးလား?”
 
နှစ်ယောက်သား၏မျက်လုံးများက ရီရောင့်သုန်းစကားကြားသည့်အချိန်တွင် ဝင်းလက်သွားကြသည်။
 
“တကယ်တော့ ငါတို့တောင်ပေါ်မှာ ရစ်ငှက်ရိုင်းတွေအများကြီးပဲ ရှိတယ်၊ အားကွမ်က တောင်နောက်မှာနေတာဆိုတော့ ရစ်ငှက်အော်သံတွေ တချိန်လုံးကြားနေရတာ၊ သူတို့ကလည်း ဖမ်းဖို့ခက်သား သေနတ်ရှိမှ အဆင်ပြေတာ”
ရီရောင့်သုန်း ခေါင်းခါကာ 
 
“ဖမ်းလို့မရလည်း ဘာအရေးမှတ်လို့ကွာ၊ ပင်လယ်ထဲမှာပဲ ရိုးရိုးသားသား ငါးရှာထွက်ရအောင်၊ ငါ့ယောက္ခထီးအိမ်မှာနေတုန်းက တရုတ်ငါးကြင်းကြီးတစ်ကောင်တောင် ဖမ်းမိလာခဲ့သေးတယ်”
 
“ဟမ်?”
အသေးလေးက စိုက်ကြည့်ရင်းဖြင့် 
 
“တရုတ်ငါးကြင်းကြီးတောင် ဖမ်းမိလာခဲ့တယ်ပေါ့? အဲ့အကောင်တွေက အရမ်းရှားတာလို့ ငါကြားထားတာ”
 
 
“ဘာတရုတ်ငါးကြင်းလဲ? မြစ်ထဲကငါးက ဘာအထူးအဆန်းဖြစ်စရာရှိလို့လဲ?”
 
“မင်း အဲ့ဒါကို မသိဘူး မဟုတ်လား? ငါ ရေဒီယိုကနေ နားထောင်ထားတာ ကျွမ်းကျင်သူတစ်ယောက်က ပြောတာ ဒါတွေအကုန်လုံးက ကယ်ကျိုးပါးကြောင့် ဖြစ်လာတာတဲ့၊ သူတို့က သူတို့မွေးရပ်မြေကို ဥ,ဥဖို့ မပြန်နိုင်ကြတော့ နှစ်နှစ်သုံးနှစ်အတွင်း ၉၇ ရာခိုင်နှုန်းလောက် ပျောက်ကွယ်သွားတာ၊ နောက်နှစ်အနည်းငယ်ဆို မျိုးသုဉ်းတော့မယ်လို့တောင် ခန့်မှန်းထားကြတာ”
 
အသေးလေးက သူ့အား တရုတ်ငါးကြင်းအကြောင်း အကြမ်းဖျင်း ရှင်းပြပေးသည်။ သူလည်း အကြောင်းစုံအား ဂဃနဏတော့ သိသည်မဟုတ်ပေ။
 
“လခွမ်း ရောင့်သုန်း မင်းကတော့ ထပ်ချမ်းသာပြန်ပြီလား?”
 
“ဘာလို့ချမ်းသာရမှာလဲ? ငါက နိုင်ငံကြီးသားပီသတယ်လေ အဲ့တော့ ချက်ချင်း ပြန်လွှတ်ပေးလိုက်တာပေါ့၊ နောက်တော့ ငါ့ယောက်ဖက ငါးလုပ်ငန်းဗျူရိုကို အကြောင်းကြားလိုက်တော့ သူ့ကို နောက်တစ်ခေါက် ထပ်ဖမ်းပေးရသေးတယ်၊ ခုချိန်လောက်ဆိုရင်တော့ ချန်ကျန်းမြစ်ထဲ ပို့ပေးပြီးလောက်ပြီ! ငါတို့တွေ စစ်ငါးအကောင်ရှစ်ဆယ်ကျော်လောက်လည်း ဖမ်းမိလာခဲ့သေးတယ်ကွ၊ ငါးတွေကို ငါးလုပ်းငန်းဗျူရိုဆီကိုပဲ ရောင်းလိုက်တာ၊ မဟုတ်ရင် ဒီရေချိုငါးတွေက ရောင်းရတအားခက်ခက်”
 
“ရေချိုငါးက မြေကြီးနံ နံရနံနဲ့ အရသာက‌လည်း တစ်စက်ကလေးမှမရှိတာကို ဘယ်သူက ဝယ်ပါ့မလဲ၊ ဘာလို့ အများကြီး အပင်ပန်းခံဖမ်းနေရမှာလဲ”
 
ရီရောင့်သုန်း သူ့အား စစ်ငါး၏ အောင်မြင်ကျော်ကြားမှုအကြောင်းကို ပြန်ပို့ချပေးလိုက်၏။ ပင်လယ်သားများက ပင်လယ်ငါးများနှင့် ရင်းနှီးပြီး ရေချိုငါးဆိုလျှင် ငါးကြင်းမြီးကွက်၊ မြက်စားငါးကြင်းနှင့် ငါးသလဲထိုးများကိုသာ သိကြကြောင်း ရှင်းပြလိုက်၏။
 
အားကျန်းက ကြားပြီးနောက်တွင် အားကျစွာဖြင့် 
 
“မင်း ဘယ်မှတောင် မသွားရသေးဘူးမဟုတ်လား? ဘာလို့ ငါ့ကျတော့ ဒီလိုကံမျိုးမရှိရတာလဲ?”
 
“နှမြောစရာက ၁၅ ရက်နေ့ပြီးသွားတဲ့အထိ ငါတို့ သက်သတ်လွတ်စားရမှာ၊ ဆိပ်ခံကလည်း မနက်ဖြန်ဆို ကုန်လက်ခံတော့မှာမဟုတ်ဘူး၊ မဟုတ်ရင် ငါတို့တွေ မနက်ဖြန်ကျ ပင်လယ်ထဲသွားလို့ရလောက်အုံးမှာ၊ ငါတို့အတူတူ မသွားရတာတောင် တော်တော်ကြာနေပြီနော်”
အသေးလေးက အနည်းငယ် နောင်တ‌ရနေ၏။ မဟုတ်လျှင် ချမ်းသာနိုင်ရန်အတွက် အားသုန်းနောက် လိုက်ရမည်ပင်။
 
“အရင်ဆုံး ဆုတောင်းပါအုံးကွာ အဲ့ဒီတော့မှ ငါတို့အကုန်လုံးလည်း အန္တရာယ်ကင်းကြမှာ၊ အနာဂတ်ဆိုတာ တစ်သက်လုံးရှိနေမှာ၊ နောက်လအထိပဲစောင့်”
 
ရီရောင့်သုန်းကတော့ စိတ်အေးလက်အေး ဝင်ပြောလိုက်၏။
သူ့အမေ မနက်ကပြောခဲ့သည့် ရက်ရွှေ့မည်ဆိုသည့်အကြောင်း အမှတ်ရကာ 
“အို့ ဒါနဲ့ ငါ့အမေပြောတာ အိမ်ပြောင်းမဲ့ရက်ကို ၂၆ ရက်နေ့ ရွှေ့လိုက်ပြီတဲ့နော်”
 
“အားကျန်းလက်မထပ်ခင် နှစ်ရက်အလိုပဲကွ၊ ငါတို့တွေ ရက်ဆက်တိုက် ညစာလွတ်ပြီကွာ၊ အိမ်တက်ဝိုင်ရော အိမ်သွယ်တော်ဝိုင်ရော မင်္ဂလာဝိုင်ရော ညစာစားပွဲကတော့ ရှည်ပြီကွာ~~”
 
“ဟ တကယ်ကြီး ရက်ဆက်တိုက်စားသောက်လို့ရတာကွာ၊ အဲ့ဒီရက်ပြောင်းလိုက်တာ ကောင်းသွားတာပဲ”
 
လှေနှစ်စီးက ဘေးချင်းကပ်လျက်သားဖြင့် အတူတူ ကမ်းကပ်လိုက်ကြသည်။
 
 
“ဒီလွန်ခဲ့တဲ့နှစ်ရက်ကလေ အိမ်မှာကွန်ပစ်တဲ့လူမရှိဘဲနဲ့ ငါးလာရောင်းတဲ့လူရှိသေးလား?”
 
“မရှိဘူးလေ! ငါ ဒီရက်ပိုင်းတွေထဲ ဖောက်သည်ငါးဖမ်းလှေတွေဆီကနေပဲ ဝယ်တာပါ တခြားဘယ်သူမှ ဘာမှလာမရောင်းကြဘူး၊ ဘာဖြစ်လို့လဲ?”
“ပင်လယ်ထဲမှာ ချထားတဲ့ကျွန်တော်လှောင်အိမ်တွေကို နှစ်တန်းတောင် ခိုးသွားလို့လေ၊ ဘယ်မျိုးမစစ်လိပ်မြေးက ဒီလိုယုတ်ညံ့တာတွေ လုပ်သွားမှန်းမသိဘူး”
“အို့ ဒါက ပုံမှန်ပါပဲကွာ၊ ဘယ်လှောင်အိမ်တွေ ကိုရီးယားကွန်တွေကများ အခိုးမခံရတာရှိဖူးလို့လဲ? သူတို့အိမ်မှာတောင် ကွန်မရှိတာ ဘယ်သူက လာရောင်းရဲပါ့မလဲ? သူတို့ဘာသာသူတို့ ပြန်ယူသွားပြီး စားကြတယ်နေမှာပေါ့”
 
“ထားလိုက်တော့ ပုံးယူလာခဲ့၊ ကျွန်တော် ဒီငါးတွေ ရလာခဲ့တယ် အလေးချိန်ချိန်မယ် သူတို့ကို”
 
အားချိုင်က သူ သွန်ချလာသည့် ပုံးနှစ်ပုံးမှ ငါးများကို ကြည့်ကာ အံ့အားတသင့်ဖြင့် 
 
“မင်း အများကြီးရလာခဲ့တာပဲ ခရင်မ်ကဏန်းသုံးကောင် နဲ့ ကဏန်းပြာနှစ်ကောင်တည်းနဲ့တင် သူများ ခုနစ်တန်း၊ ရှစ်တန်းချတာထက်တောင် များသေးတယ်၊ ပြီးတော့ ပုစွန်တွေရောပဲ”
 
“ဟိုနှစ်တန်းသာ မခိုးခံရရင် ဒီထက်နှစ်ဆရှိမှာဗျ”
 
အားကျန်၏စကားကိုကြားပြီး ရီရောင့်သုန်း၏ နှလုံးသားမှာ နာကျင်လာရပြန်၏။
 
“မပြောပါနဲ့တော့ကွာ မင်း ထပ်ပြောရင် ငါ ရင်နာလို့ သေမှာပဲ”
အသေးလေးက နှစ်သိမ့်ပေးလိုက်၏။
 
“ဒီလောက်နဲ့တင် အများကြီးကောင်းနေပါပြီကွာ မင်းကလည်း၊ အနည်းဆုံးတော့ ငါတို့လို တစ်နေကုန် ပင်ပင်ပန်းပန်း ဖမ်းတာထက်တောင် များနေသေးတယ်၊ ငါတို့နှစ်ရက်ရှာတာတောင် မင်းလောက်မရဘူး”
 
ထိုစကားလုံးများက သူ့အား ချက်ချင်းဆိုသလို ဖြေသိမ့်သွားစေ၏။ ယခင်ကကွန်များနှင့် မယှဉ်သာသော်လည်း ယခုကာ လုံလောက်သည်ထက်ကို ပိုနေပြီဖြစ်သည်။
 
အားချိုင်က ကုန်ပေါင်းစုံကို စကေးလ်ပေါ်တင်ပြီး အမြန် ဘောက်ချာဖွင့်ပေးလိုက်သည်။
 
“ဒီနေ့ မင်းရဲ့ကုန်က ၂၅ ယွမ်နဲ့ ၆ ဆင့်၊ သူတို့က အများဆုံးရောင်းရလည်း ဆယ်ယွမ်ကျော်ကျော်ပဲ၊ မင်းမှာ ကွန်နှစ်တန်းတည်းနဲ့တောင် ဒီလောက်ရတာ မိုက်တာပေါ့ကွ၊ မင်းဟာအများစုက ပုစွန်တွေ၊ ကဏန်းနီတွေနဲ့ ကဏန်းပြာတွေလေ”
 
ဝင်ငွေလေးက သူ့ရဲ့စိတ်ဓာတ်ကျမှုအား ချက်ချင်း ပြန်ကုစားပေးသွား၏။ သူက အပြုံးဖြင့် ဘောက်ချာစာရွက်ကိုခေါက်ကာ ထည့်သိမ်းလိုက်သည်။ သူ ကျင်းတစ်ကျင်းစာ ပုစွန်များကိုလည်း ချန်ထားသေး၏။ ၎င်းက မနက်ဖြန်ဆောင်းလယ်ပွဲတော်အတွက် သူ့ဇနီး၏ခန္ဓာကိုယ်အား အားပြန်ဖြည့်ပေးနိုင်ပေသည်။
 
ကလေးမွေးသည်ဖြစ်စေ၊ မမွေးဖြစ်စေ ကိုယ်ခန္ဓာကိုတော့ သေချာပေါက် ထိန်းသိမ်းသင့်သည်မဟုတ်လား။
 
အသေးလေးနှင့် အားကျန်ကလည်း သူ့အား အားကျစွာကြည့်ပြီး 
 
ရီရောင့်သုန်းကလည်း ဘေးတွင်ရပ်ကာ စောင့်နေပြီး သူ့တို့အား ခဏနေလျှင် သူ့မြေလှောင်ကွန်ကို ကူသယ်ပေးရန် တောင်းဆိုရမည်။ သူ့ကိုယ်ပိုင်လှည်းက မကောင်းသဖြင့် သူများလှည်းချည်းပဲ နေ့တိုင်းဆိုသလို သွားငှားနေရသည်က မကောင်းလှချေ။
 
အားချိုင်က သူတို့လာရောင်းသည့် ကုန်များကို စာရင်းတွက်ပေးပြီး ဘောက်ချာအား ကမ်းပေးလိုက်သည်။
 
“မင်းတို့ရဲ့ ၉ယွမ် ၈၀ဆင့်”
“အပြတ်ပေးလိုက်ပါလား! ကျွန်တော်တို့တွေက လူရင်းတွေပဲကို အပြတ်ပေးလေ”
“မရလို့ပါကွာ မင်းတို့ကို ၂၀ ဆင့်တောင် ထပ်ပေးရအုံးမှာ မင်းတို့လည်း အများကြီးရောင်းပြီးနေပြီပဲကို၊ ဒါနဲ့ မင်းတို့ကောင်တွေ ဒီရက်ပိုင်းထဲ အလုပ်တွေတအားကြိုးစားလှချည်လား?”
“မိသားစုနဲ့ဖြစ်နေပြီလေ တစ်ချိန်လုံး ပျင်းနေလို့ ဘယ်ဖြစ်ပါ့မလဲ? အားသုန်းတောင် ပြောင်းလဲနိုင်သေးတာပဲ ကျွန်တော်တို့လည်း နောက်ကောက်ကျကျန်ခဲ့လို့ ဘယ်ဖြစ်ပါ့မလဲ”
 
“ကြိုးစားထားကြကွာ လူငယ်လေးတို့”
 
မယှဉ်ကြည့်လျှင်တော့ ဘာမှကွာခြားသွားမည်မဟုတ်ပေ။ ယခုတွင် ရောင့်သုန်းတစ်ယောက် အလွန်စိတ်ကျေနပ်နေ၏။
 
“မင်းတို့ ပြီးကြပြီလား? ပြီးသွားရင်ကွာ ငါ့ရဲ့မြေလှောင်အိမ်ကို ကူရွှေ့ပေးကြပါအုံး၊ ‌ခုထိလှေပေါ်မှာပဲရှိနေသေးတယ်”
 
အားကျန်း : “လက်စသတ်တော့ မင်းက ငါတို့ကို ကူလီလုပ်ခိုင်းချင်လို့ စောင့်နေတာကိုး”
အသေးလေးက မျက်စောင်းထိုးပြီး သူ့လက်မောင်းကို အားကျန်းပုခုံးပေါ်တင်ကာ 
 
“မင်းက ခုမှသိလား? ဒီလောက်များတဲ့ မြေလှောင်ကွန်တွေကို မြင်ကတည်းက ဒီကောင့်ကို ငါတို့ ကူညီပေးရတော့မယ်ဆိုတာ သိနေပြီးသား”
 
“မင်းတို့နှစ်ယောက်ထဲက တစ်ယောက်က ကူရွှေ့ပေး၊ နောက်တစ်ယောက်က ငါ့အတွက် စကူတာ သွားငှားပေးကွာ”
အသေးလေးက မျက်လုံးများမြှင့်ကာ 
“မင်းကို ကူလည်း ရွှေ့ပေးရအုံးမယ် သွားလည်း ငှားပေးရအုံးမယ်၊ ဘာလို့ မင်းဘာသာမင်း သွားမငှားလဲ? မြေလှောင်ကွန်တွေက မင်းဟာတွေလေ!”
 
“ငါ ခဏခဏသွားသွားငှားနေရလို့ပေါ့ ကြာတော့ မျက်နှာပူလာပြီ၊ အနည်းဆုံးတော့ လူပြောင်းသင့်ပြီလေကွာ! မင်းတို့နှစ်ယောက်ထဲက တစ်ယောက်သွားပေးစမ်းပါ”
 
အားကျန်းကလည်း 
“မင်း မြေလှောင်ကွန်တွေ သိမ်းဖို့ ထွက်လာမှန်းသိရင်လည်း ဘာလို့ အစကတည်းက မတွန်းလာလိုက်လဲ? ဘာပဲဖြစ်ဖြစ် လှည်းတိုင်းမှာ အမှတ်အသားရှိနေတာပဲကို ဘယ်သူမှမခိုးဘူး”
 
“လောလော,လောလောနဲ့ထွက်လာရတော့ မစဉ်းစားမိလို့ပါကွာ၊ သွားပါ ငါ့အတွက် တစ်ခုလောက်သွားငှားလာပေးစမ်းပါ”
 
အားကျန်းက အသေးလေးကိုကြည့်ရင်း 
“ကျောက်တုံး ကတ်ကြေး စက္ကူချမယ် ရှုံးတဲ့လူ သွားငှားကြေး”
 
အသေးလေး သူ့ကို မျက်လုံးမှေးကြည့်ကာ 
 
 
ထို့နောက် တစ်ဖက်သို့လှည့်ပြီး အနီးနားရှိ မိသားစုဆီမှနေ၍ စကူတာတစ်ခု ငှားရန် ထွက်သွားလိုက်သည်။
 
အားကျန်းက သူ့နောက်ကျောကို ရွံ့ရှာစွာကြည့်ပြီး 
 
“ဟွန့် မနက်တုန်းကပဲ သူပဲ ဘယ်သူကွန်အရင်ပစ်မလဲ ဆိုပြီး ကျောက်တုံး၊ ကတ်ကြေး၊ စက္ကူချနေပြီးတော့များ အခုကျမှ လာဟန်ဆောင်နေတယ်”
 
“လာပြီး ကူရွှေ့ပေးအုံးဟ စကားပဲ ထိုင်များမနေနဲ့”

၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now