Chapter 54

1.8K 157 0
                                    

အပိုင်း (54)


အိတ်ပါ ယူဖို့လိုလို့လား ...

ကောက်စရာ ပင်လယ်စာတွေ အများကြီးရှိမှာမလို့လား။

လင်းရှို့ချင်း တစ်ယောက် သံသယများဖြင့် ရီရောင့်သုန်း အနောက် လိုက်သွားလေသည်။ ဒီရေက အနည်းငယ်လေး ကျသွားရုံဖြစ်ပြီး အဝေးမှ လှိုင်းအထပ်ထပ်ဖြင့် လှိမ့်လာနေသည့် လှိုင်းလုံးကြီးများအား ကြည့်ကာ လင်းရှို့ချင်းမှာ မှင်သက်မိသွားရသည်။

သူ(မ)သည် အိမ်ထောင်သက် ငါးနှစ် ရှိပြီဖြစ်ပြီး တိုင်ဖွန်မုန်တိုင်း ဝင်နေစဉ်အတွင်း  ကမ်းခြေဘက်သို့ တစ်ခါမျှ မရောက်ခဲ့ဖူးပေ။ သူ(မ) ကိုယ်ဝန်လွယ်စဉ်အခါကပဲဖြစ်ဖြစ် သားသမီးများကို ပြုစုစောင့်ရှောက်ပေးခဲ့စဉ်ကပဲ ဖြစ်ဖြစ်။

"မမိုက်ဘူးလား? ဒီကကမ်းခြေက အတော်လေးလှတာ"

တိုင်ဖွန်နေ့ဖြစ်၍ ပင်လယ်ရေက ဝါကျင်ကျင်ဖြစ်နေ၏။

"ဒီကိုလာတာ ပင်လယ်စာကောက်ဖို့နော် အကြာကြီးမနေဘူး၊ ပင်လယ်ထဲ အမြန်ဆင်းပြီး အမြန်ပြန်ကြရအောင်၊ မိုး ဘယ်ချိန်ပြန်ရွာချမလဲဆိုတာ ဘယ်သူမှမသိဘူး"

သူ(မ)က ပြောရင်းဖြင့် ပင်လယ်ထဲ ဆင်းလျှောက်လေသည်။

ရီရောင့်သုန်း တစ်ယောက် သူ(မ)အဝေးသို့လျှောက်သွားပုံကို ကြည့်ကာ ခေါင်းကို ခါယမ်းလိုက်သည်။ Romantic ဆန်လို့ကို မရဘူး.....။

"အား၊ တကယ်ပဲ ဒီမှာ ကောက်ဖို့ ပင်လယ်စာတွေ ရှိတယ်တော့်"

လင်းရှို့ချင်း တစ်ယောက် ပင်လယ်ဘက်သို့ ခြေချလိုက်သည်နှင့် သူ(မ)ခြေထောက်အောက်မှ ခုံးအကြီးကြီး တစ်ကောင်ကို သတိထားမိလိုက်ပြီး ဝမ်းသာ အံ့အားသင့်သွားရတော့သည်။

သူက ရှေ့သို့ အမြန်လှမ်းလိုက်ပြီး ...

"ငါ မင်းကို လိမ်လို့လား။ ကြည့်လေ၊ ဒီမှာ ကောက်စရာတွေ ရှိပါတယ်ဆို"

လင်းရှို့ချင်းက သူ့ကို မျက်စောင်းထိုးလိုက်ပြီး

"‌ဒါက အဲ့လောက်လည်း‌ ဈေးမှ မရတာ၊ မုန်တိုင်းဝင်နေတာကို ရှင်က ကျွန်မကို ဒါလေးကောက်ဖို့ ခေါ်ထုတ်လာတယ်ပေါ့၊ ပိုကောင်းတာတစ်ခုခုရှိတယ်ဆိုရင် တော်သေး"

"ဘာရှိလဲဆိုတာ ခဏလောက် ပတ်ကြည့်ရမှာပေါ့၊ လှိုင်းတွေ ဒီလောက်ကြီးတာကို ပင်လယ်စာတွေ ကုန်းပေါ် မရောက်ဘူးလို့ ပြောလို့မရဘူးလေ"

"အမ်း"

ရှေ့သို့ ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက်တွင် သူ(မ)က နောက်ထပ် ခုံးအကောင်ကြီးကြီးတစ်ကောင်ကို ကောက်နိုင်ခဲ့ပြန်သည်။ လင်းရှို့ချင်း၏ မျက်နှာက ပျော်ရွှင်မှုဖြင့် တောက်ပလာ၏။ ဒါက ဆောင့်ကြောင့်ထိုင်ကာ သဲခုံများ ထိုင်တူးရသည်နှင့် ကွာခြားလေသည်။ သည်အကောင်က တူးထုတ်စရာ မလိုသည့်အပြင် သဲခုံးထက်လည်း ငါးဆ ခြောက်ဆလောက် ကြီးသည်။ လမ်းလေးလျှောက်ရုံဖြင့် တစ်စုံတစ်ခု ရှာတွေ့သည့် ခံစားချက်က ကြည်နူး ပျော်ရွှင်ဖွယ် ကောင်းလှသည်။

ရောင့်သုန်းကလည်း တစ်ခု ကုန်းကောက်လိုက်ပြီး ...

"ဟေး၊ ငါလည်း တစ်ခု တွေ့တယ်ကွ၊ ဒါပေမဲ့ မင်းတွေ့ထားတဲ့ နှစ်ခုလောက် မကြီးဘူး"

"ခုံးပဲ ကောက်ဖို့ရှိတာလား"

"လျှောက်ပြီး ကြည့်ကြည့်ရအောင်လေ"

သူ့ အတွေ့အကြုံအရဆိုလျှင် လှိုင်းကြီးများဖြင့် တိုင်ဖွန်ရာသီ အတောအတွင်း ကမ်းခြေပေါ် သောင်တင်နေသည့် ပင်လယ်စာများ ရှိကိုရှိရမည်ဖြစ်သည်။ ထို့ကြောင့်လည်း တိုင်ဖွန်းမုန်တိုင်ကိုပင် လျစ်လျူရှုကာ ဒီရေပြန်ကျသွားချိန်တွင် သူ(မ)ကို ခေါ်ထုတ်လာခဲ့ခြင်း ဖြစ်သည်။

"ငါး....ငါး"

လင်းရှို့ချင်းက စိတ်လှုပ်ရှားစွာ သူ့လက်မောင်းကို လှမ်းဆွဲလိုက်ပြီး ရှေ့ရှိလှိုင်းများဆီ ညွှန်ပြကာ ...

"ဟိုမှာ...."

ရီရောင့်သုန်းက သူ(မ)လက်ညိုးညွှန်ရာနောက် လိုက်ကြည့်လိုက်သည်။ ရေပြင်မှ ခုန်ထွက်ကာ လှိုင်းကြောင့် မျောလာသည့် ငတုံးပုံစံနှင့် ငါးတစ်ကောင်ကို တွေ့လိုက်ရ၏။ လှိုင်းပြန်ကျသွားသည်နှင့် ငါးက ကမ်းပေါ်တွင် ခုန်ဆွခုန်ဆွနှင့် သောင်တင်နေဆဲ ဖြစ်သည်။

လင်းရှို့ချင်းက သူ(မ)လက်ထဲမှ ခုံးများကို သူ့လက်ထဲ အမြန်ထိုးထည့်လိုက်ပြီး ငါးကို ကောက်ရန် အရှေ့သို့ ပြေးသွားလေတော့သည်။ သို့ရာတွင် ငါးကို လက်ထဲ ကိုင်လိုက်ချိန်တွင်တော့ အလွန်ချော်နေမှန်း သိလိုက်ရပြီး ၎င်းက ချော်ထွက်လိုက်၊ ပြုတ်ကျလိုက် ဖြစ်နေ၏။

လှိုင်းရိုက်ခတ်လာတော့မည့်အချိန်တွင်တော့ ရီရောင့်သုန်းတစ်ယောက် ခုံးများကို သူ့အိတ်ကပ်ထဲ အမြန်ထိုးထည့်လိုက်ပြီး ကမ်းခြေပေါ်သို့ ငါးအားကန်ထုတ်ရန် ရှေ့သို့ အလောတလျင် ပြေးသွားလိုက်သည်။ ထို့နောက် ဇနီးဖြစ်သူအား သူ့လက်မောင်းများထဲ ထားလိုက်ပြီး သူ(မ)အား ချဉ်းကပ်လာနေသည့် လှိုင်းလုံးကြီးထံမှ ကာကွယ်ရန် သူ့ကျောဖြင့် ကွယ်ထားလိုက်သည်။

လှိုင်းကြီး တစ်လုံးက သူ့ကျောပြင်ကို ရိုက်ခတ်သွားပြီး သူ့အား ရွဲရွှဲစိုသွားစေကာ တစ်ကိုယ်လုံး အေးစိမ့်သွားစေ၏။ ပင်လယ်ရေများက သူ့နဖူးထက်မှ ကျဆင်းနေပြီး လင်းရှို့ချင်းမှာမူ သူ၏ ပွေ့ဖက်မှုအောက်တွင် အကာအကွယ်ပေးခံရသဖြင့် လှိုင်းဒဏ်မခံလိုက်ရချေ။ သူ့ခေါင်းထက်မှကျလာသည့် ပင်လယ်ရေသာ သူ(မ)မျက်နှာကို လာစင်လေသည်။

လင်းရှို့ချင်းက မျက်တောင်လေး ခပ်ပြီး သူ့အား မသေချာ မရေရာမှုများဖြင့် ကြည့်ကာ

"ရှင် အဆင်ပြေရဲ့လား။ ဘာလို့....ဘာလို့ ကျွန်မကို လာ‌ကာပေးရတာတုန်း။ ကြည့်အုံး ရှင့်တစ်ကိုယ်လုံး စိုရွှဲကုန်ပြီ၊ အိမ်ပြန်ပြီး အဝတ်အစား လဲရအောင်....."

သူက သူ့မျက်နှာထက်မှ ပင်လယ်ရေများကို သုတ်လိုက်ပြီး သာမန်ကာလျှံကာဖြင့်

"အဆင်ပြေတယ်၊ စိုသွားတဲ့အင်္ကျီကိုပဲ ချွတ်ထားလိုက်မယ်၊ မင်းက ဟိုငတုံးငါးကိုသာ သွားကောက်လိုက်၊ အလေးချိန် တော်တော်စီးတာမလို့ ငါးကျင်းခြောက်ကျင်းလောက်တော့ရှိမယ်၊ ပြန်ယူသွားရအောင်၊ တစ်ဝက်ကိုစိမ်ထားပြီး နေ့လည်စာ ငါးအသားစွပ်ပြုတ် လုပ်သောက်ကြတာပေါ့"

"အိုး၊ အိုခေ အိုခေ"

အချက်အလက်အားဖြင့် ဤငါး၏သိပ္ပံအမည်မှာ Trachurus japonicus သို့မဟုတ် ဂျပန်မြင်းမက်ကရယ် ဖြစ်သည်။ သို့သော် ဤနေရာရှိဒေသခံများက ငါးမိုက် သို့မဟုတ် ငတုံးငါးဟု ခေါ်ကြပြီး အလွန်စျေးတော်သည့် အကောင်ဖြစ်သည်။ နောင်တွင် သူတို့ရွာရှိလူများက တစ်ကျင်းလျှင် ငါးယွမ်ဖြင့် ဆိပ်ကမ်းတွင် ဝယ်ယူကြပြီး အပြင်လူများကမူ တစ်ကျင်းလျှင် ရှစ်ယွမ်ဖြင့် ဝယ်ကြရသည်။ ယခုအချိန်တွင်တော့ လေးဆင့်မှ ငါးဆင့်ခန့်သာ ပေးဝယ်ရလေသည်။

ဘာလို့ ငတုံးလို့ခေါ်လဲဆိုတော့ လုံးဝ သွပ်သွပ်ခါအောင် ရူးနေလို့လေ။

သူ့လောက် ဘယ်ငါးမှ မရူးဘူး။

ငါးဖမ်းလှေများ ပင်လယ်ပြင်တွင် လှော်ခတ်နေကြစဉ်အတွင်း ဤငါးများက မကြာခဏဆိုသလို သူ့ဘာသာသူ ကုန်းပတ်ထဲ ခုန်ဝင်ကြပြီး ငါးဖမ်းသမားများအတွက် အရံဟင်းစားအဖြစ် သူတို့ကိုယ်သူတို့ ဆက်သကြလေသည်။

ဤသို့သော အခြေအနေမျိုးက တစ်ကြိမ်လည်းမဟုတ် နှစ်ကြိမ်လည်းမဟုတ်၊ မကြာခဏ ဖြစ်တတ်သဖြင့် ဒေသခံ ငါးဖမ်းသမားများ အားလုံးက သူတို့ကို ငတုံး၊ ငအများဖြင့် သတ်မှတ်ထားကြလေသည်။

လင်းရှို့ချင်းတစ်ယောက် အကြိမ်များစွာ ကြိုးစားဖမ်းကြည့်သော်လည်း မဖမ်းမိနိုင်ဖြစ်နေ၏။ သူ(မ) ဖမ်းကိုင်လိုက်သည့်အချိန်တိုင်း သူက အမြှီးကိုခါယမ်းပြီး ကမ်းခြေပေါ်  ချော်ထွက်သွားသည်။

"မင်းဟာလေ၊ အရမ်း နမော်နမဲ့နဲ့"

ရီရောင့်သုန်းက သူ့အိတ်ကပ်ထဲမှ အိတ်ကိုထုတ်ခါလိုက်ပြီး ငတုံးငါး‌ ရှေ့တွင် ဖွင့်ကာ တစ်ချက်ကန်လိုက်ရုံဖြင့် ပစ်ထည့်လိုက်သည့် ခုံးကောင်များနှင့်အတူ အိတ်ထဲဝင်သွားတော့သည်။

"ကျွန်မသာ ကြိုသိရင် ပုံးတစ်ပုံးလောက် ယူလာခဲ့တာပေါ့၊ အိတ်ထဲထည့်လိုက်မှဖြင့် သေတော့မှာပေါ့"

"ငါတို့ ပြန်တဲ့အချိန် သူသေသွားလည်း ကိစ္စမရှိဘူး၊ ပုံးထဲရေထည့်ပြီး မင်းက သူ့ကို အရှင်ခေါ်သွားချင်နေတာလား။ အဲ့လောက်လည်း တန်ဖိုးကြီးတာမှမဟုတ်တာ၊ သွားစို့"

"ဟုတ်ပါပြီ ရှင်"

ခြေလှမ်း အနည်းငယ် လှမ်းလိုက်ရုံဖြင့် ကျောက်ဆောင်ဘေးတွင် ကပ်နေသည့် ရွှေရောင်အမြီးစွန်းလေးကို ရီရောင့်သုန်း တစ်ယောက် မျက်စိလျင်စွာ သတိထားမိလိုက်သည်။  သူက သူ့မိန်းမကို ဆွဲခေါ်လိုက်ပြီး

"ဒီမှာကြည့်..."

လင်းရှို့ချင်းလည်း ချက်ချင်း တွေ့သွားပြီး အံ့အားသင့်စွာဖြင့် ...

"အား၊ ငါးမုတ်ကြီးပဲ"

"အမ်း၊ ရွှေငါးမုတ်ကွ၊ တစ်ကျင်းကျော်ကျော်လောက်ရှိမဲ့ အနေတော် အရွယ်အစားပဲ၊ ငါးမုတ်ဖြူမဟုတ်တာ နှမြောစရာပဲ၊ ငါးမုတ်ဖြူသာဆို အရသာ အရမ်းရှိတာ"

သူက ကုန်းကောက်ရင်းဖြင့် ပြောလိုက်ပြီး ပါးဟပ်ကို တစ်ချက်ဖွင့်ကြည့်လိုက်သည်။ ပါးဟပ်များက နီရဲနေသည် ဖြစ်ကာ လတ်လတ်ဆတ်ဆတ်ရှိသေးပြီး ယခုလေးတင်မှ သေသွားပုံပေါ်လေသည်။ သူတို့အိတ်ထဲ ထည့်လျှင် အဆင်ပြေလောက်သည်။

ရွှေငါးမုတ်က ငါးမုတ်ဖြူထက် ကြည့်ကောင်းသော်လည်း တန်ဖိုးတော့ မရှိချေ။

ငါးမုတ်ဖြူက နူးညံ့သိမ်မွေ့သည့်အသွင်ရှိပြီး ရွှေငါးမုတ်က အတော်လေး ကြမ်းတမ်း ခိုင်မာသည့်ကိုယ်ထည် ရှိသည်။ သို့သော်လည်း ငါးမုတ်ဖြူက အများအားဖြင့် အရွယ်အစားသေးငယ်ပြီး ပုံမှန်အားဖြင့် တစ်ကျင်းထက်နည်းသည့် အလေးချိန်ရှိကာ ရွှေငါးမုတ်က တစ်ကျင်း သို့မဟုတ် တစ်ကျင်းထက် ပိုကြီးတတ်သည်။

ငါးမုတ်ဖြူ၏ အလေးချိန်က ၆ တဲလ်းကျော်သည်နှင့် ဈေးက နှစ်ဆဖြစ်သည်။ ငါးဖမ်းခွင့်ပိတ်ပင်ထားသည့်ကာလအတွင်းတွင် ငါးမုတ်ဖြူများကို ယွမ် ၁၂၀ ကျော်ဖြင့် စျေးကွက်တွင် ရောင်းချနိုင်၏။

ပင်လယ်စာ ကောက်ရသည်က အတော်လေးကောင်းလှ၏။ လင်းရှို့ချင်းအတွက်တော့ ငါးမုတ်ဖြူ ဖြစ်ဖြစ်၊ ရွှေငါးမုတ်ဖြစ်ဖြစ် အရေးမကြီးပါချေ။ နောက်ဆုံးတွင်တော့ သူတို့က ငွေပမာဏအများကြီး ရရှိခဲ့သည်ပင်။ စုဆောင်းထားသည့်ပင်လယ်စာများကို ပိုက်ဆံနှင့် ရောင်းလိုက်သည်က အကောင်းဆုံးဖြစ်ပြီး တန်ဖိုး မရှိလျှင် သူတို့ဘာသာ စားလိုက်လို့ရလေသည်။ ဘယ်နည်းပင်ဖြစ်လင့်ကစား သူတို့အတွက် အရှုံး မရှိပါချေ။

"ကြည့်ရတာ တိုင်ဖွန်ရက်တွေဆို ကောက်လို့ရတဲ့ ပင်လယ်စာတွေ အများကြီးရှိပုံပဲ၊ ကျွန်မသာအစောကြီးကတည်းက သိနေရင် ခယ်မတွေကိုပါ တစ်ခါတည်း ခေါ်လာခဲ့လိုက်တယ်"

ရီရောင့်သုန်း တစ်ယောက် နှုတ်ခမ်းစူကာ ;  သူတို့က ဘာလိုက်လုပ်မှာလဲ။

သုံးဘီး အဖြစ်ခံချင်တာလား။

လင်မယား နှစ်ယောက်မှာ အတူတူ အေးအေးဆေးဆေး အပြင်ထွက်ခွင့်ရသည်က ရှားပါလှသည်။ သူ ပြန်လည်မွေးပြီးကတည်းက သူတို့နှစ်ယောက် နှစ်ယောက်တည်း ယခုလို အေးအေးဆေးဆေး နေခွင့်မရခဲ့ချေ။ သူက တခြားသူတွေကို ဖိတ်ရန် ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ချေ။

"ဆက်ရှာရအောင်။ ဒီရေက နည်းနည် ထပ်ကျသွားပြီ"

ကျဆင်းနေသည့် ဒီရေနောက်သို့ လိုက်ခါနီးမှာပင် သူ ရွှေငါးမုတ်ကိုရှာ‌တွေ့ခဲ့သည့်ကျောက်တုံးကြီးအောက်က ရေကန်လေး ဂယက်ထသွားသည်ကို တွေ့လိုက်ရသည်။

"ခဏစောင့်အုံး...ဒီကျောက်တုံးဖယ်ပြီး တစ်ချက်ကြည့်ရအောင်"

"တစ်ခုခု ရှိနေသေးလို့လား"

"ဖြစ်နိုင်တယ် ဒီရေက ကျနေပြီဆိုတော့ ဒီလိုကျောက်တုံးအောက်ခြေတွေမှာ ‌သောင်တင်ကျန်ခဲ့တဲ့ ပင်လယ်စာတွေ ရှိနေချင် ရှိနေလောက်မှာ"

လင်းရှို့ချင်းကလည်း သူ ကျောက်တုံးရွှေ့နေသည်ကို စိတ်ပါဝင်စားစွာ ဆောင့်ကြောင့်ထိုင်ကြည့်လေသည်။

"အား၊ ကဏန်းပြာ ပေါက်စလေးပဲ"

ရီရောင့်သုန်းလည်း မြင်လိုက်၏။ တကယ်ကိုသေးပြီး ကျင်းဝက်လောက်တောင် မရှိနိုင်ပေ။ သို့သော်လည်း ကဏန်းပြာ ဖြစ်နေ၍ ကျောက်ကဏန်းထက်စာရင် ပိုကောင်းသေးသည်ပင်။

"မင်း ဖမ်းရဲလား"

"မဖမ်းရဲဘူး။ သူ့ရဲ့လက်မအကြီးကြီးတွေကို ကြောက်လို့"

"သူ့ ကျောကုန်းကနေ ဒီတိုင်းပဲ ဖမ်းဆွဲလိုက်ရုံပဲ။ သူ မင်းကို မကိုက်ဘူး"

သူက ဖမ်းဆွဲလိုက်ပြီး ရုတ်တရက်ကြီး သူ(မ)ကို ကမ်းပေးလိုက်ကာ လင်းရှို့ချင်းအား ကြောက်လန့်သွားစေပြီး နောက်ပြန် လဲကျသွားကာ ကမ်းခြေပေါ် ထိုက်လျက်သား ဖြစ်သွား၏။

"ရှင်..ရှင် ဘာလုပ်တာလဲ"

"မင်းကို ခြောက်တာလေ"

လင်းရှို့ချင်းက သူ့ကို စွေကြည့်ကာ ဖင်ကိုခါလိုက်ပြီး မတ်တပ်ထရပ်ကာ သူ့ကို ဂရုစိုက်မနေတော့ဘဲ ရှေ့ဆက် ထွက်သွားတော့သည်။

ရီရောင့်သုန်းက ကဏန်းပြာကို အိတ်ထဲအမြန်ပစ်ထည့်လိုက်ပြီး သူ(မ)နောက် လိုက်လေသည်။

"ဟဲ ဟဲ၊ မင်းစိတ်ဆိုးသွားတာလား"

"မဟုတ်ဘူး၊ မြန်မြန် ဆက်ရှာမလို့၊ တိမ်တွေက အုံဖွဲ့လာပြီ ခဏနေ မိုးကပြန်ရွာတော့မှာ"

နှစ်ယောက်သား ဒီရေနောက်လိုက်ရင်း ကမ်းခြေပေါ်တွင် ကုန်းကုန်းကွကွနှင့် ဆက်ရှာကြလေသည်။ အားလုံးက ခုံးများသာဖြစ်ပြီး အကောင်များက ကြီးလှ၍ ကောက်ချင်စရာကောင်းလှသည်။

ခုံးများကောက်လိုက်၊ အိတ်ထဲပစ်ထည့်လိုက်နှင့် အကြိမ်များစွာလုပ်ပြီးနောက် နောက်ထပ်လှိုင်းလုံးများက ဝင်ရောက်လာပြန်သည်။ ခုံးများက ကမ်းခြေပေါ်သို့ မျောပါလာပြီး လိမ့်ကုန်ကြ၏။ သူတို့သာ ခြေတစ်လှမ်းနောက်ကျလျှင် ခုံးများက ဒီရေနှင့်အတူ ပင်လယ်ထဲ ပြန်ပါသွားတော့မည်ဖြစ်သည်။

၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now