Chapter 100

2.5K 220 6
                                    

အပိုင်း (၁၀၀)


သူတို့လှေ ပြန်ထွက်လာချိန်တွင် ကောင်းကင်ပြင်မှာ မှောင်ရုံတင်မကဘဲ လမ်းတစ်ဝက်တွင် လှိုင်းလုံးကြီးများ လိမ့်လာသလိုပါ ခံစားနေရပြီး၊ လှေမှာ အထိန်းအကွပ်မဲ့ ယိမ်းထိုး လှုပ်ရှားနေကာ ပင်လယ်ပြင်တွင် တိုက်ခတ်လာသည့် လေများမှာလည်း ပြင်းထန်လာတော့သည်။ ပင်လယ်ပြင်၏ရာသီဥတုမှာ တကယ်ကိုပင် မှန်းဆရခက်လှ၏။

"လေကတော့ ထန်လာပြန်ပြီ"

"အင်း၊ ကံကောင်းလို့ပေါ့ မင်း မမောင်းမိတာ၊ အခန်းထဲမှာ သွားဝင်နေ,နေလေ၊ မိုးကတော့ တော်တော် သည်းတော့မဲ့ပုံပဲ"

"ကျွန်တော့်ကို ပေးမောင်းပါ၊ သံလိုက်အိမ်မြှောင်ပေးလိုက်၊ ကျွန်တော် အပြန်ကို မောင်းပေးတတ်ပါတယ်"

"သွားစမ်းပါ မလိုဘူး၊ အချိန်တွေ ကြန့်ကြာပြီး အားလုံး မိုးမိကုန်အုံးမယ်"

အဖေ ရီက သူ့ကို တွန်းပြီး မြင်ကောင်ရေအားကို အရှိန်မြှင့်လိုက်သည်။

ရီရောင့်သုန်း တစ်ယောက် ရွေးချယ်စရာမရှိလေတော့ဘဲ အခန်းထဲ ဝင်နေရလေသည်။

တိမ်ညိုတိမ်မဲများက နေမင်းကြီးကို ဖုံးကာထားပြီး ကောင်းပင်ပြင်မှာ အလျင်စလိုကို အမှောင်ဖုံးလာတော့သည်။ ယခုအချိန်ကာ ညနေသုံးနာရီသာ ရှိသေးပြီး လေးနာရီတောင် မထိုးသေးသည့်တိုင် မှောင်မည်းနေသည်က ည ခြောက်နာရီ၊ ခုနစ်နာရီကဲ့သို့ပင်။ ထိုအချိန်တွင် နောက်ထပ်လျှပ်စီးတစ်ချက် ကောင်းကင်ကို ဖြတ်ပြေးသွားပြီး တောက်ပဖြာထွက်လာကာ တစ်ဖန် ပြန်မည်းမှောင်သွားလေ၏။

အဖေ ရီမှာလည်း ရုတ်တရက် သည်းထန်လာသည့်မိုးကြောင့် ထိတ်လန့်နေမိတော့သည်။ ယခုအခြေအ‌နေမျိုးတွင် ပင်လယ်ပြင်ထဲ၌ အန္တရာယ်ကများလှပြီး သူက သဘာဝ ဘေးအန္တရာယ်ကို ပိုလို့တောင် ကြောက်နေမိသည်။ အပြန်ခရီးကို အာရုံသေချာစိုက်ကာ မိုးသက်မုန်တိုင်းမကျခင် အမြန်ကမ်းကပ်နိုင်ရန်သာ မျှော်လင့်ရတော့သည်။

သို့သော် ရှေ့ပြေးလျှပ်စီးတစ်ချက်နောက်မှ လျှပ်သံ တစ်ချက် ဖြာထွက်ပြီးနောက်တွင် မိုးလုံးမိုးပေါက်ကြီးများက ကောင်းကင်ထက်မှ ပြိုကျလာတော့သည်။

မိုးမရွာသည်မှာ တစ်လမျှပင် ကြာပြီဖြစ်ပြီး ဤမျှကြီးမားသည့်မိုး ရွာချလာလိမ့်မည်လို့ မည်သူကမျှ မမျှော်လင့်ထားမိချေ။

မိုးစက်များက အဖေ ရီအပေါ် ကျလာပြီး တစ်ခဏလေးအတွင်း ခေါင်းအစခြေအဆုံး ရွှဲရွှဲစိုလာတော့သည်။ မိုးက သည်းသည်ထက်သည်းလာပြီး သူ့အမြင်များကို မှုန်ဝါးလာစေသည့်တိုင် လှေဦးတည်ရာကို သေချာထိန်းချုပ်ပြီး မတ်မတ်ရပ်နေသေး၏။

ရီရောင့်သုန်းက အခန်းထဲမှနေ၍ သူ့အဖေကို မျက်မှောင်ကြုတ်ကြည့်နေမိသည်။ သူ့အဖေက သန်မာချင်ယောင်ဆောင်ကာ သူ့ကိုလည်း မယုံကြည်သဖြင့် လှေကို မောင်းခွင့်မပြုချေ။ ဒါက တကယ်ကိုပဲ....

ကံကောင်းထောက်မစွာဖြင့် မိုးမှာ တစ်ခဏသာသည်းပြီး နောက်ပိုင်းတွင် အနည်းငယ် အရှိန်လျော့သွား၏။

ထိုအချိန်တွင် ပင်လယ်ရေမျက်နှာပြင်ထက်မှ ရုတ်တရက် ငိုယိုအော်ဟစ်ကာ အကူအညီတောင်းသံကို ရောင့်သုန်း ကြားလိုက်ရသည်။ သူက အခန်းထဲမှနေပြီး ဘေးတစ်ဝိုက်ကိုရှာကြည့်ကာ မီးခိုးရောင် ပင်လယ်ပြင်ပေါ်တွင် သူတို့လှေနှင့်ဆင်သည့် သံလှေတစ်စီးကိုသာ လှမ်းတွေ့လိုက်ရသည်။ လှေပေါ်တွင် အမျိုးသမီး တစ်ယောက်ရှိနေပြီး သူတို့လှေဘက်ကို ကြည့်ကာ လက်များကို ဝှေ့ယမ်းကာ အကူအညီတောင်းနေလေ၏။

စက်သံများက လေသံ၊ မိုးသံများနှင့်အတူ ရောထွေးဆူညံနေပြီး အတော်လေးကို ဆူညံလှ၏။ ရီရောင့်သုန်းမှာ သူ နားကြားမှားမည်ကိုကြောက်သဖြင့် သေချာ ဂရုစိုက်နားထောင်ကြည့်ချိန်တွင် အမှန်တကယ်ကို အကူအညီ တောင်းနေသည့်အသံဖြစ်သည်။

သူက ချက်ချင်း အပြင်ထွက်လာပြီး ရွက်လွှင့်ရာတွင် အာရုံစိုက်နေသည့် အဖေ ရီအား လှမ်းအော်ကာ;

"အဖေ၊ ဟိုက လှေက လူတစ်ယောက် အကူအညီတောင်းနေတယ်"

အဖေ ရီ သူ့ အော်သံ ကြားရာ သိပ်မဝေးလှသည့်‌နေရာမှ သူ ညွှန်ပြသည့်နေရာကို လှမ်းကြည့်လိုက်သည်။ အမှန်တကယ်ကို အမျိုးသမီး တစ်ယောက် လက်ပြ အကူညီတောင်းနေခြင်းပင်။ မိုးသံများနှင့် စက်သံများကြောင့်လည်း အသံကို သဲသဲကွဲကွဲ မကြားရချေ။

သူက လှေကို ခဏရပ်လိုက်ပြီး ရီရောင့်သုန်းဆီသွားလိုက်ပြီး စက်နှင့် အနည်းငယ် ဝေးကာမှပင် ငိုယို‌ အကူအညီတောင်းသံကို ကြားလိုက်ရသည်။

"ဘာဖြစ်တာလဲ"

"မသိဘူးလေ၊ အခန်းထဲကနေပြီး အကူအညီတောင်းသံကို ကြားလိုက်ရလို့ မိုးကလည်း ရွာနေသေးတယ် လျှပ်စီးတွေကော မိုးကြိုးတွေရော၊ အဖေ အဲ့ဘက်မောင်းသွားပြီး တစ်ချက်ကြည့်ကြည့်မလား"

အဖေ ရီက တုံ့ဆိုင်းမရှိဘဲ ခေါင်းညိတ်ကာ ;

"အင်း၊ ဒီဘက် ပင်လယ်ရေပြင်ပိုက်နက်က အဖေတို့ရွာက လူတွေ အလုပ်လုပ်တဲ့နေရာ မဟုတ်ဘူး၊ ရှီရှန်နဲ့ သုန်ချောင်ရွာဘက်က ရွာသားတွေပဲ၊ အရင်ဆုံး မောင်းသွားပြီး ကြည့်ကြည့်တာပေါ့၊ ကူညီလို့ရရင် ဝင်ကူညီလိုက်တာပေါ့၊ သိပ်မကြာဘူး"

ဤခေတ်အခါများက ကျေးလက်တောသူများကာ ရိုးရှင်းလှပြီး လူတိုင်းမှာ အကူအညီ လိုအပ်လျှင် ကူညီရန် စိတ်အားထက်သန်ကြသည်ပင်။ ယခုလိုရာသီဥတုမျိုးတွင် အဖေ ရီက အကူအညီတောင်းသံကိုကြားရချိန်၌ လျစ်လျူရှု မောင်းထွက်သွားခြင်းမျိုး မပြုပြီး ကယ်တင်ရန်ဆုံးဖြတ်လိုက်သည်။

လှေကို အနီးအနား မောင်းပြီးနောက်တွင် အကူညီတောင်းသည့် ငိုယိုသံသာမကဘဲ အမျိုးသမီး၏ ငိုကြွေးမြည်တမ်းသံကိုပါ ကြားလာရသည်။

အဖေ ရီက အသံကို မှတ်မိလိုက်သည်။ ယင်းကာ ဟုန်းရှန်လမ်းတွင် နေထိုင်သည့် လင်းယုံရှုံ၏ ဇနီး မားလီဖန်ပင်။ ကြည့်ရတာ လင်မယား နှစ်ယောက်က အတူကွန်လာဆွဲကြတဲ့ပုံပဲ။ ဒါနဲ့ ဘာလို့ သူ့မိန်းမတစ်ယောက်တည်းလဲ။

သူက လှေကို သူတို့အကြား တစ်မီတာထက် မနည်းသည့် နေရာတွင်ရပ်လိုက်ပြီး ငိုယိုနေသည့် မားလီဖန်ကို မျက်မှောင်ကြုတ်ကြည့်ကာ ;

"မင်း ဘာလို့တစ်ယောက်တည်းလဲ။ ဘာလို့ ငိုနေရတာတုန်း။ အားရှုံကရော။ မိုးတွေ ဒီလောက်သည်းနေတာ ဘာလို့မပြန်သေးတာလဲ"

"သူ ကွန်ကိုချနေရင်းနဲ့ ကြိုးထဲ ခြေထောက် ဝင်သွားပြီး ပင်လယ်ထဲ ပြုတ်ကျသွားလို့"

သူ(မ) ငိုယိုနေရင်းဖြင့် ;

"ခုနလေးကမှပဲ မိုးမရွာခင်တုန်းက၊ သူ ဒီနောက်ဆုံးတစ်ကွန်ချပြီး ပြန်မယ်ပြောတာပဲ....ကြိုးထဲခြေထောက်ရောက်ပြီး ပင်လယ်ထဲ အတူတူကျသွားမယ်လို့ ဘယ်သူက ထင်မိမှာလဲ"

အဖေ ရီနှင့် ရီရောင့်သုန်းတို့ သားအဖမှာ သူ(မ)၏ တအီအီ ငိုကြွေးပြောဆိုသံကို နားထောင်ရင်း ဆံပင်များပင် ထောင်တက်လာတော့သည်။ သူက ကြိုးနဲ့ညှိပြီး ပြုတ်ကျသွားသည့်အပြင် ပြန်လည်း မပေါ်လာကာ လျှပ်စီးနှင့် မိုးကြိုးများလည်း ရှိနေသေးသည်။ ယခုလို ရာသီဥတုမျိုးနဲ့တော့ သူတို့လည်း ဘာမှမတတ်နိုင်တော့ဘူး။

အဖေ ရီမှာ ပါးစပ်ကို ဖွင့်လိုက်သော်လည်း ဘာပြောရမှန်းတောင် သိမနေတော့ကာ ပါးစပ်ကို ပြန်ပိတ်လိုက်ပြီး တီးတိုးသာ ရေရွတ်လိုက်တော့သည်။

"ဘာ..ဘာလို့ အရမ်း ပေါ့ဆရတာလဲကွာ...."

လင်းယုံရှုံက အဖေ ရီထက် အများကြီး ငယ်လေပြီး အသက်အရွယ်အားဖြင့် ၄၀ အစောပိုင်းသာ ရှိသေးသည်။ သမီး အကြီးဆုံးက အိမ်ထောင်ကျပြီးသွားပြီး ဒုတိယ သမီးက သိပ်တော့ အသက်မကြီးသေး၊ သားနှစ်ယောက်က ငယ်ငယ်လေးသာရှိသေး၍ လင်မယား နှစ်ယောက်တည်းသာ ပင်လယ်ထွက်ရလေသည်။

မားလီဖန်မှာလည်း ငိုရုံသာ တတ်နိုင်တော့သည်။ သူ(မ)ယောကျာ်းက ဤကဲ့သို့ ပြုတ်ကျပုံမျိုးဖြင့် ပြန်ကူးလာလျှင်တောင်မှ ယခုလို ရာသီဥတုမျိုးဖြင့် အပေါ်သို့ တက်လာနိုင်တော့မည်မထင်။

ထိုအချိန်တွင် ကောင်းကင်ဖက်မှ ကျယ်လောင်လှသည့် နောက်ထပ် မိုးကြိုးတစ်ခု ပစ်ချလိုက်လေပြီး ရီရောင့်သုန်းမှာ မျက်မှောင်ကြုတ်ကာ ;

"အဒေါ် လှေကို ပြန်မောင်းနိုင်လား၊ ကျွန်တော်တို့ လှေကို အမြန်ကမ်းကပ်ပြီးမှ အကူအညီတောင်းလို့ရမှာ၊ ဒီမှာ ထိုင်စောင့်နေလည်း အသုံးမဝင်ဘူး"

အဖေ ရီကလည်း သံယောင်လိုက်ကာ ;

"အခုချိန်က လျှပ်စီးတွေ၊ မိုးကြိုးတွေနဲ့မလို့ ငါတို့ ကမ်းစပ်ကို အမြန်သွားပြီး လူကယ်ဖို့ အကူအညီတောင်းမှရမှာ"

ပြောသာပြောရသည်၊ တကယ့်တွင် ဤကဲ့သို့ကြိုးနှင့်ညှိပြီး ပြုတ်ကျသွားလျှင် ခန္ဓာကိုယ်က နစ်သွားကာ သေနိုင်သည့်အခွင့်အရေးက ရာနှုန်းများပြီး ကယ်တင်လည်း အပိုပင်၊ ကိုယ်အားပြန်ရစေရန်အတွက် လူအားနှင့် ပစ္စည်းအင်းအား အများကြီး လိုအပ်လေ၏။ သူတို့မိသားစု အ‌ခြေအနေက တတ်နိုင်သည့် အခြေအနေ မဟုတ်ပြီး၊ ပြန်သွားကာ အသုဘကိစ္စအား တစ်ခါတည်း ဆွေးနွေးရမည်ပင်။

"အဟင့် ဟင့်..ကျွန်မ မသိဘူး၊ ရွှက် ဘယ်လိုလွှင့်ရလဲဆိုတာ။ ကံကောင်းလို့ ရှင်တို့နဲ့ တွေ့လို့ပေါ့..မဟုတ်ရင် ကျွန်မ..ကျွန်မတော့ ဒီနေ့ ပြန်လို့ရမှာတောင် မဟုတ်ဘူး.."

ရီရောင့်သုန်းက အဖေ ရီအား ;

"အဖေ လှေကို ဒီထက်နီးနီး ကပ်ပေးပါ၊ ကျွန်တော်တက်ပြီး မောင်းလိုက်မယ်။ အဖေ့နောက် လိုက်ခဲ့လိုက်မယ်"

"အေးအေး ဂရုစိုက်အုံး"

"အမ်း"

အဖေ ရီက လှေကို အနားတိုးပေးလိုက်ပြီး ကျောက်ဆူး အသေးလေးကို ပစ်ကာ ရီရောင့်သုန်းတက်ရ လွယ်ကူစေရန် လှေကို လှစ်ဟမှု မရှိအောင် ကပ်လိုက်သည်။

ရီရောင့်သုန်းက အမြန်ခုန်တက်လိုက်ပြီး ငိုနေဆဲဖြစ်သည့် မားလီဖန်ကို ကြည့်ကာ သူ(မ)ကို မည်သို့ မည်ပုံ နှစ်သိမ့်ရမည်မှန်း မသိသဖြင့်လည်း ;

"အဒေါ်၊ ကျွန်တော် လှေကို အရင်ဆုံး ပြန်မောင်းပို့ပေးမယ်နော်"

"အင်း"

သားအဖ နှစ်ယောက် မိုးကို အံတုကာ ကိုယ်စီမောင်းထွက်လာပြီး နာရီဝက် မတိုင်ခင် ရှေ့ဆင့် နောက်ဆင့် ကမ်းကပ်လိုက်ကြသည်။

အုန်းမိုးကာကို ဝတ်ကာ ကမ်းစပ်တွင်စောင့်နေသည့်အမေ ရီမှာ သားအဖ နှစ်ယောက် လှေကို ခွဲမောင်းလာကြသည်ကို မြင်ကာ အံ့အားသင့်စွာဖြင့် ;

"ဘယ်သူ့လှေကို အားသုန်း ယူမောင်းလာတာလဲ။ မားလီဖန် လှေကြီးလား။ သူကရော ဘာလို့ ငိုနေရတာတုန်း။ ဘာဖြစ်လို့လဲ။ ဘာလို့ သူတစ်ယောက်တည်းလဲ"

မားလီဖန်က တစ်လျှောက်လုံး ငိုလာခဲ့ပြီး ဆိပ်ခံကိုရောက်လာသည့်အချိန်တွင် ပိုလို့တောင် အော်ဟစ်ငိုယိုလာကာ မိုးသံများကပင် သူ(မ) ငိုကြွေးသံကို မဖုံးကွယ်ထားနိုင်တော့ချေ။

ဆိပ်ခံမှာ သည်းထန်နေသည့် မိုးကြောင့် လောကြီးသုတ်ပျာ ပြန်လှည့်လာကြသည့်လူများနှင့် ကူညီရန်စောင့်နေကြသည့်လူများကလည်း အများသား။ အားလုံးမှာ ပစ္စည်းချသူကချ၊ ရောင်းချရန်အတွက် ချိန်တွယ်ရန် စောင့်နေသူများက စောင့်နေဖြင့်ပင်။ သူ(မ) အော်ငိုသံကိုကြားရချိန်တွင် အားလုံးက ထိတ်လန့်တကြား အနားရောက်လာကြ၏။

သူ(မ)က ဘာဖြစ်လို့လဲ။

အဖေ ရီမှာ မျက်မှောင်ကြုတ်ကာ နောင်တသံ စွက်စွက်ဖြင့် အားလုံးကို ရှင်းပြလိုက်၏။

"ယုံရှုံ ကွန်လွှတ်ရင်းနဲ့ ကြိုးနဲ့ညှိပြီး ပင်လယ်ထဲပြုတ်ကျသွားတာ၊ ငါတို့ ပြန်လာတဲ့အချိန်နဲ့ တိုးလို့ သူတို့ လှေကို တွေ့တာနဲ့ တစ်ခါတည်း ကူးမောင်းပေးလာခဲ့လိုက်တာ"

အားလုံးမှာ သတင်းကို ကြားရချိန်တွင် ထနတ်လန့်သွားကြသည်။ ဤသည်မှာ ကြောက်လန့်ဖွယ်ရာများဖြင့် ဘဝကြီးပင်၊ လင်းယုံရှုံမှာ အရွယ်ကောင်းလေးဖြစ်ပြီး ငယ်ရွယ်သေးသည်။ မားလီဖန်နှင့်ရင်းနှီးသည့် အမျိုးသမီး တစ်ချို့က သူ(မ)ဆီရောက်လာကြပြီး နှစ်သိမ့်ကာ သူ(မ)အား လှေပေါ်မှ ဆင်းရန် ကူညီပေးကြပြီး အိမ်အပြန်ကိုပင် အဖော်လိုက်ပေးသွားကြသည်။

ရီရောင့်သုန်းက သူ(မ) မိသားစုပိုင် လှေကို ဆိပ်ခံတွင် ကူချည်ပေးလိုက်ပြီးနောက် သူ့လှေဆီ ပြန်သွားလိုက်သည်။

အမေ ရီက အမျိုးသမီး အများအပြား သူ(မ)နောက်လိုက်သွားသည်ကို မြင်သဖြင့်လည်း သူ(မ)နောက်ကို လိုက်သွားမနေတော့ချေ။

သူ(မ)က လှေပေါ်မှ ပစ္စည်းများ ကူချပေးရင်းဖြင့် ကရုဏာသက်စွာ ;

"၄၀ လေးပဲ ရှိသေးတာကိုကွယ်။ ပင်လယ်ထဲကျသွားပြီး ပျောက်သွားတာ သနားစရာပဲ၊ သူတို့မိသားစုမှာက ကလေးတွေလည်း ရှိသေးတယ်။ သားတွေကလည်း အခုမှ မိသားစုအသစ်စဖို့ မဖြစ်နိုင်‌သေးတဲ့ ကလေးအရွယ်လေးတွေ၊ မုဆိုးမ တစ်ယောက်နဲ့ ကလေးတွေကတော့ ဘယ်လိုနေကြမလဲမသိဘူး"

"ပင်လယ်ထဲ အလုပ်လုပ်ရတာ အရမ်း အန္တရာယ်များတာ၊ ဒါပေမဲ့လည်း ဘယ်တတ်နိုင်ပါ့မလဲ။ ငါတို့က စားရေး သောက်ရေးအတွက် ပင်လယ်ကိုပဲ အားထားနေရတာ၊ အန္တရာယ်များလည်း လုပ်ရမှာပဲ"

အဖေ ရီလည်း သက်ပြင်းတစ်ချချ ဖြစ်နေ၏။ သူတို့ကမ်းခြေတွင် နှစ်စဉ် နှစ်တိုင်းလိုလို လူများ ပင်လယ်ထဲ ကျလေ့ရှိပြီး ပြုတ်ကျပြီးနောက် အသက်ရှင်ရန် အခွင့်အရေးမှာလည်း ဆံခြည်မျှင်လောက်သာ။

"မိုးကတော့ ထပ်သည်းလာပြန်ပြီ၊ အရင်ဆုံး ပစ္စည်းတွေ ချရအောင် အိမ်ပြန်ရောက်မှပဲ ဆက်ပြောကြမယ်"

အမေ ရီမှာ ‌အဖေ ရီနှင့် ရီရောင့်သုန်းတို့ အခန်းထဲမှ ဖော့ဘူးကို မ,ထုတ်လာကြသည်ကို တွေ့လိုက်ရပြီး တစ်ချက်ဖွင့်ကြည့်ကာ ;

"အား၊ ဒီလောက်ကြီးတဲ့ ငါးကြီး.....ဒါ..ဒါ ကော့ဒငါးကြီးလား"

သေချာ စစ်ဆေးပြီးနောက်တွင် သူ(မ)၏ မျက်ဝန်းများက ကျုံ့ဝင်သွားပြီး အလန့်တကြားဖြင့် ;

"တကယ် ကော့ဒငါးကြီးတော့်"

ငါးကို ကြည့်ပြီး အဖေ ရီမှာ အနည်းငယ်လေးလံနေသည့်စိတ်လေးမှာ အနည်းငယ် ပြေလျော့သွားပြီး မျက်နှာထက်တွင် အပြုံးသေးသေးလေးဖြင့် ;

"ဟုတ်တယ်၊ ကော့ဒါငါးကြီး၊ ဒီနေ့ ငါတို့ အချီကြီးရလာခဲ့တာ"

အမေ ရီမှာ ငါးကိုယ်နှင့် ခေါင်းကို ပျော်ရွှင်စွာ ကိုင်ကြည့်လိုက်ပြီး ပါးဟပ်ကို ဖွင့်ကြည့်ကာ ၎င်း၏ အရွယ်အစားကို ချိန်ဆကြည့်လိုက်၏။

"အရမ်းတော့ ကြီးတယ်၊ ကော့ဒငါးတွေက ပုံမှန်ဆို ကျင်းနည်းနည်းပဲ အလေးချိန်ရှိတာမလား။ ဒီတစ်ကောင်ဆို ဘယ်လောက်လောက်ရမလဲ"

"အရင် ဖယ်စမ်းပါအုံးကွာ၊ ဒီမှာ အရင်ချပါစေအုံး"

"ဟုတ်ပါပြီ၊ တော်ကလည်း"

သူ(မ)က အခြားသော ငါးများကိုလည်း ကြည့်လိုက်ပြီး သူ(မ)တို့ ဘာရလာခဲ့သလဲဆိုတာ သိလိုက်သည်။

ကော့ဒါငါးကြီး မပါလျှင်တောင် သူတို့၏ ယနေ့ရိတ်သိမ်းမှုက အတော်လေးကောင်းသည်ဟု ဆိုရမည်။ အမေ ရီကလည်း တခြားပစ္စည်း ပေါ့ပေါ့လေးများကို ကူရွှေ့ပေးပြီး ကိုင်တွယ်ရလွယ်မည့်ပစ္စည်းများကို အရင်ချပေးလိုက်၏။

ယခုတွင် ဆိပ်ခံရှိ လူများမှာ လင်းယုံရှုံ ပင်လယ်ထဲကျသွားသည့်အကြောင်းကို ဆွေးနွေးနေကြပြီး မည်သူက မည်မျှရလာကြောင်းကို အာရုံစိုက်ဖို့ အချိန်မရှိကြတော့ချေ။

ထို့အပြင် သူတို့က ကော့ဒငါးကြီးကို ပုံးထဲထည့်ပိတ်လာသဖြင့် မည်သူကမှလည်း မမြင်ကြချေ။

ရာသီဥတုက မူမမှန်လာသောကြောင့် အဖေ ရီက အမေ ရီကို ဘေးတွင်သာ ရပ်ကြည့်နေခိုင်းလိုက်ပြီး သူတို့ သားအဖ နှစ်ယောက်သာ ပစ္စည်းများကို ရွှေ့နေကြပြီး ယခုအချိန်တွင် ကမ်းကပ်လာသည့် လှေကြီး၊ လှေငယ် မျိုးစုံရှိနေကာ အဝယ်ဒိုင်တွင် လူများ ပြည့်လျက်ရှိသဖြင့် ကော့ဒါငါး ချထားသည့်နေရာကို သိပ်စိတ်မချချင်ပေ။

ကုန်အားလုံး ချသွားပြီးသည့်နောက်မှ အသံ တစ်သံမပြုဘဲ ပုံမှန်အတိုင်း တန်းသွားစီလိုက်ကြသည်။ သူတို့၏ စိတ်အခြေအနေတို့မှာ ထိခိုက်သွားကြပြီဖြစ်ရာ စိတ်လှုပ်ရှားမှုတို့လည်း ကုန်ဆုံးသွားခဲ့လေပြီ။

သူတို့အလှည့် ရောက်လို့လာချိန်တွင် အဖေ ရီက ဖော့ပုံးကို ပြုံးရင်းဖြင့်ဖွင့်ကာ ;

"ငါးကြီးကြီးကို အရင်ဆုံး ချိန်ကြတာပေါ့ကွာ။ ဘယ်လောက်ပေးနိုင်မလဲ။ ဈေးနှိမ်လွန်းရင် မရောင်းဘူးနော်"

အားချိုင်က ပထမတော့ သာမန်ကာလျှံကာ လှည်ကြည့်လာပြီး မထင်မှတ်ထားစွာဖြင့် အကြည့်တစ်ချက်တည်းနှင့်တင် သူ့မျက်လုံးအိမ်များက ကျုံ့ဝင်သွားပြီး အရှေ့သို့ အပြေးလာကာ ;

"ကော့ဒငါးကြီးလား။ ဒီလောက်တောင် ကြီးတယ်ပေါ့"

ဘေးနားတွင် အလှည့်ကျရန် စောင့်ဆိုင်းနေသည့်လူများကလည်း စုပြုံရောက်လာကြပြီး အထိတ်တလန့်ဖြင့် ;

"ဘုရားသခင်၊ အကြီးကြီးပဲ"

"ဘယ်ကော့ဒငါးမျိုးက ဒီလောက်တောင် ကြီးတာလဲ"

"တကယ့်ကို ကော့ဒပဲ။ ဒီကောင်ကြီး အလေးချိန်တော်တော်စီးနေမှာပဲ"

"ငါဖြင့် ငါးဖမ်းစားလာတာ နှစ် ၃၀ ရှိနေပြီ။ ဒီလောက်ကြီးတဲ့ ကော့ဒငါးကို တစ်ခါမှ မမြင်ဖူးဘူး၊ ပွတာပဲကွာ၊ ပွတာပဲ...."

"ဟုတ်တယ်ကွ။ မင်းတို့တော့ ချမ်းသာပြီ၊ ရီလောင်စမ်း။ မင်းတို့မိသားစု ဘယ်လိုတွေတောင် ကံတွေကောင်းနေကြတာလဲကွာ။ ဒီလောက်ကြီးတဲ့ ကော့ဒငါးကြီးကို ဖမ်းမိလာတယ်။ ကျစ် ကျစ် ကျစ်၊ ပိုက်ဆံတော့ အတော်ရတော့မှာပဲ"

"ဒီကော့ဒငါးစီဖောင်းက ဈေးမနည်းဘူးနော်၊ ဒီလောက်ကြီးတဲ့ဟာဆို စီဖောင်း တစ်ခုကို တေးလ်ဘယ်လောက်ထွက်မလဲ မသိဘူး"

လူအုပ်ကြီး၏ အာရုံမှာ လင်းယုံရှုံ ဘာဖြစ်သွားသလဲ ဆိုသည်ကနေ ကော့ဒါငါး မည်မျှကြီးသည့်အကြောင်းကို တမုတ်ချင်း ရောက်သွားပြီး သူတို့ထက်ပင် ပိုလို့တောင် စိတ်လှုပ်ရှားနေကြ၏။

အဖေ ရီက ပြုံးကာ ;

"ကံကောင်းသွားလို့ပါကွာ၊ မိသွားတုန်းက ဒီကောင်ကြီးက အစာ စားနေသေးတာ၊ သူ့ ပါးစပ်ထဲမှ ရွှေးကူယွီ ငါးတွေ ခုနစ်တေးလ်၊ ရှစ်တေးလ်လောက်ရှိတယ်၊ ဒီကော့ဒကို ရွှေးကူယွီ ငါးတွေနဲ့ တစ်ကွန်ထဲ တူတူဖမ်းမိလာတာလေ"

"တကယ် ကံကောင်းတာပဲ၊ ကြည့်ရတာ အိမ်ဝိုင်းနေရာ ပြောင်းလိုက်တာတောင် မင်းတို့ရဲ့ကံက မလျော့သွားဘူးပဲ...."

"လင်ကျီရှန် အမျိုးကတော့ မြေကို အလဟသဝယ်မိသွားတာပဲ။ ပြီးတော့ လှေတောင် အပိုပေးလိုက်သေး...."

ရီရောင့်သုန်းက မလိုအပ်ဘဲ သတင်းများ မပြန့်စေရန် သူတို့ကို အမြန်ဝင်တားလိုက်ပြီး ;

"အို့၊ ဦးလေးတို့၊ ကံကောင်းတယ်ဆိုတာ ဘယ်သူက သေချာသိလို့လဲ။ ကျွန်တော်တို့ ရောင်းတယ်ဆိုတာကလဲ သူတို့က အတင်းလိုချင်နေလို့လေ။ ကျွန်တော်တို့က သူတို့ကို သွားပြီးထိုးရောင်းနေတာလည်း မဟုတ်ဘူး၊ အခုက ဆောက်နေကြတာမှ မပြီးသေးတာ သူတို့ ပြောင်းလာတဲ့အခါကျရင် အဲ့ဒီမြေက သူတို့ကို ပိုပိုပြီး ချမ်းသာလာစေခဲ့တယ်ဆိုရင်ရော။ ဦးလေးတို့က ဘယ်လိုလုပ်ပြီး လှေကို အလကားပေးလိုက်ရတယ် ပြောနေကြတာလဲ"

မည်သိုဆိုစေ သူ၏ ယခင်ဘဝတုန်းက လင်ကျီရှန်၏ မိသားစုမှာ သူတို့ဆွေမျိုးများကို ပိုက်ဆံအများအပြား ရှာရန် အားကိုးထား၏။ အခု သူတို့က မြေကို ဝယ်ပြီး ချမ်းသာလာမှာပဲဆိုတော့ အဲ့မြေက ဖုန်ရွှေသိုက်ပဲလေ၊ မဟုတ်ဘူးလား။ ဟဲဟဲဟဲ။

"ဟုတ်သား..."

"အရင်ဆုံး ငါးကို တင်ပြီး ချိန်ကြည့်ရအောင်လေ။ ဘယ်လောက် အလေးချိန်ရှိမလဲဆိုတာ"

အမေ ရီမှာ အနှီ ငါး မည်မျှအလေးချိန်ရှိကြောင်းနှင့် ယွမ် မည်မျှရမလဲဆိုတာကို စိုးရိမ်ကြီးစွာဖြင့် သိချင်နေပြီ ဖြစ်သည်။

အားချိုင်က ပြုံးကာ ;

"ဟုတ်တယ်။ ဈေးမပြောခင် ငါးကို အရင်ချိန်ရမယ်၊ ဒီလောက်ကြီးတဲ့ ကော့ဒက ပေါတော့ မပေါဘူး"

"ငါးကို အရင် ယူလာ..."

အားလုံးမှာ စိတ်လှုပ်ရှားစွာ စောင့်ကြည့်လာကြသည်။

သားအဖ နှစ်ယောက်သားက ငါးကို ချိန်တွယ်စက်‌ပေါ် မတင်လိုက်ပြီး အားချိုင်က ၂၅ ကီလိုဂရမ် အလေးတုံးကို အရင်တင်လိုက်သော်လည်း ချိန်တံက မြှင့်တက်နေသေးပြီး မကျလာ၊ သူက ညာဘက် ခပ်ဝေးဝေးမှ ချိန်တွက်စက်ပေါ်တင်လိုက်သော်လည်း အလေးချိန်က ကျမလာပြန်ပေ။

သူက နောက်ထပ် တစ်ကီလို ဂရမ်တုံးကို ထပ်ထည့်လိုက်သော်လည်း မည်သည့် တုံ့ပြန်ချက်မှ မရှိပြီး နောက်နှစ်ခု ထပ်ထည့်ကာမှပင် အလေးချိန်က ခုန်တက်လာတော့၏။

ချိန်တွက်စက်မှ ချိုင်တံက တိကျသည့်အနေအထားသို့ ရောက်သွားပြီးနောက်မှ အားချိုင်က ၎င်းအပေါ်မှ နံပါတ်ကိုကြည့်ကာ ;

"၅၅ ကျင်း ၅ တေးလ်၊ ဒီငါးက တကယ် မသေးဘူးပဲ"

ဘေးရှိ လူများမှာလည်း အုတ်အုတ်ကျက်ကျက်ဖြစ်လာကြတော့သည်။

"ကျစ် ဆယ်ကျင်းဆို ငါးစီဖောင်း တစ်လျန်၊ သေချာတယ် ဒီငါးရဲ့ ငါးစီဖောင်းက ခြောက်လျန်လောက် ရှိလောက်တယ်"

"ပွတာပဲကွာ။ ဒီငါးရဲ့စီဖောင်းက ဈေးမနည်းဘူးနော်၊ တစ်ကျင်းကို ယွမ်ရာနဲ့ချီ ရမှာ ဟုတ်တယ်မလား"

"အဲ့ထက် ပိုတယ်ကွ။ ဒါက ဈေးကြီးတယ်၊ ပုံမှန်ကော့ဒငါးစီဖောင်းက သိပ်မကြီဘူး၊ ဒီတစ်ကောင်က ၆ လျန်းတောင် ရှိမှာဆိုတော့ သေချာပေါက်ကို အဖိုးတန်တယ်"

"ဟုတ်တယ် ဟုတ်တယ်..."

အားချိုင်မှာ ပျော်ရွှင်ပြီးနောက်တွင် အနည်းငယ်လေး မအီမလည် ခံစားလိုက်ရသည်။ ယခုလို အဖိုးတန်သည့် ပစ္စည်းမျိုးကို ဈေးဖြတ်ပေးဖို့က သူ့အတွက် ခက်ခဲလှသည်။

သားအဖ နှစ်ယောက်စလုံးကလည်း သူ့ကို စူးစူးစိုက်စိုက်ကြည့်ကာ သူ ဈေးပြောလာမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။ သူ နည်းနည်းသာ ပေးလျှင် ဘေးရှိ လူအုပ်ကြီးက သူ့ကို ဝိုင်းပြောဆိုကြတော့မည်။ သူ အရမ်း အများကြီး ပြောလိုက်ရင်လည်း သူ့အတွက် ရှုံးသွားမှာပေါ့လို့၊ အမြတ်မရှိဘဲ စီးပွားရေးသမားက ဘယ်လိုစီးပွားရေး လုပ်စားတော့မလဲ။

သူက တစ်ခဏ စဉ်းစားရင်းဖြင့် ;

"မင်းရဲ့ငါးက ဘယ်လိုပဲဖြစ်ဖြစ် ဝိတ်လွန်နေတာဆိုတော့ ဒီလိုလုပ်ကွာ။ ငါ့ဆီမှာ အရင်ထားခဲ့လိုက်၊ ငါ အဝယ်ဒိုင်ဘက်ကို သူတို့ဘက်က ဘယ်လောက်ပေးမလဲဆိုတာ မေးပြီး မင်းကို ပြန်ဆက်သွယ်လိုက်မယ်၊ မင်းငါ့ကို ပွဲစားခအတွက် ၅ ပွိုင့် ပေးရင်ရော"

ရီရောင့်သုန်းက မျက်စောင်းထိုးကာ ;

"ခင်ဗျားက နှစ်ဖက်စလုံးဆီက ယူနေတာပဲကို ကျွန်တော့်ဆီက ၅ ပွိုင့်တောင် တောင်းနေသေးတယ်ပေါ့၊ ဘယ်သူ့ကို လာပြီး အမြတ်ကြီး စားနေချင်တာလဲ။ ၂ ပွိုင့်က အများဆုံးပဲ။ ဒီငါးက ယွမ်အများကြီး တန်တယ်နော်၊ ကျွန်တော်တို့ကို တောသားတွေဆိုပြီး အနိုင်ကျင့်မယ် မကြံနဲ့"

"အာ..."

အားချိုင် တစ်ယောက် ဆိုနင့်သွားရပြီး ကသိကအောက်ဖြင့် ပြုံးကာ ;

"အေးပါ အေးပါကွာ၊ ငါ ဝယ်လတ်ကို သေချာပြောပြီး ငါ့ပွဲစားခကိုပါ သူ့ကို ပေးခိုင်းလိုက်ပါ့မယ်"

ရီရောင့်သုန်း စိတ်ထဲတွင် နှာတစ်ချက် မှုတ်လိုက်တော့သည်။ သူက အလယ်မှာနေပြီး နှစ်ဖက်စားလုပ်ချင်နေတာ ဘယ်ဝယ်လတ်က သူ့ကို ပိုက်ဆံ မပေးဘဲ နေမလဲ။

ဤကော့ဒငါး ကိစ္စ ခေတ္တပြေလည်သွားပြီးနောက်တွင် တခြားကုန်များအား ဆက်ပြီးချိန်တွယ်လိုက်ကြသည်။

၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now