Chapter 125

766 119 0
                                    

အပိုင်း (၁၂၅)
 
ယောက်ဖနှစ်ယောက်၏မျက်လုံးများမှာ ပြူးကျယ်သွားကြပြီး တစ်ချိန်တည်းဆိုသလို အော်ဟစ်မိကြတော့သည်။
 
“လခွမ်း တကယ်ကြီးလားကွ?”
 
“ဘယ်လိုတောင် ရှည်လိုက်တဲ့အစင်းကြီးလဲကွာ တကယ်ကြီး တရုတ်ငါးကြင်းကြီးလား?”
 
ရီရောင့်သုန်း၏မျက်နှာမှာလည်း အပျော်များဖြင့် ပြည့်နေပြီး 
“ဟုတ်လောက်တယ် အရင်ဆုံးဆွဲတင်လိုက် ကြည့်ကြည့်ရအောင်”
 
တရုတ်ငါးကြင်းတွေက စက်တင်ဘာလမှနေပြီး နိုဝင်ဘာလတိုင်း ဟိုက်ခုံမှ ချန်ကျန်းမြစ်ထဲ ကူးသန်းသွားလာကာ ချန်ကျန်းမှ ပင်းရှန်တစ်ဝိုက်တွင် မျိုးပွားကြသည်။
 
ဆောင်းဦးရောက်တိုင်း တရုတ်ငါးကြင်းများက ရွှေ့ပြောင်းပြီး မျိုးပွားရန်အတွက် မြစ်များဆီသို့ သွားကြသဖြင့် တရုတ်ငါးကြင်းအများအပြားကို မြစ်လက်ကြောင်းများတွင် ဖမ်းမိနိုင်သည်။
 
ဤတရုတ်ငါးကြင်းကြီးက သူ မိုဘိုင်ဖုန်းမှ သတင်းထဲတွင်မြင်ဖူးခဲ့သည်နှင့် ဘာမှမကွာခြားကြောင်း ရီရောင့်သုန်း ခံစားလိုက်ရပြီး ၎င်းက အတော်လေးကိုပင် ကြီးလှ၏။
ယောက်ဖနှစ်ယောက်မှာလည်း အလွန်ကို အံ့အားသင့်ပျော်ရွှင်နေကြသည်။ တရုတ်ငါးကြင်း ဟုတ်သည်ဖြစ်စေ၊ ဟုတ်သည်ဖြစ်စေ ဤမျှကြီးမားသည့်ငါးကို ဖမ်းမိနိုင်ရုံနှင့်တင် ပျော်ရွှင်ရမည်ပင်ဖြစ်သည်။
 
တကယ်အမှန်ပဲဆိုရင်ရော? ဈေးကောင်းနဲ့ ရောင်းရမှာပေါ့!
 
ကွန်ကို ကမ်းစပ်ပေါ် ဆွဲတင်ပြီးသည်နှင့် ရီရောင့်သုန်းက ပြုံးပြီး ခုန်နေဆဲဖြစ်သည့် ငါးကို ကန်လိုက်သည်။
 
“တစ်မီတာလောက်ရှည်မဲ့ပုံပဲ ‌အလေးချိန်လည်း တော်တော်စီးတယ်၊ အထဲမှာ အတော်လေးကြီးတဲ့ပုစွန်တွေလည်း အများကြီးပါသေးတယ်”
 
“ဟုတ်တယ် ဒီမြစ်မှာ ပုစွန်ကတော့ တအားပေါတယ်၊ ငါတို့ဆို အိမ်အတွက် ဟင်းစားရအောင် သုံးရက်တစ်ခါလာပြီး ဖမ်းနေကျ၊ စားမကုန်ရင် ပိုက်ဆံ နည်းနည်းပါးပါးရအောင် မြို့ပေါ်တက်ပြီး သွားရောင်းတယ်”
 
လင်းရှန်ဟွေ့ လက်ဖဝါးများကို စိတ်လှုပ်ရှားစွာ ပွတ်ရင်း 
 
“အားသုန်း ငါ ဒီငါးကို ဖမ်းမိပြီးပြီဆိုတော့ သေချာအနီးကပ်လာကြည့်ပါအုံးကွာ တကယ်ပဲ တရုတ်ငါးကြင်းလားဆိုတာ”
လင်းရှန်ရုန်ကလည်း သူ့အား အားကိုးတကြီး ကြည့်လာ၏။
ရီရောင့်သုန်း ချောင်းနှစ်ကြိမ်ဟန့်လိုက်ပြီး အနည်းငယ် ရှက်ရွံ့စွာဖြင့် 
 
“အဟန့်...ဒါကလေ တကယ်တော့ ငါလည်း အရင်ကတော့ မမြင်ဖူးဘူး ကြားပဲကြားဖူးတာ ပြီးတော့ ဒါက အရမ်းဆင်တယ်လေ!”
 
“အာ?”
 
“မင်းပဲ အခုနက အရမ်းတွေသေချာနေပြီးတော့ ငါ့စိတ်ထင် မင်း ဒီငါးကို သိမယ်ထင်တာ”
ညီအကိုနှစ်ယောက်မှာ ပြောစရာစကားမဲ့သွားရသည်။ သူတို့စိတ်ထဲ ရီရောင့်သုန်း တကယ်ပဲ အနှီငါးအား သိလိမ့်မည်လို့ပင်၊ သို့သော်...ဒါက ခန့်မှန်းကြည့်တာတဲ့လား!
 
“ငါကတော့ တရုတ်ငါးကြင်းလို့ထင်တာပဲ၊ မြစ်‌ရေတစ်ပုံးလောက် မြန်မြန်သွားခပ်လာခဲ့လေ၊ ရှင်နေတုန်း ပုံးထဲထည့်ထားမှ ကွန်နဲ့ကျတော့ တအား ကြီးလွန်းနေတယ် သူ အသက်ရှူရခက်နေလိမ့်မယ်၊ အခုက မှောင်နေပြီဆိုတော့ သွားရောင်းဖို့မလွယ်လောက်တော့ဘူး မနက်ဖြန်မနက်ထိ ရှင်အောင်ထားမှ”
 
မရှိနေတာထက် ရှိနေတာကို ပိုပြီးယုံကြည်သင့်ပေသည်။ တကယ်ကြီး တရုတ်ငါးကြင်းဖြစ်နေရင်ရော? သေသွားပြီး တစ်ညထားလိုက်လျှင် လတ်ဆတ်မနေတော့ဘဲ အရှုံးကြီးရှုံးလိမ့်မည်ပင်။
 
ရုန်းကန်နေသည့် ငါးကြီးကို ပုံးထဲ သီးသန့်ထည့်ကာ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နေ၏။
 
“တရုတ်ငါးကြင်း မဟုတ်တော့ရော ဘာအရေးမှတ်လို့ ဒီငါးက ဒီလောက်ကြီးတာ ပိုက်ဆံနည်းနည်းပါးပါးတော့ ရမှာပဲ၊ ပြီးတော့ ငါတို့ဆီမှာလည်း ဒါမျိုးက အရမ်းရှားတာလေ”
 
“တစ်ညအရင်ဆုံး မွေးလိုက်ရအောင် မနက်ဖြန်မနက်ကျမှ မြို့ပေါ်က လယ်ဈေးဆီယူသွားပြီး တစ်ယောက်ယောက်များ သိမလားလို့ သွားမေးကြည့်တာပေါ့”
 
ရီရောင့်သုန်းက သူ့လက်ထဲမှ ပုစွန်လှောင်အိမ်ကို ညွှန်ပြကာ 
 
“ဒီထဲမှာ ထည့်ထားချင်လား? ငါကြည့်တာ အဲ့ဒီပုံးထဲမှာ မြစ်ပုစွန်တွေက ဆယ်ကျင်းထက်မနည်းလောက်ဘူး တခြားငါးတွေလည်း ရှိနေသေးတယ် ရေထဲဆင်းပြီး ငါးတစ်ဝက်လောက်နီးပါးကို ပုံးထဲထည့်ထားတာဆိုတော့”
 
 
“မြန်မြန်ပဲ ပြန်ကြရအောင် ဒီငါးက အရမ်းကြီးတာ ပုံးက သေးလွန်းနေတယ် လမ်းမှာ ကြန့်ကြာနေရင် သေသွားအုံးမယ်၊ အိမ်မြန်မြန်ယူသွားပြီး ရေစည်ထဲထည့်ထားရမယ်”
“ဒါဆိုလည်း မင်းအင်္ကျီတွေအရင်ဝတ်အုံး စောစောပြန်ကြမယ်”
 
ရီရောင့်သုန်းက ပြောရင်းဖြင့် ပုစွန်လှောင်အိမ်ကို ဖယ်လိုက်သည်။ သူယူလာသည့် ပုံးနှစ်ပုံးလုံးက ပြည့်သွားပြီပင်။ အကယ်၍ ပုစွန်လှောင်အိမ်ထဲ ဆက်ထည့်နေလျှင် ငါးများကို ကွန်ထဲထည့်ပြီးတော့သာ သယ်သွားရမည်ဖြစ်သည်။ မည်သို့ဆိုစေ ယခုတွင်လည်း စားဖို့လုံလောက်နေပြီဖြစ်၍ စော‌စောပြန်သင့်ပေသည်။
ထုပ်ပိုးပြီးနောက် သုံးယောက်သားက လမ်းလျှောက်ရင်းဖြင့် အနှီငါး မည်မျှနှင့် ရောင်းလို့ရမည်ဖြစ်ကြောင်း ဆွေးနွေးကြ၏။
“မနက်ဖြန် စောစောထပြီး လယ်ဈေးထဲ သွားကြတာပေါ့၊ ဆောင်းလယ်ပွဲတော်က နီးနေပြီဆိုတော့ ဈေးက လူစည်နေမှာ၊ ဒီငါးက စျေးကောင်းရမှာ သေချာတယ်”
 
ရီရောင့်သုန်းက ရွှတ်ရွှတ်နောက်နောက်ဟန်ဖြင့် 
“ဟုတ်ဟုတ်မဟုတ်ဟုတ်ကွာ ဒီငါးကိုမေးရင် တရုတ်ငါးကြင်းလို့သာပြော၊ ပစ္စည်းကောင်းမှန်းသိတဲ့သူတွေကတော့ လေလံတင်လာမှာပဲ၊ အူတူတူအတတနဲ့ ဘာငါးမှန်းမသိဘူးလို့ သွားမပြောနဲ့ သူများ လိမ်စားသွားလိမ့်မယ်”
လင်းရှန်ဟွေ့နှင့် လင်းရှန်ရုန်မှာ အံ့အားသင့်သွားရသည်။
“ဒါပေမဲ့ ငါတို့မှ မသေချာတာ မဟုတ်ဘူးလား?”
“ပြောမှာသာ ပြောလိုက်ပါကွာ! မင်းတို့တောင် မမြင်ဖူးတာ သူများလည်း မြင်ဖူးလောက်မှာ မဟုတ်ဘူးလေ!”
 
“ဒါပေမဲ့...ဒါက လိမ်တာပဲမဟုတ်လား?”
 
ရီရောင့်သုန်း မျက်လုံးလှိမ့်ကာ 
“ဒါကို ဘယ်လိုလုပ်ပြီး လိမ်တယ်လို့ခေါ်မှာ‌လဲ? ဒီငါးက တကယ်ပဲ တရုတ်ငါးကြင်းဖြစ်နေနိုင်တာပဲလေ၊ ငါတို့ မသိဘူးမသေချာဘူးဆိုတိုင်း တရုတ်ငါးကြင်းမဟုတ်ဘူးလို့မှ မဆိုလိုတာ! ဟုတ်တယ်မလား? ဒါကို တရုတ်ငါးကြင်းလို့ပြောရင် တရုတ်ငါးကြင်းပဲပေါ့”
နှစ်ယောက်သားမှာ သူပြောသည့်စကားကြောင့် ရှုပ်ထွေးနေကြသော်လည်း အတော်လေး အကျိုးအကြောင်းသင့်လှသည်ဟုလည်း ခံစားရသည်။
 
လင်းရှန်ရုန်က ကိုးရိုးကားရားရယ်ရင်း 
 
“ငါတို့က ပစ္စည်းရောင်းတဲ့နေရာမှာ စကားပြောမကျွမ်းဘူးကွာ၊ ဒီလိုလုပ်ပါလား မင်းလည်း ငါတို့နဲ့အတူ မနက်ဖြန်မနက်ကျ လိုက်ခဲ့လေ?”
လင်းရှန်ဟွေ့ကလည်း ခေါင်းအမြန်ညိတ်ပြရင်း 
 
“ဟုတ်တယ် ဟုတ်တယ် ဒီငါးက မင်းကြောင့် ဖမ်းမိတာပဲဆိုတော့ မင်းလည်း ဝေစုပါတာပဲ အတူတူသွားကြတာပေါ့၊ ငါတို့ကို သူများ ခေါင်းပုံအဖြတ်မခံရစေနဲ့၊ ငါတို့က မင်းလောက် စကားပြောမကောင်းဘူး၊ ပုံမှန်ဆို ငါတို့က စကားနည်းနည်းပြောရမှာကို ကြောက်ပြီး ဒီတိုင်းပဲ သွားရောင်းနေကြတာဆိုတော့”
 
သူတို့ ယခင်က ဈေးအနှိမ်မခံရဘူးလို့လည်း မဟုတ်ချေ။ ထိုလယ်ဈေးတွင် ‌အဒေါ်ကြီးများအများအပြားရှိပြီး ဈေးဆစ်တော်ကြသည်။
 
သူတို့ ငါးနှင့် ပုစွန်တို့ သွားရောင်းသည့်အချိန်တိုင်းလိုလို ထိုအဒေါ်ကြီးများနှင့် သွားသွားဆုံ၏။ သူတို့က တစ်ကျင်းကို ၅၀ ဆင့်ဖြင့် ရောင်းသော်လည်း သူတို့က နှစ်ကျင်းဝယ်ပြီးလျှင် ၈၀ ဆင့်ဖြစ်သွားကြပြီး ၈၀ ဆင့်သာ ပေးကြသည်။ သူတို့ထွက်သွားသည့်အခါတွင်တော့ သူတို့မှာ ဆိုင်ကိုပစ်ပြီး သူတို့နောက်ကိုလည်း လိုက်လို့မရကာ ၂၀ ဆင့်မှာ အလဟဿဆုံးရှုံးရလေသည်။ ၂၀ ဆင့်ဆိုတာလည်း ငွေပဲလေ!
 
“ရောင်းပြီးတဲ့အခါကျရင် ငါ့ကို သုံးပုံပုံတစ်ပုံပေးရမယ် နော်? ပြဿနာမရှိဘူးဆိုရင် မနက်ဖြန်မနက်ကျ မင်းတို့နဲ့ လိုက်ခဲ့မယ်”
 
သူ ဝေစုရမည်ဆိုတာ ကျိန်းသေလျှင် သေချာပေါက် သူ အကောင်းဆုံးကြိုးစားရမည်ပင်။
 
သူတို့က လောဘကြီးပြီး ပိုက်ဆံနည်းနည်းဖြင့် သွားရောင်းချင်ကာ သူ့အား ဝေစုထဲထည့်မတွက်လိုလျှင် သူလည်း ဘာမှပြောနေမည်မဟုတ်ချေ။ မည်သို့ဆိုစေ သူကိုယ်တိုင်က သူတို့နောက် လိုက်လာရန် တောင်းဆိုထားခြင်းဖြစ်ပြီး နှစ်ယောက်သားကလည်း သူ့ယောက်ဖတွေပင်။
 
လင်းရှန်ဟွေ့ : “ရသင့်တာပေါ့၊ မင်းရဲ့ပုစွန်လှောင်အိမ်ချတဲ့နေရာက အကောင်းဆုံးနေရာပဲလေ အဲ့တော့ မင်းဖမ်းမိတာ မဆန်းဘူး၊ ငါတို့သာ ငါတို့ပုံမှန်ချနေကျနေရာမှာ သွားချရင် ဒီကောင်ကြီးကိုလည်း ဖမ်းမိနိုင်မှာမဟုတ်ဘူး”
လင်းရှန်ရုန် : “အင်း ဒီငါးက အဖိုးတန်တယ်ဆိုရင် သေချာပေါက် ငါတို့သုံးယောက် အချိုးကျခွဲရမှာပေါ့၊ ငါတို့ညီအစ်ကိုနှစ်ယောက်က ပုံမှန်ဆိုလည်း ပုစွန်လှောင်အိမ်တွေအတူထောင်ပြီး ဆင့်နည်းနည်းပါးပါးနဲ့ သွားရောင်းနေကျ”
 
ရီရောင့်သုန်း : “ရပါတယ်ကွာ ငါတို့က တစ်မိသားစုတွေပဲ မင်းတို့သဘော...”
 
အကိုကြီး မင်းက စာရင်းတွေကို ရှင်းရှင်းလင်းလင်းဖြတ်ပြီးတာတောင် စကားတွေကို လှလှပပပြောတုန်းပဲနော်!
ရေထဲရှိငါးကြီးက အနည်းငယ်လှုပ်ယမ်းလာပြီး ရေများက လင်းရှန်ဟွေ့ပေါ် လာစင်လေ၏။ သူက ပျော်ရွှင်စွာဖြင့် 
 
“အားသုန်း တကယ်လို့ ဒါသာ တရုတ်ငါးကြင်းဆို ဘယ်လောက်လောက်ရမယ်ထင်လဲ?”
 
 
သူက ရေချိုငါးများ၏ဈေးနှုန်းအကြောင်းကို ကောင်းကောင်းမသိချေ။ သူ ပုံမှန်အကောင်လောက်ပဲ သိတာလည်း မပြောနဲ့လေ အခုပဲ ၈၂ နှစ်ကျော်တောင် ကြာသွားပြီကို!
အကယ်၍ ပစ္စည်းကောင်းသိတဲ့လူကို ရှာချင်လျှင် သူဌေးမဟုတ်သည့် တခြားသူမှာ အရာရှိများပင်။ မနက်ဖြန်မနက်ကျ တစ်ခါတည်း မြို့ပေါ်က အစိုးရရုံးဆီ ယူသွားလိုက်ရင်ရော? လယ်‌ဈေးကွက်မှာပဲ အချိန်ကုန်နေတာ သက်သာသွားတာပေါ့!
 
“ဒီလောက်တောင်အများကြီး?”
 
ယောက်ဖနှစ်ယောက်မှာ အံ့အားတသင့်ဖြင့် တစ်ပြိုင်တည်း ပြောလာကြသည်။
 
“သိပ်မများပါဘူးကွာ၊ ဒါက တကယ်ပဲ တရုတ်ငါးကြင်းသာဆိုရင် အရမ်းရှားပါးတာလေ၊ မဟုတ်ရင် ဘာလို့ ချန်ကျန်းငါးဘုရင်လို့ ခေါ်နေတော့မှာလဲ? ဒီလောက်ကြီးတာ ရတနာပဲပေါ့”
၎င်း၏အသည်းက ဝဲခြောက်ရောဂါကို ကုသပေးနိုင်ပြီး အသားက ခုခံအားကျဆင်းခြင်းနှင့် ချီစွမ်းအင်ကို ပြန်လည်ဖြည့်တင်းပေးနိုင်၏။
 
၎င်း၏ရိုးတွင်းခြင်ဆီတွင် ‘ငါးမန်းဆူးတောင်များ၊ ငါးကြင်းအရိုးများ၊ သက်ရှည်အစာ၊ ယင်ဓာတ်ကို ပြည့်ဝစေပြီး ယန်ဓာတ်ကို အားကောင်းစေသည်’ အဖြစ် လူသိများသော ကင်ဆာတိုက်ဖျက်နိုင်သည်ဟူသော အချက်များ ပါဝင်၏။
 
၎င်း၏ ရေကူးဆီးအိမ်အား colloid ဓာတ်ကြွယ်ဝသည့် ‘huso ငါးစီဖောင်း' ဟုခေါ်ပြီး အရည်အသွေးမြင့် ဆေးများကို ထုတ်လုပ်ရန်နှင့် ဆေးဝါးအဖြစ် အသုံးပြုနိုင်၏။
တန်ဖိုးအရှိဆုံးမှာ တရုတ်ငါးကြင်း၏ ငါးဥပင်။ ငါးကြင်း၏ငါးဥမှပြုလုပ်ထားသည့် ‘ငါးဥဆားနယ်’ မှာအလွန်မြင့်မားသော အဆီပါဝင်နှုန်းရှိပြီး ကမ္ဘာ့အဓိကအရသာရှိစားဖွယ်သုံးမျိုးထဲမှ တစ်ခုအဖြစ် သတ်မှတ်ထား၏။

၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now