သူ့တကိုယ်လုံးဟာ မိုးရေတွေနဲ့ စိုရွှဲနေပြီး သူ့ဆံပင်နက်တွေဟာလည်း ရေစိုနေသည်။ သူ့ဆံပင်ဖျားကနေ မိုးရေစက်တွေဟာ တတောက်တောက် စီးကျလျက်ရှိပြီး သူ့ကိုယ်ပေါ်ကျဆင်းနေတဲ့ မိုးရေတွေနဲ့ တသားတည်းပေါင်းကာ စီးဆင်းသွားသည်။
သူ့အမဲရောင်အားကစားဆွယ်တာဟာလည်း စိုစွတ်နေတာကြောင့် တစ်ကီလိုထက်တောင် လေးပုံပေါ်နေသည်။
သူ့အသားအရေဟာ ဖြူဖွေးနေပေမဲ့ သူ့မျက်လုံးတွေဟာ တဖြည်းဖြည်းကျဉ်းမြောင်းလာနေသည်။ မျက်ဝန်းတွေက မဲနက်နေပြီး အနည်းငယ်ဂရုမစိုက်ပုံပေါ်နေသည်။
သူဟာ "အပေးအယူဖြစ်ပြီ" ဆိုတဲ့စကားလုံးကြားအောင်ထိ မျက်တောင်တချက် မှ မခတ်ခဲ့ပေ။
.......
ကျူးကျူးဟာ ကုတ်အင်္ကျီပြန်ချွတ်ရန် အိမ်ထဲဝင်ပြီး သူမခြေဗလာချရုံပဲရှိသေးတယ်။ မိုးရေထဲမှာရပ်နေခဲ့တဲ့ချန်ကျမ်းဟာ တံခါးကနေတိတ်ဆိတ်စွာဝင်လာပြီး တံခါးကို ပြန်ပိတ်လိုက်သည်။
'သေချာတယ်၊ ထီးမယူသွားခဲ့ဘူးပဲ'
ကျူးကျူးသူ့ကို ပုဝါရှည်လှမ်းပေးလိုက်ပြီး "ငါထီးကို တံခါးဝမှာ ထားထားတယ်မဟုတ်လား၊ အပြင်သွားတော့ ဘာလို့မယူသွားတာလဲ?"
သူ သူ့မျက်လုံးတွေကို တဖြည်းဖြည်းမော့လိုက်ပြီး ကျူးကျူးကို စိုက်ကြည့်လိုက်ကာ သူ့ကို သူတို့ပထမဆုံးတွေ့တဲ့အချိန်ကို သတိရသွားစေသည်။ သူတို့ရဲ့မျက်လုံးတွေဟာ သူစိမ်းတယောက်ကို တွေ့ရလို့ စိမ်းသက်နေခဲ့တယ်။
ချန်ကျမ်းဟာ ပုဝါကိုမယူပဲ စာကြည့်ခန်းထဲ ဝင်သွားတော့သည်။
ကျူးကျူး ။ "?"
'အစားများပြီး ဒီကောင်ကြောင်သွားတာလား?'
သူမထမင်းချက်ရန် မီးကို စိတ်ညစ်စွာနဲ့ဖွင့်လိုက်သည်။ စာကြည့်ခန်းတံခါးပိတ်မြဲပိတ်လျက်ရှိနေပြီး သူ့အတွက် ကျူးကျူးထားခဲ့တဲ့အစားအသောက်တွေဟာလည်း အေးစက်နေကာ သူကတော့ လုံးဝထွက်မလာခဲ့ပေ။
ကျူးကျူးဟာ ဒီထူးဆန်းတဲ့ စစ်အေးစစ်ပွဲကို နားမလည်နိုင်ဖြစ်နေသည်။ သူမထမင်းကို ပြန်ဖုံးထားလိုက်ပြီး ချန်ကျမ်းနဲ့စကားပြောရမှာပျင်းတာကြောင့် အခန်းထဲဝင်ပြီး ဂိမ်းကို သာဖွင့်လိုက်သည်။လိုင်းပေါ်ရောက်ရောက်ချင်း လူအများကြီးက ကျူးကျူးဘာလို့အသင်းကနေထွက်သွားရတာလဲလို့ လာမေးကြသည်။
ချန်ယုအိမ်ရာ ။ "အကြောင်းအရင်းက ဘီယန်ကြောင့်လား? စိတ်ညစ်သွားရင်တောင်းပန်ပါတယ်"
ပိုင်လုံမန် ။ "အစ်မကျူး၊ မြန်မြန်ပြန်လာပါ၊ ဂိမ်းတူတူဆော့ကြရအောင်"
ငါက ယီလျန်ချန် ။ "အဲဒီလေပြေတွေက အဲလိုပဲ၊ စိတ်ထဲမထားနဲ့ အသင်းကမိန်းကလေးတွေက အသားကျနေပြီ၊ ဂိမ်းကစားပြီးရင် ကျွန်တော်တို့နဲ့ ကစားကြရအောင်"
ကျူးကျူးတယောက်ချင်းစီကို ရှင်းပြနေတုန်း လေးလံတဲ့အရာတခု မြေပေါ်ကိုပြုတ်ကျသလိုမျိုး "ဘုန်း "ဆိုတဲ့အသံကြောင့် သူမထိတ်လန့်သွားလေသည်။
သူမအမြန်ပြေးထွက်သွားကာ မီးဖွင့်လိုက်ချိန်မှာတော့ ချန်ကျမ်းဟာ ကြမ်းပြင်ပေါ်မှာ ပြုတ်ကျနေပြီး ဘေးမှာလည်း ရေရော၊ ဆေးလုံးဖြူတချို့ ပြန့်ကျဲလျက်ရှိကာ ခွက်ကလည်းကွဲနေလေသည်။
ကျူးကျူးသူ့နှဖူးဆီ လက်လှမ်းလိုက်ချိန်မှာတော့ အပူချိန်က လန့်စရာကောင်းပေသည်။
"ဘုရားရေ၊ ဘာလို့ ဒီလောက်တောင်ပူနေရတာလဲ?"
ကျူးကျူး ထိတ်လန့်စွာနဲ့ပြောလိုက်သည်။
"ဒီလောက်ဆို ကြက်ဥတောင် ဖုတ်လို့ရနေပြီ"
အခုထိခေါင်းမူးနေသေးတဲ့ ချန်ကျမ်းဟာ ရုတ်တရက်မျက်လုံးဖွင့်လိုက်ပြီး " ကြက်ဥတောင်ဖုတ်လို့ရတယ်???"
ကျူးကျူး ။ "......"
YOU ARE READING
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...