သားရဲခေတ်၏အရှင်သခင် Chapter(17) A

535 61 0
                                    

လောင်မီးမြို့က နတ်သမီးလေး!


ခပ်ကြမ်းကြမ်းမိန်းမပျိုလေးတစ်ဦး၏ အသံထွက်ပေါ်သည်။လီတျန်းမင်ခန့်မှန်းမှုအရ သူမသည် ကျန်းဖေးလင် ယခင်ကပြောခဲ့ဖူးသည့် ချင်းအာပင် ဖြစ်ရပေမည်။
   
သူမသည် သွယ်သွယ်လျလျခန္တာကိုယ်အား ထင်ပေါ်စေသည့် ကျော့ရှင်းသော အပြာရောင်ဝတ်စုံအားဝတ်ဆင်ထားသည်။
   
သူမ၏အသားအရည်မှာ ချောမွေ့နေ၍ လှပသေးသွယ်သောမျက်ခုံးနှစ်ခုနှင့် အသက်ဝင်တောက်ပသည့် မျက်လုံးများအား ပိုင်ဆိုင်ထားသည်။သူမသည် အသက်သိပ်မကြီးသေးသော်လည်း သူမ၏ခန္တာကိုယ်မှာမူ ဖွံ့ဖြိုးနေကယ သူမ၏ ဝတ်စုံကလည်း ကောက်ကြောင်းများအားပေါ်လွင်နေစေသည်။ သူမ၏ အလှသည် ကျန်ဖေးလင်ထက် နည်းနည်းမျှ မလျော့ကျချေ။ ထို့ပြင် သူမတွင် ထိန်းသိမ်း၍​မရနိုင်သည့် အရှိန်အဝါတစ်ခုလည်း ထွက်ပေါ်နေသည်။
    
မိန်းကလေးနှစ်ဦးမှာ ဘေးခြင်းယှဥ်၍ရပ်နေကြသည်။ တစ်ဦးမှာ ကမ္ဘာမြေနှင့် လုံးဝမသက်ဆိုင်သည့် အိမ်မက်ထဲမှ နတ်မိမယ်လေးဖြစ်ကာ တစ်ဦးကမူဆယ်ပုံပုံလျှင် တစ်ပုံကကျက်သရေရှိ၊နှစ်ပုံက ချစ်စရာကောင်းကာ ခုနှစ်ပုံကဆွဲဆောင်မှုရှိနေသည့် လူသားလောက၏မင်းသမီးလေးတစ်ပါးဖြစ်သည်။
    
ကျန်းဖေးလင်မှာ တောက်ပသောအသားအရည်နှင့် အလွန်အိပ်မက်ဆန်နေကာ တစ်ဖက်က ချင်အာမှာမူ ထိန်းမရသိမ်းမရနှင့်သွယ်လျသောခန္တာကိုယ်ရှိကာ တမူထူးခြားသည့် အသွင်အပြင်ရှိသည်။
    
လီတျန်မင်းသည် တောတောင်ထဲတွင် ထိုသို့သော အလှလေးနှစ်ဦးနှင့် ဆုံရမည်ဟုထင်မထားခဲ့ပေ။ ထို့အပြင် ချင်အာ၏အလှကလည်းမူချင်းချင်းအောက်မလျော့သည့်အပြင် ကိုယ်ရည်ကိုယ်သွေးက ပို၍ပင်သာနေသေးသည်။
    
လီတျန်းမင်သည် မူလက ချင်အာမှာ ကျန်းဖေးလင်၏ အစေခံတစ်ဦးဟုပင် ထင်ခဲ့မိသေးသည်။ သို့သော်လည်း တကယ်မြင်လိုက်ရသည့်အခါတွင်မှ မှားနေမှန်းသိလိုက်ရသည်။သူမသည် သာမာန်နှင့်မတူသော အရှိန်အဝါရှိကာ ပါရမီရှင်တစ်ဦးလည်းဖြစ်ပုံရသည်။ သူမသည် လောင်မီးမြို့တွင်ပင် မြင့်မားသောအဆင့်အတန်းတစ်ခုရှိမည်မှာ သေချာလှသည်။
     
" သူ့ကို ခြောက်မနေနဲ့ ချင်အာရဲ့။ သူက လူဆိုးမဟုတ်ဘူး။ အခုလေးတင် ငါ့ကို သားရဲရိုင်းကြီးလိုက်တော့ ကယ်ခဲ့တာ "
    
" အဲ့သလိုလား " ချင်အာမှာ စိတ်အေးသွားရသည်။ သို့သော်လည်း သူသည် လီတျန်းမင်အား ထပ်၍မာန်မဲလိုက်သေးသည်။ " ကောင်းပြီလေ။ ဒါပေမယ့် လင်အာကို မဟုတ်မဟတ်တော့ ကြံမယ်မလုပ်နဲ့နော်။မျိုးကန်းသွားမယ်..ဟမ့် "
      
" နင်ကလှသလောက် အပြောအဆိုကျ မယဥ်ကျေးဘူးနော် " ဟု လီတျန်းမင်ပြောလိုက်သည်။
     
ချင်အာသည် လီတျန်းမင်အား ကြည့်လိုက်သည်။ထို့နောက် သူမထံမှ သားရဲသွေးကြောအဆင့်ထက်ပိုသော သားရဲကီများက ပေါက်ကွဲ၍ထွက်လာသည်။၎င်းသည် ဝိညာဥ်အရင်းအမြစ်အဆင့် ဖြစ်သည်။လောင်မီးမြို့၌ ထိုအဆင့်သို့ရောက်နေသော လူငယ်အားလုံးသည် နာမည်ကျော်များ ဖြစ်ကြသည်။
    
"ချင်အာ..အစ်ကိုကြီးကို အနိုင်မကျင့်ပါနဲ့။ ငါနင့်ကို အံအားသင့်စရာတစ်ခုပြောရဦးမယ်သိလား "
    
" အစ်ကိုကြီး...ဟုတ်လား " ချင်အာ၏ အကြည့်များက ပိုမိုကြမ်းတမ်းသွားသည်။ လီတျန်းမင်သည် ရယ်ရမလား ငိုရမလား ပင်မသိဖြစ်သွားသည်။ သူမသည် လီတျန်းမင်ကို မိန်မပျိုလေးများအား လှည့်ဖျားတတ်သည့် လူယုတ်မာတစ်​ယောက်ဟုထင်နေပုံရသည်။ 
       
" နင်မကြားချင်ဖူးလား " ကျန်းဖေးလင်က နှူတ်ခမ်းစူကာ ပြောလိုက်သည်။
     
" ကောင်းပြီလေ ပြောဟယ်..ပြော " ချင်အာလည်း ကူရာမဲ့စွာ ပြောလိုက်ရသည်။
     
" အခုလေးတင် ဝိညာဥ်စွဲကပ်ခြင်းကို အစ်ကိုကြီးအပေါ်မှာ ငါသုံးခဲ့တာဟဲ့။ ချိန်သားကိုက်တာက ဘယ်အဆင့်ထိရောက်သွားလဲသိလား သိလား။ ခန့်မှန်းကြည့်စမ်း "
     
" ဝိညာဥ်စွဲကပ်ခြင်းဟုတ်လား။ ငါနင့်ကို ပြောထားတယ်လေလင်အာရယ်။ ကြုံရာတေလေဂျပိုးတွေနဲ့ ဝိညာဥ်စွဲကပ်ခြင်းမလုပ်ပါနဲ့ဆိုမှ " ချင်အာသည် ပြောရင်း ပိုပို၍ဒေါသထွက်လာလေသည်။
       
" ငါ့မှာ ရွေးချယ်စရာမရှိဘူးလေဟယ်။ သားရဲရိုင်းကြီးက အနောက်က လိုက်နေတဲ့တာကို "
      
ထိုအခါချင်အာက လီတျန်မင်းအား တစ်ချက်ကြည့်လိုက်ရင်း ပြောလိုက်သည် " ဟမ့်။တောကြိုအုံကြားက တေလေဂျပိုးကောင် ဆိုတော့ အဆင့်နှစ်လောက်တော့ဖြစ်မှာပေါ့"
    
"ဘယ်ကသာ...မှားတယ်။အပြည့်အဝကိုချိန်သားကိုက်တာဟ။နင်ကြည့်လိုက် " ကျန်းဖေးလင်သည် လီတျန်းမင်အပေါ်သို့ ဝိညာဥ်စွဲကပ်ခြင်းအား ထပ်မံပြုလုပ်လိုက်သည်။ ထိုအခါလီတျန်းမင်သည် သူ၏ ခန္တာကိုယ်ထဲတွင် ကြီးမားသော ခွန်အားများက စတင်ပေါ်ပေါက်လာသည်အား ထပ်မံခံစားလိုက်ရသည်။
    
" သောက်ခွေးပဲဟယ် " ချင်အာမှာ ထိုအဖြစ်အပျက်အား မြင်လိုက်ရသောအခါ ပိုမိုဒေါသထွက်သွား၍ ဆဲပင်ဆဲမိသွားသည်။
    
" ကြည့်။ လုံးဝကိုပြီးပြည့်စုံတဲ့ ချိန်သားကိုက်ခြင်းပဲတွေ့လား။ ငါလေ အစ်ကိုကြီး လီတျန်းမင်ကို ဟိုးအရင်ထဲက သိခဲ့တယ်လို့တောင် ခံစားခဲ့ရတာသိလား " ကျန်းဖေးလင်သည် သူမကိုယ်သူမပြန်လည်ဖွဲ့စည်းလိုက်ကာ လီတျန်းမင်အား တောက်ပစွာကြည့်၍ ပြောလိုက်သည်။
      
ထိုသို့နှစ်ဦးသားနီးကပ်နေသည်အား မြင်သောအခါ ချင်အာသည် အံကြိတ်လိုက်၍ ကျန်းဖေးလင်အား သူမ၏အနားဆွဲခေါ်လိုက်သည်။ " လင်အာ...နင်ကတအားရိုးတာပဲ။သူများတွေ ပြောတိုင်းလက်မခံနဲ့။ သူကငါမရှိတုန်း နင့်ကိုလှည့်ဖျားထားတာပဲနေမယ် " 
   
"မဟုတ်ပါဘူးဟယ်။ သူကယဥ်ကျေးပါတယ်ဟဲ့ "
    
" လင်အာရယ်...နင်ကတော့လေ သူ့ရဲ့လှည့်ကွက်တွေအောက်မှာ ကျရှုံးသွားပြီပဲ " ချင်အာသည် အံကိုတင်းတင်းကြိတ်လိုက်ရင်း ဆက်ပြောလိုက်သည်။ " ငါနင့်ကိုပြောမယ်။ ယောကျ်ားတွေက တစ်ယောက်မှမကောင်းဘူးဟဲ့။ သူနင့်ကို ကောင်းပြတာကလဲ နင်ကလှလို့ရယ်။ ပြီးပြည့်စုံတဲ့ ချိန်သားကိုက်ဝိညာဥ်စွဲကပ်မှုက ဘယ်လိုဖြစ်တာလဲဆိုရင်....အင်း...ဘယ်လိုပဲဖြစ်ဖြစ်ဟာ သူ့လိုတောကြိုအုံကြားကကောင်ကဘယ်နည်းနဲ့မှ လုပ်နိုင်မှာမဟုတ်ပါဘူး "
     
" အမိ...ခင်ဗျားလေးရဲ့ စကားတွေကြောင့် ယောကျ်ားဘယ်လောက်များများက နာကျင်ခဲ့ရပြီးပြီလဲ " လီတျန်းမင်သည်တဖြည်းဖြည်းနှင့် ချင်အာကို စိတ်ပျက်လာခဲ့သည်။ လူတွေသည် ဘယ်တုန်းကများ ဒီလောက်အထိ တစ်ယောက်ကိုတစ်ယောက် အယုံအကြည်မဲ့သွားကြသနည်း။မည်သို့ပင်ဆိုစေကာမူ သူကကျန်းဖေးလင်အားကယ်ခဲ့သည်မဟုတ်သလော။
      
" နင် သေချင်နေပြီလား " ချင်အာသည် လီတျန်းမင်အား အေးစက်စွာစိုက်ကြည့်လိုက်ရင်း သူမထံမှသားရဲကီများက ပေါက်ကွဲထွက်လာသည်။
      
" ချင်အာ "ကျန်းဖေးလင် စိတ်ဆိုးသွားသည်။လီတျန်းမင်လည်း ထိုနတ်သမီးလေး သည်စိတ်ဆိုးတက်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ သို့သော်လည်း သူမ၏ စိတ်ဆိုးနေသည့်ပုံစံကပင် ချစ်စရာကောင်းနေသေးသည်။  
     
" ကဲပါ..။ငါတို့ပြန်ရအောင်။ ဒီမှာငါတို့နေနေတာကြာနေပြီ " ချင်အာသည် ကျန်းဖေးလင်အား စိတ်မဆိုးစေချင်သောကြောင့် ချော့လိုက်ရသည်။
    
" အင်း " ကျန်းဖေးလင်မှာ စိတ်ပျက်သွားရသည်။
   
" ဟဲ့...ဟိုလူလိမ်ကောင် ငါတို့ပြန်ပြီ။ နင် ကလင်အာကို ကူညီခဲ့တဲ့ အတွက်တော့ ကျေးဇူးတင်တယ်။ ဒါပေမယ့် နင့်ရဲ့အတွေးတွေကိုဖျောက်ပစ်လိုက်။နင်နဲ့ လင်အာကကမ္ဘာချင်းမတူဘူး။အိမ်မက်မက်တာ ကိုရပ်ပြီး လယ်စိုက်တဲ့နေရာမှာသာ အာရုံစိုက်နေ...ကြားလား " ဟု ချင်အာက လီတျန်းမင်အား လှည့်ပြောလိုက်သည်။
     
" နင်က ဒီနေရာမှာ ပြဿနာရှိနေတာတော့မဟုတ်ပါဘူးနော်" လီတျန်းမင်သည်ခေါင်းအား လက်ညှိုးထိုးပြရင်းမေးလိုက်လေ၏။
    
"ဒီသူတောင်စားကတော့...ငါနော်.. . . " ချင်အာမှ အံကြိတ်မိလိုက်သည်။လောင်မီးမြို့တွင်ပင် သူမအားမည်သူကမှ ထိုသို့မပြောရဲချေ။
     
" လင်အာကလောင်မီးမြို့ရဲ့ ဘယ်နေရာမှာ နေတာလဲ။ အစ်ကိုအလည်လာခဲ့မယ်လေ "
     
" လင်အာ..သူ့ကိုမပြောနဲ့ " ချင်အာမှာ လင်အာမပြောခင် လင်အာ၏ပါးစပ်အား လက်ဖြင့်ကာလိုက်သည်။ " နင့်လိုတောသားကများ...ဟမ့်။ စပါးကိုသာ သေချာစိုက်ပြီး ဟင်္သာပြဒါးနိုင်ငံရဲ့ စားနပ်ရိက္ခာအတွက် အကျိုးပြုလိုက်စမ်းပါ "
    
" သွားကြစို့ " ထိုသို့ပြောပြီးသည်နှင့် သူမသည် ကျန်းဖေးလင်၏လက်ကို ဆွဲကာ လျှင်မြန်စွာပြေးထွက်သွားလေ၏။ လီတျန်းမင်အနေဖြင့် သူတို့၏အနောက်သို့ လိုက်မည်ဆိုလျှင်ပင် မမှီနိုင်ချေ။
      
လီတျန်းမင်ရယ်လိုက်မိသည်။ ထိုမိန်းကလေးနှစ်ဦးသည် အတော်လေး ကိုစိတ်ဝင်စားဖွယ်ကောင်းလှသည်။
     
တစ်ယောက်သည် သူ့အား မယဥ်ကျေးချေ။၎င်းကလည်း ကျန်းဖေးလင်အား သူ၏လှည့်စားခြင်းကို ခံရမည်စိုးသောကြောင့်သာဖြစ်သည်။ထိုနတ်မိမယ်လေးသည် အလွန်ပင်ဖြူစင်လှကာ သူမညစ်နွမ်းသွားမည်အား မည်သူကမြင်ချင်မည်နည်း။

သားရဲခေတ်၏အရှင်သခင် Vol.1Nơi câu chuyện tồn tại. Hãy khám phá bây giờ