သားရဲခေတ်၏အရှင်သခင် Chapter(28)

480 54 0
                                    

ခုနှစ်ယောက်တစ်ယောက်တိုက်ခိုက်ခြင်း!

ယခုအချိန်တွင် အမျိုးမျိုးသော အသက်သားရဲများမှာ လီတျန်းမင်အားဝန်းရံထားကြသည်။ ၎င်းတို့သည် မုန်တိုင်းပျံလွှား၊ လေပြင်းများအဆက်မပြတ်လွှမ်းခြုံစေနိုင်သော လေအမျိုးအစား၊ပျံသန်းနိုင်သောသားရဲ၊ မိုးကြိုးသားရဲ​၊ အရိပ်ထဲမှ ချောင်းမြောင်းတိုက်ခိုက်ရာတွင်ထူးချွန်သည့် မိုးကြိုးအမျိူးအစား-ကုန်းနေသားရဲ၊ ဆန်းကြယ်ရေခဲပိုးကောင်၊ ပြိုင်ဘက်ကိုခဲပစ်နိုင်သည့် ရေခဲအမျိုးအစားသားရဲ၊ သံမဏိချပ်ဝတ်အမျိုးအစားဖြစ်သော များစွာသောလက်နက်များအားတိုးမပေါက်သည့် ဧရာမသံမဏိချပ်ဝတ်ပုရွက်ဆိတ်တို့ဖြစ်ကြသည်။
   
အမျိုးမျိုးသောမျိုးစိတ်များပါဝင်သည့်အသက်သားရဲခုနှစ်ကောင်နှင့်ရင်ဆိုင်ရာတွင်တော့ ကြက်ကလေးသည်ခွန်အားမဲ့နေရသည်။ သူမည်သို့ရင်ဆိုင်ရမည်နည်း။
    
လီတျန်းမင်မှာဝန်းရံထားသော ရန်သူဆယ့်လေးကောင်၏ စိတ်အားထက်သန်စွာ ကြည့်နေခြင်းအား ခံနေရသည်။ သူကနတ်သုဒ္ဓါအား သန့်စင်ပြီးတာတောင် အဘယ့်ကြောင့် သူ့အားစိတ်ဝင်စားနေကြသနည်း။
    
" အိုး " နောက်ဆုံးတွင်တော့ လီတျန်းမင်သည်အဖြေကိုရှာတွေ့သွားသည်။ ၎င်းတို့သည် သူ၏အိတ်ကပ်ထဲရှိ ဝိညာဥ်အူတိုင်အား နတ်သုဒ္ဓါနှင့်မှားယွင်းနေခြင်းဖြစ်သည်။
    
" လီတျန်းမင်....အဲ့ဒီနတ်သုဒ္ဓါက လျှပ်စီးအိမ်တော်ရဲ့အပိုင်ပဲ။ အိမ်တော်ကဆုံးဖြတ်ပြီးပြီ။ မင်းမှာ ချင်မင်းသမီးရဲ့ ကျောက်စိမ်းပြားရှိနေရင်တောင် နတ်သုဒ္ဓါကိုအပိုင်လိုချင်ရင် ဒီခုနှစ်ယောက်ကိုတိုက်ခိုက်ရမယ် " ဟု လျူချင်းယန်ကပြောလိုက်သည်။
    
" ဒါပေါ့ ငါ့အချိန်တွေကို ဖြုန်းမနေနဲ့။ မင်းတို့ခုနှစ်ယောက်လုံး တစ်ပြိုင်ထဲဝင်တိုက်လို့ရတယ် " လီတျန်းမင်က ထိုအခြေအနေအား လက်ခံလိုက်သည်။ သူဤနေရာသို့ပြန်လာခြင်းမှာ သူ၏ဂုဏ်သိက္ခာအတွက် တိုက်ခိုက်ပြီး သူ၏မိခင်အား သိက္ခာရှိစွာဖြင့် ခေါ်ထုတ်နိုင်ရန်ဖြစ်သည်။ သူ့အနေဖြင့် ဤခုနှစ်ယောက်နှင့်တိုက်ခိုက်ရခြင်းအမကြောက်ရွံ့ပေ။ ကြိုပင်ကြိုဆိုနေလိုက်သေးသည်။
   
လျှပ်စီးအိမ်တော်မှလူများအဖို့ ဤသည်မှာစော်ကားမှုဖြစ်သည်။ လောင်မီးမြို့မှ လျှပ်စီးအိမ်တော်၏ ပါရမီရှင်များအနေနှင့် သူတို့သည် ဤကဲ့သို့သူမျိုးကို နှစ်ခါပင်လှည့်မကြည့်ချေ။
   
" တော်တော် ဇောင်းကြွတဲ့ကောင်ပဲကွ။ ဟမ့် "
   
" အဖတ်လုပ်မနေနဲ့။ သူကဒီအတိုင်းပဲ။ စကားကြီးစကားကျယ်ပြောပြီး အမှိုက်လိုပြေးတတ်တဲ့ကောင် "
    
" မင်းရဲ့ဆုံးဖြတ်ချက်ကို နောင်တမရနဲ့။ မဟုတ်ရင် ငါတို့အစီအစဥ်တွေချဖို့ ခက်ခက်ခဲခဲဆုံးဖြတ်နေရဦးမယ်။ ပထမဆုံးနိုင်တဲ့လူက နတ်သုဒ္ဓါကို ရမယ်ဟေ့ " ကျန်းဇီရွှမ်းကဝင်ပြောလိုက်သည််။ သူက လီတျန်းမင်အား ခိုး၍တိုက်ခိုက်လိုခြင်းဖြစ်သည်။ အားလုံးထဲတွင် သူကအားအနည်းဆုံးဖြစ်ကာသူ့အနေဖြင့် လီတျန်းမင်အား မနိုင်နိုင်မှန်းသိသည်။
    
" တောင်းပန်တယ်ကွာ။မင်းဘာပြောလိုက်တာလဲ မကြားလိုက်လို့။ ဒါနဲ့မင်းရဲ့ ကင်းမြှီးကောက်မျက်လုံးအခြေအနေကရော " လီတျန်းမင်က ကျန်းဇီရွှမ်း၏မျက်နှာနီရဲသွားသည့်အထိ ဒေါသထွက်အောင်လှောင်ပြောင်လိုက်သည်။
    
" လေပေါနေဖို့ အချိန်မရှိဘူး စရအောင် " လျူချင်ယန်က တိုက်ပွဲဝင်ရန်အသင့်ဖြစ်နေသည်။ သူကခုနှစ်ယောက်ထဲတွင် အသန်မာဆုံးဖြစ်သဖြင့် နတ်သုဒ္ဓါအားရရှိမည်ဟု ယုံကြည်ချက်ရှိသည်။
    
" လျူချင်းယန်....ငါတို့ရဲ့ တစ်လသဘောတူညီချက်ကရှိသေးတယ်နော်။ မင်း မီးတောက်ဝါအမိန့်ကို လက်လွှတ်ရမှာ စိုးရိမ်နေတာလား " လီတျန်းမင်ကလျူချင်းယန်အား စိုက်ကြည့်ရင်းပြောလိုက်သည်။
      
" ကတိက ကတိပဲ။ မင်းရှုံးတာနဲ့ နတ်သုဒ္ဓါကို ပေးလိုက်် " ဟုပြောကာ လျူချင်းယန်က လီတျန်းမင်ထံပြေးဝင်သွားသည်။ လျူချင်းယန်သည်အခြားပြိုင်ပွဲဝင်ခြောက်ယောက်အား အသာရနေသည်ကိုသိသည်။ လီတျန်းမင်အနေဖြင့် မီးတောက်ဝါ အမိန့်အားရရန် သူ့ကိုအာရုံစိုက်၍ ရင်ဆိုင်ပေလိမ့်မည်ဖြစ်ရာ ထိုအချိန်၌ သူက ထိုအရူးအားအနိုင်ယူပြီးနောက် နတ်သုဒ္ဓါအားရမည်ဖြစ်သည်။
     
လျူချင်းယန်မှလှုပ်ရှားသည်နှင့် အခြားသူများကလည်းလျှင်မြန်စွာလှုပ်ရှားတော့သည်။ သူတို့ကလည်း ပြိုင်ပွဲဝင်များဖြစ်သည့်အတွက် လျူချင်းယန်အလွယ်တကူအနိုင်ရစေရန် ခွင့်ပြုမည်မဟုတ်ပေ။ လီတျန်းမင်ဘက်က ကြည့်လျှင်လည်း စည်းလုံးမှုမရှိသည် ရန်သူများအားတိုက်ရသည်က ပို၍ပင်ကောင်းသေးသည်။
    
" ပထမအချက်အနေနဲ့ ယအမေအနားယူနေတာကိုအနှောက်ယှက်လို့ဖြစ်စေရဘူး။ ဒုတိယက မီးတောက်ကောင်းကင်မြို့ရဲ့ ပြိုင်ပွဲအနိုင်ရသူအစစ်အမှန်က ဘယ်သူလည်းဆိုတာ အားလုံးသိစေရမယ်။ ငါ ကလျှပ်စီးအိမ်တော်က ပါရမီရှင်တွေကို အနိုင်ယူပြီး လီရန်ဖန်းရဲ့ ရွေးခြယ်မှုကို နောင်တရအောင်လုပ်ရမယ် "
     
ကံကြမ္မာငင်သည့်နေမှစ၍ သူ၏ ရည်ရွယ်ချက်ကမပြောင်းသေးပေ။ သူ့အနေဖြင့် လီရန်ဖန်းကိုယ်တိုင် လိုက်ပို့ခြင်းဖြင့် မီးတောက်ကောင်းကင်မြို့မှ သိက္ခာရှိရှိထွက်သွားရမည်ဖြစ်သည်။ လီတျန်းမင်သည် အရှုံးသမားအဖြစ်နှင့် သုံးနှစ်နေထိုင်ရသည်ကပင် လုံလောက်ပြီဖြစ်သည်။
   
ရှင်းလင်းသော ရည်ရွယ်ချက်ဖြင့် လီတျန်းမင်သည်တစ္ဆေခြေလှမ်းကိုသုံးကာ ချုပ်နှောင်ခံရခြင်းမှ ရုန်းထွက်လိုက်သည်။ ထို့နောက် လျှင်မြန်သောခြေလှမ်းများဖြင့် ခေါင်မိုးပေါ်သို့ခုန်တက်လိုက်ကာ ရွှင်ပျော်ပျော်တည်းခိုခန်းရှိရာသို့ပြေးလွှားသွားလိုက်သည်။ လီတျန်းမင်အနေဖြင့် လီရန်ဖန်းတို့ ထိုင်နေသည့်နေရာမှ မြင်ရသောနေရာ၌ တိုက်ခိုက်ချင်နေသည်။
     
" သူ ထွက်ပြေးနေပြီဟ "
    
" သူ့ကို အမြန်လိုက်စမ်း "
    
လူနှင့်ကြက်စုံတွဲမှာ ခေါင်မိုးများပေါ်တွင် အသက်သားရဲနှင့်သားရဲသခင် ခုနှစ်တွဲ၏ လိုက်လံဖမ်းဆီးခြင်းအား ခံနေရသည်။ ထို သားရဲခုနှစ်ကောင်တွင် တစ်ချို့မှာ လျှပ်စီးကျားသစ်ကဲ့သို့ အဖျက်စွမ်းအားကြီးသောသတ္တဝါများပါဝင်နေရာ အချို့ခေါင်မိုးများမှာပြိုကျသွား၍ အချို့မှာ တစ်အိမ်လုံးပင် ပြိုကျသွားသည်။ သူတို့အားလုံးသည် မြို့၏အမြင့်ဆုံးနေရာဖြစ်သည် ရွှင်ပျော်ပျော်တည်းခိုဆောင်သို့ ရောက်ရှိရန်မကြာလိုက်ပေ။ ထိုနေရာရောက်သောအခါ လီတျန်းမင်သည် စီနီယာများ၏အကြည့်အား အရေးမစိုက်ပဲ တည်းခိုဆောင်၏ ခေါင်မိုးပေါ်ခုန်တက်လိုက်သည်။
   
" သူ ဘာတွေ တွေးနေတာလဲ " စီနီယာတစ်အုပ်စုလုံး ပဟေဠိဖြစ်သွားသည်။
    
မကြာခင်မှာပင် ပါရမီရှင်ခုနှစ်ဦးသည် လီတျန်းမင်အားလိုက်မှီသွားကာခေါင်းမိုးပေါ်တွင်နေရာယူလိုက်ကြသည်။ ရွှင်ပျော်ပျော် တည်းခိုဆောင်၏ထိပ်မှာ တိုက်ပွဲဆင်နွှဲရန် လုံလောက်သည့်အထိကျယ်သောကြောင့် မြို့တစ်ဝက်လောက်မှ တိုက်ပွဲမြင်ကွင်းအားမြင်ရလောက်သည့်အထိ မြင့်သည်။ ၎င်းသည် ပရိတ်သတ်များအား လျှပ်စီးအိမ်တော်မှ ပါရမီရှင်ခုနှစ်ဦးနှင့်တိုက်ခိုက်နေသူမှာ လီတျန်းမင်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းမြင်ရစေမည်ဖြစ်သည်။
    
" အတော်လေးကိုကောင်းသွားပြီပဲ " လီတျန်းမင်သည် သူ၏ဘယ်လက်သီးအားဆုပ်လိုက်သောအခါ ကြီးမားသော အားအင်များက စီးဆင်းနေသည်ကို ခံစားလိုက်ရသည်။ သူ၏ညာလက်တွင်မူ အသွားတွင် သွေးနီရောင်လက်နေသည့် ကြက်သွေးရောင်သွေးဓားမြှောင်အား ဆုပ်ကိုင်ထားသည်။  
     
လီတျန်းမင်သည် သူ၏ရန်သူများအား မီးဝင်းဝင်းတောက်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ၎င်းတို့သည် သူ့အားလိုက်စဥ်ကာလတွင်ပင် အချင်းချင်းအနှောက်အယှက်ပေးနေ ကြသေးသည်။ သူတို့ထဲမှ အသန်မာဆုံးလျူချင်းယန်ဆိုလျှင် ပြိုင်ဘက်လေးယောက်နှင့်ပင် ရင်ဆိုင်ခဲ့ရသည်။ ကျန်ခြောက်ယောက်သည် လီတျန်းမင်အားအနိုင်မယူခင် လျူချင်းယန်ကိုအရင်ရှင်းရန်သဘောတူခဲ့ကြခြင်းဖြစ်သည်။
     
" သူတို့က မုဆိုးခုနှစ်ယောက်နဲ့သားကောင်ကစားပွဲထင်နေတာလားဟ။ အမှန်ကရော အဲ့လိုရော ဟုတ်ရဲ့လား " လီတျန်းမင်သည်သူ၏ထာဝရငရဲဖီးနစ်သားရဲကီများက သားရဲသွေးကြောအဆင့်ကိုး၏ ကီထက်ပင်ပိုသန်မာနေသည်ကို ခံစားမိသည်။ သူ၏လက်ရှိ ခွန်အားက လွန်ခဲ့သော သုံးနှစ်ကနှင့်ယှဥ်၍ရနေပြီဖြစ်သည်။
     
" ကဲစရအောင် "
     
တိုက်ကွက်အနည်းငယ်အားရှောင်ပြီးနောက် လီတျန်းမင်သည် သူ၏ ပထမဆုံးသားကောင်ကျန်းဇီရွှမ်းအား အေးစက်စွာကြည့်လိုက်သည်။ ထိုအကောင်သည် လီတျန်းမင်အား တည့်တိုးမတိုက်ခိုက်ပဲ လီတျန်းမင်အားနည်းမှသာ ဝင်တိုက်မည်ဟု ကြံထားသူဖြစ်သည်။
    
" ဟမျ့ "
     
လီတျန်မင်သည် ကျန်းဇီရွှမ်းနှင့် အကြည့်ချင်းဆုံသွားသောအခါ သူ၏ပြိုင်ဘက်မှာ ကြောက်ရွံ့နေသည်ကို သိလိုက်ရသည်။ သူသည်အုပ်ကြွပ်များ လွှင့်ထွက်သွားသည့်အထိ ဆောင့်နင်း၍ ခုန်လိုက်ရာ ကျန်းဇီရွှမ်း၏အနားသို့တန်းရောက်သွားသည်။ လီဇီဖန်းထက် အနည်းငယ်လောက်သာ သန်မာသော ကျန်းဇီရွှမ်းအနေဖြင့် သားရဲသွေးကြောအဆင့်ကိုးနည်းတူသန်မာသော လီတျန်းမင်၏ တိုက်ကွက်အား မည်သို့မျှ မခုခံနိုင်ချေ။
    
" ဖုန်း "
    
ကျန်းဇီရွှမ်းမှာ သူ၏မျက်နှာသို့ လီတျန်းမင်၏ လက်သီးတိုးဝင်လာသည်အား ထိပ်လန့်စွာမြင်တွေ့လိုက်ရသည်။ သူမရှောင်တိမ်းခင်နိုင်မှာပဲ လီတျန်မင်း၏ လက်သီးက သူ၏မျက်နှာနှင့်မိတ်ဆက်သွားပြီဖြစ်သည်။
    
ကျန်းဇီရွှမ်း၏နှာခေါင်းမှာ သူ၏မျက်နှာထဲ သို့ပြန်ဝင်သွားကာ သွေးများက နေရာအနှံ့ပြန့်ကျဲသွားသည်။
    
၎င်းက ယနေ့ ရွှင်ပျှော်ပျှော်တည်းခိုဆောင်ခေါင်မိုးမှ ထွက်ပေါ်လာသောပထမဆုံးအော်သံဖြစ်သည်။ ထို့နောက်သုံးထပ်ရှိ စီနီယာများသည် ကျန်းဇီရွှမ်းမှာခေါင်းမိုးပေါ်မှ သွေးများထွက်ကျကာ ပြုတ်ကျသွား၍ ဧရာမသံမဏိချပ်ဝတ်ပုစွန်ဆိတ်ကလည်း ကြက်ကလေး၏ထိုးဆိတ်မှုကြောင့် သွေးများဖြင့် ပေကျံနေသည်ကိုတွေ့လိုက်ရသည်။ ဧရာမသံမဏိချပ်ဝတ်ပုရွက်ဆိတ်မှာ ဘာမျှမတုန့်ပြန်ရသေးခင်မှာပဲ ကြက်ကလေးက အတောင်ဖြင့်ခတ်လိုက်ရာ ၎င်း၏မျက်နှာအား အရိုက်ခံလိုက်ရကာ အနီးရှိအိမ်များပေါ်သို့လွင့်စင်ကျသွားသည်။
    
" ရွှမ်းအာ " ကျန်းချုံ၏ မျက်နှာမှာ မြေဖြူခဲခဲ့သို့ဖြူဖျော့သွားလေ၏။ သူကသည်ရင်ထဲ၌မီးများတောက်လောင်နေကာ သူ၏သားဆီသို့ပြေးကြည့်လိုက်သောအခါ မျက်နှာကချိုင့်ဝင်နေသည်ကို တွေ့လိုက်ရသည်။ ကျန်းချုံမှာ စိတ်ထဲတွင် လီတျန်းမင်အား အစိတ်စိတ်ပိုင်းပစ်လိုက်ချင်သော်လည်း လက်တွေ့တွင်တော့မလုပ်ရဲချေ။ လျှပ်စီးအိမ်တော်မှ စီနီယာများသာ လီတျန်းမင်အားဝင်တိုက်ပါက ချင်မင်းသမီးအား မလေးစားရာကျမည်ဟုဆိုထားသည်မဟုတ်ပါလော။
    
" အဘိုးကြီး...ခင်ဗျားမှာနောက်ထပ်သားသမီးတွေရှိသေးရင် ဒီလိုသာမန်ဆန်တဲ့ နာမည်မျိုးမပေးနဲ့။ မီးတောက်ကောင်းကင်မြို့မှာ ကျုပ်ကဇီရွှမ်းတွေ၊ ဇီဟန်တွေဇီကျစ်တွေ အယောက်တစ်ထောင်လောက်ရှာလို့ရတယ် " လီတျန်းမင်၏စကားကြောင့် ကျန်းချုံသည်သွေးအန်လုနီးပါးပင်ဖြစ်သွားသည်။ ဤကဲ့သို့ကျက်သရည်ရှိသောနာမည်အား သူတစ်ပတ်ခန့်စဥ်းစားခဲ့ရသည်အား လီတျန်းမင်ကဘယ်လိုလုပ်သိနိုင်မည်နည်း။
    
တိုက်ပွဲ၏ ပထမဆုံးရလဒ်မှာ မီးတောက်ကောင်းကင်မြို့သားများအား မယုံကြည်နိုင်ဖြစ်သွားစေသည်။ ၎င်းတို့သည် အမြင်များမှားနေသည်လားဟုတွေးကာ မျက်လုံးများပင် ပွတ်သပ်မိလိုက်သေးသည်။ သို့သော်လည်း ဘယ်လိုပွတ်ပွတ် ရလဒ်ကတော့ အတူတူပင်ဖြစ်လေ၏။
   
" လီတျန်းမင်၊အဲ့ဒီလီတျန်းမင်က လျှပ်စီးအိမ်တော်က ပါရမီရှင်ကို လက်သီးတစ်ချက်ထဲနဲ့ သတ်လိုက်တာလား " သူတို့ကသည်တိုက်ပွဲမြင်ကွင်းအားရှင်းရှင်းလင်းလင်းမမြင်ရပေ။ ကျန်းဇီရွှမ်း ၏ခေါင်းမှ သွေးများထွက်၍ အမိုးပေါ်မှ ပြုတ်ကျသွားသည်ကိုသာ မြင်လိုက်ကြရသည်။ သူတို့မသိသည်မှာ ဤသည်ကားအစပင်ရှိသေးသည် ဆိုတာကိုဖြစ်သည်။
   
ကျန်လေးယောက်ကမူ လျူချင်းယန်အား လီတျန်းမင်၏အနားသို့မကပ်နိုင်စေရန်လုပ်ဆောင်နေကြသည်။ ဤသည်ကိုမြင်လိုက်ရသောအခါ လီတျန်းမင်ပြုံးမိသွားသည်။ ရန်သူများမညီမညွတ်ဖြစ်နေရာ သူ့အနေဖြင့် တစ်ယောက်ချင်းစီ အနိုင်ယူ၍ရသည်မဟုတ်ပါလော။
    
ကျန်ရှိသော တစ်ယောက်မှာ လီတျန်းမင်ဆီသို့လျှောက်လာသည်။ အားလုံးကရှုပ်ထွေးနေရာ လီတျန်းမင်ကကျန်းဇီရွှမ်းအားအနိုင်ယူလိုက်ခြင်းကို သူသတိမမူမိလိုက်ပေ။
    
" မုန်တိုင်းပျံလွှားလား " ထိုငှက်မှာ မည်သူ၏အသက်သားရဲဖြစ်သည်ကို လီတျန်းမင်မသိခင်မှာပင် မုန်တိုင်းပျံလွှားငှက်သည် လီတျန်းမင်ထံသို့ပျံဝင်လာသည်။ ၎င်းသည် အတောင်များအားခတ်လိုက်ရာ အမိုးရှိအုပ်ကြွပ်များကကျွတ်ထွက်သွားကာ လီတျန်းမင်ထံသို့ ဓားသွားများရာနှင့်ချီ၍ပစ်လွှတ်လိုက်သကဲ့သို့ ဝင်လာသည်။
        
ရွှင်ပျော်ပျော်တည်းခိုခန်းအနေဖြင့် အမိုးပြင်ရန် အချိန်အတော်ကြာကုန်ရမည့်ပုံပေါ်လေ၏။

သားရဲခေတ်၏အရှင်သခင် Vol.1Donde viven las historias. Descúbrelo ahora