သားရဲခေတ်၏အရှင်သခင် Chapter(18)

537 57 0
                                    

ဝိညာဥ်မြက်အတွက်တိုက်ပွဲ!


လီတျန်းမင်သည် ထိုကောင်လေးအား သေချာကြည့်လိုက်သောအခါ မီးတောက်ကောင်းကင်မြို့မှ မဟုတ်မှန်းသိလိုက်သည်။လီတျန်းမင်သည် သူစိမ်းတစ်ဦးအား ရက်ကန်းနီတောင်၌ တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

" ဒီနေ့ ဘယ်လိုဖြစ်လို့ ပါရမီရှင်တွေနဲ့ချည်း တွေ့နေရတာပါလိမ့် " လီတျန်းမင် တစ်ချက်တွေးမိလိုက်သည်။ သူ့အနေဖြင့်တစ်ချက်ကြည့်ရံနှင့် ထိုကောင်လေးသည် လီဇီဖန်းနှင့်အဆင့်တူဖြစ်ကြောင်းပြောနိုင်သည်။
    
လီတျန်းမင်မှာထိုကောင်လေးနှင့် အချိန်ဖြုန်းနေစရာအကြောင်းမရှိပေ။ သို့သော်လည်း သူသည်ဝိညာဥ်မြက်ကိုတော့ ရယူရန်လိုနေသေး၏။ထို့ကြောင့် လီတျန်းမင်သည် ထိုကောင်လေးခြေအောက်ရှိ ဝိညာဥ်မြက်များအား ကြည့်နေလိုက်သည်။ထိုစဥ် ထိုကောင်လေးမှ ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ခြင်းကြောင့် ဝိညာဥ်မြက်နှစ်ပင်မှာ ကြေမွအောင်အနင်းခံလိုက်ရ၍ ဝိညာဥ်စွမ်းအင်များက လွင့်ပျံသွားခဲ့သည်။
     
" မင်းက လျှပ်စီးအိမ်တော်ကမဟုတ်ပဲနဲ့ ဘယ်လိုလုပ် ရက်ကန်းနီတောင်ထဲ ခြေချရဲတာလဲ။ မင်းသေရမှာကိုမကြောက်ဘူးလား " ထိုကောင်လေးသည် လီတျန်းမင်အား ကြည့်၍ မောက်မာစွာဖြင့်ပြောလိုက်သည်။
    
" အင်းလေ။ ငါက လျှပ်စီးတော်ကမှမဟုတ်တဲ့ဟာ" လီတျန်းမင် အံ့သြသွားခဲ့သည်။ လျှပ်စီးအိမ်တော်မှသကောင့်သားများသည် ရက်ကန်းနီတောင်သို့ဘာလာလုပ်ကြသနည်း။

" မင်းပြောချင်တာက မင်းက လျှပ်စီးအိမ်တော်ကကွာ ဟုတ်တယ်မလား။ ပြီးတော့ လျှပ်စီးအိမ်တော်က လူတွေက ဒီရက်ကန်းနီတောင်ထဲ လူဝင်ခွင့် ပိတ်ထားတယ်ပေါ့ "
     
လျှပ်စီးအိမ်တော်မှ တပည့်များသည် အများသောအားဖြင့် လျှပ်စီးအမျိုးအစား အသက်သားရဲများ ပိုင်ဆိုင်ကြသည်။ သို့သော် ထိုကောင်လေးမှာ အဆိပ်အမျိုးအစား အသတ်သားရဲအား ပိုင်ဆိုင်ထားလေရာ လျှပ်စီးအိမ်တော်၌ ၎င်း၏ အဆင့်အတန်းသည် မြင့်မားမည်မဟုတ်ချေ။
    
" ငါက မင်းကို မေးနေတာကွ။ မင်းပြောတာလည်းမှန်တယ်။ ငါက လျှပ်စီးအိမ်တော်ကပဲ။ ငါပြောတာကိုနားထောင်။ လျှပ်စီးအိမ်တော်က ဒီမှာ အလုပ်လုပ်နေတယ်။ ဒါကြောင့် ရက်ကန်းနီတောင်ကနေ ထွက်သွားလိုက်။ ဒီလိုမှ မဟုတ်ရင်တော့ နောက်တစ်နေ့နေထွက်ချိန်ကို မင်းမြင်နိုင်တော့မှာ မဟုတ်ဘူး " ဟုထိုလူငယ်သည် မောက်မာစွာဖြင့်ပြောလိုက်သည်။ ဤသို့မောက်မာခြင်းသည် လျူချင်းယန်အပါအဝင် လျှပ်စီးအိမ်တော်မှ လူတိုင်း၏ အရိုးထဲတွင်စွဲမြဲနေပုံရလေ၏။
      
" သေချာတာပေါ့။ ငါထွက်သွားမှာပါ။ ဒါပေမယ့် ငါ့အမေကို ကုသဖို့ ဝိညာဥ်မြက်တစ်ချို့ကို ငါယူသွားရမယ်။ ငါ့ကို တစ်မိနစ်လောက်ပဲအချိန်ပေး "
     
" ဝိညာဥ်မြက်ဟုတ်လား " ထိုလူငယ်သည် ခေါင်းကို ငုံ့ကြည့်လိုက်တော့ သူ၏ခြေအောက်တွင် ကောင်းကင်ပုံစံများရှိနေသည့် မြက်ပင်များအား တွေ့လိုက်ရသည်။
    
" ဟုတ်တယ်။ နည်းနည်းလေးပါပဲ။ ပြီးရင် ငါထွက်သွားမယ် " ဟု လီတျန်းမင်ကပြောလိုက်သည်။
     
" အိုး " လူငယ်လေးသည် အောက်သို့ငုံ့ကြည့်နေသဖြင့် လီတျန်းမင်မှာ ထိုလူငယ်သည် သူ့အားဝိညာဥ်မြက်ယူခွင့်ပေးမည်ဟုထင်လိုက်သည်။ သို့သော်လည်း ထိုလူငယ်သည် သူ၏အတွေးများ၏ ဆန့်ကျင်ဘက်ပင် မြက်ပင်များအား နင်းချေလိုက်သည်။

သားရဲခေတ်၏အရှင်သခင် Vol.1حيث تعيش القصص. اكتشف الآن