Unicode
အပိုင်း ၁၉၁
ရထားလုံးတန်းက ရပ်တန့်သွားသည်။ ချီရှောက်ရုန်က အပြင်ဘက်မြင်ကွင်းကို ကြည့်ကာပြောလိုက်၏။
“ကြည့်ရတာ ဒီနေ့တောထဲမှာပဲ အိပ်ရတော့မယ်ထင်တယ်”
ကျွင်းဟောင်က ခေါင်းညိတ်သည်။
“အင်း ငါ အမဲလိုက်ဖို့ သွားတော့မယ်”
ချီရှောက်ရုန်က ပြောသည်။
“ငါ မင်းနဲ့ လိုက်ခဲ့မယ်”
ကျွင်းဟောင် အံ့သြသွားသည်။
“ဘာဖြစ်လို့ ငါနဲ့ လိုက်မှာလဲ”
ကျွင်းဟောင်သိထားသည့်အတိုင်းဆိုလျှင် ချီရှောက်ရုန်က အလွန်ပျင်းသည်။ သူက တော်တန်ရုံအလုပ်မများချင်သူ ဖြစ်သည်။
ကျွင်းဟောင်က တစ်စုံတစ်ရာ ပြောလိုသော်လည်း ထိုအချိန်တွင်ပင် ပိုင်လျှိုယွန်က အနားရောက်လာသည်။
“သခင်လေး သခင်လေး ကျွန်တော် အသံလေ့ကျင့်တာ တိုးတက်လာပြီ ထင်တယ်။ သခင်လေး နားထောင်ချင်လား”
ချီရှောက်ရုန်က ချက်ချင်းလိုလို ကျွင်းဟောင်၏လက်မောင်းကို ဆွဲဖက်ကာ ပြော၏။
“လျှိုယွန်ရယ် တကယ်တော့လေ ငါကကျွင်းဟောင်နဲ့အတူ အမဲလိုက် သွားမယ်လို့ စဉ်းစားထားတာ”
ပိုင်လျှိုယွန် ကြောင်သွားသည်။
“သခင်လေးက ဘာလို့လိုက်သွားမှာလဲ သူ့ကိုပဲလွှတ်လိုက်လေ”
“တကယ်တော့ ငါ ဘာစားချင်သလဲဆိုတာ အခု မစဉ်းစားနိုင်ဘူးဖြစ်နေတော့ သူ အဆင်ပြေအောင်လို့ ငါပါ လိုက်သွားမလို့လေ”
ထို့နောက် သူတို့နှစ်ယောက် ထွက်သွားသည်။ ပိုင်လျှိုယွန်က စိတ်ပျက်စွာ ကြည့်နေ၏။ ထို့နောက် ချီဟန်၏အနားသို့ ကပ်သွားလိုက်သည်။ ချီဟန်က မီးမွှေးရန် ပြင်ဆင်နေခြင်းဖြစ်သည်။
“ချီဟန် သခင်လေးနဲ့သခင်လေးကျွင်းတို့က ဘယ်တုန်းက ဒီလောက်အထိ ရင်းနှီးသွားတာလဲ။ အမဲတောင် အတူတူ လိုက်မယ်ဆိုပဲ”
ချီဟန်က သက်ပြင်းချသည်။
မင်းကြောင့်ပေါ့။
“ငါလည်း မသိပါဘူး။ သူတို့ဆက်ဆံရေး ကောင်းသွားတာဖြစ်မယ်။ ဟုတ်သားပဲ မင်း ပင်လယ်နယ်မြေကသူတွေရဲ့ နေထိုင်မှု ဘ၀ပုံစံကို သိလား”
ပိုင်လျှိုယွန်၏မျက်၀န်းများက တောက်ပသွားသည်။
“သိတာပေါ့ ၊ သူတို့က အရမ်း အရမ်း အရမ်းပျင်းဖို့ကောင်းတာ၊ သူတို့တစ်ချိန်လုံး ငါး ငါး ငါး ငါးတွေပဲ စားနေရတာလေ”
ချီဟန်က သံသယ၀င်လာကာမေး၏။
“မင်း ပင်လယ်ထဲမှာ နေခဲ့ဖူးတာလား”
ပိုင်လျှိုယွန်က သက်ပြင်းချသည်။
“မနေဖူးပါဘူး။ ငါမှ ရေမကူးတတ်တာ”
ချီရှောက်ရုန်နှင့် သူ၏အဖွဲ့က လ၀က်ခန့်နီးပါးထိုအတိုင်းသွားနေရသည်။ ထို့နောက် ပိုင်ဟိုင်ပြင်ကျယ်သို့ ရောက်သွား၏။ ချီရှောက်ရုန်နှင့်ကျွင်းဟောင်က သူတို့၏၀တ်စုံများကို ပြောင်းလဲထားပြီး အောက်ခြေလူတန်းစားဘ၀ပုံစံဖြင့် ၀င်ရောက်ရန် ဆုံးဖြတ်ထားသည်။
ချီရှောက်ရုန်က ပိုင်လျှိုယွန်ကို သူ၏၀တ်စုံကိုပြကာ ပြောသည်။
“ဘယ်လိုလဲ ငါ ဘယ်လိုနေလဲ”
“လုံလောက်ပြီ အရမ်း အရမ်း အရမ်း မိုက်တယ်”
ချီရှောက်ရုန် “…”
ချီရှောက်ရုန်နှင့် ကျွင်းဟောင်တို့က ပင်လယ်ပြာပြင်ကျယ်တွင်လမ်းလျှောက်နေကြသည်။မူလက ထိုနေရာက ကန္တာရပြင်ကဲ့သို့ ဖြစ်မည်ဟု ထင်ထားခဲ့သော်လည်း သည်နေရာက အလွန်လူများကာ ရှုပ်ထွေးနေပြီး သက်၀င်လွန်းပေ၏။
ပင်လယ်လူမျိုးများက လူသားများ၏ နေ့စဉ်ဒူ၀လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို လိုအပ်ကြသည်။ လူသားများကလည်း ပင်လယ်မျိုးနွယ်၀င်လိုအပ်သည့်ပစ္စည်းများကို သိကာ ရောင်းချကြ၏။
ကမ်းခြေတွင် အမျိုးမျိုးသောပစ္စည်းများကို ရောင်းချနေကြသည်။ ပုစွန်ခရုခွံနှင့် အခြားသောပစ္စည်းများကိုလည်း မြင်ရ၏။ ထိုအရာများကို ဆိုင်ခန်းလေးများဖြင့် ရောင်းချကြသည်။ ပင်လယ်မျိုးနွယ်၀င်များ ရောင်းချသည့်ဆိုင်များကိုလည်း မြင်ရကာ အဖွဲ့များခွဲထားကြ၏။အများစုက ပုလဲ စသဖြင့် ဖြစ်ကြသည်။
အခြားအရာများအပြင် စားရန်အဆင်ပြေသည့် ပစ္စည်းများကိုလည်း မြင်ရသည်။ ပင်လယ်မျိုးနွယ်၀င်သား အများစုက ၀ယ်ယူသည်က များသည်။
ချီရှောက်ရုန်နှင့်ကျွင်းဟောင်တို့က ရုပ်ဖျက်ထားကာ ထိုလူအုပ်ထဲတွင်ရှိနေသည်။
...