အပိုင်း ၃၁၂
"အစ်ကို အစ်ကို အခု ဒီသိုင်းကို ရပြီဆိုတော့ အစ်ကို ဒီထက်ပိုပြီး စွမ်းအား ကြီးမားလာတော့မှာပေါ့"
ဟန့်လေက ပျော်ရွှင်စွာ မေးသည်။
ဖရက်က ခေါင်းညိတ်လိုက်၏။
"ဟုတ်တယ်"
လွန်ခဲ့သောနှစ်က သူ၏ စွမ်းအားသည် အလွန်တိုးတက်ခဲ့ပြီး စစ်သည်တော်အဆင့်ကို ရောက်လာခဲ့သောအခါ သူက ကလန်ခေါင်းဆောင်ထံသို့ သွားကာ သိုင်းကို တောင်းဆိုလိုခဲ့သည်။ သို့ရာတွင် သူ့ကို ကလန်ခေါင်းဆောင် ထိတ်လန့်လာမည့် အခြေအနေကို တွေးမိပြီးနောက်တွင် မတောင်းဆို ဖြစ်ခဲ့တော့ပေ။ သူ ယခုလို အဖွဲ့မှ ထွက်လာပြီးသောအခါ သိုင်းများ ရရန် မဖြစ်နိုင်တော့ဟု ယူဆခဲ့၏။ သူ၏ အခြေအနေက ဒီမျှနှင့်ပင် ရပ်တန့်သွားမည်ဟုပင် သူ ထင်ခဲ့သည်။ သို့သော် မမျှော်လင့်ထားစွာပင် ပြီးပြည့်စုံသော သိုင်းကို ရလာခဲ့ပြန်သည်။ ကလန်ကြီးများတွင်ပင် ယခုကဲ့သို့ ပြီးပြည့်စုံသော သိုင်းကို ပိုင်ဆိုင်ထားမည် မထင်ပေ။
"ဒါဆို ကောင်းတာပေါ့"
ဟန့်လေက ပြောသည်။
ဟန့်လေက သူ၏ အစ်ကို ဖရက်အတွက် အလွန် ဝမ်းသာနေမိလေသည်။ ပြောရမည်ဆိုလျှင် သူတို့၏ အဖိုးက ကျားပျံအဖွဲ့မှ မဟုတ်ပေ။
ထိုနှစ်က သူတို့အဖိုး၏ အဖွဲ့က တိုက်ခိုက်ခံခဲ့ရပြီး ထွက်ခဲ့ရသည်။ ကျားပျံအဖွဲ့က ပူးပေါင်းလိုခြင်း မရှိခဲ့ပေ။ သူတို့အဖိုးက သူတို့ကိုသာ ကျားပျံအဖွဲ့ကို ဝင်ရောက်စေခဲ့၏။ သို့တိုင် ကျားပျံအဖွဲ့က သူတို့ကို အပြည့်အဝ လက်ခံခဲ့ခြင်း မရှိခဲ့သေးပေ။ သူတို့ ဖခင်၏ မျိုးဆက် ရောက်သောအခါမှသာ သူတို့၏ ဖခင်၏ ထူးချွန်လှသည့် စွမ်းရည်များကြောင့် သူတို့က ဒီအဖွဲ့မှ အန္တရာယ်ရှိသော မစ်ရှင်များကို ယူဆောင်ပြီး အဆင့်အတန်းတစ်ခု ရရှိလာခဲ့ခြင်းလည်း ဖြစ်သည်။
သူတို့၏ ဖခင် သေဆုံးသွားသောအခါ သူ့အစ်ကိုအပေါ် ဆက်ဆံမှုများက ကောင်းမွန်ခဲ့ခြင်း မရှိခဲ့ပေ။ သို့ရာတွင် သူ၏ အစ်ကိုကလည်း အရွယ်တစ်ခု ရောက်လာသောအခါ အလွန်စွမ်းအား ကြီးမားလာခဲ့သည်။ ထိုနည်းအားဖြင့် သူ့အစ်ကိုအပေါ် အသုံးချလာခဲ့ခြင်းလည်း ဖြစ်၏။ သို့ရာတွင် သူတို့ အစ်ကို ပြန်ရသော အကျိုးအမြတ်များက အကန့်အသတ် ရှိနေသေးလေသည်။