အပိုင်း ၂၇၈
ချီဟန် အခန်းထဲမှ ထွက်လာသည့်အခါ ကျော့ယွန်ဖေးက တားသည်။
"ဘယ်သွားမလို့လဲ"
ကျော့ယွန်ဖေးက လေးနက်သောအသံဖြင့် ပြော၏။
"ပစ္စည်းထွက်ဝယ်မလို့ပေါ့၊ ပြဿနာရှိလို့လား၊ ကျော့ယွန်ဖေး ငါ အပြင်ကိုသွားတာ မသွားတာက ဘာလို့ မင်းကိုတင်ပြနေရမှာလဲ"
ချီဟန်က လက်ကိုပိုက်ထားသည်။
ကျော့ယွန်ဖေးက ခေါင်းအနည်းငယ်စောင်းကာ ပြော၏။
"ပြောပြဖို့လိုအပ်တာပေါ့၊ မင်းရဲ့သခင်လေးက မင်းကို ငါ့ဆီ ရောင်းသွားပြီလေ၊ ဒါကြောင့် ဘာလုပ်လုပ် ငါသိသင့်တယ်"
"ဘာတွေ လာပြောနေတာလဲ"
ချီဟန်၏မျက်နှာက မသာယာတော့ပေ။
ကျော့ယွန်ဖေးက ချီဟန်ကို ကြည့်ပြီးနောက်ပြောသည်။
"ငါ အတည်ပြောနေတာ၊ မင်း မသိသေးဘူးထင်တယ်၊ ချီရှောက်ရုန်က မင်းက အပြင်မှာ လင်းထိန်နေရင်တောင် ဘာမှ မမြင်ရလောက်အောင် ကန်းနေတယ်လို့ ခံစားမိလို့ ငါ့ဆီကို ရောင်းစားသွားတာလေ၊ မင်းကို ဂရုစိုက်ခိုင်းထားတယ်"
ချီဟန်၏မျက်နှာက မဲ့သွားသည်။ သူက မျက်မှောင်ကြုတ်ကာ မကျေမနပ်ပြော၏။
"မဖြစ်နိုင်ဘူး ကျော့ယွန်ဖေး မင်း စကားကိုကြည့်ပြော၊ အကန့်အသတ်လေးတောင် မသိတော့ဘူးလား"
"မင်း ဝန်ခံတာ မဝန်ခံတာက ကိစ္စမရှိဘူး၊ ချီရှောက်ရုန်က မင်းကို စွန့်ပစ်လိုက်ပြီ"
ကျော့ယွန်ဖေးက ကျေနပ်နေပုံရသည်။
ချီဟန်က ကျော့ယွန်ဖေးကို ကြည့်ပြီးနောက် မည်းမှောင်သော မျက်နှာထားဖြင့်ပြော၏။
"အဓိပ္ပာယ်မရှိဘူး"
...
ချီဟန်က စိတ်ဓာတ်ကျကာ တည်းခိုဆောင်ထဲသို့ ဝင်လာသည်။
"သခင်လေး"
ချီရှောက်ရုန်က ချီဟန်ကို ကြည့်ကာပြော၏။
"ဘာဖြစ်လို့လဲ၊ မျက်နှာလည်း မကောင်းပါလား"
"သခင်လေး ကျော့ယွန်ဖေးကို ဘာတွေပြောလိုက်တာလဲ၊ အဲဒီကောင်က ..."