အပိုင်း ၂၇၇
မင်းသမီးယွဲ့ထင်က လက်သီးကို ဆုပ်ထားသည်။ သူမ ကြိုတင်ပြင်ဆင်ထား၏။ ကျွင်းဟောင်နှင့် ကျော့ယွန်ဖေး တစ်ယောက်ယောက်ကသာ သူမနှင့် လက်ဆက်ရန် ဆန္ဒရှိမည်ဆိုလျှင် တော်ဝင်မိသားစု၏ ရန်စွယ် အားလုံးကို ချိုးနှိမ်ပြီး ဧကရာဇ်အဖြစ် ရအောင် တင်မြှောက်ရန် ဆုံးဖြတ် ထားပြီးသား ဖြစ်သည်။ ထိုသူများ၏ အင်အားဖြင့် ဆိုလျှင် ဒါက မဖြစ်နိုင်စရာ အကြောင်း မရှိပေ။
သို့သော် နှစ်ယောက်လုံးက ငြင်းဆန်ခဲ့၏။ ကျွင်းဟောင်က ပါရမီကြီးသော ဆေးသမားတော် ချီရှောက်ရုန်ကို ပိုင်ဆိုင်ထား၍ဟု သူမ လက်ခံ၍ ရသော်လည်း ကျော့ယွန်ဖေးကမူ သူမကို ထူးထူးခြားခြား ငြင်းဆန်ခဲ့သည်။
.......
"သခင်လေး ချီရှောက်ရုန် လာလည်ပါတယ်"
အစောင့် တစ်ယောက်က လာပြောသည်။
ကျော့ယွန်ဖေးက လှည့်ကြည့်ပြီးနောက် ထိုအစောင့်ကို ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းထဲ သံသယများ ပြည့်လာ၏။
"ခေါ်လိုက်ပါ"
ချီရှောက်ရုန်က အခြားအိမ်တော်၏ ဥယျာဉ်တော် အတွင်းသို့ ဝင်လာသည့်အခါ ဥယျာဉ်ထဲတွင် ကျော့ယွန်ဖေး လက်နောက်ပစ်လျက် ရပ်နေတာကို မြင်လိုက်ရသည်။
"သခင်လေးကျော့က မနက်စောစောစီးစီး ပန်းတွေကို ရှုစားနေတာပဲ"
ချီရှောက်ရုန်က အနားသို့ ပြုံးကာ ရောက်လာသည်။
"ရှားပါးတဲ့ ဧည့်သည်ပဲ။ တကယ်ပဲ အံ့အားသင့်မိပါတယ်။ ဘယ်လိုကြောင့်များ ငါ့ကို လာရှာတာပါလဲ"
ကျော့ယွန်ဖေးက မေးသည်။
"ကိစ္စရှိလို့ လာရှာတာပါ"
"ငါ ကူညီနိုင်တာ ရှိရင် သေချာပေါက် မငြင်းဘူး"
"အားဟန်က ငါနဲ့အတူ ပြန်မလိုက်ဘူး။ သူ ကျင်းတိုင်းပြည်မှာ လုပ်စရာ ရှိနေတယ်။ သိတဲ့အတိုင်း ချင်းချန် အလှကုန်ဆိုင်က စီးပွားရေး လုပ်ငန်းတစ်ခုသက်သက်ပဲ။ ငါ့မှာ အာဏာအစစ်အမှန် မရှိပါဘူး။ ဒါကြောင့် ကျေးဇူးပြုပြီး အားဟန်ကို ဂရုစိုက်ပေးဖို့ မျှော်လင့်တယ်"