Part 193

1.6K 226 4
                                    

Unicode

အပိုင်း ၁၉၃

ချီဟန်က စဉ်းစားပြီး ချီရှောက်ရုန်ကို ပြောလိုက်သည်။
“သခင်လေး သခင်လေး ပိုင်ဟိုင်ပြင်ကျယ်မှာ ဆိုင်ဖွင့်ချင်တယ်ဆိုရင် အင်အားအရမ်းကြီးမှ ဖြစ်မယ်နော်၊ မဟုတ်ရင် အလုခံရမှာပဲ၊ အရင်တုန်းက ဒီလိုဖြစ်နေကျပဲလေ”
ချီရှောက်ရုန် “…”
ဒီနှစ်ယောက် သူ့ခေါင်းပေါ် ရေအေးတွေနဲ့ပဲ လောင်းနေကြပါလား။
“မင်းတို့နှစ်ယောက် ဒီနေ့ အပြင်ထွက်သွားတော့ ဘာတွေများသိခဲ့ရလဲ”
ချီရှောက်ရုန်က ပြန်မေးလိုက်သည်။
“သခင်လေး၊ ကျွန်တော်နဲ့ လျှိုယွန်တို့ ပိုင်ဟိုင်ပြင်ကျယ်က အင်အားစုကြီးနှစ်ခုကို သိခဲ့ရတယ်၊ သူတို့က မော့ယွန်စီးပွားရေးလုပ်ငန်းစုနဲ့ ထျန်းလုံခန်းမတို့ပဲ”
“မော့ယွန်စီးပွားရေး လုပ်ငန်းစုဆိုတာက သခင်လေးတစ်ယောက်က ဟိုင်လူမျိုးတွေနဲ့ စီးပွားရေးကောင်းအောင် ဆက်ဆံထားနိုင်တဲ့ အင်အားစုပဲ၊ သူတို့က အဓိကအားဖြင့် ပစ္စည်းကောင်းတွေကို ရောင်းတယ်၊ မော့ယွန်စီးပွားရေးလုပ်ငန်းစုက အရင်ကတော့ ဓားပြတွေပဲ၊ ဒါပေမဲ့ အချိန်တစ်ခုကြာ တွင်းကြီးကြီးကိုရပြီး အကျိုးအမြတ်ကြီးကြီး ရပြီးတဲ့နောက်မှာ သူတို့က အလင်းဝင်လာခဲ့တယ်၊ သူတို့က စတင်ပြီး စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့တယ်၊ အဲဒီစီးပွားရေးလုပ်ငန်းရဲ့ လက်အောက်မှာ ကြေးစားစစ်သားအဖွဲ့တွေ ပါလာတော့ အင်အားတော်တော် ကြီးလာတယ်လို့ ပြောရမှာပဲ”
“ထျန်းလုံခန်းမကတော့ လျှို့ဝှက်ဆန်းကြယ်တယ်၊ ပင်လယ်ပြာပြင်ကျယ်က ရုတ်တရက် ထွက်ပေါ်လာတဲ့ စီးပွားရေးအင်အားစုကြီးလိုပဲ၊ ပိုင်ရှင်က ဘယ်သူလဲဆိုတာ မသိနိုင်လောက်အောင် လျှို့ဝှက်ဆန်းကြယ်နေတာပဲ၊ ဒါပေမဲ့ သေချာတဲ့ အချက်ကတော့ ထျန်းလုံ စီးပွားရေးလုပ်ငန်းစုက လျှို့၀ှက်ဆန်းကြယ်နေတယ်ဆိုတာပဲ”
“ထျန်းလုံ စီးပွားရေးအင်အားစုရဲ့ အကောင်းဆုံးအားသာတဲ့ အချက်ကတော့ စီမံခန့်ခွဲနိုင်စွမ်းပဲ၊ မော့ယွန်စီးပွားရေးလုပ်ငန်းစုနဲ့ ဟိုင်လူမျိုးတွေက ပင်လယ်နဲ့ဆိုင်တဲ့ ပစ္စည်းတွေကို အလဲအလှယ် လုပ်ကြတယ်ဆိုပေမဲ့ အများစုကတော့ သာမန်ပစ္စည်းတွေပါပဲ၊ ဒါပေမဲ့ ထျန်းလုံစီးပွားရေးလုပ်ငန်းစုကတော့ ဟိုင်လူမျိုးတွေကို ပစ္စည်းကောင်းတွေ အများကြီး ရောင်းချပေးနိုင်စွမ်းရှိတယ်”
“အတိတ်အချိန်က ပင်လယ်ပြာပြင်ကျယ်ကို လာတဲ့ အင်အားစုတွေက ဒီလုပ်ငန်းစုနှစ်ခုထဲက တစ်ခုခုကို ရွေးချယ်ပြီး အသက်ရှည်ရှည်နေကြတယ်”
ချီရှောက်ရုန်က ဝင်မေးသည်။
“အသက်ရှည်ရှည်နေတယ်ဆိုတာက ဘယ်နှစ်နှစ်လဲ”
“၁၀ နှစ်”
ချီရှောက်ရုန်က ပြောသည်။
“၁၀ နှစ်တည်းလား၊ ဒါတော့ ဘာလို့ အသက်ရှည်ရှည်နေတယ်လို့ ပြောသွားတာလဲ”
“ဒါပေမဲ့ ဘာနောက်ခံမှ မရှိဘူးဆိုရင် ရောက်ရောက်လာချင်းမှာပဲ သေသွားကြတာပဲလေ”
ချီရှောက်ရုန် “…”
ရောက်လာလာချင်း သေသွားတယ်ဟုတ်လား။
ဒီနေရာကိုလာတဲ့ အရှင်သခင်တွေအားလုံးက သူတို့ကိုယ်ပိုင်အဆင့် ၈ အင်အားစုတွေ ပါလာတာတောင်မှ ဒီလိုသေသွားရတာပဲလား။
“အရင်အတိတ်အတွေ့အကြုံတွေအရဆိုရင် တစ်ဖက်ဖက်ကို  မှီခိုဖို့ ရွေးချယ်တာက အကောင်းဆုံးပဲ”
ပိုင်လျှိုယွန်က ခေါင်းညိတ်သည်။
“ဟုတ်တယ်”
ချီရှောက်ရုန် “…”
“မနက်ဖြန်ကျမှ သူတို့နဲ့ သွားတွေ့ဖို့စဉ်းစားကြတာပေါ့၊ ဘယ်သူက ပိုသင့်တော်မယ်လို့ မင်းတို့ထင်လဲ”
ချီရှောက်ရုန်က မေးသည်။
ပိုင်လျှိုယွန်က ပြော၏။
“ဒါဆိုရင် ထျန်းလုံအင်အားစုကို အရင်သွားကြစို့”
“ဘာလို့လဲ”
“ဘာလို့လဲဆိုတော့ နှစ်ယောက်လုံးက ကောင်းကြတယ် ဆိုပေမဲ့ ထျန်းလုံအင်အားစုရဲ့သခင်လေးက ပိုပြီးခံ့ညားချောမောတယ်လို့ ပြောကြတယ်၊ ဒီတော့ သခင်လေး သဘောကျမှာပဲ၊ မော့ယွန် စီးပွားရေးအင်အားစုရဲ့ သူဌေးကတော့ ဝတုတ်ကြီးတဲ့”
ချီရှောက်ရုန်က ချက်ချင်းပြောသည်။
“ဒါဆို မင်းပြောတဲ့အတိုင်းပဲ လုပ်ကြမယ်”
ကျွင်းဟောင် “…”

ချီရှောက်ရုန်က ထျန်းလုံစီးပွားရေးအင်အားစုသို့ သွားသည့်အချိန်တွင် အလွန်အံ့ဩသွားသည်။ ထျန်းလုံအင်အားစုတစ်ခုလုံးက သလင်းတုံးများဖြင့် တည်ဆောက်ထားကာ စီးပွားရေးအဆောက်အဦတစ်ခုလုံးက လှပလွန်းလှသည့် သလင်းနန်းတော်ကြီးအလား ထင်ရသည်။ နေမင်းက ထိုလုပ်ငန်းစုကြီးအပေါ် ဖြာကျနေကာ အလွန် လင်းလက်တောက်ပနေသည်။
ချီရှောက်ရုန်က ထျန်းလုံစီးပွားရေးအင်အားစုက နဂါးနှင့်ဖီးနစ်ကခုန်နေသည့် အရာဟုပင် ထင်ကာ ကျေနပ်သွားသည်။
“ဘယ်လောက် လှလိုက်သလဲ”
ပိုင်လျှိုယွန်က ခေါင်းခါသည်။
“သခင်လေး ဝင်ရအောင်”
ချီရှောက်ရုန်က ခေါင်းညိတ်သည်။
“ကောင်းပြီ”
ချီရှောက်ရုန်တို့ အထဲဝင်သွားသည့်အချိန်တွင် ဆိုင်ထဲရှိ ပစ္စည်းတွေကြောင့် အံ့ဩသွားရသည်။ ကြီးမားလှသည့် ကျောက်မျက်ရတနာ ပင်လယ်တွင်းထွက်ပစ္စည်းများကို မြင်ရသည်။ အလွန်အမင်း လှပလွန်းသည်။ ရေသူမမျက်ရည်များကိုလည်း မြင်ရသည်။
“ဈေးကြီးလိုက်တာ”
ထျန်းလုံစီးပွားရေးလုပ်ငန်းစုမှ ပစ္စည်းတိုင်းက အလွန်ကောင်းမွန်ကာ အလွန်ဈေးကြီးလွန်းလှသည့်အတွက် သုံးနှစ်တိုင် ဖွင့်ထားသည့်တိုင် ရောင်းချခံရမည့်ပုံ မရှိပေ။ ထို့ကြောင့် လာရောက်ကြည့်ရှုသူများက ကြည့်ရုံသာ ကြည့်ရှုသွားကြသည်။

လှေကားမှ အောက်သို့ ဝတ်ရုံအပြည့်နှင့် လူတစ်ယောက်က ဆင်းလာသည်။
“အရှင် ဒီဆိုင်ကိုကြည့်ပါဦး၊ ဒီနေရာကို စီမံခန့်ခွဲဖို့ ဘာမှ ထပ်မလိုဘူး မဟုတ်လား”
ထိုလူ၏အနောက်မှ လူက အလွန်အမင်းထိတ်လန့်စိုးရွံ့ပြီး လေးစားမှုအပြည့်ဖြင့် ပြောနေသည်။
ထိုစကားသံများကို ကြားသည့်အခါ ချီရှောက်ရုန်တို့အားလုံး မော့ကြည့်လိုက်ကြသည်။ လှေကားမှ ဆင်းလာသူက အလွန်အမင်း ခံ့ညားချောမောသည်။ တစ်ကိုယ်လုံးက ဘုရင်တစ်ပါး၏ အရှိန်အဝါများအပြည့် လွှတ်ထုတ်နေ၏။ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် လူတိုင်း၏စိတ်ကို ယိမ်းယိုင်သွားစေနိုင်သည်။
ချီရှောက်ရုန်က ထိုသူကို ကြည့်ကာ ရေရွတ်လိုက်မိ၏။
“ချောလိုက်တာ”
ကျွင်းဟောင် မကျေမနပ်ဖြစ်သွားကာ ချီရှောက်ရုန်၏မျက်လုံးကို လက်ဖြင့် ကာသည်။ ချီရှောက်ရုန်က ရယ်လိုက်မိ၏။
ကျွင်းဟောင်တော့ ရှာလကာရည်တွေ မျိုနေပြီပဲ။
ပိုင်လျှိုယွန်၏အကြည့်က ထိုသူ့ထံတွင် ရှိနေခဲ့သည်။ သူ၏အကြည့်ကို လွှဲဖယ်နိုင်စွမ်းပင် မရှိတော့ပေ။ ပိုင်လျှိုယွန်၏အကြည့်က စူးရဲလွန်းကာ ပြင်းထန်လွန်သည်လား မသိပေ။ တစ်ဖက်သူက ပိုင်လျှိုယွန်ကို ကြည့်လာခဲ့သည်။
ချီရှောက်ရုန်၏စိတ်က ယိမ်းယိုင်သွားသည်။ သူ တားရန် ပြင်လိုက်သည့်အချိန်တွင်ပင် တစ်ဖက်သူက အနားရောက်လာခဲ့ချေပြီ။
“ဒီဧည့်သည်တော်က ဘာများကြည့်နေတာလဲ”
...

အမှိုက်ကောင်ပြန်ရှင်လာပြီ (၂)Where stories live. Discover now