အပိုင်း (၂၆၅)
"ဘာလဲ မင်းကိုငါ နှိပ်စက်ခဲ့သလိုမျိုး ငါ့ရဲ့ခန္ဓာကိုယ်ကို ပြန်ပြီး နှိပ်စက်ချင်လို့လား"
ချီဟန်က ဒေါသတကြီး မေးလိုက်သည်။ သူ့တစ်ကိုယ်လုံး နာကျင်နေခဲ့ကာ ခွန်အားများကလည်း ဆုံးရှုံးထားသေး၏။ ထို့ကြောင့် အိပ်ရာတွင်သာ လှဲနေရသည်။ မျက်နှာကလည်း မောပန်းနွမ်းနယ်မှုများ ပြည့်နှက်နေလေ၏။
"အဲဒီတုန်းက ငါ့အပေါ်ကို အမျိုးမျိုးလေ့လာဆန်းစစ်ပြီး ရက်စက်တဲ့ နည်းလမ်းတွေကို သုံးပြီး ကုသဖို့ ကြံစည်ခဲ့တယ်၊ အခု ဒဏ်ရာနည်းနည်းလောက် ရတာကို သည်းမခံနိုင်တော့ဘူးလား"
ကျော့ယွန်ဖေးက ပြောသည်။
ချီဟန်က ကျော့ယွန်ဖေးကို ကြည့်ပြီးနောက်ပြော၏။
"ငါက မင်းလို အဆိပ်မိနေခဲ့တာ မဟုတ်ဘူး"
"အဆိပ်မမိဘူး၊ ဒါပေမဲ့ မင်းရဲ့ခန္ဓာကိုယ်ကို ကြည့်ပါအုံး၊ အခြေအနေမှ မကောင်းတော့တာ အဲဒီတုန်းက ငါ အဆိပ်မိထားပေမဲ့ မင်း လေ့လာမဆန်းစစ်ချိန်က အခြေအနေက ပိုကောင်းခဲ့သေးတယ်၊ ဒါပေမဲ့ အဲဒီနောက်မှာတော့ ငါ့ရဲ့ခွန်အားတွေက ရုတ်တရက် တိုးလာတယ်၊ အရာအားလုံး အရမ်းစွမ်းအားကြီးပြီး ခံနိုင်ရည်ပြင်းသွားတယ်၊ ဒီတော့ မင်းလေ့လာစမ်းသပ်ဖို့ အသုံးချခံအဖြစ် ပိုနေနိုင်သွားတာပေါ့"
ကျော့ယွန်ဖေးက နောက်သည်။
"မတူဘူး၊ အခု ငါ့လက်ရှိအခြေအနေက အရမ်းကောင်းတယ်"
ချီဟန်က အံကိုကြိတ်ထားသည်။
ကျော့ယွန်ဖေးက ချီဟန်၏ဒဏ်ရာကို တစ်ချက် ထိလိုက်သည့်အခါ နာကျင်မှုကြောင့် အော်ဟစ်လိုက်ရ၏။
ကျော့ယွန်ဖေးက ချီဟန်ကိုကြည့်ပြီး ပြုံးသည်။
"နာတယ်မဟုတ်လား၊ မင်းက သွေးအေးရက်စက်တဲ့သတ္တဝါ၊ မနာကျင်တတ်ဘူးလို့ ထင်ထားတာ"
ချီဟန်က ကျော့ယွန်ဖေးကိုကြည့်၏။
"မင်း ဒေါသထွက်နေရင် ငါ့ကို သတ်လိုက်၊ အပိုစကားတွေ ပြောမနေနဲ့"
ကျော့ယွန်ဖေး၏ မျက်လုံးထဲ မုန်းတီးမှုများ ပြည့်နှက်လာခဲ့သည်။ ကံဆိုးသည်မှာသူ မသတ်နိုင်ပေ။
![](https://img.wattpad.com/cover/344407063-288-k81310.jpg)