အပိုင်း ၂၆၆
"အားဟန်"
ခေါ်သံက ခပ်ဝေးဝေးမှ ထွက်လာသည်။
ချီဟန် အသိပြန်ဝင်လာပြန်၏။ ချီရှောက်ရုန်နှင့် ကျွင်းဟောင်တို့က သူတို့၏ အရှေ့တွင် ပေါ်ထွက်လာခဲ့သည်။
ထိုနှစ်ယောက်ကို မြင်သည့်အခါ ထန်းထျန်းယင်က သက်ပြင်းရှိုက်လိုက်၏။
"သခင်လေး"
ချီဟန်က ချီရှောက်ရုန်ကို မြင်သည့်အခါ ချက်ချင်းပင် မတ်တတ်ထရပ်ကာ ချီရှောက်ရုန် ဘက်သို့ သွားရပ်သည်။
ကျော့ယွန်ဖေးက ချီဟန်၏ ကျောပြင်ကို အေးစက်စွာ ကြည့်ပြီးနောက် သူ့အကြည့်များက မှုန်မှိုင်းနေခဲ့၏။
"အားဟန် အဆင်ပြေလား"
ချီရှောက်ရုန်က ချီဟန်ကိုသာ လိုက်ကြည့်သည်။
ချီဟန်က ခေါင်းညိတ်၏။
"ကံကောင်းလို့ပေါ့"
"အဆင်ပြေရဲ့လား။ မင်းမျက်နှာ ကြည့်ရတာ အခြေအနေ မကောင်းသလိုပဲ"
ချီရှောက်ရုန်က ချီဟန်ကိုသာ ကြည့်နေ၏။
"နည်းနည်း အခြေအနေ မကောင်းရုံပါပဲ။ ဘာမှ မဖြစ်သွားပါဘူး"
ထန်းထျန်းယင်က ဝင်ပြောသည်။
ချီရှောက်ရုန်က ကျော့ယွန်ဖေးကို ခေါင်းညိတ်ပြကာ ပြော၏။
"အားဟန်ကို ဂရုစိုက်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်"
ကျော့ယွန်ဖေးက လက်ပိုက်ကာ ချီရှောက်ရုန်ကို ထက်ရှသော အကြည့်ဖြင့် ကြည့်သည်။ ချီရှောက်ရုန်အတွက်မူ သူက ဘာတုံ့ပြန်မှုမှ မပေးပေ။
ကျွင်းဟောင်က ကျော့ယွန်ဖေး၏ မျက်နှာကို ကြည့်ပြီးနောက် ချီရှောက်ရုန်ဘက် လက်ညှိုးထိုးကာ ပြော၏။
"ကျော့ယွန်ဖေး ဒီကောင် အရမ်းရိုင်းတယ်။ အိမ်မှာ သင်ပြ ပေးမဲ့သူ ကောင်းကောင်း မရှိဘူးထင်တယ်"
ချီရှောက်ရုန်"..."
"မင်း ဒဏ်ရာ ရထားတာလား"
ချီရှောက်ရုန်က ချီဟန်ကို ကြည့်သည်။
"ဒဏ်ရာကို ကြည့်ပါရစေ"