အပိုင်း ၃၁၇
ကျွင်းဟောင်တို့ ပြန်ရောက်လာခြင်းက အင်ပါယာ မြို့တော်ကို အုတ်အော်သောင်းနင်း ဖြစ်သွားစေခဲ့သည်။
ကျွင်းဟောင် ပျောက်သွားခဲ့သည်မှာ ငါးနှစ်ခန့် ကြာသွားခဲ့ချေပြီ။ ဒီအတောအတွင်းတွင် အများစုက သေသွားခဲ့သည်ဟုပင် ထင်နေခဲ့သေး၏။ သို့သော် အင်ပါယာ မြို့တော်က မိသားစု လေးခုကမူ လွှမ်းမိုးနိုင်စွမ်း ပြင်းထန်နေခဲ့သေးသည်။ ရီမိသားစု၏ နေရာတွင် အခြားသော မိသားစုများက အစားဝင်လာ၏။ ထန်းထျန်းဖုန်းသည် ထီးနန်းဆက်ခံခဲ့သည်။ ထန်းထျန်းယင်ကမူ နယ်မြေတစ်ခုကို အပိုင်စား ရထားကာ သီးသန့် ခွဲနေလေသည်။
အိမ်တော်တွင်...
ကျွင်းချန်က ဖြူဖွေးကာ ချစ်စဖွယ် မျက်နှာလေးနှင့် ကျွင်းယွန်ကို ကြည့်ကာ သိချင်စိတ် ပြင်းပြနေသည်။ ကျွင်းချန်က လက်ညှိုးလေး ထုတ်ကာ ကျွင်းယွန်၏ ပါးလေးကို တို့လိုက်၏။
ကျွင်းချန်က ကျွင်းယွန်ကို မျက်လုံးပြူးကာ ကြည့်သည်။ သူ၏ အမြင်တွင် ကျွင်းယွန်က ကျွင်းဟောင် အသေးစားလေး ဖြစ်သည်။ ကျွင်းဟောင် ငယ်စဉ်ကတည်းက သူက ကျွင်းဟောင်နောက်မှ တကောက်ကောက် လိုက်လာခဲ့လေရာ ကျွင်းဟောင်၏ ငယ်ရုပ်ကို မှတ်မိနေခဲ့၏။ ထို့ကြောင့် ကျွင်းယွန်ကို မြင်သောအခါ သူ အနိုင်ကျင့်ချင်သွား၏။
ကျွင်းယွန်၏ ပါးကို တို့လိုက်ရမှသာ သူ စိတ်အေးသွားသည်။
ကျွင်းယွန်ကမူ စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့သည်။ အထူးသဖြင့် ကျွင်းချန်ကဲ့သို့ သူ့ကို ပါးကို လက်ညှိုးဖြင့် လိုက်တို့နေသည်ကို ကြည့်ကာ စိတ်ပျက်လာသည်။
ကျွင်းချန်က နှစ်ကြိမ်ခန့် တို့ပြီးနောက်မှ လက်ကို ပြန်ရုတ်သွားသည်။ သို့သော် ထိုအချိန်တွင်မူ သူ၏ လက်တွင် သွားကိုက်ရာက ထင်းနေခဲ့ချေပြီ။
ကျွင်းဟောင်က လက်ပိုက်ထားကာ ကျွင်းချန်ကို ကြည့်ပြီး ပြော၏။
"အားချန် သူ့ကို ရန်မစနဲ့၊ အားယွန်က ကြောက်ဖို့ ကောင်းတယ်"