အပိုင်း ၂၀၉
ချီဟန်က ပင်လယ်စားစရာအချို့နှင့် အနားသို့ လျှောက်လာသည်။
"လျှိုယွန် မပြီးသေးဘူးလား"
ပိုင်လျှိုယွန်က သီချင်းစဆိုကတည်းက ချီဟန်က အဝေးသို့ ခိုးထွက်သွားခြင်းဖြစ်သည်။ သူက ယခုမှ ပြန်လာခဲ့ခြင်းလည်းဖြစ်သည်။
ချီရှောက်ရုန်က ခေါင်းခါသည်။
"မဟုတ်ဘူး၊ အဲဒီသခင်လေးဟိုင်လင်းက သူသီချင်းဆိုတာ အရမ်းကောင်းတယ်ဆိုပြီးတော့ ဆက်တိုက်ကို အားပေးနေတာ။ ငါ့အထင်တော့ သူတို့သီချင်းဆိုတာ ပြီးတော့မယ်မထင်ဘူး"
ချီဟန်က ဟိုင်လင်းကို ကြည့်သည်။ ဆက်တိုက် ပြုံးနေသည့် ဟိုင်လင်းကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။
"ဟိုင်လင်းပဲ၊ ကြည့်ရတာ သူက လျှိုယွန်ရဲ့သီချင်းကို တော်တော်သဘောကျနေတဲ့ပုံပဲ။ ပင်လယ်မျိုးနွယ်တွေရဲ့ခံစားနိုင်စွမ်းက ဒီလောက်အထိ ဆိုးရွားတာလား"
သူတို့၏ ခံစားနိုင်စွမ်းက လူသားမျိုးနွယ်နှင့်တူညီပုံမရပေ။ သို့သော် ထိုသို့လည်း တွေး၍မရသေးပေ။ မတိုင်မီက ငါးများစွာ သေသွားခဲ့သေး၏။
ချီရှောက်ရုန်က မျက်မှောင်ကြုတ်သည်။
"ဟိုင်လင်းကိုပဲ ဆက်နားထောင်ပါပစေ၊ တစ်ဖက်က သဘောကျနေမှတော့လည်း ကျပါစေပေါ့။ ဒီလိုဆိုရင် ငါတို့ ငါးအများကြီးရမှာပဲ"
ကျွင်းဟောင်က မျက်မှောင်ကြုတ်သည်။ သူ၏စိတ်ထဲ ထူးဆန်းသလိုခံစားနေရ၏။ ချီရှောက်ရုန်က ကျွင်းဟောင်ကို ကြည့်သည်။
"မင်းက ဘာဖြစ်တာလဲ။ မျက်နှာလည်း မကောင်းဘူး"
"ပိုင်လျှိုယွန်ရဲ့သီချင်းက မရိုးရှင်းဘူး"
ချီရှောက်ရုန် လှည့်ကြည့်လိုက်သည်။
"ဒါပေါ့ ဘယ်ရိုးရှင်းပါ့မလဲ"
တစ်စုံတစ်ယောက်က ထိုသို့ဆိုးရွားစွာဆိုနိုင်သည်က ပါရမီနှင့် မဆိုင်လောက်ပေ။
"ငါပြောတာ ဒါကို မဟုတ်ဘူး။ ပိုင်လျှိုယွန်ရဲ့သီချင်းတွေက အရမ်းအရမ်း ခေတ်ဟောင်းဆန်နေတယ်။ ပင်လယ်မျိုးနွယ်က ငါးတွေအားလုံးက လျှိုယွန်ရဲ့သီချင်းသံကို ကြားတာနဲ့ လက်လျှော့ အရှုံးပေးလိုက်သလိုဖြစ်သွားတယ်။ နောက်ပြီး သူတို့က ဒီသီချင်းနဲ့အသတ်ခံလိုက်ရတယ်။ လျှိုယွန်ရဲ့သီချင်းတွေက အရမ်းဆိုးရွားတာမဟုတ်ဘူး။ သူ့အသံထဲမှာကို အင်အားတစ်ရပ်ပါနေတာ"