အပိုင်း ၂၅၀
ချီဟန်က ချီရှောက်ရုန်ကို လွှဲပြောင်းခွင့် အမိန့်လွှာကို ပေးလာသည်။
"သခင်လေး... အရှင်မင်းကြီးက သခင်လေးကို ပြန်ခေါ်တော့မှာပဲ"
ချီရှောက်ရုန်က လက်ထဲမှာ ရှိသည့် ထိုအရာကို အဝေးသို့ ပစ်ထုတ်လိုက်ပြီး နောက်ပြော၏။
"သူက ငါ့ကို တကယ်နိုင်ဖို့ နည်းလမ်းတွေကို အမြဲတမ်း ရှာဖွေနေတာပဲ"
ထန်းထျန်းဖုန်း ထွက်သွားပြီး သိပ်မကြာခင်မှာပင် ချီရှောက်ရုန်က အဆင်သင့် ပြင်ထားပြီးသား ဖြစ်သည်။ သို့သော် အနည်းငယ် ဝမ်းနည်းမိသေး၏။ အမိန့်က လျင်လျင်မြန်မြန် ရောက်ရှိလာခဲ့သည်။
"သခင်လေး ဒီနေရာကို သဘောမကျဘူး မဟုတ်လား။ အနိမ့်ဆုံး မြို့တော်ကို ပြန်သွားနိုင်တာကလည်း ကောင်းတာပါပဲ"
ချီဟန်က ပြုံးကာ ပြောသည်။
ချီရှောက်ရုန်၏ နှုတ်ခမ်းများက တွန့်သွား၏။
"မင်းက မြို့တော်ကို ပြန်ပြီး ပျော်ရွှင်မှုကို ခံစားချင်နေတယ်ဆိုရင် ငါကတော့ ဒီနေရာက သဘာဝအလှကို ပိုကြိုက်နေတာပဲ။ အလကားနေရင်း နေရာ ပြောင်းရတာက အဆင်မှ မပြေတာ"
ကျွင်းဟောင်က ချီရှောက်ရုန်ကို ကြည့်ကာ ပြော၏။
"ရှောက်ရုန် မစိုးရိမ်ပါနဲ့၊ ငါ ရှိတယ်"
ချီရှောက်ရုန်က ကျွင်းဟောင်ကို ကြည့်ကာ ဒေါသတကြီး ပြော၏။
"မင်းသာ မင်းရဲ့ ခွန်အားကို ထုတ်မပြနေရင် ဒီလို ပြောင်းရမလား"
ကျွင်းဟောင်က ဂရုပင် မစိုက်ပေ။ သူက ပြော၏။
"ဒီရောက ဘာများ ကောင်းနေလို့လဲ။ ပင်လယ်နံ့က အပြည့်နဲ့၊ ငါးညှီနံ့တွေက နံစော်နေတာပဲ။ ဘယ်သူကမှ ဒီလိုနေရာမျိုးကို ကြိုက်မနေဘူး။ ဒီနေရာက လူတွေ နေတဲ့ နေရာ မဟုတ်ဘူး"
ချီရှောက်ရုန်"..."
ကျွင်းဟောင်နှင့် ချီရှောက်ရုန်တို့ ပြောနေချိန်တွင် ပိုင်လျိုယွန်နှင့် ဟိုင်လင်းတို့ ဝင်လာသည်။
"ကျွင်းဟောင်၊ ရှောက်ရုန်"
ဟိုင်လင်းက နှုတ်ဆက်သည်။
