အပိုင်း၂၉၈
ကျွင်းဟောင်က မှော်တုတ်တံကို ယမ်းလိုက်ချိန်တွင် မှော်စွမ်းအား၅မျိုးက ဖြာထွက်လာခဲ့သည်။ ရွှေ၊ သစ်သား၊ ရေ၊ မီးနှင့် မြေစွမ်းအားများစွာက ထိုငါးရောင်ခြယ်သင်္ကေတများရှိရာသို့ တိုးဝင်သွား၏။ ခြိမ်းကနဲ ပေါက်ကွဲသံနှင့်အတူ ထိုမှော်သင်္ကေတအခင်းကျင်းက ပျောက်ကွယ်သွားရသည်။
ရွှယ်လျန်က ကျွင်းဟောင်ကို အံ့အားသင့်လျက် ကြည့်နေ၏။ ယခုအခါမှသာ ကျွင်းဟောင်က ထိုစွမ်းအား၅မျိုးလုံးကို ဟန်ချက်ညီစွာ သုံးနိုင်ကြောင်း သိလိုက်ရသည်။ ထိုကိစ္စမျိုးက သူတော်စင်အဆင့်များကိုပင် တိုက်ခိုက်ရန် လုံလောက်နေ၏။
"အရှင် အဆင်ပြေသွားပြီလား"
ကျွင်းဟောင်က မြို့အရှင်ကို ကြည့်သည်။
မြို့အရှင်က ကြောင်သွားပြီးနောက် ခေါင်းညိတ်ကာပြောလိုက်၏။
"အဆင်ပြေပါပြီ၊ အဆင်ပြေပါပြီ၊ ကျွင်းဟောင်ရဲ့မှော်စွမ်းအား ထိန်းချုပ်နိုင်စွမ်းက တကယ်စွမ်းအားကြီးမားတယ်။ ငါတောင်မှ ဦးညွှတ်မိပါတယ်"
ကျွင်းဟောင်က ပြုံးကာပြော၏။
"အရှင်ကတော့ ချီးကျူးလွန်းနေပါပြီ အရှင့်ကို ဘယ်ယှဉ်နိုင်ပါ့မလဲ"
ချီရှောက်ရုန်က ခြောက်ကပ်စွာပြုံးသည်။
"အခုငါတို့ စမ်းကြည့်လို့ရပြီလား"
ထိုနေရာတွင် ဘာမှကြည့်စရာမရှိတော့ပေ။ အောက်က အဆိပ်ရေကန်ကြီးကို မြင်ရတာက မသက်မသာ ခံစားရတယ်။
"လမ်းဖွင့်ပေးတဲ့အတွက် ကျေးဇူးပါပဲ"
ရယ်သံက ထွက်လာသည်။ ကြီးမားသော အဖြူရောင်အရိုးနဂါးကြီးက သူတို့ကို ဖြတ်ကာ ပျံသန်းသွားခဲ့၏။
"ရှစ်ကျန်း"
မြို့အရှင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
ရှစ်ကျန်းက အလင်းတန်းအဖြစ် ဖျတ်ခနဲလှုပ်ရှားပြီး ထိုအဆိပ်ရေကန်ကို ဖြတ်ကျော်သွားကာ ပျောက်ကွယ်သွားသည်။ ချီရှောက်ရုန်က ရှစ်ကျန်း၏ ပျောက်ကွယ်သွားသော ပုံရိပ်ကို ကြည့်ကာပြော၏။
