အပိုင်း၂၉၇
တည်းခိုဆောင်ထဲတွင်။
ကျွင်းဟောင်က ချီရှောက်ရုန်ကိုကြည့်ကာ ပြောလာသည်။
"ရှောက်ရုန် ဘာဖြစ်လို့လဲ၊ အစာစားချင်စိတ် မရှိဘူးလား"
ချီရှောက်ရုန်က ကို့ရို့ကားယားပြုံးသည်။ သူက ပြော၏။
"စားမကောင်းဘူး"
"ဘာဖြစ်လို့လဲ"
"အလင်းမှော်မျှော်စင်ထဲမှာတုန်းက ငါ ထူးခြားတဲ့သူတစ်ယောက်နဲ့ ဆုံခဲ့ပြီး နည်းနည်း ကြောက်သွားလို့ပါ"
ချီရှောက်ရုန်က ပြောသည်။
ကျွင်းဟောင်က မျက်မှောင်ကြုတ်သည်။ သူက မေး၏။
"ဘယ်လိုလူမျိုးနဲ့ ဆုံခဲ့လို့လဲ"
"သူက အမှောင်မှော်စွမ်းအင်ကို ပိုင်ဆိုင်တဲ့ ထူးခြားတဲ့သူတစ်ယောက်ပဲ၊ နောက်ပြီး အဲဒီအလင်းမှော်မျှော်စင်ထဲမှာနေနေတာ၊ သူ အဲဒီကို ရောက်နေတာ နှစ်ပေါင်းရာကျော်သွားပြီလို့ ပြောတယ်၊ နောက်ပြီး သူက ပိုက်ဆံလည်း မပေးဘူး၊ သူ့ကိုလာရှာတဲ့သူကိုလည်း ရိုက်နှက်လိုက်တယ်တဲ့"
ချီရှောက်ရုန်က ပြောသည်။
ဟိုင်လင်းက သူ့ကိုကြည့်လာသည်။
"မင်း အလင်းမှော်မျှော်ထဲကို သွားခဲ့တာလား"
"အင်း ဟိုင်လင်း မင်းသိထားတာ ရှိလို့လား"
"အဲဒီမှာ အမှောင်မှော်စွမ်းအင်ကို ပိုင်ဆိုင်တဲ့ နယ်သာလောကဆိုတဲ့ လူအိုကြီးတစ်ယောက်တော့ ရှိတယ်၊ သူက တကယ်တော့ နယ်သာလောက နဂါးဘုရင်လေ၊ သူက တောက်ပတဲ့မှော်နဂါးနဲ့ အသေအကြေ တိုက်ခိုက်ကြတဲ့ ရန်သူတွေပေါ့၊ တစ်ချိန်က သူတို့နှစ်ယောက်ကြောင့် စစ်တောင်ဖြစ်ပွားခဲ့သေးတယ်၊ ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ကျော်လောက်ကပါ၊ အမှောင်နယ်သာလောက နဂါးဘုရင်နဲ့ အလင်းမှော်နဂါးတို့က အချင်းချင်းဆက်တိုက် တိုက်ခိုက်နေခဲ့ကြတာလေ၊ အဲဒီစစ်ပွဲပြီးသွားတဲ့အချိန်မှာ အမှောင်နယ်သာလောကနဂါးနဲ့ အလင်းမှော်နဂါးတို့ ပျောက်ကွယ်သွားကြတယ်၊ သူတို့နှစ်ယောက်လုံး သေသွားပြီလို့တောင် ပြောနေခဲ့ကြတာ"
