Unicode
အပိုင်း ၁၉၆ချီရှောက်ရုန်က မော့ယွန်နန်ကို ကြည့်ကာပြောသည်။
“မော့သခင်လေးက တစ်ခုခုများ ပြောချင်တာရှိလို့လား”
“ကျွန်တော်က ပိုင်ဟိုင်ပြင်ကျယ်ကို ရောက်လာတဲ့မြို့အရှင်က သခင်လေးချီဆိုတာကို သိလိုက်ရတော့ သခင်လေးအတွက် ကူညီဖို့လိုအပ်နေမယ်ဆိုတာကို သိလိုက်ရလို့ပါ။ သခင်လေး ဒီနေရာမှာ ခက်ခဲနေမှာအမှန်ပဲလေ။ ဒါကြောင့် သခင်လေး လိုအပ်တာရှိရင် ကျွန်တော် ကူညီပေးနိုင်ပါတယ်”
မော့ယွန်နန်က ပြုံးကာပြောသည်။
“မော့သခင်လေးက အရမ်းယဉ်ကျေးနေပြန်ပါပြီ”
မော့ယွန်နန်က လက်ကာပြသည်။
“သခင်လေးတို့ အားနာနေဖို့မလိုပါဘူး။ ပြောရမယ်ဆိုရင် ဖုန်းယွမ်အကြီးအကဲက ကိုယ်တိုင်ကိုယ်ကျ သခင်လေးတို့ကို ဂရုစိုက်ပေးဖို့ ကျွန်တော့်ကို မှာကြားထားလို့ပါ”
ချီရှောက်ရုန်က ပြောသည်။
“ဒီလိုဖြစ်နေတာကိုး”
ချီရှောက်ရုန်က တွေးလိုက်သည်။ သူ၏ကျော်ကြားမှုက အလွန်ကောင်းမွန်နေပုံရကာ ထိုနေရာမှ အင်အားစုတစ်ခုကပင် သူ့ထံ ကိုယ်တိုင်ကိုယ်ကျလာတွေ့ရသည်။
မော့ယွန်နန်က ချီရှောက်ရုန်ကို ကြည့်ကာပြောသည်။
“သခင်လေး ကျွန်တော်အနေနဲ့ မြို့အရှင်စံအိမ်မှာနေဖို့အဆင်မပြေဘူးဆိုတာ နားလည်ထားတယ်။ တကယ်လို့ သခင်လေးသာ စိတ်မရှိဘူးဆိုရင် ကျွန်တော့်လုပ်ငန်းစုထဲက စံအိမ်တစ်ခုမှာ လာနေလို့ရပါတယ်”
“သခင်လေး ကူညီတဲ့အတွက်ကျေးဇူးပါပဲ”
မော့ယွန်နန်က ပြုံးသည်။
“ရပါတယ်”
…
သူတို့စကားပြောနေပြီးနောက် တစ်ဖက်သူများက ထွက်သွားကြသည်။
“သခင်လေး ဘာလို့ချီရှောက်ရုန်ကို ဒီလောက်အထိ မျက်နှာသာပေးနေတာလဲ။ သူက အဆင့်ခုနစ်သာသာပဲ ရှိသေးတာလေ”
“နောက်ပြီး ဒီနေရာမှာ အသက်ရှည်မှာလည်းမဟုတ်ဘူး”
မော့ယွန်နန်က ခေါင်းခါ၏။
“ငါ သူ့ကို မျက်နှာသာပေးတာ မဟုတ်ဘူး။ ကျွင်းဟောင်ကို မျက်နှာသာပေးတာ။ သူ့ရဲ့အဘိုးက အဆင့်ကိုးကျွမ်းကျင်ပညာရှင်ကြီးလေ။ နောက်ပြီးကျွင်းဟောင်ကိုယ်တိုင်ကလည်း ဘယ်လောက်ပါရမီကောင်းလိုက်လဲ။ အထူးသဖြင့် ချီရှောက်ရုန်နဲ့ ဆက်ဆံရေး အရမ်းကောင်းနေသေးတယ်”
“သခင်လေး ပြောတာမှန်သားပဲ”
“ပြောရမယ်ဆိုရင် ချီရှောက်ရုန်ရဲ့ ဆေးကုသနိုင်စွမ်းကလည်း ထိပ်တန်းအဆင့်ပဲ၊ သူ့ရဲ့ခွန်အားကလည်း အားအနည်းဆုံးတော့ မဟုတ်သေးဘူး”
…
ချီရှောက်ရုန်က အိပ်ယာပေါ်တွင် ပစ်လှဲလိုက်ကာ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြောသည်။
“အား လူတွေက အရမ်းကျော်ကြားသွားတဲ့အချိန်မှာ လူတိုင်းက ကိုယ်တိုင်ကိုယ်ကျလာပြီး မိတ်ဆက်ကြတာပေါ့။ ရှက်ဖို့ ကောင်းလိုက်တာ”
ကျွင်းဟောင်က ချီရှောက်ရုန်ကိုကြည့်သည်။
“အဲဒီလိုဆိုမှ ငါတို့ရောက်ရောက်ချင်း ငါတို့ရဲ့နောက်ခံကပေါ်သွားပြီ။ ဒါက ကောင်းတယ်လို့တော့ မထင်ဘူး။ နောက်ပြီး ငါတို့ရဲ့အကြံအစည်အတိုင်းလည်း မဟုတ်တော့ဘူး”
မော့ယွန်နန်က ချီရှောင်ရုန်က အရှင်သခင်မှန်း ဖုန်းယွမ်ပေးထားသည့်ကတ်ကြောင့် သိသွားသည်ဆိုသည့်တိုင်အောင် ကျွင်းဟောင်အနေဖြင့် တစ်စုံတစ်ရာက မှားယွင်းနေသည်ဟု ခံစားနေရသေးသည်။
ချီရှောက်ရုန်က ကျွင်းဟောင်ကိုကြည့်ကာပြောသည်။
“တကယ်တော့ အခုပေါ်သွားလည်း ကိစ္စမရှိပါဘူး။ နောက်ပိုင်းလည်းပေါ်မှာပဲလေ။ ဒီသခင်လေးက အလွန့်အလွန် လှပနေမှတော့ ပိုးပန်းမဲ့သူတွေရှိတာက ပုံမှန်ပါပဲ”
ကျွင်းဟောင်က ခေါင်းညိတ်သည်။
“မင်း ပြောတာမှန်တယ်”
သူက ချီရှောက်ရုန်အတွက် လက်ဖက်ရည်တစ်ခွက်ဖျော်ပေးသည်။
“သခင်လေး သခင်လေးရဲ့အစီအစဉ်ကို ဆက်ပြောပါဦး”
ချီရှောက်ရုန်က ပျင်းရိစွာဖြင့် လှဲနေရင်းမှပြောသည်။
“အရေးအကြီးဆုံးက မြို့အရှင်စံအိမ်ကို ပြန်လည်တည်ဆောက်ဖို့ပဲ။ ငါက ပိုင်ရှင်ဖြစ်နေသေးတာဆိုတော့ နေဖို့နေရာကတော့ ရှိနေသင့်တာပေါ့”
ကျွင်းဟောင်က ခေါင်းညိတ်သည်။
“အမှန်ပဲ ငါကြားထားတဲ့အတိုင်းဆိုရင် ဟိုင်လုံစီးပွားရေးလုပ်ငန်းစုက အလုပ်သမားတွေကို ငှားရမ်းလို့ရတယ်။ သူတို့က ဒီလိုလုပ်ငန်းကို အရမ်းကျွမ်းကျင်ကြတယ်ဆိုတော့ သူတို့ကိုတစ်ခါထဲ အပ်လိုက်တာနဲ့ အရာအားလုံး အဆင်ပြေသွားလိမ့်မယ်။ နောက်ပြီး သူတို့ဆီက စျေးပေါတယ်တဲ့”
ချီရှောက်ရုန် “..”
“ဒီလိုဆိုရင် ဒီကိစ္စကို ငါပဲကိုင်တွယ်လိုက်တော့မယ်”
ချီရှောက်ရုန်က ပိုင်လျှိုယွန်ကို ကြည့်ကာပြောသည်။
“လျှိုယွန် မင်း ငါ့ကို ကူညီမယ်မဟုတ်လား”
ပိုင်လျှိုယွန်က ခေါင်းညိတ်သည်။
“ဒါပေါ့ သခင်လေးရဲ့ အဲဒီစံအိမ်က ပြုပြင်ဖို့အတွက် အရမ်းအရေးကြီးဆုံး ဖြစ်နေပြီ။ နောက်ပြီး လှလှပပလေးဖြစ်အောင် ကျွန်တော် သေချာပေါက်ပြုပြင်ပေးမှာပေါ့”
ကျွင်းဟောင်က ပိုင်လျှိုယွန်ကိုကြည့်ကာပြောသည်။
“ငါရှောက်ရုန်ကို အဲဒီမှာနေခိုင်းမယ်ဆိုရင်တောင်မှ အချိန်တစ်ခုကြာ ကြိုတင်ပြင်ဆင်ဖို့ လိုအပ်နေသေးတယ်။ နောက်ပြီးမြို့အရှင်စံအိမ်က အရမ်းကောင်းနေဖို့မလိုအပ်ပါဘူး။ မဟုတ်ရင် နောက်ပိုင်ဆိုင်မဲ့ မြို့အရှင်အတွက် အလကားသက်သက် ပေးလိုက်သလိုဖြစ်နေလိမ့်မယ်”
ပိုင်လျှိုယွန်က ခေါင်းညိတ်ကာ ကျွင်းဟောင်ကိုကြည့်သည်။
“ဒီလိုဆိုရင်တောင်မှ ငါတို့သခင်လေးနေမဲ့နေရာက အရမ်းကြီး ဆိုးဆိုးဝါးဝါးဖြစ်နေလို့တော့ ဘယ်ရမလဲ”
ချီရှောက်ရုန်က ခေါင်းညိတ်သည်။
“ဟုတ်တယ် ဟုတ်တယ်”
-------
ချီဟန်က ပိုင်လျှိုယွန်၏အနောက်မှလိုက်သွားကာဖေးယွန်စီးပွားရေးလုပ်ငန်းစုထံသို့ ရောက်သွားသည်။
ပိုင်လျှိုယွန်က ပြုံးကာ ဂုဏ်ယူမှုအပြည့်ဖြင့်ပြောသည်။
“ဒီနေရာပဲ ငါ ကြားထားတာတော့ ဒီနေရာက လုပ်သားတွေအားလုံးက စျေးနည်းနည်းနဲ့ ငှားရမ်းလို့ရတယ်တဲ့၊ ဒီတော့ဠငါတို့အတွက် အဆင်ပြေဆုံးပဲ”
ချီဟန်က မဆီမဆိုင် ထပြောသည်။
“ရီဖန်ကတော့ လက်ထပ်ခါစမှာ ပိုက်ဆံတွေအများကြီး သုံးလိုက်တော့ သူ နောက်ပိုင်းဆိုရင် တင်းရွှယ်ကိုပဲ မှီခိုနေရတော့မယ် ထင်တယ်”
“လူကြီးမင်းတို့ ဘာများ အလိုရှိလို့ပါလဲ။ လူကြီးမင်းတို့လုပ်သား ဘယ်လောက်များ လိုအပ်လို့ပါလဲ”
ရင်းနှီးကျွမ်း၀င်သည့်အသံတစ်ခုက ပိုင်လျှိုယွန်၏နားထဲသို့ ပျံ့နှံ့၀င်လာသည်။ သူ လှည့်ကြည့်လိုက်သည့်အခါ ထိုလူများကို မြင်လိုက်ရသည်။
“ပင်လယ်မျိုးနွယ်က အရှင်သခင်ပဲ၊ ဘယ်လိုဖြစ်ပြီး ဒီနေရာကိုရောက်နေတာလဲ”
ဟိုင်လင်းက တောက်ပစွာပြုံးကာပြောသည်။
“ငါ ဒီကို လာလည်ကြည့်တာလေ။ အခုရက်ပိုင်း ဧည့်သည်တော်တွေက ပိုများလာတယ်လို့ ခံစားမိလို့ပါ”
ပိုင်လျှိုယွန်က ပြုံးသည်။
“အဲဒီလိုလား”
ချီဟန်က မျက်မှောင်ကြုတ်သည်။ ဘာကြောင့်ရယ်မသိ လျှိုယွန်ဟာ တစ်ဖက်သူနှင့် အလွန် ကပ်လွန်းနေသည်ဟု ခံစားနေရ၏။ တစ်ဖက်သူ၏အမူအရာကလည်း ပြောင်းလဲနေသည်။ ဟိုင်လင်းက ဒါကို သတိထားမိဟန်ဖြင့် အသာအယာပင် အနားကပ်လာသေးသည်။