အခန်း (၁၀၆) သူက ထိုအချက်ကို သည်းမခံနိုင်ပေ
"မင်း...." ဘိုဒီက စိတ်ဆိုးဒေါသထွက်လွန်း၍ တစ်ယောက်ယောက်ကို ကိုက်ပစ်ချင်နေ၏။ သို့သော် ဂူမန်မန်က အမျိုးသမီး ဖြစ်နေလေသည်။ ဘာကြောင့်လဲ..... ဂူမန်မန်က ဘာကြောင့် အမျိုးသား မဟုတ်ရတာလဲ......
"ပြီးတော့ ရှင်တို့ နှစ်ယောက်....." ဂူမန်မန်က ကော်လင်းနှင့် အော့လေ ဘက်သို့ လှည့်ကာ "တစ်ယောက်မှ ဘိုဒီက စန္ဒီကို အဝါရောင်အနှစ် ကူရှာမပေးချင်တဲ့ အကြောင်းကို မပြောရဘူးနော်......စန္ဒီက အသည်းငယ်တတ်တဲ့လူ ဖြစ်လို့ နီနာဆီက အနိုင်ကျင့်ခံရတဲ့ ကိစ္စ သေးသေးလေး တွေကိုတောင် ငိုကြွေးနေရှာတာ...တကယ်လို့သာ မျိုးနွယ်စုက သိသွားခဲ့ရင် စန္ဒီ ဘယ်လောက်တောင် ဝေဖန်ခံရမလဲ..... အရင်တုန်းက နီနာက စန္ဒီကို သားရဲတစ်ဝက်ဖြစ်လို့ ခဏတိုင်း နှိမ်ပြီး လှောင်ပြောင်ခဲ့တယ် ပြီးတော့ အခုလဲ ဘိုဒီက ကိစ္စသေးသေးလေးကို လုပ်မပေးတာကို စန္ဒီက သားရဲတစ်ဝက် ဖြစ်နေလို့ဆိုပြီး ပြောလိမ့်မယ်..... စန္ဒီကို ဒီလို လှောင်ပြောင်သရော်မှုမျိုးကို မကြားစေချင်ဘူး....အဲကြောင့် ဘယ်သူကိုမှ တစ်ခွန်းမှ ပြန်မပြောကြနဲ့နော်....."
ကော်လင်းနှင့် အော့လေတို့က တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ပြီး မိမိဘာသာ ပြန်တွေးကြည့်မိလိုက်သည်။ ထိုစကားလုံးများက ဂူမန်မန်က စန္ဒီအတွက် စိတ်ပူပေးနေပုံ ရသော်လည်း တချို့သော အပိုင်းများတွင် ဘာကြောင့် ထူးဆန်းနေသည်ဟု ခံစားနေရသနည်း.....
"မင်းကို ခေါ်သွားပေးမယ်....." ဘိုဒီက နောက်ဆုံးတွင် လက်လျော့လိုက်ရ၏။ သူ့ကို လှောင်ပြောင်သည် ဖြစ်စေ သို့မဟုတ် ဝိုင်းကြဉ်သည် ဖြစ်စေ သူ့အတွက် ကိစ္စမရှိချေ။ အနာဂတ်တွင် စန္ဒီက ပါတနာအသစ် ရှိလာလျှင်ပင် လက်ခံနိုင်ရန် ပြင်ဆင်ထားလေသည်။ သို့သော် ဤကိစ္စဖြင့် စန္ဒီကို နီနာက အနိုင်ကျင့်မည့် အချက်ကို သည်းမခံနိုင်ချေ။
"တကယ်လား...." ဂူမန်မန်က သံသယဖြင့် ဘိုဒီကို လှည့်ကြည့်လိုက်လေ၏။
"အင်း...." ဘိုဒီသည် အကြောင်းရင်းကို မသိသော်ငြား ဂူမန်မန်နှင့် စတင်တွေ့ဆုံပြီးသည်မှ စ၍ သူက အမြဲတမ်း ရှုံးနေသည်ဟု ခံစားမိလေ၏။ နီနာက စန္ဒီကို အနိုင်ကျင့်သောအခါ နီနာ ပါတနာများနှင့် တိုက်ခိုက်လေ့ရှိသော်ငြား သူတို့က ခွန့်တ်ထံတွင် ပြန်၍ အရိုက်နှက်ခံရ၏။ သို့သော် အနည်းဆုံးတော့ စန္ဒီအတွက် ပြန်တိုက်ခိုက်ခွင့် ရှိသေး၏။ သို့ပေမဲ့ ထိုဂူမန်မန်နှင့် တွေ့ဆုံတိုင်း သူ့မ ပါးစပ်ဖျားလေးဖြင့် သူ့အား မစွမ်းအာ ဖြစ်စေနိုင်သည်။
စိတ် ထိခိုက်ရ၏။ သူက စိတ်ထိခိုက်မှုကို ခံစားရလေသည်။
ဘိုဒီက သေသေချာချာ တွေးလိုက်သည်။ မျိုးနွယ်စုကို ပြန်ရောက်သည်နှင့် စန္ဒီအား ဂူမန်မန်နှင့် ဝေးဝေးနေရန် တောင်းဆိုကြည့်ရမည်။ မဟုတ်ပါက တစ်ရက်ကျ သူမသည် ဂူမန်မန်ကြောင့် လမ်းမှားရောက်သွားပေလိမ့်မည်။
သို့သော် ထိုသည်က အနာဂတ် ဖြစ်လေ၏။ အခု အရေးကြီးဆုံးကာ ဂူမန်မန်ကို အဝါရောင်အနှစ် ရှာရန် ခေါ်သွားပေးဖို့ ဖြစ်ပြီး အဝါရောင်စူးရှ ပိုးမွှားများ သူမကို မသတ်မိစေရန် ဂရုစိုက်ပေးရဦးမည်။ အကယ်၍ ထိုသို့ မလုပ်ပါက စန္ဒီကို ပြန်လည်ရှင်းပြ၍ ရနိုင်မည် မဟုတ်။
ထိုအရာကို တွေးလိုက်ပြီး ဘိုဒီက လည်ချောင်းကို ရှင်းကာ ပြောလိုက်လေသည် "အဲကို ခေါ်သွားပေးမယ် ဒါပေမဲ့ ဝေးဝေးက အော့လေနဲ့အတူတူ နေခဲ့..... တခုခု ဖြစ်ရင် အော့လေက မင်းကို ခေါ်သွားပေးလိမ့်မယ်....."
ဂူမန်မန်က အော့လေကို ကြည့်ပြီး သားရဲကမ္ဘာကို စတင် ရောက်ရှိလာစဉ်က အချိန်များကို အမှတ်ရသွားလေ၏။ ထိုစဉ်က သူမသည် တစ်ရက်ကျ ဝံပုလွေနှင့် နှင်းဖြူမြေခွေးအပေါ် စီးဖူးလိမ့်မည်ဟု မည်သူကများ တွေးမိမည်နည်း..... မကြာခင် သူမသည် ကြောင်မြီးတိုပေါ်တွင်လဲ စီးကောင်း စီးရလိမ့်မည်။
"အဲဆို အကုန် ပြီးသွားပြီနော်....." ဂူမန်မန်က တွန့်ဆုတ်ခြင်းမရှိ ဖြေလိုက်သောကြောင့် ဘိုဒီက သူ့ပြောသည့်အတိုင်း လိုက်လုပ်ပါ့မလားဟု သံသယ
ဝင်သွားလေသည်။
မကြာခင်တွင် ဘိုဒီ၏ အလိုလို သိစိတ်ကား မှန်ကန်နေကြောင်း သိရပေလိမ့်မည်။
လေးယောက်သား မြစ်အနီးသို့ ရောက်လာသောအခါ ဂူမန်မန်က ဘိုဒီကို ဘေးတွန်းလွှတ်ကာ ရှေ့ကနေ ခေါင်းတခါခါဖြင့် ဦးဆောင်သွားလိုက်လေသည်။ သူမက ပျားအုံအောက်သို့ ရောက်သောအခါ မော့ကြည့်လိုက်၏။
ကောင်းပြီလေ.... မဆိုးပါဘူး.... တစ်ရာ ရာနှုန်းပြည့် သဘာဝပျားရည် စစ်စစ်ပဲ......ပျားအိမ်က ကြီးမားကာ အသားထူထူ ရှိလေ၏။
ပျားအုံတွင် ရွှေရောင်ပျားတချို့ကို မြင်တွေ့နေရကာ လုပ်သားပျားများသည် ဝင်ချည် ထွက်ချည် ဖြင့် အလုပ်များနေကြလေသည်။
"ဂူမန်မန် ဘာလုပ်နေတာလဲ....." ဘိုဒီက အံ့ဩတကြီး ထအော်လိုက်သည်။ အကယ်၍ လီရာနှင့် အဲလ်ဗစ် ဖြစ်နေလျှင်ပင် သူတို့သည် အဝါရောင်စူးရှ ပိုးမွှားများအနား မတိုးဝံ့ကြချေ။ ထို ပြောမရ ဆိုမရ အမျိုးသမီးငယ်လေးသည် ထိုသို့ ပြေးထွက်သွားသည်လား....... ဤအရာကိ ပြဿနာကို မီးထွန်းရှာနေသည် မဟုတ်ပါလော.....
VOCÊ ESTÁ LENDO
အလှလေး ရှောင်မန် (Myanmar translation) Book 2
RomanceThis is sequence of 'Beauty and the Beast : Book 1'.... poster by AkariXing 🥰 (Thz for beautiful poster)