အခန်း (၂၄၆) : သူက အိမ်နီးချင်း အန်ကယ်ဝမ် ဖြစ်လာမှာကို ရှင် မကြောက်ဘူးလား
ဂူမန်မန် အဲလ်ဗစ်ကိုယ်ကိုလှည့်ကာ စစ်ဆေးလိုက်ပြီး ကျောပေါ်မှ ဒဏ်ရာကလွဲ၍ တခြားထိခိုက် ဒဏ်ရာမရှိကြောင်း အတည်ပြုလိုက်သည်။ အဲလ်ဗစ် ရင်ခွင်ထဲ ပစ်ဝင်ကာ ခါးကိုဖက်ကာ ပြောလိုက်သည်
“ အဲ့နေ့တုန်းက ရှင် ကျမကို လန့်အောင်လုပ်တယ်။ ရှင်က အမြဲကျန်းမာနေတာလေ။ အဲဒါကို ဘာလို့ ရုတ်တရက် အားနည်းသွားရတာလဲ။ ကျမက လက်ထပ်ပြီးပြီးချင်း မုဆိုးမ ဖြစ်သွားပြီလို့ ထင်သွားတာ။”
ဂူမန်မန် ညည်းညူလိုက်ကာ အဲလ်ဗစ် ရင်ဘတ်ကို ဆွဲဆိတ်ရင်း ပြောလိုက်သည် “ ကျမကို ရှေ့လျှောက် ဒီလိုမျိုး လန့်အောင် ထပ်မလုပ်နဲ့နော် သိလား”
အဲလ်ဗစ်ကတော့ သူ အရိုက်ခံနေရလျှင်တောင် သူမ လုပ်သမျှကို ကြည့်နေရတာက ပျော်ရွှင်မှုပင် ဖြစ်သည်။ သူ ရိုးသားစွာ ခေါင်းညိတ်ပြီး ဖြေလိုက်သည် “အင်းပါ မင်း လန့်အောင် ကိုယ် ဘယ်တော့မှ မလုပ်တော့ပါဘူး”
ဂူမန်မန် အဲလ်ဗစ်ကို ဖက်ထားရင်း အပြင်မှာ ရှိနေသော လီရာ့ကို သတိရသွားသည်။ သူမ လည်ချောင်းရှင်းလိုက်ကာ ပြောလိုက်သည်
“ ဟို….ကျမ လီရာ့ကို ဂူထဲမှာနေခွင့် ပေးလိုက်တယ်။”
ဂူမန်မန်က ထထိုင်ပြီး စကားဆက်ပြောဖို့ လုပ်တာကြောင့် အဲလ်ဗစ် ပါးစပ်ဟဖို့ အချိန်ပင် မရလိုက်ပေ။ သူမ မြန်ဆန်စွာ ရှင်းပြလိုက်သည် “ အထင်မလွဲပါနဲ့နော် ရှင် စဉ်းစားနေသလို မဟုတ်ပါဘူး”
အဲလ်ဗစ် ဖြည်းညင်းစွာ ရယ်ရင်း မေးလိုက်သည် “ ကိုယ် စဉ်းစားနေတာက ဘာလဲ”
ဂူမန်မန် သီးသွားကာ နှုတ်ခမ်းတွေကို ကိုက်လိုက်ပြီး ပြောသည် “ ရှင် ဘာပဲထင်ထင် ရှင် စဉ်းစားနေသလို မဟုတ်ဘူးလို့”
“ အင်း” အဲလ်ဗစ် ခေါင်းညိတ်ပြလိုက်သည်။
ဂူမန်မန် အဲလ်ဗစ်လက်ကို ကိုင်ကာ လေးနက်စွာဖြင့် ပြောလိုက်သည် “ အဲ့နေ့တုန်းက ရှင်က သွေးတွေ အရမ်းထွက်နေတာလေ။ ရှင် နိုးမလာတော့မှာလည်းကြောက်သလို သူတို့တွေ ပြန်လာပြီး ဒုက္ခပေးမှာလည်းကြောက်တယ်။ အဲ့အချိန်မှာ လီရာက ဂူပေါက်ကို ရောက်လာတယ်။ သူ ဒီဆောင်းတွင်းကို ဒီဂူထဲမှာ နေရမယ်ဆိုရင် သူ ရှင့်ကို ဆေးကုပေးမယ်လို့ပြောတယ်။ သူ့ကို ကျမတို့ကြောင့် နှင်းထဲမှာ သွားလိုက်ပြန်လိုက် မလုပ်စေချင်တာနဲ့ ကျမ သဘောတူလိုက်တယ်။ အဲ့ဒါက အကုန်ပဲ။ တကယ်ပါ။ တခြားဘာမှ မရှိပါဘူး”
YOU ARE READING
အလှလေး ရှောင်မန် (Myanmar translation) Book 2
RomanceThis is sequence of 'Beauty and the Beast : Book 1'.... poster by AkariXing 🥰 (Thz for beautiful poster)