၉၁။ ဖုန်းမ်ိသားစု၏ ရွေးချယ်မှု

3.6K 406 5
                                    

တင်းအန်းအရှင်တို့ မိသားစု၏ အရှက်မဲ့မှုကြောင့် သည့်ထက်ပိုကာ တွေးပေးနေစရာမလိုတော့ဟု ဖုန်းယွိဟန် ထင်သည်။ ဖုန်းကျင်းယွမ်သည် ဘာမှမလုပ်ပဲ ရပ်ကြည့်နေမည်ဟုလည်း ဖုန်းယွိဟန်မထင်ပါ။ ဤကိစ္စသည် သူမ တစ်ယောက်တည်းနှင့် သက်ဆိုင်နေသည်သာ မဟုတ်ဘဲ တင်းအန်းနန်းတော်မှ ဖုန်းမိသားစုအား ရန်စလိုက်ခြင်းဖြစ်နေ၍ပင် ။ ဖုန်းကျင်းယွမ်သည် အမတ်ချုပ်တစ်ဦးဖြစ်၍ အရှက်ခွဲခံရသည်ကို ငြိမ်ခံနေမည့်သူ မဟုတ်ပါ။

ဖုန်းယွိဟန် ပြန်သွားသည်နှင့် တင်းအန်းနန်းတော်မှ ပွဲတော်ကြီးသည် မရှုမလှ အဆုံးသတ်သွားရတော့သည်။ ကပြဖျော်ဖြေနေသည်များကို ဆက်လက်ကာ ကြည့်ရှုလိုသူများ မရှိတော့ဘဲ မင်းသမီးကြီးတင်းအန်းအား သွားရောက်နှုတ်ဆက်ပြီးနောက် အလျှိုလျှိုပြန်ကုန်ကြလေသည်။ နှုတ်စည်းစောင့်ခြင်းမရှိသည့် အမျိုးသမီးတစ်ဦးသည် ပြုံးလျက် ဤသို့နှယ်ဆိုသည်။ " ဒီနေ့ လာခဲ့တာက အလဟသ လုံးဝမဖြစ်ဘူးပဲ ! ပထမသခင်မလေးဖုန်း တီးပြတဲ့ ဗျတ်စောင်းသံကို နားထောင်ရရုံတင် မဟုတ်ဘူး ၊ သမီးတော်ချင်လဲ့ရဲ့ အချစ်ဇာတ်လမ်းကိုပါ မျက်မြင်တွေ့လိုက်ရတာပဲ ။ "

တစ်စုံတစ်ယောက်သည် ချက်ချင်းဆိုသလို ထောက်ခံသည်။ " သမီးတော်ချင်လဲ့ရဲ့ မင်္ဂလာပွဲကို ရက်သတ်မှတ်ပြီးရင်လည်း ကျွန်မတို့ကို ဖိတ်ဖို့မမေ့နဲ့ဦးနော် ။ "

မင်းသမီးကြီးတင်းအန်းသည် ဒေါသထွက်လာကာ သည်းမခံနိုင်တော့သဖြင့် " ထွက်သွား ! အားလုံးထွက်သွားကြစမ်း ! " ဟုအော်ဟစ်လေသည်။

သူမ၏ အော်ဟစ်ဆဲဆိုနေမှုကြောင့် ဘာမှဝင်မပါဘဲ ငြိမ်နေခဲ့သူများပါ ငြိုငြင်သွားကြတော့သည်။ " ထွက်သွားဆိုတော့လည်း ထွက်သွားပေးရမှာပေါ့ ! နောက်တစ်ခေါက်ဖိတ်လို့ကတော့ ငါတို့ကလည်း လာမှာမဟုတ်ဘူး ။ အဲ့လိုသာဆို တင်းအန်းနန်းတော်က လူဘယ်နှစ်ယောက်ကို ဖိတ်နိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့ ။ အဆုံးကြရင် ပေါက်စီဆိုင်က သူဌေးတောင် သူ့ဇနီးကို နင်တို့ဆီကို မျက်နှာလုပ်ဖို့ လွှတ်ကြတော့မှာ မဟုတ်ဘူး ! ဟွန့် ! "

ထို့နောက်တွင် အမျိုးသမီးဧည့်သည်များအားလုံး ကိုယ်စီကိုယ်စီ ပြန်သွားကြတော့သည်။ အမျိုးသားဧည့်သည်များသည်လည်း တင်းအန်းအရှင်အား နှုတ်ဆက်ကာ အသီးသီးပြန်သွားကြ၍ တစ်ခဏအတွင်းတွင် တင်းအန်းနန်းတော်မှ ခန်းမကျယ်ကြီး၌ အစေခံများနှင့် တင်းအန်းမိသားစုသုံးဉီးသာ ကျန်ရှိခဲ့တော့သည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now