၁၈၇။ ဆောင်းရာသီကပ်ဘေး

1.8K 220 4
                                    

မြောက်နန်းဆောင် ?

ဖုန်းယွိဟန် ရယ်လိုက်မိသည်။ " အဲ့ဒါက အအေးနန်းဆောင်ပဲ မဟုတ်ဘူးလား ၊ နန်းတော်မြောက်ဘက်မှာရှိတဲ့ အအေးဆုံးနဲ့ ချောင်အကျဆုံးနန်းဆောင်လေ ၊ ပြောစကားတွေအရဆို မင်းသားကိုးကြာပွတ်နဲ့ရိုက်လိုက်လို့ ကွယ်လွန်သွားတဲ့ကြင်ယာတော်ကလည်း မြောက်ဘက်ဂိတ်ကနေသယ်ထုတ်သွားခံရပြီး မထင်မရှားမြေမြှုပ်ခံလိုက်ရတာဆို ၊ သူမက တော်၀င်မျိုးနွယ်စုစာရင်းထဲတောင် အထည့်မခံလိုက်ရဘူးလို့လည်း ကြားထားသေးတယ် "

သခင်မကြီးမှာ တုန်ယင်သွားရှာသည်။ အသက်အရွယ်လည်းရလာပြီဖြစ်၍ သေသည်ဟူသော အကြောင်းများကို သိပ်မကြားချင်တော့ပေ ။ ကြင်ယာတော်ခေါင်းဆောင်ပု၏ ကိစ္စမှ သိလိုက်ရသောအကြောင်းတစ်ခုတော့ ထွက်လာလေသည်။ ပုမိသားစုက မကြာခင်မှာပဲ ဘေးကြုံတော့မည်ဟုထင်ရပေသည်။

တကယ်က ပုမိသားစုက ဘေးကြုံပြီးနေပြီဖြစ်သည်။ ကြင်ယာတော်ခေါင်းဆောင်ပု၏ကိုယ်ဖြင့်ပိကာ အမတ်ပုဆုံးပါးသွားပြီးကတည်းက ဧကရာဇ်ကြီးက ပုမိသားစုအား မျက်လုံးထဲမထည့်တော့တာဖြစ်သည်။ သို့သော်လည်း ကြင်ယာတော်ခေါင်းဆောင်ပု၏ရာထူးနှင့် ပုကုံး၏စစ်သူကြီးရာထူးတို့ ရှိနေသေးသဖြင့် ဧကရာဇ်ကြီး၏ စိတ်အပြောင်းအလဲကို သတိမပြုမိကြခြင်းသာ ဖြစ်ပေသည်။

ယခုတွင် ကြင်ယာတော်ခေါင်းဆောင်ပုက သူမ၏အာဏာကို ဆုံးရှုံးလိုက်ရပြီဖြစ်၍ ပုမိသားစု၏ ရှေ့ရေးက အောက်သို့ထိုးကျသွားပြီဖြစ်သည်။

" သမီးပြောနေတာက ... " သခင်မကြီးက မ၀ံ့မရဲဆိုသည်။ " ဧကရာဇ်ကြီးက အမတ်တွေကိုပါ အပြောင်းအလဲ လုပ်တော့မှာလို့လား ၊ အဲ့လိုသာဆို သမီးအဖေရော ဘယ်လိုဖြစ်သွားမှာလဲ "

ဖုန်းယွိဟန် အမေးစကားကို ခွန်းတုံ့ပြန်မေးလိုက်သည်။ " အဖေက ပြဿနာဖြစ်လောက်တဲ့ကိစ္စ လုပ်ထားတာရှိလို့ပါလား "

သခင်မကြီးမှာ တောင့်တင်းသွားကာ ချက်ချင်း ပြန်မဖြေပေးနိုင်တော့ချေ ။ ခဏကြာစဥ်းစားပြီးမှသာ ဖုန်းယွိဟန်က ဖုန်းကျင်းယွမ်သည် ဧကရာဇ်ကြီးထံမှ အမျက်သင့်နိုင်သောကိစ္စအား လုပ်ထားဖူးခြင်း ရှိမရှိကို မေးနေခြင်းဖြစ်သည်ကို သဘောပေါက်သွားလေ၏။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now